Thursday, October 01, 2009

Filled Under:

အသက်မပြည့်သူ ဖမ်းဆီးထောင်ချတာဟာ တည်ဆဲဥပဒေကို ချိုးဖေါက်ကြောင်း AHRC ကြေငြာချက်ထုတ်ပြန်

RFA ------ 1/ 10/ 2009
ပဲခူးတိုင်း ဒိုက်ဦးမြို့နယ်မှ ဥရှစ်ကုန်းရွာမှာ အသက်မပြည့်တဲ့ ကလေးနှစ်ဦး မဧမီထွန်းနဲ့ မသူဇာခိုင်တို့ကို ချဲထီရောင်းချမှုနဲ့ ရဲက ဖမ်းဆီးပြီး ထောင်ချခဲ့တာဟာ မြန်မာနိုင်ငံရဲ့ တည်ဆဲဥပဒေတွေကို ရဲနဲ့ တရားရေးဝန်ထမ်းတွေ ကိုယ်တိုင်က ချိုးဖေါက်တဲ့အကြောင်း အာရှလူ့အခွင့်အရေး ကော်မရှင် AHRC မှ အမှုကို သုံးသပ်ပြီး ထုတ်ဖေါ် ပြောဆိုလိုက်ပါတယ်။

မြန်မာနိုင်ငံရဲ့ တည်ဆဲဥပဒေအရ အသက် ၁၆ နှစ်အောက်ကို ကလေးသူငယ် အဖြစ် သတ်မှတ်တဲ့အတွက် ဖမ်းဆီးတရားရုံးတင်ပြီး ထောင်ချနိုင်ခြင်းမရှိဘဲနဲ့ ပြုပြင်ထိန်းသိမ်း စောင့်ရှောက်ခြင်းကိုသာ ဆောင်ရွက်ရမယ် ဖြစ်ပေမဲ့ အပြစ် ကျူးလွန်တဲ့ လူကြီးတွေ ထားရာထောင်တွေကို အသက်လိမ်ပြီး အတင်း အဓမ္မ ပို့ဆောင်ခဲ့တာဟာ ဥပဒေကို ချိုးဖေါက်ရာ ရောက်တဲ့အကြောင်း AHRC မှ ရှေ့နေ ဦးမင်းလွင်ဦးက RFA ကို ပြောပါတယ်။

“ဧပြီထွန်းဆိုတဲ့ ကလေး ၃ ယောက်ကလည်း အသက် ၁၆ နှစ် မပြည့် သေးကြောင်း ကျောင်းဝင်မှတ်တမ်း၊ ကျောင်းဝင်ထောက်ခံစာ၊ မွေးနေ့ သက္ကရာဇ်တွေကအစ အထောက်အထား အပြည့်အစုံ တင်သွင်းထားပါလျက်နဲ့ ကလေးသူငယ် ဥပဒေအရ စစ်ဆေး စီရင်ခြင်း မပြုဘဲနဲ့ လူကြီးတွေလို စစ်ဆေးစီရင်တာက ဥပဒေအရ လွန်စွာ မှားယွင်းတယ် ဆိုတဲ့အချက်ကို ကျနော်တို့က အဓိက ထားပြီးထောက်ပြချင်တယ်။ ကလေးသူငယ်တွေကို ကလေးသူငယ် ဥပဒေမှာ ပြဌာန်းထားတဲ့အတိုင်း သင့်တော်တဲ့ သင်တန်းကျောင်း ကို ပို့ပေးတာ ဖြစ်ပါစေ၊ လူကြီးမိဘတွေရဲ့ ခံဝန်ချက်နဲ့ ဖြစ်ပါစေ၊ ဒါမှမဟုတ်ရင် ရပ်ရွာသူကြီးတွေရဲ့ ခံဝန်ချက်နဲ့ဖြစ်စေ၊ ပြန်လည်လွှတ်ထားရမယ်လို့ ကလေးသူငယ် ဥပဒေမှာ အတိအကျ ပြဌာန်းထားပါလျက်နဲ့ အခုလို လူကြီးတွေ ချုပ်နှောင်ထားတဲ့ထောင်ကို ပို့ဖို့ ဆက်လက်လုပ်ဆောင်တာက ဥပဒေကို အတိအလင်း ကျူးလွန်ဖေါက်ဖျက်တယ်ဆိုတာကို ကျနော်တို့ အနေနဲ့ ပြောချင်ပါတယ် ခင်ဗျား။”

အသက်မပြည့်တဲ့ ကလေး (၄) ဦးကို ဖမ်းဆီးခဲ့တာ ဖြစ်ပေမဲ့ (၁) ဦးကို ပြန်လွှတ် ပေးခဲ့ပြီး မဧမီထွန်းနဲ့ မစိန်ထွေးတို့ကို ရဲနဲ့ တရားရေး ၀န်ထမ်းတွေက အဂတိ လိုက်စားပြီး အပြစ်ပေးခဲ့တဲ့ အထောက်အထားတွေကိုလည်း တွေ့ရှိတဲ့အကြောင်း ဦးမင်းလွင်ဦးက ဆက်လက်ပြောကြားပါတယ်။

“ဖမ်းဆီးတဲ့ ရဲအရာရှိတွေက နေပြီး ဥပဒေအရာရှိ ဖြစ်သူကို ငွေ ၃၀၀၀၀ (သုံးသောင်း) လာဒ်ငွေအဖြစ် ပေး ပြီးတော့မှ ရုံးတင်စစ်ဆေးဖို့ အတွက် စီမံ ဆောင်ရွက်တာကို ကျနော်တို့ သိရှိရပါတယ်။ ဒါကလည်း ကျနော်တို့ ဘာကြောင့် ပြောနိုင်တယ် ဆိုလို့ရှိရင် အမှု စီရင်ဆုံးဖြတ်ထားတဲ့ စီရင်ချက်မှာ သက်သေခံ အဖြစ် သိမ်းဆည်းထားတဲ့ သူတွေကို ဖမ်းဆီးတဲ့ ဒု-ရဲအုပ်ကို ၃၀၀၀၀ (သုံးသောင်းကျပ်) ပြန်ပေးစေ ဆိုပြီးတော့ အမိန့်ချမှတ်ထားတာကို ကျနော်တို့ တွေ့ရှိရပါတယ်။”

အခုလို ဥပဒေနဲ့မညီဘဲ ကလေးသူငယ်နှစ်ဦးကို ထောင်ချထားတာဟာ အမြန်ဆုံး ပြန်လွှတ်ပေးဖို့ တောင်းဆိုတဲ့အကြောင်း အာရှ လူ့အခွင့်အရေး ကော်မရှင်မှ ကြေငြာချက် ထုတ်ပြန်ထားပါတယ်။

0 comments:

Post a Comment