Friday, September 25, 2009

Filled Under:

ICRC ကြားဝင်ဆောင်ရွက်ပေးဖို့ AHRC ကတိုက်တွန်း

RFA ------ 24/ 9/ 2009
မြန်မာနိုင်ငံက နိုင်ငံရေး အကျဉ်းသား တွေကို ဖမ်းဆီးပြီးတော့ စစ်ကြောရေး စခန်းတွေမှာ ညှဉ်းပန်း နှိပ်စက်တာတွေ ရှိနေတဲ့အတွက် ICRC ကမ္ဘာ့ ကြက်ခြေနီ အဖွဲ့ကြီးကနေ ကြားဝင်ဆောင်ရွက်ပေးဖို့ လိုအပ်ကြောင်း အာရှ လူ့အခွင့်အရေး ကော်မရှင် AHRC က ယနေ့ တိုက်တွန်း လိုက်ပါတယ်။

မြန်မာနိုင်ငံမှာ နိုင်ငံရေးအကျဉ်းသားတွေ အပါအ၀င် အကျဉ်းသားတွေ လွှတ်ပေး လိုက်တာကို ကြိုဆိုကြောင်း၊ အကျဉ်း ထောင်တွေကနေ လွတ်မြောက် လာတဲ့ နိုင်ငံရေးအကျဉ်းသား တွေရဲ့ ပြောဆိုချက် တွေအရ ဖမ်းဆီးထိန်းသိမ်း ခံရပြီးနောက် ညှဉ်းပန်းနှိပ်စက်မှုတွေ၊ စစ်ဆေး တာတွေ၊ ညှဉ်းပန်းနှိပ်စက်ပြီး ၀န်ခံခိုင်းတာတွေရှိတဲ့ အထောက်အထား တွေကို တွေ့ရှိရကြောင်း၊ ညှဉ်းပန်း နှိပ်စက်ခံရသူတွေ အနေနဲ့ စိတ်ပိုင်း၊ ကိုယ်ပိုင်းအရ ချို့ယွင်းဒဏ်ရာ ရရှိခဲ့ပေမဲ့ ဆေးဝါး ကုသပေးခြင်းမရှိပဲ အကျဉ်းထောင် တွေထဲမှာ နှစ်ရှည်လများ နေထိုင်ရတာကို သိရှိရကြောင်း၊ ဒါကြောင့် နိုင်ငံတကာ ကြက်ခြေနီ အဖွဲ့ကြီးဖြစ်တဲ့ ICRC အနေနဲ့ အကျဉ်းထောင် တွေအတွင်း ၀င်ရောက် စစ်ဆေးပြီး ကြားဝင် ဆောင်ရွက်ပေးသင့်တဲ့ အကြောင်း အာရှလူ့အခွင့်အရေး ကော်မရှင်က တိုက်တွန်းပါတယ်။

အာရှလူ့အခွင့်အရေး ကော်မရှင်ရဲ့ ပြောရေးဆိုခွင့်ရှိသူ ရှေ့နေ ဦးမင်းလွင်ဦးက ယခုလို ရှင်းပြပါတယ်။ ဟုတ်ကဲ့ ကျနော်တို့ အာရှ လူ့အခွင့်အရေး ကော်မရှင်က နေပြီး မြန်မာနိုင်ငံအတွင်းမှာ ဖမ်းဆီးထိန်းသိမ်းခြင်း ခံထားရတဲ့သူတွေကို နှိပ်စက် ညှဉ်းပန်းတယ် ဆိုတာတွေက စဉ်ဆက်မပြတ် ကျနော်တို့ လက်ခံရရှိထားတဲ့ အချက် တွေဖြစ်တယ်။ ယခု ပြန်လည်လွတ်မြောက် လာတဲ့ အကျဉ်းသား တွေရဲ့ပြောဆိုချက်အရ ဒါတွေက ပိုပြီးတော့ ခိုင်မာစေတဲ့ အချက်တွေဖြစ်တယ်။

ယခု ထပ်မံပြီးတော့ ဖမ်းဆီးထားတဲ့ လူငယ် ၄၀ ခန့်ရှိတယ်။ ဒီ လူငယ်၄၀ ကိုလည်း နှိပ်စက်ညှဉ်းပန်းပြီးတော့ မတရား ဖြောင့်ချက်တွေ လက်မှတ်ရေးထိုး ခိုင်းမယ်။ ၀န်ခံခိုင်းမယ် ဆိုတာကို ကျနော်တို့ မှန်းဆလို့ရပါတယ်။ အာရှ လူ့အခွင့်အရေး ကော်မရှင်အနေနဲ့ ပြောချင်တာကတော့ မြန်မာနိုင်ငံ အတွင်းမှာရှိတဲ့ အကျဉ်းစခန်းတွေ၊ နောက်ပြီး အကျဉ်းသားတွေကို ICRC ကနေပြီးတော့ ၀င်ရောက် စစ်ဆေး မေးမြန်းခွင့်၊ နောက် ဆေးဝါးကုသခွင့်တွေ ပေးဖို့အတွက် ကျနော်တို့ အာရှလူ့ အခွင့်အရေး ကော်မရှင်က နေပြီးတော့ ယနေ့ ကြေငြာချက်ထုတ်ပြန် တောင်းဆိုရခြင်း ဖြစ်ပါတယ်။

ညှဉ်းပန်းနှိပ်စက်မှု အထောက်အထားတွေအဖြစ် မကြာသေးမီ ရက်ပိုင်းတွေကမှ အကျဉ်းထောင် တွေကနေ ပြန်လည် လွတ်မြောက် လာတဲ့ ကိုမျိုးရန်နောင်သိန်း၊ စစ်ကြောရေး စခန်းမှာ နှိပ်စက်ညှဉ်းပန်းခံရပြီး ဆေးဝါးကုသခွင့် မရတဲ့အတွက် ယခုအခါ အာရုံကြော ထိခိုက်ကာ လမ်းမလျောက် နိုင်တော့ကြောင်း၊ ထို့အတူ ကိုမိုးကျော်သူ၊ ကိုအောင်မြင့် စတဲ့ သူတွေညှဉ်းပန်းနှိပ်စက် ခံရတဲ့ အကြောင်းတွေကို သတင်းဌာနတွေရဲ့ ထုတ်ပြန်ချက်တွေ အရ သိရှိရကြောင်း AHRC က ကြေညာထားပါတယ်။

မြန်မာနိုင်ငံမှာ ညှဉ်းပန်းနှိပ်စက်မှုနဲ့ ပတ်သက်ပြီး လွဲမှားတဲ့ အမြင်တွေ ရှိနေကြောင်း၊ အမှုလိုက်ရဲနဲ့ လုံခြုံရေး တာဝန်ရှိသူတွေဟာ သက်သေခံ အထောက်အထားတွေကို ကိုယ်တိုင် လိုက်လံ စုံစမ်းရှာဖွေ တင်ပြ ရမှာဖြစ်ပေမဲ့ ညှဉ်းပန်းနှိပ်စက်မှုကို တရားဝင်သဘော အသုံးပြုနေ တာကို တွေ့ရှိရကြောင်း၊ ဒါတွေကိုရပ်တန့်ဖို့ လိုတဲ့အကြောင်း ဦးမင်းလွင်ဦးက ယခုလို ဆက်လက် ပြောဆိုပါတယ်။

နောက်တခု ပြောချင်တာက ကျနော်တို့ တရားစွဲ အဖွဲ့အစည်းတွေ အနေနဲ့ကလည်း တရားခံအဖြစ် စွပ်စွဲခံရသူတွေကို ရိုက်နှက်ပြီးတော့မှ သက်သေ အထောက်အထား ခိုင်လုံအောင် ရယူဖို့မဟုတ်ပါဘူး၊ သက်သေ အထောက်အထား ခိုင်လုံအောင် ရယူဖို့က သူတို့ရဲ့ တာဝန်ဖြစ်တယ်။ နှိပ်စက်ညှဉ်းပန်း ရိုက်နှက်ပြီးတော့မှ ရယူ လက်မှတ်ရေးထိုးတာ မလုပ်ဖို့ ကျနော်တို့ အနေနဲ့ ပြောချင်တယ်။ နောက်ပြီးတော့ တခါ ရိုက်နှက်ခြင်း ခံရတဲ့သူတွေကလည်း ဒီလို လုပ်တာက လုပ်ရိုးလုပ်စဉ် ဖြစ်တယ် ဆိုတာကို လက်ခံမထားပဲနဲ့ လူ့အခွင့်အရေး ချိုးဖေါက်မှု ဖြစ်တယ်။ နှိပ်စက်ညှဉ်းပန်းမှု ဖြစ်တယ်ဆိုတာတွေကို ဖေါ်ပြပြီးတော့ အရေးဆိုဖို့လည်း လိုတယ် ဆိုတာကို ကျနော်တို့ အနေနဲ့ တင်ပြချင်ပါတယ်။

မြန်မာနိုင်ငံက အကျဉ်းထောင်တွေနဲ့ ဖမ်းဆီးထိန်းသိမ်းမှု ဆိုင်ရာကိစ္စတွေကို နိုင်ငံတကာက အသိအမှတ်ပြုထားတဲ့ ICRC အဖွဲ့ကြီး အနေနဲ့ သွားရောက် စစ်ဆေးကြည့်ရှုဖို့ ဒါ့အပြင် မြန်မာအစိုးရကနေ ၂၀၀၅ ခုနှစ်ကစပြီး နိုင်ငံတကာ ကြက်ခြေနီအဖွဲ့ကို အကျဉ်းထောင် တွေအား သွားရောက် လေ့လာခွင့်ကို မပေးတဲ့အတွက် ညှဉ်းပန်းနှိပ်စက်မှုတွေနဲ့ လူ့အခွင့်အရေး ချိုးဖေါက်မှုတွေကို အကာအကွယ် မပေးနိုင်တော့ တဲ့အကြောင်း အာရှလူ့အခွင့်အရေး ကော်မရှင်က ဖေါ်ပြထားပါတယ်။

0 comments:

Post a Comment