Friday, October 02, 2009

Filled Under:

ကလေးသူငယ် အခွင့်အရေး ချိုးဖေါက်မှုကြောင့် AHRC မှ မြန်မာစစ်အစိုးရအား ပန်ကြားစာပေးပို့

VOA ----- 2/ 10/ 2009

ကလေးသူငယ် အခွင့်အရေးကို ကာကွယ်စောင့်ရှောက်ဖို့ ကုလသမဂ္ဂမှာ လက်မှတ်ရေးထိုးထားတဲ့ မြန်မာနိုင်ငံဟာ ဒီသဘောတူညီချက်တွေ ချိုးဖေါက် နေတာတွေ တွေ့နေရတယ်လို့ ဒေသအတွင်း လူ့အခွင့်ရေး လှုပ်ရှားနေတဲ့ အာရှ လူ့အခွင့်အရေး ကော်မရှင် AHRC က ပြောဆိုလိုက်ပါတယ်။

ပဲခူးတိုင်း ဒိုက်ဦးမြို့နယ်က အရွယ်မရောက်တဲ့ မိန်းကလေးငယ် ၃ ဦးကို ဥပဒေနဲ့ ဆန့်ကျင်ပြီး ထောင်ဒဏ်တွေ အပြစ်ဒဏ်တွေ စီရင်ခဲ့တာမို့ ဒါနဲ့ပတ်သက်ပြီး ပြစ်တင် ပြောဆိုလိုက်တာပါ။ အာရှ လူ့အခွင့်အရေးကောင်မရှင် AHRC မှ မြန်မာ ဥပဒေပညာရှင် တဦးဖြစ်တဲ့ ဦးမင်းလွင်ဦးကတော့ မကြာသေးခင်က ဒီလို ပြစ်ဒဏ် စီရင်ခဲ့တဲ့ ကိစ္စနဲ့ ပတ်သက်ပြီး အရေးပေါ် ကြေငြာချက်တစောင် မနေ့တုန်းကဘဲ ထုတ်ပြန်လိုက်တဲ့အကြောင်း ပြောပါတယ်။

“ကျနော်တို့ အာရှလူ့အခွင့်အရေး ကော်မရှင်ကနေပြီးတော့ ဒီနေ့ အရေးပေါ် မေတ္တာရပ်ခံစာ တစောင် ထုတ်ပါတယ်။ အဲဒီအရေးပေါ် မေတ္တာရပ်ခံစာမှာ အသက်မပြည့်သေးတဲ့ ကလေး ၃ ယောက်ကို ဖမ်းဆီးထားတဲ့ကိစ္စက ဥပဒေနဲ့အညီ ဆောင်ရွက်ထားတာ မဖြစ်တဲ့အတွက် ဒီကလေး ၃ ယောက်ကို အမြန်ဆုံး ပြန်လွှတ်ပေးဖို့ ဆိုပြီးတော့ တိုက်တွန်းနှိုးဆော်ထားတဲ့ အရေးပေါ် မေတ္တာရပ်ခံစာ ဖြစ်တယ်။

အဲဒီကလေးတွေက ဘာကြောင့် အဖမ်းခံရသလဲ ဆိုလို့ရှိရင် ဒိုက်ဦးရဲစခန်းက ဒု-ရဲအုပ် တင်မောင်အေးနဲ့ အဖွဲ့က ရပ်ရွာအတွင်းမှာ မှုခင်းနှိမ်နင်းရေးဆိုပြီး သွားရောက်ဖမ်းဆီးတဲ့အခါမှာ မအိအိခိုင်၊ မသူဇာခိုင်၊ မအေမီထွန်း၊ မစန္ဒာဝင်း စတဲ့ ကလေးငယ်တွေနဲ့အတူ ချဲထီရောင်းတဲ့ စာရွက်စာတမ်းတွေ တွေ့တယ် ဆိုပြီးတော့ ဖမ်းဆီးခဲ့တာဖြစ်တယ်။”

ဒီလိုဖမ်းဆီးခဲ့တာ လုပ်ပြီးတဲ့နောက် တရားရုံးတင် စစ်ဆေးဖို့ လုံခြုံရေး အာဏာပိုင်များက ကြိုးပမ်းခဲ့တာကို အစောပိုင်းမှာ တရားရုံးက အသက်အရွယ် မပြည့်သေးသူတွေအဖြစ် လက်မခံခဲ့ပေမဲ့ နောက်ပိုင်းမှာ ဒီဆုံးဖြတ်ချက်ကို ပြောင်းလဲပြီး အလုပ်ကြမ်းနဲ့ ထောင်ဒဏ် တနှစ်စီ ပြစ်ဒဏ်စီရင်ခဲ့တယ်လို့လည်း ဦးမင်းလွင်ဦးက ပြောပါတယ်။

“အဲဒီလို ဖြစ်တဲ့ကိစ္စရပ်တွေမှာ ကလေးသူငယ်မှုခင်းနဲ့ ပတ်သက်ရင် ကလေးသူငယ် ဥပဒေမှာ ပြဌာန်းထားတဲ့ ပြဌာန်းချက်တွေအတိုင်းတာ လိုက်နာ ဆောင်ရွက်ရမှာ ဖြစ်တယ်။ အခုတော့ အဲလို လိုက်နာ ဆောင်ရွက်ခြင်း မရှိဘူး ဆိုတာကို အထင်အရှား တွေ့ရှိရတယ်။ ဘာကြောင့်လည်းဆိုတော့ အမှု စစ်ဆေးစဉ်တုန်းက ဖမ်းဆီးထိန်းသိမ်းခံရတဲ့ ကလေးတွေက ကျောင်းမှာ ကျောင်းဝင်မှတ်တမ်း၊ မှတ်ပုံတင်နံပါတ်၊ နောက်ပြီး မွေးစာရင်း စတာတွေ သက်သေခံအဖြစ် တင်သွင်းခဲ့ပေမဲ့လည်း ဒီတရားရုံး တရားသူကြီးတွေက ဒီအချက်တွေကို လျစ်လျူရှုပြီး လူငယ်အဖြစ် သတ်မှတ်ပြီးတော့ ဒီအမှုမှာ လူကြီးတွေနဲ့အတူ ပူးတွဲ တရားစွဲဆိုထားခြင်းဟာ ဥပဒေနဲ့ လုံးဝမညီတဲ့ အမှုဖြစ်တယ်။”

“ဒီအမှုမှာ ပြစ်ဒဏ်ပေးတဲ့ အခါကျတော့လည်း အသက် ၁၆ နှစ် မပြည့်သေးတဲ့ ကလေးသူငယ်တွေကို အပြစ်ပေးတဲ့အခါမှာ လိုက်နာရမဲ့ ပြဌာန်းချက်တွေ ရှိပါတယ်။ အဲဒါတွေက ဘာတွေလဲဆိုလို့ရှိရင် ကလေးသူငယ် မိဘတွေရဲ့ ခံဝန်ချက်သော်လည်းကောင်း၊ ကျေးရွာသူကြီတွေရဲ့ ခံဝန်ခံသော်လည်းကောင်း ခံဝန်ချက်ပေးတယ် ဆိုလို့ရှိရင် လွှတ်ထားရမှာ ဖြစ်တယ်။ နောက်ဆုံး အဲဒီလို ခံဝန်ချက် မပေးနိုင်တဲ့အခါမှာ သင့်တော်တဲ့ သင်တန်းကျောင်း တခုခုကို ပို့ပြီး ထားရမယ်ဆိုပြီးတော့ ပြဌာန်းထားတာ ရှိပါတယ်။ အဲဒီလိုမျိုး လိုက်နာ ဆောင်ရွက်ခြင်း မရှိခဲ့တာကိုလည်း ကျနော်တို့ တွေ့ရတယ်။”

ဒီလို ပြစ်ဒဏ်တွေ စီရင်မှုတွေ လုပ်ခဲ့ရာမှာတော့ တရားရုံးက ဥပဒေနဲ့မညီတဲ့ လုပ်ဆောင်ချက် ရှိခဲ့တာကိုလည်း အထောက်အထားနဲ့တကွ တွေ့ရသလို ပြစ်ဒဏ်ချမှတ် စီရင်ခဲ့ရတဲ့ မိန်းကလေးငယ် ၃ ဦး အနေနဲ့ အရွယ်မရောက် သေးသူတွေအဖြစ် ဥပဒေအရ ခံစားခွင့် ရှိတာတွေကိုလည်း တရားရုံးက လျစ်လျူရှုခဲ့ကြောင်း ဦးမင်းလွင်ဦးက ပြောပါတယ်။

ဒါဆိုလို့ရှိရင် ကုလသမဂ္ဂမှာ ကလေးသူငယ် အခွင့်အရေး အကာအကွယ်ပေးဖို့ ကတိပြုထားတဲ့ မြန်မာနိုင်ငံအနေနဲ့ ကိုယ်လက်ခံထားတဲ့ ဥပဒေတွေကို ကိုယ်တိုင်ချိုးဖေါက်တယ်လို့လည်း သူက ဆိုခဲ့တာပါ။

“အခု အဲဒီကလေးသူငယ် ၃ ဦးကို၊ တဦးက ရန်ကုန်အင်းစိန်ထောင်၊ မ/ကျဆောင် (၂) မှာ ထားတယ်လို့ ကျနော်တို့ သိရှိရတယ်။ ကျန်တဲ့နှစ်ဦးကတော့ ပဲခူးမှာရှိတဲ့ ပဲးခူးထောင်မှာ ထိန်းသိမ်းထားတာကို ကျနော်တို့ သိရှိရတယ်။ ဒါတွေက
ကလေးသူငယ် ဥပဒေပါ ပြဌာန်းချက်တွေကို လက်မှတ်ထိုးထားတဲ့ မြန်မာနိုင်ငံက မိမိပြဌာန်းထားတဲ့ ဥပဒေတွေကို မိမိကိုယ်တိုင် ကျူးလွန်ဖေါက်ဖျက်တယ် ဆိုတာကို ကျနော်တို့အနေနဲ့ အလေးအနက် ပြောချင်တယ်။”

“ဒါကြောင့်လည်း ဖမ်းဆီးထိန်းသိမ်းခြင်း ခံထားရတဲ့ မသူဇာခိုင်၊ မဧပြီထွန်း၊ မစန္ဒာဝင်းတို့ကို အမြန်ဆုံး ပြန်လည်လွှတ်ပေးဖို့ ကျနော်တို့ အာရှ လူ့အခွင့်အရေး ကော်မရှင်မှ ဒီကနေပြီးတော့ ယနေ့ အရေးပေါ် မမေတ္တာရပ်ခံစာ ထုတ်ပြန်ရခြင်း ဖြစ်ပါတယ်။”

ဟောင်ကောင်အခြေစိုက် အာရှ လူ့အခွင့်အရေးကော်မရှင် မှ မြန်မာဥပဒေပညာရှင် တဦးဖြစ်တဲ့ ဦးမင်းလွင်ဦး ဖြစ်ပါတယ်။ ကလေးငယ် ၃ ဦးကို အခုလို အပြစ်ဒဏ် စီရင်ထားတာနဲ့ ပတ်သက်လို့ ကုလသမဂ္ဂ အရေးပေါ် ရန်ပုံငွေအဖွဲ့ UNICEF အပါအ၀င် အခြား သက်ဆိုင်ရာ လူ့အခွင့်အရေး အဖွဲ့တွေကိုလည်း အသိပေး အကြောင်းကြားသွားဖို့ ရှိကြောင်း သူကပြောပါတယ်။

(အာရှ လူ့အခွင့်အရေး ကော်မရှင်မှ ပေးပို့သော အရေးပေါ်ပန်ကြားလွှာကို ဤ အင်တာနက် စာမျက်နှာတွင် ဖတ်ရှုနိုင်ပါတယ်။) http://www.ahrchk.net/ua/mainfile.php/2009/3281/

1 comments:

  1. I'm a student of International Relations at Padjadjaran University, Indonesia. I really interested with case of Aung San Suu Kyi in Myanmar, and how Asean Human Rights Commission role in that case. I really hope you can help me with give me information about that case. I found a lot of interesting posting here about human rights case, but unfortunately I don't understand Burmese. So I hope you can give me some information about it (red: case of Aung San Suu Kyi in Myanmar, and how Asean Human Rights Commission role in that case) in English.
    Thank you very much...

    ReplyDelete