Tuesday, September 15, 2009

Filled Under:

၂၀၀၈ နာဂစ် ဖွဲ့စည်းပုံနဲ့ ၂၀၁၀ ရွေးကောက်ပွဲရဲ့ ရှေ့ပြေး၊ နောက်ဆက်တွဲ အကျပ်အတည်းများ

မျိုးမြတ်မွန်
စက်တင်ဘာ ၁၅ ရက်၊ ၂၀၀၉ ခုနှစ်

တပ်မတော်အစိုးရလို့ ၎င်းတို့ကိုယ်၎င်းတို့ ကင်ပွန်းတပ်နေခဲ့သော စစ်အုပ်စုသည် ၎င်းတို့ကိုယ်တိုင် ကြီးကြပ်ကျင်းပ ပေးခဲ့တဲ့ ၁၉၉၀ ရွေးကောက်ပွဲ ရလာဒ်ကို မသိကျိုးကျွံပြုကာ အနိုင်ရ နိုင်ငံရေး ပါတီကို အာဏာ မလွှဲအပ် ပေးခဲ့ပေ။ ထိုမျှမက ပြည်တွင်းနဲ့ နိုင်ငံတကာ အသိုင်းအ၀ိုင်းရဲ့ အကြံပြုချက်ကို ဂရုမစိုက်ဘဲ အချက် (၇) ချက်ပါ လမ်းပြမြေပုံ ခရီးကြမ်းကို ဆက်လက် တိုးဝှေ့သွားမဲ့ ပုံပါ။ ထိုသို့ တိုးဝှေ့ရာတွင် ဖွဲ့စည်းပုံ အတည်ပြုရေးနဲ့ ရွေးကောက်ပွဲ အဆင့်တွေမှာ မြန်မာနိုင်ငံရဲ့ အကြပ်အတည်း အခက်အခဲများ ဖြစ်စေသည့် လက္ခဏာများကို မျက်ဝါးထင်ထင် တွေ့မြင်လာရပါပြီ။

ဒီအကြပ်အတည်းကို ငြိမ်းချမ်းစွာ ကျော်ဖြတ်သွားလိုသည့် ဆန္ဒရှိပါက န အ ဖ အနေနဲ့ နိုင်ငံတကာ အသိအမှတ်ပြုထားတဲ့ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံ ဥပဒေကို လေ့လာလိုက်နာဖို့ လိုပါတယ်။ နိုင်ငံတကာမှ အဓိပ္ပါယ် ဖွင့်ဆိုထားတဲ့ - ‘နိုင်ငံ တနိုင်ငံ၏ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေ အုတ်မြစ်သည် နိုင်ငံသားတို့၏ လွတ်လပ်ခွင်၊့ အခွင့်အရေးကို အကာအကွယ်ပေးရန် ဖြစ်သကဲ့သို့ ထိုနိုင်ငံ၏ နိုင်ငံရေး၊ စီးပွားရေးနှင့် လူမှုရေး အစရှိသည်တို့ကို စီမံခန့်ခွဲ အုပ်ချုပ်ရန် ချမှတ်ပေးထားသည့် ဘောင်၊ စည်းမျဉ်း ကန့်သတ်ချက် ဖြစ်သည်။ ထိုဘောင်၊ ကန့်သတ်ချက်သည် သက်ဆိုင်ရာ နိုင်ငံအတွင်းရှိ ပြည်သူများ၏ ဆန္ဒအပေါ် ကိုယ်စားပြုသည့် အုပ်ချုပ်မှု စနစ်ဖြစ်ပြီး ၎င်းအုပ်ချုပ်မှုစနစ်သည်လည်း ပြည်သူနဲ့သာ သက်ဆိုင်သည်’ ဟု ဆိုထားသည်ကို ဖတ်ရှု လေ့လာခဲ့ရတယ်။

ထိုမျှသာမက ‘အထက်ဖေါ်ပြပါ အခြေခံ သဘောတရားနှင့် မရေးဆွဲဘူးဆိုလျှင် ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံ ဥပဒေသည် ဒီမိုကရေစီ အုပ်ချုပ်မှုစနစ်ကို တရားဝင် မဖြစ်စေသကဲ့သို့ ၎င်းဖွဲ့စည်းအုပ်ချုပ်ပုံသည်လည်း အုပ်ချုပ်သူအစိုးရအား ဘောင် ကန့်ချက် မဖြစ်တော့ချေ။ အုပ်ချုပ်သူ အစိုးရအား ဘောင် ကန့်သတ်ချက် မရှိသော ဖွဲ့စည်းပုံ အခြေခံဥပဒေသည် ထိရောက်သော တရားဥပဒေစိုးမိုးမှုကို မဖြစ် စေသည့်အပြင် အကြမ်းဖက်မှု၊ လာဒ်စားမှုများသာ ထွေပြားစေပြီး လူ့အခွင့်အရေး ချိုးဖေါက်မှုကို ဖြစ်စေသည်’ ဟု ဆိုထားသည်ကို တွေ့ရပါတယ်။

၂၀ ရာစုနှောင်းပိုင်းနဲ့ ၂၁ ရာစု အစောပိုင်း ယခုအခါသာမယမှာ ကမ္ဘာကြီးဟာ နိုင်ငံမြောက်များစွာနဲ့ ပေါင်းစပ် စုစည်းနေတဲ့ ရွာကြီးတရွာအလား။ သီးခြား ရပ်တည်လို့ မရတဲ့ အနေအထား။ ထိုနိုင်ငံပေါင်း မြောက်များစွာအထဲမှာ မြန်မာနိုင်ငံလည်း ပါဝင်နေတယ်။ ကမ္ဘာ့နိုင်ငံများ အကြားတွင် ရောယှက် နေသည်နှင့်အမျှ ကမ္ဘာ့နိုင်ငံများနဲ့ မတူကွဲပြားတဲ့ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေနဲ့ ရွေးကောက်ပွဲ လုပ်ငန်းစဉ်တွေကို ကျင့်သုံးမယ်ဆိုလျှင် မြန်မာနိုင်ငံဟာ နိုင်ငံတကာအကြားမှာ သီးခြား ကမ္ဘာတဖွယ် ဖြစ်သွားနိုင်မဲ့ အနေအထားကို ထည့်သွင်းစဉ်းစားဖို့ လိုလာပါသည်။ ထည့်သွင်း မစဉ်းစားဘူးဆိုရင် မြန်မာနိုင်ငံရဲ့ အနာဂတ် မည်သို့ ဖြစ်လာမည်ကို မတွေးဝံ့ စရာပင်။

၂၀၀၈ ခုနှစ် နာဂစ်ကာလ န အ ဖ စစ်အစိုးရမှ အတည်ပြုခဲ့သော ဖွဲ့စည်းပုံ အခြေခံဥပဒေကို သုံးသပ်ကြည့်တဲ့အခါ ဖွဲ့စည်းပုံ အခန်း ၂ နိုင်ငံတော် ဖွဲ့စည်းတည်ဆောက်ပုံ ခေါင်းစဉ်ပါ ပုဒ်မ ၄၉ တွင် - တိုင်းရင်းသား လူမျိုးစုများ၏ ပြည်နယ်များ သတ်မှတ် ပေးထားသော်လည်း ပုဒ်မ ၅၀ (ခ) အရ ထူးခြားသော အခြေအနေ အကြောင်းပြပြီး နိုင်ငံတော်သမ္မတမှ တိုက်ရိုက် အုပ်ချုပ်သည့် ပုံစံမျိုးဖြင့် ပြည်နယ်တွင် လွတ်လပ်သည့် အုပ်ချုပ်ပိုင်ခွင့် အခွင့်အရေး မရှိတော့ချေ။ နေပြည်တော် သမ္မတ မှ တိုက်ရိုက်အုပ်ချုပ်သည့် ပုံစံမျိုးကို တွေ့နေရသည်။

အလားတူ အခန်း (၁၀) နိုင်ငံရေး ပါတီများ ခေါင်းစဉ်ပါ ပုဒ်မ ၄၀၆ (က) တွင် - လွတ်လပ်စွာ စည်းရုံးခွင့်နှင့် (ခ) ရွေးကောက်ပွဲများတွင် ပါဝင်ယှဉ်ပြိုင်ခွင့် ရှိသော်လည်း ပုဒ်မ ၄၀၇ (ခ) အရ - မတရားအသင်းနှင့် ဆက်သွယ်ခြင်း၊ (ဂ) နိုင်ငံခြား တိုင်းပြည် အဖွဲ့အစည်းများနှင့် ဆက်သွယ်ခြင်း နှင့် (ဃ) ဘာသာရေးကို နိုင်ငံရေးအရ အလွဲသုံးစား သုံးခြင်း စသည်ဖြင့် အကြောင်းအမျိုးမျိုးပြ စွပ်စွဲကာ အချိန်မရွေး မတရားအသင်း သတ်မှတ်နိုင်ပြီး ရွေးကောက်ပွဲ မပါဝင်နိုင်ရန် ကန့်သတ် ပိတ်ပင်မှုများ ပါရှိနေသည့် ဖွဲ့စည်းအုပ်ချုပ်ပုံ ဖြစ်ပါသည်။

ထို့ကြောင့် နာဂစ်ဖွဲ့စည်းပုံသည် နိုင်ငံသားတို့၏ လွတ်လပ်ခွင်၊့ အခွင့်အရေးကို အကာအကွယ်ပေးရန် မဖြစ်တော့ဘဲ နိုင်ငံသားများကို ဖိနှိပ်တဲ့ ဖွဲ့စည်းပုံ အခြေခံ ဥပဒေမျိုး ဖြစ်နေသည်။ ၎င်းအပြင် ဖွဲ့စည်းအုပ်ချုပ်ပုံ၏ ဘောင်စည်းမျဉ်းသည် သက်ဆိုင်ရာ နိုင်ငံအတွင်းရှိ ပြည်သူတွေ၏ ဆန္ဒကို ကိုယ်စားမပြု၊ နိုင်ငံသား ပြည်သူနှင့်လည်း မသက်ဆိုင်တော့ဘဲ နောင်တက်လာမည့် စစ်အစိုးရနဲ့သာ သက်ဆိုင်သွားမည့် ဖွဲ့စည်းအုပ်ချုပ်ပုံ ဖြစ်မျိုးဖြစ်တယ်လို့ ဆိုရပါလိမ့်မယ်။ ဤအခြေခံ အကြောင်းများကြောင့် ၁၉၉၀ ရွေးကောက်ပွဲအနိုင်ရ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်နှင့် အပစ်ရပ်အဖွဲ့များ လက်မခံနိုင်တဲ့ အနေအထား ဖြစ်လာသည်။

သို့ရာတွင် န အ ဖ စစ်အစိုးရဟာ တစ်ဆို့နေသော ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံ ဥပဒေကို တစုံတရာ ပြန်လည်ပြင်ဆင်ခြင်း မပြုဘဲ ၂၀၁၀ ရွေးကောက်ပွဲကို ကျင်းပသွားမယ် ဖြစ်ပါတယ်။ ရွေးကောက်ပွဲတွင် ၎င်းတို့ အနိုင်ရရေးအတွက် အမြင်မတူတဲ့ အတိုက်အခံ နိုင်ငံရေးပါတီ အမျိုးသားဒီမိုကရေ အဖွဲ့ချုပ်ကို ကန့်သတ်မှု အမျိုးမျိုး ပြုလုပ်ပြီး ပါတီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ကိုလည်း အမှုဆင်ပြီး ရွေးကောက်ပွဲတွင် မပါဝင်နိုင်ရန် နေအိမ်အကျယ်ချုပ် ၁၈ လ ပြစ်ဒဏ် ချလိုက်သည်။ ပြည်သူလူထုကို မျက်စိဖွင့် နားဖွင့်ပေးနိုင်တဲ့ ၈၈ မျိုးဆက်ကျောင်းသားများ အပါအ၀င် နိုင်ငံရေး အကျဉ်းသား ၂၀၀၀ ကျော်ကို ပြန်လွှတ်ပေးခြင်း မရှိပါ။ အလားတူ ရွေးကောက်ပွဲ ဥပဒေသည်လည်း ယခုအထိ မထုတ်ပြန်ရသေးပေ။

နိုင်ငံတကာ ဖိအားများလာသည့်အခါ မတတ်နိုင်သည့်အဆုံး ရွေးကောက်ပွဲ ကျင်းပချိန် နီးကပ်လာသည့် အခါမှသာ နိုင်ငံရေး အကျဉ်းသားများကို လွှတ်ပေးပြီး၊ ရွေးကောက်ပွဲ ဥပဒေကို ထုတ်ပြန်ပေးမယ့် ပုံပါဘဲ။ ဤသို့ ပြုလုပ်ခြင်းသည် ပြိုင်ဘက် အင်အားစုများအား စည်းရုံးလှုပ်ရှားမှု အပြုနိုင်ရန် ဖိနှိပ်ထားခြင်း ဖြစ်ကြောင်း မျက်ဝါးထင်ထင် တွေ့မြင်နေရပါပြီ။

တိုင်းအရင်းသား အပစ်ရပ်အဖွဲ့များကို နယ်ခြားစောင်တပ် ဖွဲ့စေပြီး နိုင်ငံတကာ အမြင်ကောင်းစေရန် ရွေးကောက်ပွဲကို အတင်းဝင်ခိုင်းသည်။ အပစ်ရပ် တိုင်းရင်းသားများအနေနဲ့ ၎င်းတို့၏ အမျိုးသား မပပျောက်ရန် အာမခံ ပေးနိုင်တဲ့ အခွင့်အရေး တစုံတရာမရှိဘဲ လက်နက် မစွန့်လိုကြ။ ဤတို့ အခြေအနေ တင်းမာလာသည့်အခါ မူးယစ်ဆေးဝါးနဲ့ လက်နက်မှုကို အကြောင်းပြပြီး ကိုးကန့်အပစ်ရပ် အဖွဲ့ကို နှိမ်နင်းခဲ့သည်။ အခြားအပစ်ရပ် ကချင်၊ ၀၊ မွန် အစရှိသည်တို့ကိုလည်း ဆက်လက်နှိမ်းနင်း တိုက်ခိုက်သွားမည် ဖြစ်ကြောင်း အကဲခတ်များ ဝေဖန်နေကြသည်။

စစ်အစိုးရအနေနဲ့ အရာရာကို လက်ဝါးအုပ်ထားခြင်းကြောင့် ပညာတတ်အချို့ ပင်လယ်ရပ်ခြား နိုင်ငံများသို့ ထွက်ခွာ သွားခြင်းကြောင့် ပစ္စုပန် အနာဂတ် ဖွံ့ဖြိုးတိုးတက်ရေးအတွက် မြန်မာနိုင်ငံအနေနဲ့ အောက်ကျနောက်ကျ ဖြစ်နေပေပြီ။ အလားတူ ကန့်သတ်ပိတ်ပင်မှုကြောင့် ပြည်တွင်းတွင်း အလုပ်အကိုင်မရှိဘဲ နိုင်ငံခြား တိုင်းပြည်များအတွင် အလုပ်သမား အခွင့်အရေး မခံစားရဘဲ ကျွန်သဖွယ် သွားရောက် အလုပ်လုပ်ကာ မျက်နှာငယ်စွာ ရင်ဆိုင်နေရသည်။ ကိုးကန့် အပစ်ရပ်အဖွဲ့ကို တိုက်ခိုက်ခြင်းကြောင့် အပြစ်မဲ့ ပြည်သူ သုံးသောင်း ကျော် ဒုက္ခသည်ဘ၀ ကျရောက်သွားခဲ့ရသည်။ အပစ်ရပ် တိုင်းရင်းသား အဖွဲ့များကို တိုက်ခိုက်မည် ဆိုလျှင်လည်း ပြည်တွင်းစစ်သဖွယ် ဖြစ်သွားနိုင်ပြီး ပြည်သူများမှာ စစ်ကျွန်ဘ၀နဲ့ အစားအသောက်၊ ရောဂါပေါင်းစုံနဲ့ ရင်ဆိုင် ကြုံတွေ့ရမည်မှာ အသေအချာပင် ဖြစ်သည်။ ဤသည်မှာ ၂၀၁၀ ရွေးကောက်ပွဲနဲ့ ပတ်သက်သော နိုင်ငံသားများ ပြည်သူများ ခံစားရမည့် ရွေးပြေးနောက်ဆက်တွဲ အကြပ်တည်း ဖြစ်သည်။

အခြားတဘက်တွင် ပြည်တွင်းနဲ့ နိုင်ငံတကာ အကြံပြုချက်ကို လက်မခံတဲ့ န အ ဖ အနေနဲ့လည်း ရွေးကောက်ပွဲ အနိုင်ရနိုင်ရန် မြန်မာ့ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အား နေအိမ်အကျယ်ချုပ် ချထားခြင်းနဲ့ ကိုးကန့် အပစ်ရပ် အဖွဲ့အား လက်နက်နဲ့ အနိုင်ကျင့် သွားခြင်းသည် နိုင်ငံတကာ အသိုင်းအ၀ိုင်း အကြား အပုပ်အသိုး အနံ့ဆိုးသဖွယ် နာမည်ဆိုးနဲ့ ကျော်ကြားသွားစေခဲ့သည်။

အရှေ့တီမောသမ္မတ ရာမို့ဟော်တာက မြန်မာအစိုးရအား အကြမ်းဖက်အုပ်စုတွေကို ငွေကြေးခန်းခြောက်အောင် လုပ်တာမျိုး၊ ကြားကနေ ဖြတ်တောက် သိမ်းယူတာမျိုး စတဲ့နည်းလမ်းတွေသုံးပြီး အကြပ်ကိုင် ဆောင်ရွက်ဖို့ လိုပါတယ်။ ဒါ့အပြင် သူတို့ရဲ့ စည်းစိမ်ဥစ္စာတွေကို အကာအကွယ်ပေးနေတဲ့ ဘယ်ငွေကြေး အဖွဲ့အစည်း တွေကိုမဆို အရေးယူ အပြစ်ပေးဖို့ လိုပါတယ်။ မြန်မာနိုင်ငံကို ကုလသမဂ္ဂ အဖွဲ့ကြီးနဲ့ ကုလသမဂ္ဂရဲ့ အခြားအေဂျင်စီတွေကရော အာဆီယံအဖွဲ့ကပါ အဖွဲ့ဝင် အဖြစ်ကနေ ဆိုင်းငံ့ထားဖို့ အထိ မြန်မာ့ဒီမိုကရေစီတိုက်ပွဲကို အားပေး ထောက်ခံကြ ဆိုသည့် သူ၏ ဆောင်းပါးတွင် နိုင်ငံတကာကို တိုက်တွန်းထားသည်။

မြန်မာစစ်အစိုးရနဲ့ အနီးကပ် အပြုသော ဆက်ဆံမှုမျိုးကို ကျင့်သုံးကြိုးစား ခဲ့ဖူးသော ဒေါက်တာဇာနည်သည်ပင် မြန်မာစစ်အစိုးရနဲ့ အနီးကပ် ဆက်ဆေးရေး မူဝါဒကို ဝေဖန်လာရသည်အထိ ဖြစ်လာသည်။ စစ်အစိုးရ၏ ခေါင်းမာမှုကြောင့် လာမဲ့ ကုလသမဂ္ဂ အထွေထွေ ညီလာခံ အစည်းအဝေးတွင် မြန်မာ့အရေးကို ထည့်သွင်း ဆွေးနွေးဖို့အထိ ဖြစ်လာတော့မည်။

မြန်စစ်အစိုးရအနေနဲ့ တဆင့်ပြီးတဖြင့် ကျူးလွန်ချိုးဖေါက်လာလျှင် ၎င်းတို့အား International Criminal Court နိုင်ငံတကာ ပြစ်မှုဆိုင်ရာ တရားမရုံးမှာ ရာဇာဝတ်သား မဖြစ်နိုင်ဘူးလို့ မဆိုနိုင်ပါ။ ဤအတိုင်း ဆက်သွားမည်ဆိုလျှင် ဖိနှိပ်ခံရသူ နိုင်ငံသား ပြည်သူများ လက်ရှိ ရင်ဆိုင်နေရတဲ့ အခက်အခဲ အကြပ်အတည်းသာ မကတော့ဘဲ ဖိနှိပ်သူ စစ်အစိုးရလည်း အကြပ်အတည်းနဲ့ ရင်ဆိုင်လာရမည်မှာ သေချာပါသည်။ သို့ဖြစ်၍ အုပ်ချုပ်သူ န အ ဖ အစိုးရ ခေါင်းဆောင်များ အနေနဲ့ ပြည်တွင်းနဲ့ နိုင်ငံတကာ အကြံပြုချက်များကို လက်ခံပြီး ငြိမ်းချမ်းသောနည်းကိုသာ ဖြေရှင်းစေလိုသည်။

0 comments:

Post a Comment