Friday, August 07, 2009

Filled Under:

HRDP ဥက္ကဌ ဦးမြင့်အေးနှင့် အဖွဲ့ဝင်နှစ်ဦးအား ထောင်ချထားခြင်းအပေါ် AHRC မှ အရေးပေါ် ပန်ကြားလွှာပေးပို့

RFA ----- 7/8/2009

AHRC ခေါ် အာရှ လူ့အခွင့်အရေး ကော်မရှင်ဟာ မြန်မာနိုင်ငံမှာ HRDP လူ့အခွင့်အရေး ကာကွယ် မြှင့်တင်ရေး ဥက္ကဌ ဦးမြင့်အေးနဲ့ နှစ်ဦးကို မြန်မာစစ်အစိုးရက ဖမ်းဆီး ထောင်ချခဲ့မှုအပါ် အရေးပေါ် မေတ္တာရပ်ခံချက် စာတစောင် ထုတ်ပြန် လိုက်ပါတယ်။ ဒီကိစ္စနဲ့ ပတ်သက်ပြီး အာရှ လူ့အခွင့်အရေး ကော်မရှင်မှ ရှေ့နေ ဦးမင်းလွင်ဦးက အခုလို ပြောပါတယ်။

“ကျနော်တို့
ဒီနေ့ ထုတ်ပြန်တဲ့ အရေးပေါ် မေတ္တရပ်ခံစာက လူ့အခွင့်အရေး ကာကွယ် မြှင့်တင်ရေး အဖွဲ့က ခေါင်းဆောင် ဦးမြင့်အေး၊ နောက်ပြီးတော့ အဲဒီအဖွဲ့ဝင်တွေ ဖြစ်တဲ့ ကိုရန်ရွှေ၊ ဇော်ဇော်အောင်၊ အဲဒီလူတွေ အပေါ်မှာ တသက်တကျွန်း ပြစ်ဒဏ်ချမှတ်ထားတဲ့အပြင်၊ လူဝင်မှု ကြီးကြပ်ရေး အက်ဥပဒေ၊ နောက်တခါ ပေါက်ကွဲစေတတ်တဲ့ ပစ္စည်းများ အက်ဥပဒေ စတာတွေနဲ့ အရေးယူ ခံထားတာတွေက ဥပဒေနဲ့ မညီဘူး။ လွဲမှားနေတယ် ဆိုတာကို ပြန်လည် ပြင်ဆင် သုံးသပ်ပေးနိုင်ဖို့ အတွက် ကျနော်တို့ ဒီနေ့ အရေးပေါ် မတ္တာရပ်ခံစာ ထုတ်ပြန်ရခြင်း ဖြစ်ပါတယ် ခင်ဗျား။”

ဥပဒေ ပုဒ်မ အမျိုးမျိုးနဲ့ ဦးမြင့်အေးကို ၂၈ နှစ်၊ ကိုရန်ရွှေကို ၃၃ နှစ်၊ ကိုဇော်ဇော်အောင်ကို ၂၈ နှစ်၊ ပြစ်ဒဏ် ချမှတ်ရာတွင် တရားဥပဒေ ကြောင်းအရ သက်သေ အထောက်အထား မရှိကြောင်း ဦးမင်းလွင်ဦးက အခုလို ရှင်းပြပါတယ်။

“ဘာကြောင့် ကျနော်တို့ ဒီလိုမျိုး ထုတ်ရလည်း ဆိုလို့ရှိရင် အမှုထဲမှာ တင်ပြထားတဲ့ သက်သေခံ ပစ္စည်းတွေက ကိုရန်ရွှေတို့၊ ကိုဇော်ဇော်အောင်တို့၊ ဦးမြင့်အေးတို့ ဆီက သိမ်းဆည်းရမိတာ တခုမှ မရှိဘူး။ နောက်ပြီးတော့ အဲဒီလို ဖြောင့်ချက် ပေးထားတယ် ဆိုတာကလည်း စစ်ကြောရေး စခန်းမှာ ရှိနေတဲ့အချိန်မှာ နှိပ်စက်ညှဉ်းပန်း ခံရတဲ့အတွက် သူတို့ အနေနဲ့ မခံနိုင်တဲ့အတွက် ပေးခဲ့ရတယ် ဆိုတာကို တရားရုံးမှာ အတိအလင်း ထွက်ဆိုထားပေမဲ့ တရားရုံးမှာ ဒီအချက်ကို ထည့်သွင်း မစဉ်းစားဘဲ အခုလိုမျိုး ဆုံးဖြတ် လိုက်တာဟာ လွန်စွာမှပင် မှားယွင်းတယ် ဆိုတာကို ထောက်ပြတဲ့ အနေနဲ့ အရေးပေါ် မေတ္တာရပ်ခံစာ ထုတ်ပြန်ရခြင်း ဖြစ်ပါတယ်။”

အာရှ လူ့အခွင့်အရေး ကော်မရှင်ရဲ့ အရေးပေါ် မေတ္တာရပ်ခံစာမှာ ဆက်လက် ဖေါ်ပြထားရာမှာ အဓိက တရားခံ အဖြစ် စွဲချက်ခံရသူ ဦးမြင့်အေးဟာ အခင်းဖြစ်ပွားတဲ့ အချိန်မှာ အဲဒီဒေသမှာ မရှိဘဲ တခြား တနေရာကို ရောက်နေတဲ့ အချိန် ဖြစ်ကြောင်း၊ ဦးမြင့်အေးဟာ အမှုကို ရင်ဆိုင် ရစဉ်ကာလ တလျှောက်လုံး ဥပဒေ အကျိုးဆောင် မပါဘဲ ရင်ဆိုင်ခဲ့ရတာ ဖြစ်ကြောင်း၊ သူ့ရဲ့ ပထမဆုံး ရှေ့နေကို တရားရုံးက ရုံးတော်ကို မထေမဲ့မြင်မှုနဲ့ ဖဖ်းဆီး ထောင်ချခဲ့ပြီး ဒုတိယ ရှေ့နေကိုလည်း ပြစ်မှု ကျူးလွန်တယ်လို့ စွပ်စွဲခဲ့လို့ အဲဒီရှေ့နေဟာ နယ်ခြားကို တိမ်းရှောင် သွားတဲ့အတွက် အမှုစစ်ဆေးတဲ့ ကာလ တလျှောက်လုံးလိုလို ရှေ့နေမရှိဘဲ ရင်ဆိုင်ခဲ့ရတယ်လို့ ဆိုထားပါတယ်။

အာရှ လူ့အခွင့်အရေး ကော်မရှင်မှ အခုလို ရှေ့နေဦးမြင့်အေး၊ ကိုရန်ရွှေနဲ့ ကိုဇော်ဇော်အောင်တို့ကို မတရားဖမ်းဆီး ထောင်ချ အပြစ်ပေးခဲ့မှုနဲ့ ပတ်သက်လို့ HRDP လူ့အခွင့်အရေး ကာကွယ် စောင့်ရှောက်သူများ ဆိုင်ရာ ကုလသမဂ္ဂ စုံစမ်း စစ်ဆေးရေးမှူး၊ မတရား နှိပ်စက်ညှဉ်းပန်းမှု ဆိုင်ရာ ကုလသမဂ္ဂ စုံစမ်းစစ်ဆေးရေးမှူး၊ မတရား ဖမ်းဆီး ချုပ်နှောင်မှုဆိုင်ရာ ကုလသမဂ္ဂ အလုပ်အဖွဲ့၊ ဒေသဆိုင်ရာ လူ့အခွင့်အရေးရုံး စတာတွေကိုလည်း သီးခြားစာရေး အကြောင်းကြားတယ်လို့ သတင်းရရှိပါတယ်။

(အာရှ လူ့အခွင့်အရေး ကော်မရှင်မှ န အ ဖ အစိုးရသို့ ပေးပို့ထားသော အရေးပေါ် ပန်ကြားလွှာကို အောက်ပါ အင်တာနက် စာမျက်နှာတွင် ဖတ်ရှုနိုင်ပါသည်။) http://www.ahrchk.net/ua/mainfile.php/2009/3228/

0 comments:

Post a Comment