Sunday, September 20, 2009

Filled Under:

တရားရုံးကျင့်စဉ်နဲ့ တရားခံ အခွင့်အရေး ဆောင်းပါးအပေါ် သုံးသပ်ချက်

RFA ------ 19 September 2009

သောတရှင်များ ခင်ဗျား။ ပြီးခဲ့တဲ့ စက်တင်ဘာ ၁၇ ရက်နေ့ထုတ် ကြေးမုံ သတင်းစာ မှာ မြန်မာနိုင်ငံ တရားစီရင်ရေးနဲ့ ပတ်သက်ပြီး “တရားရုံးကျင့်စဉ်နဲ့ တရားခံ အခွင့်အရေး” ခေါင်းစဉ်နဲ့ ဥပဒေ လေ့လာသူတဦး ရေးသားတဲ့ ဆောင်းပါးတပုဒ်ကို တွေ့ရှိရပါတယ်။ ဆောင်းပါးတွင် အဓိက ဖေါ်ပြထားတဲ့ အချက်ကတော့ တရားရုံးများသည် သက်ဆိုင်ရာ တည်ဆဲဥပဒေနဲ့အညီ စစ်ဆေး စီရင်လျှက်ရှိပြီး တရားခံများအား ခုခံချေပခွင့်ကို အပြည့်အ၀ ပေးထားခြင်း၊ တရားရုံးအဆင့်ဆင့်ကို အယူခံဝင်ခွင့်၊ ပြင်ဆင်မှု တင်သွင်းခွင့်၊ စတာတွေ ပေးထားခြင်းတို့အတွက် မြန်မာနိုင်ငံရဲ့ တရားစီရင်ရေးစနစ်ဟာ မျှတမှန်ကန်စွာ ကျင့်သုံးဆောင်ရွက်လျှက်ရှိတဲ့ တရားစီရင်ရေး စနစ်ဖြစ်တယ်လို့ ဆိုပါတယ်။ ဒီအချက်နဲ့ ပတ်သက်ပြီး အာရှ လူ့အခွင့်အရေး ကော်မရှင်မှ ရှေ့နေ ဦးမင်းလွင်ဦး ကတော့ အခုလို သုံးသပ်ပါတယ်။

“အယူခံခွင့်ပေးရုံ၊ ပြင်ဆင်မှုတက်ခွင့် ပေးရုံလောက်နဲ့ ဒါက တရားဥပဒေအတိုင်း မျှမျှတတ စီမံဆောင်ရွက်ပေးတယ်လို့ ကျနော်တို့ ပြောလို့မ ရပါဘူး။”

မေး ------- ဒါဆိုရင် မျှတတဲ့ တရားစီရင်ရေးစနစ်၊ မှန်ကန်တဲ့ တရားစီရင်ရေး စနစ်လို့ ပြောနိုင်ဖို့ ဘာအချက်တွေ ပြည့်စုံဖို့ လိုအပ်ပါသလဲ ခင်ဗျား။

ဦးမင်းလွင်ဦး ------ “တကယ်တန်း ကျနော်တို့ မြန်မာနိုင်ငံမှာ လွတ်လပ်တဲ့ တရားစီရင်ရေး ရှိရမယ်။ မျှတတဲ့ တရားခွင် ရှိရမယ်။ တရားသူကြီးတွေ ဥပဒေနဲ့အညီ စစ်ဆေးစီရင် ဆောင်ရွက်နိုင်ခွင့် ရှိရမယ်။ ဒါမှသာလျှင် ကျနော်တို့အနေနဲ့ မျှတတဲ့ တရားစီရင်ရေးစနစ်လို့ ကျနော်တို့ ပြောနိုင်မယ်။”

မေး ------- အချုပ်အားဖြင့် ပြောမယ်ဆိုရင် မြန်မာနိုင်ငံရဲ့ တရားစီရင်ရေးစနစ်ဟာ လွတ်လပ်မှုမရှိဘူး ဆိုတာဟာ ဘယ်လို အချက်က ပိုပြီး ထင်ရှားစေသလဲ ခင်ဗျား။

ဦးမင်းလွင်ဦး ------- “ကျနော်တို့ မြန်မာနိုင်ငံအတွင်းမှာ ရှိတဲ့ တရားစီရင်ရေး စနစ်က လွတ်လပ်မှု မရှိဘူး ဆိုတာက အထူးသဖြင့် နိုင်ငံရေး အမှုတွေနဲ့ ပတ်သက်လို့ရှိရင် ထင်ထင်ရှားရှား ရှင်းရှင်းလင်းလင်း တွေ့နိုင်တာ ဖြစ်တယ်။ ဘာဖြစ်လို့လည်း ဆိုလို့ရှိရင် နိုင်ငံရေးအမှုတွေမှာ ကျနော်တို့ရဲ့ အတွေ့အကြုံအရ စစ်ဆေးတွေ့ရှိချက်တွေ အပေါ်မှာ သုံးသပ် ဆုံးဖြတ်တာ မဟုတ်ဘဲနဲ့ စစ်ဆေးတာက ဟန်ပြသဘောလောက်တာ ဖြစ်ပြီးတော့ အမြင့်ဆုံး အပြစ်ဒဏ်ကို ပေးနေတယ်ဆိုတာကိုဘဲ ကျနော်တို့ တွေ့ရတယ်။ ဒါကြောင့် ကျနော်တို့ မြန်မာနိုင်ငံအတွင်းရဲ့ တရားစီရင်ရေးစနစ်က လွတ်လပ်မှုမရှိဘူး၊ မျှတမှု မရှိဘူးလို့ ကျနော်တို့ ထပ်ခါထပ်ခါ ပြောနေရခြင်း ဖြစ်ပါတယ်ခင်ဗျား။”

International Commission of Jurist လို့ခေါ်တဲ့ အပြည်ပြည်ဆိုင်ရာ တရားရေး ပညာရှင်များ ကော်မရှင်မှ မြန်မာနိုင်ငံရဲ့ တရားစီရင်ရေး စနစ်ကို သုံးသပ်ရာမှာ ၁၉၈၈ ခုနှစ်က စလို့ မြန်မာနိုင်ငံမှာ တရားစီရင်ရေး ဆိုတာဟာ န အ ဖ စစ်အစိုးရရဲ့ သြဇာအာဏာအောက်မှာသာ ရှိပြီး တရားရေး ၀န်ကြီးဌာနလည်း မရှိတော့တဲ့အတွက် တရားရုံး စစ်ဆေးတဲ့ ယန္တရားတွေဟာ လက်တွေ့ အားဖြင့်တော့ ပြည်ထဲရေး ၀န်ကြီးဌာနရဲ့ အောက်ကို ရောက်ရှိနေတယ်လို့ သုံးသပ်ပါတယ်။ ခရစ်နှစ် ၂၀၀၀ ခုနှစ် တရားစီရင်ရေး ဥပဒေအရ အမြင့်ဆုံး တရားစီရင်ရေး အာဏာပိုင် အဖွဲ့ဖြစ်တဲ့ နိုင်ငံတော် တရားသူကြီးချုပ်အပါအ၀င် တရားရုံးချုပ် တရားသူကြီးတွေကို န အ ဖ စစ်အစိုးရကတာ ခန့်အပ်တာပါ။

တရားရုံး အဆင့်ဆင့် တရားသူကြီးတွေကိုလည်း တရားရုံးအဆင့်ဆင့်က ခန့်အပ်တာဝန်ပေးသော်လည်း တရားသူကြီးတွေဟာ စစ်အစိုးရရဲ့ စောင့်ကြည့် ခြင်းကို ခံနေရပြီး အချိန်မရွေး ရာထူးကနေ ဖယ်ရှားခြင်း ခံနိုင်ရသလို ၂၀၀၀ ခုနှစ် တရားစီရင်ရေးတွေမှာ အဲဒီတရားသူကြီးတွေရဲ့ ဘ၀လုံခြုံရေးအတွက် ဘာဆိုဘာမှ အာမခံချက် မပေးထားဘူးလို့လည်း အပြည်ပြည်ဆိုင်ရာ တရားရေး ပညာရှင်များအဖွဲ့က သုံးသပ်ပါတယ်။ အဲဒီသုံးသပ်ချက်မှာဘဲ တရားရုံးချုပ်ရဲ့ အဆုံးအဖြတ်ကိုတောင် အဆုံးမှာ အုပ်ချုပ်ရေး အာဏာပိုင်ဖြစ်တဲ့ န အ ဖ အဖွဲ့ ဥက္ကဌက ၀င်ရောက် စွက်ဖက်နိုင်တယ်လို့ ထောက်ပြထားပါတယ်။ ဒီအချက်ကိုတော့ ဦးမင်းလွင်ဦးက အခုလို ရှင်းပြပါတယ်။

“ကျနော်တို့ မြန်မာနိုင်ငံအတွင်းမှာ တရားရုံးအဆင့်ဆင့်ကနေပြီး စစ်ဆေးစီရင်တဲ့ ကိစ္စရပ်တွေ အယူခံခွင့်တွေ သော်လည်းကောင်း၊ ပြင်ဆင်မှုတွေသော်လည်း ကောင်း အဆင့်ဆင့်တက်လာတဲ့ အချိန်မှာ တရားရုံးချုပ်ကနေပြီးတော့ နောက်ဆုံးစီရင် ဆုံးဖြတ်တာဖြစ်တယ်။ တရားရုံးချုပ်ရဲ့ စီရင်ဆုံးဖြတ်ပိုင်ခွင့် ပြီးသွားပြီး ဆိုလို့ရှိရင် အမှုက ပြီးသွားပြီလို့ ကျနော်တို့ အကြမ်းပြင်း ပြောလို့တော့ ရပါတယ်။ သို့သော်လည်း အချို့သော ရာဇ၀တ်မှုတွေမှာ တရားရုံးချုပ်က ဆုံးဖြတ်ထားတဲ့ ဘယ်လိုဘယ် ရှိနေသည်ဖြစ်စေ နိုင်ငံတော် အကြီးအကဲ ကနေပြီးတော့ ပြစ်မှုဆိုင်ရာ ကျင့်ထုံးဥပဒေမှာပါတဲ့ နိုင်ငံတော်သမ္မတရဲ့ အခွင့်အာဏာကို သုံးစွဲပြီး လွှတ်နိုင်တာတို့၊ စည်းကမ်းချက် သတ်မှတ်ပြီးတော့ ပြင်ဆင်တာတို့ ဆိုတာ ရှိနေပါတယ် ခင်ဗျား။”

အာရှ လူ့အခွင့်အရေးကော်မရှင်မှ ရှေ့နေ ဦးမင်းလွင်ဦးရဲ့ ရှင်းပြချက် ဖြစ်ပါတယ်။ သောတရှင်များ ခင်ဗျား။ မြန်မာနိုင်ငံရဲ့ လက်ရှိ တရားစီရင်ရေး အခြေအနေနဲ့ ပတ်သက်ပြီး မြန်မာနိုင်ငံသားတဦးမှ သူ့ရဲ့ အတွေ့အကြုံ အပေါ်မူတည်ပြီး ရှုမြင်သုံးသပ်ချက်ကို အခုလို ပြောပြပါတယ်။

“တရားစီရင်ရေးတဲ့ ပတ်သက်ပြီးတော့ တရားရုံးက ဟိုဘက်ဒီဘက် ပြောနေတာကို အကုန်လုံး ကြားနာနေရပါတယ်။ စီရင်ချက် ချဖို့အတွက် အထက်ကို အမိန့်တောင်းရတာဘဲ။ အထက်က ပြောတဲ့အတိုင်း အမိန့် ချကို ချရတာဘဲ” မြန်မာနိုင်ငံသားတဦး ပြောပြသွားတာ ဖြစ်ပါတယ် ခင်ဗျား။

ကြေးမုံသတင်းစာပါ တမြန်မာနိုင်ငံရဲ့ တရားစီရင်ရေးစနစ်ဟာ မျှတ မှန်ကန်ပါတယ် ဆိုတဲ့ အဆိုကို တုန့်ပြန်ထားတဲ့ ဆောင်းပါး တင်ဆက်ခဲ့ခြင်း ဖြစ်ပါတယ်။

0 comments:

Post a Comment