Saturday, August 08, 2009

Filled Under:

စစ်အစိုးရ ဖမ်းဆီးထားသော NLD လူငယ် ၁၅ ဦးနဲ့ ပတ်သက်ပြီး AHRC ဝေဖန်

VOA ----- 7/ 8/ 2009

ဟောင်ကောင် အခြေစိုက် အာရှလူ့အခွင့်အရေး ကော်မရှင် AHRC ကလည်း စစ်အစိုးရက ဖမ်းဆီးထားတဲ့ NLD လူငယ် ၁၅ ယောက်နဲ့ ပတ်သက်ပြီး စစ်အစိုးရအနေနဲ့ လူငယ်တွေကို တရားရုံးမှာ စစ်ဆေးခြင်းမရှိဘဲ ထိန်းသိမ်း ထားတဲ့ အပေါ် ဝေဖန်လိုက်ပါတယ်။ AHRC မှ ရှေ့နေ ဦးမင်းလွင်ဦး ဆက်သွယ်မေးမြန်းတော့ သူက ဒီကိစ္စနဲ့ ပတ်သက်လို့ အခုလို ဆိုပါတယ်။

ဦးမင်းလွင်ဦး ------- ကျနော်တို့ အာရှလူ့အခွင့်အရေး ကော်မရှင် အနေနဲ့ မြန်မာနိုင်ငံအတွင်းမှာ အဲဒီလို ဥပဒေမဲ့ ဖမ်းဆီး ထိန်းသိမ်းလုပ်ဆောင်တဲ့ ကိစ္စရပ်တွေနဲ့ ပတ်သက်လို့ အမြဲ စဉ်ဆက်မမြတ် စောင့်ကြည့် လေ့လာနေတာ ရှိပါတယ်။ အဲဒီလို ကျနော်တို့ စောင့်ကြည့်နေတဲ့ အထဲမှာ ဟိုတလောက ဖမ်းဆီးခြင်းခံရတဲ့ တာမွေမြို့နယ်က အမျိုးသား ဒီမိုကရေစီ NLD အဖွဲ့ချုပ်လူငယ် အဖွဲ့ဝင်တွေ၊ နောက်ပြီးတော့ ဗဟန်းက လူငယ် ခေါင်းဆောင်တွေကို တရားရုံးမှာ တင်ထားပြီးတော့ အမှု စစ်ဆေးခြင်း မရှိတာကို ကျနော်တို့ တွေ့ရတယ်။ အခုဆိုရင် အဲဒီလို ဖမ်းဆီး ထိန်းသိမ်း ထားတာဟာ ၂ လ နီးပါး ရှိသွားပြီး ဖြစ်တယ်။

နောက်ပြီးတော့ အဲလို ဖမ်းဆီးထိန်းသိမ်းထားတဲ့ လူငယ်တွေက ဒေါ်အောင်ဆန်းစုကြည် ဖမ်းဆီး ထိန်းသိမ်းခြင်း ခံနေရတဲ့ ကာလအတွင်းမှာ အင်းစိန်ထောင်ရှေ့မှာ သွားပြီးတော့ ပြည်သူ့ဆန္ဒ ဖေါ်ထုတ်တာရှိတယ်။ ဓါတ်ပုံ Campaign ဆောင်ရွက်တာ ရှိတယ်။ ဒါတွေကို သူတို့က နေပြီးတော့ ဖမ်းဆီး ထိန်းသိမ်းတဲ့ နေရာမှာ အစောကပြောတဲ့ ကိစ္စရပ်တွေနဲ့ ဖမ်းဆီး ထိန်းသိမ်းတာ မဟုတ်ဘဲနဲ့ ပဒုမ္မာကွင်းမှာ ဗုံးဖေါက်ဖို့ ကြံစည်တယ်။ ပဒုမ္မာကွင်း ဗုံးဖေါက်ခွဲရာမှာ ပါတယ်။ အဲဒီလိုမျိုး ဖေါက်ခွဲရေး ကိစ္စနဲ့ ပတ်သက်ပြီး သံသယ ရှိတယ်ဆိုပြီးတော့ ဖမ်းဆီး ထိန်းသိမ်းထားတယ် ဆိုတာကို ကျနော်တို့ တွေ့ရှိရပါတယ် ခင်ဗျား။

မေး ------- ဆိုတော့ ဒ်ီလို အခြေအနေမှာ အပြင်မှာရှိတဲ့ နိုင်ငံတကာ အဖွဲ့အစည်း၊ ကုလသမဂ္ဂလို အဖွဲ့အစည်းမျိုး၊ ကုလသမဂ္ဂ လက်အောက်မှာရှိတဲ့ တရား လက်လွတ် ဖမ်းဆီးမှုတွေကို စောင့်ကြည့်တဲ့အဖွဲ့ Arbitrary Detention အဖွဲ့တွေနဲ့ ဥပဒေ လမ်းကြောင်းအရ ထိထိမိမိ လုပ်ဆောင်နိုင်တဲ့ အနေအထားမျိုး ရှိပါသလား။

ဦးမင်းလွင်ဦး ------ ဟုတ်ကဲ့ ခင်ဗျား။ ကျနော်တို့ အာရှလူ့အခွင့်အရေး ကော်မရှင်အပါအ၀င် အခြားလူ့အခွင့်အရေး စောင့်ကြည့်ရေး အဖွဲ့ကနေပြီးတော့ ကုလသမဂ္ဂ လူ့အခွင့်အရေး ကောင်စီအောက်မှာရှိတဲ့ ဥပဒေမဲ့ ထိန်းသိမ်းခြင်း ဆိုင်ရာ လုပ်ငန်းအဖွဲ့တွေကို တင်သွင်းဖို့ ဆိုရင် ကျနောာ်တို့က ပထမဦးဆုံး ဘာကြောင့် ဖမ်းဆီးခဲ့တာလဲ၊ ဘယ်တုန်းက ဖမ်းဆီးထိန်းသိမ်း ထားတယ် ဆိုတာကို အနိမ့်ဆုံး သတင်း အချက်အလက် အနေနဲ့ ကျနော်တို့ ပေးနိုင်ဖို့ လိုပါတယ်။ အခု သူတို့ကို ရုံးတင်စစ်ဆေးခြင်း မရှိသေးတဲ့ အတွက် ကျနော်တို့မှာ အဲလို အချက်အလက် အသေးစိတ်ကို မပေးနိုင်သေးဘူး။ အဲဒီဥစ္စာတွေက သူတို့ ရုံးတင်စစ်ဆေးပြီး ဆိုတာနဲ့ ကျနော်တို့က အမှု ဖြစ်ပျက်တဲ့ အကြောင်းအရာ အသေးစိတ်ကို မေးမြန်းစုံစမ်းပြီးတော့ ချက်ချင်း တင်ပို့မှာပါ။

အဲတော့ နိုင်ငံတကာ လွတ်ငြိမ်းချမ်းသာခွင့် အဖွဲ့ကလည်း ဒီကိစ္စတွေကို ဆောင်ရွက်နေတယ်ဆိုတာကို ကျနော်တို့ သိရှိရတယ်။ နောက်ပြီးတော့ Human Rights Watch ကလည်း ဒီကိစ္စတွေကို အနီးကပ် စောင့်ကြည့်နေတယ် ဆိုတာကို ကျနော်တို့ သိရတယ်။ အဲတော့ ဒီဥစ္စာတွေက ကုလသမဂ္ဂ လူ့အခွင့်အရေး ကောင်စီအောက်မှာရှိတဲ့ လုပ်ငန်းအဖွဲ့ အသီးသီးကို ဒီအစီရင်ခံစာတွေ ရုံးတင်တဲ့အခါမှာ အမှုစစ်ဆေးပြီးတဲ့ အခါမှာ ရောက်ရှိလိမ့်မယ်လို့ ကျနော်တို့ တွက်ဆလို့ ရပါတယ် ခင်ဗျား။

မေး ------ တဆက်ထဲမှာလည်း ယခင်နှစ်တုန်းက ဆိုရင်လည်း နာဂစ် မုန်းတိုင်းဒဏ် ခံရတဲ့ ပြည်သူတွေအတွက် ကူညီမှုတွေ အလုံအလောက် မရှိဘူးလို့ ထုတ်ဖေါ် ပြောကြားခဲ့တဲ့ ရှေ့နေ ဦးမြင့်အေးနဲ့ တခြား ပုဂ္ဂိုလ် နှစ်ဦးကဆိုရင် ဖေါက်ခွဲရေး လုပ်ငန်းတွေကို ကြံစည်ပြီးတော့ နှစ်ရှည်ထောင်တွေ တသက်တကျွန်း ပေးခံရပြီး ဖြစ်ပါတယ်။ သူတို့ ကိစ္စနဲ့ ပတ်သက်ပြီးတော့ရော AHRC အဖွဲ့က ဥပဒေ လမ်းကြောင်းကနေ ဘာတွေ လုပ်ဆောင်နေပါသလဲ။

ဦးမင်းလွင်ဦး ------- ဦးမြင့်အေးနဲ့ HRDP အဖွဲ့ဝင်တွေ အားလုံးနဲ့ ဆိုင်တဲ့ ကိစ္စရပ်တွေ၊ နောက်ပြီးတာ့ နာဂစ်မုန်းတိုင်းမှာ မတရား ဖမ်းဆီး ခံရပြီးတော့ နှစ်ရှည် ထောင်ဒဏ်တွေ ပေးခံရတဲ့ သူတွေနဲ့ ပတ်သက်တဲ့ ကိစ္စရပ် အားလုံးတွေကို ကုလသမဂ္ဂ လက်အောက်မှာ ရှိတဲ့ ဥပဒေမဲ့ ဖမ်းဆီးထိန်းသိမ်း ခြင်း ဆိုင်ရာ အဖွဲ့ကို ကျနော်တို့ အားလုံး ပေးပို့ ထားပြီးသား ဖြစ်ပါတယ်။ နောက်ပြီးတော့ ဒီလိုမျိုး အမှုတွေ စီရင်တဲ့ အခါမှာလည်း အဓိကကတော့ နာဂစ်နဲ့ ပတ်သက်တဲ့ ကိစ္စဖြစ်တယ်။ အဲတော့ နာဂစ်မုန်းတိုင်းနဲ့ ပတ်သက်တဲ့ ကိစ္စရပ်မှာ ဥပဒေ လမ်းကြောင်းအရ ဘယ်လိုမှ တရားစွဲဆိုနိုင်ခြင်း မရတဲ့အခါမှာ ဦးမြင့်အေး တို့ကိုလည်း ရွှေပြည်သာ ကြံ့ဖွံ့ရုံး ဗုံးပေါက်ကွဲမှုနဲ့ မတရားမှု ဆင်ပြီးတော့ တသက်တကျွန်း ထောင်ရယ်၊ နောက်ပြီးတော့ နှစ်ရှည်ထောင်တွေ အသီးသီး ချမှတ်ထားတယ် ဆိုတာကို သက်ဆိုင်ရာ အဖွဲ့အစည်း အသီးသီးကို ပေးပို့ပြီး အကြောင်းကြားထားပြီး ဖြစ်ပါတယ် ခင်ဗျား။

ဒါကတော့ ဟောင်ကောင်အခြေစိုက် အာရှလူ့အခွင့်အရေး ကော်မရှင် AHRC မှ ရှေ့နေ ဦးမင်းလွင်ဦး ပြောကြားသွားတာ ဖြစ်ပါတယ်။

0 comments:

Post a Comment