Tuesday, October 20, 2009

Filled Under:

မြန်မာနိုင်ငံ၏ ညှဉ်းပန်းနှိပ်စက်မှုအကြောင်း သုံးသပ်ချက်

RFA ----- 19 October 2009

သောတရှင်များခင်ဗျား။ ဒီကနေ့မြန်မာနိုင်ငံမှာ စစ်အစိုးရ တာဝန်ရှိသူတွေကနေ နိုင်ငံရေး လှုပ်ရှားသူတွေ အပါအ၀င် နိုင်ငံသားတွေကို ဖမ်းဆီးနှိပ်စက်တဲ့ လုပ်ရပ်တွေကို သောတရှင်တွေ၊ မိမိတို့နေထိုင်ရာ မြို့ရွာတွေအတွင်းမှာ ကြားနေရတာ ဖြစ်သလို သတင်းဌာနတွေရဲ့ ထုတ်လွှင့်ချက် တွေကိုလည်း ကြားသိနေကြရမှာပါ။

အထူးသဖြင့် မြန်မာနိုင်ငံမှာ နိုင်ငံရေး လှုပ်ရှားသူတွေကို ဖမ်းဆီးပြီးနောက် စစ်ကြောရေးကို ဖြတ်ရတယ်။ နောက်မှ ထောင်ကျတယ် ဆိုတာ အစဉ်အလာ တခုလို ဖြစ်လာနေပါတယ်။ စစ်ကြောရေး ကာလကို ဖြတ်စဉ် စစ်ထောက်လှမ်းရေး၊ အထူးရဲတပ်ဖွဲ့နဲ့ ရဲတွေက ညှဉ်းပန်းနှိပ်စက်တဲ့ နည်းမျိုးစုံကို အသုံးပြုပြီး စစ်ဆေးမေးမြန်း ပါတယ်။ အဲဒီလို ညှဉ်းပန်းနှိပ်စက် မေးမြန်းတာဟာ အစဉ်အလာ တခုလို ဖြစ်လာနေပါတယ်။ ဒါကြောင့် ညှဉ်းပန်းနှိပ်စက် ခံရသူတွေလည်း နိုင်ငံရေးလုပ်လို့ အဖမ်းခံရရင် ညှဉ်းပန်းနှိပ်စက် ခံရမှာဘဲလို့ နားလည်ထားသလို၊ ညှဉ်းပန်းနှိပ်စက်မှုကို ကျူးလွန်ကျတဲ့ ထောက်လှမ်းရေးတွေ၊ ရဲတွေကလည်း ငါတို့က ညှဉ်းပန်းနှိပ်စက်ရှိသူလို့ သဘောထား ကြပါတယ်။ အဆိုးဆုံးကတော့ ဒီအစဉ်အလာဟာ မြန်မာ့ လူ့အဖွဲ့အစည်းအတွင်း ကျယ်ပြန့်လာတဲ့ ပြဿနာပါဘဲ။

အစိုးရကို ကိုယ်စားပြုတဲ့ ထောက်လှမ်းရေ၊ ရဲ၊ အထူးသတင်းရဲတပ်ဖွဲ့ဆိုရင် လူတွေကို ရိုက်နှက်ခွင့်၊ ညှဉ်းပန်းနှိပ်စက်ခွင့် ရှိနေတယ် ဆိုတဲ့သဘောမျိုး ဖြစ်လာနေပါတယ်။ ဒါဟာ ဥပဒေကို ချိုးဖေါက်တာ၊ တရားဥပဒေ စိုးမိုးရေးကို ဆန့်ကျင်နေတဲ့အမြင်ဟာ တပြည်းပြည်း ပျေက်ကွယ်လာနေပါတယ်။ စစ်ထောက်လှမ်းရေးဖြစ်စေ၊ ရဲဖြစ်စေ၊ အထူးသတင်းရဲတပ်ဖွဲ့ဖြစ်စေ လူတယောက်ကို ဖမ်းဆီး ညှဉ်းပန်းနှိပ်စက်ခွင့် လုံးဝမရှိပါဘူး။ အဲဒီလို ရိုက်နှက် ညှဉ်းပန်းတာဟာ ဥပဒေကို ချိုးဖေါက်တာ ဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာ အာဏာပိုင် အဖွဲ့အစည်းက ရိုက်နှက်ညှဉ်းပန်းခွင့် ရှိတာဆိုပြီး ခွင့်ပြုထားတဲ့ ဥပဒေဟာ စစ်အစိုးရကိုယ်တိုင် ရေးဆွဲထားတဲ့ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံစည်းမျဉ်း အသစ် အဟောင်း စတာတွေမှာလည်း မပါဝင်သလို တည်ဆဲမြန်မာနိုင်ငံ ဥပဒေမှာလည်း လုံးဝမရှိပါဘူး။

ဒါကြောင့် ဒီကနေ့ စစ်ထောက်လှမ်းရေး၊ ရဲ၊ ထောင်ဝန်ထမ်း၊ အထူးသတင်း ရဲတပ်ဖွဲ့ စတဲ့ အဖွဲ့အစည်းတွေက နိုင်ငံရေး လှုပ်ရှားတဲ့သူတွေ၊ အကျဉ်းသားတွေ၊ နိုင်ငံသားတွေကို ရိုက်နှက်ညှဉ်းပန်း နေတာဟာ တရားမ၀င်တဲ့ လုပ်ရပ်သာ ဖြစ်ကြောင်း အာရှ လူ့အခွင့်အရေး ကော်မရှင်မှ လူ့အခွင့်အရေးရှေ့နေ ဦးမင်းလွင်ဦးက ပြောဆိုပါတယ်။

“ကျနော်တို့ မြန်မာနိုင်ငံအတွင်းမှာ နိုင်ငံရေး လှုပ်ရှားသူတွေကို အစိုးရ တရားစွဲ အဖွဲ့အစည်းတွေဖြစ်တဲ့ ထောက်လှမ်းရေးတို့၊ ရဲတို့က နေပြီးတော့ ဖမ်းဆီးပြီး နှိပ်စက်နေတဲ့ဟာတွေက ဥပဒေပြဌာန်းချက်တွေမှာ မရှိဘူး။ လုံးဝ တရားဝင်ခြင်း မရှိဘူး။ ကျနော်တို့ ဥပဒေမှာ ပြဌာန်းထားတဲ့ ဥပဒေတွေမှာ ဖမ်းဆီးထားတဲ့ တရားခံတွေကို ရိုက်နှက်စစ်ဆေး မေးမြန်းနိုင်တယ်ဆိုတဲ့ ပြဌာန်းချက် တစုံတရာမှ မရှိပါဘူး။ ဒါပေမဲ့ ကျနော်တို့ မြန်မာနိုင်ငံအတွင်းမှာ ရဲရယ်၊ ထောက်လှမ်းရေး တွေက ဒီလိုမျိုး ရိုက်နှက်ညှဉ်းပန်းပြီးတော့ သတင်းအချက်အလက်တွေ ရယူနေတဲ့ ကိစ္စက ကျနော်တို့ တရားဝင်သလိုမျိုး ကာလရှည်ကြာစွာ သုံးစွဲလာတာကို ကျနော်တို့ တွေ့ရတယ်။ ဒါတွေက အစိုးရကိုယ်တိုင် ကျူးလွန်ဖေါက်ဖျက်နေတဲ့ ရာဇ၀တ်မှုလို့ ကျနော်တို့ ပြောချင်ပါတယ်။”

မြန်မာနိုင်ငံမှာ နိုင်ငံရေး အကျဉ်းသား ကိုသက်ဝင်းအောင်၊ ကိုလှမျိုးနောင်၊ ကိုမျိုးရန်နောင်သိန်း၊ နောက်ဆိပ်ကမ်းအမတ် ဦးမောင်ကို၊ အခုနောက်ဆုံး အဖမ်းခံရတဲ့ ကိုညီညီအောင်အထိ ဖမ်းဆီးခံထားရတဲ့ သူတွေဟာ ခန္ဒာကိုယ် ချိနဲ့ချို့ယွင်းတဲ့အထိ ညှဉ်းပန်းနှိပ်စက်ခံရပြီး ဦးမောင်ကို ၊ ကိုသက်ဝင်းအောင် စတဲ့သူတွေဟာ ထောင်တွင်းမှာ အသက်ဆုံးရှုံးခဲ့ရပါတယ်။ ဒီကနေ့ မြန်မာနိုင်ငံမှာ ကျူးလွန်နေတဲ့ Torture ခေါ် ညှဉ်းပန်းနှိပ်စက်မှုဟာ State နိုင်ငံတော် အစိုးရကိုယ်တိုင် ကျူးလွန်တဲ့အမှု ဖြစ်ပါတယ်။ နိုင်ငံတော်တော်များများမှာ အစိုးရနဲ့ အစိုးရကို ကိုယ်စားပြုသူတွေ ညှဉ်းပန်းနှိပ်စက်မှုကို ကျူးလွန်စေတဲ့ အခြေအနေ (၇) ရပ်ကို လေ့လာတွေ့ရှိရကြောင်း လူ့အခွင့်အရေးရှေ့နေ ဦးမင်းလွင်ဦးက ပြောဆိုပါတယ်။

ညှဉ်းပန်းနှိပ်စက်မှုနဲ့ ပတ်သက်ရင် ကျနော်တို့ အကြမ်းပျဉ်း (၇) ချက် ပြောနိုင်တယ်။ ဒါဟာ နိုင်ငံတော်တော်များများမှာ ဒီ (၇) ချက်ကို ကျူးလွန် ဖေါက်ဖျက်နေတာ ဖြစ်တယ်။ ပထမ (၁) အချက်ကတော့ ညှဉ်းပန်းနှိပ်စက်မှုဟာ တရားဝင် ခွင့်ပြုထားတဲ့ အချက်တချက်လိုမျိုး ရဲနဲ့ ထောက်လှမ်းရေးတွေက အသိအမှတ်ပြု ကျင့်သုံးနေတာ တချက် ဖြစ်တယ်။

နောက် ဒုတိယတချက်က လာဘ်စားမှု၊ ချစားမှုတွေ ဖြစ်တယ်။ ရဲစခန်းမှာ ရဲကနေပြီးတော့ လာဘ်စားပြီးတော့မှ တရားခံတွေကို နှိပ်စက်ညှဉ်းပန်း နေတာလည်း ဖြစ်နိုင်တယ်။

နောက်တတိယ အချက်က အဲဒီလို နှိပ်စက် ညှဉ်းပန်းတဲ့သူတွေကို အပြစ်ပေးး အရေးယူနိုင်တဲ့ အဆောက်အအုံ မရှိသေးဘူး။ ဥပဒေပြဌာန်းချက် တိတိကျကျ မပြဌာန်းသေးဘူး။ အဲဒါတချက် တွေ့ရတယ်။

နောက်ပြီး နံပါတ် ၄ အချက်အနေနဲ့ ပြောရမယ် ဆိုလို့ရှိရင် အမြင့်ဆုံး အာဏာပိုင် အဖွဲ့အစည်းကနေ ဖိအားပေးလာတဲ့ အခါမှာ နှိပ်စက်ညှဉ်းပန်းမှုတွေကို ကျူးလွန်တာကို ကျနော်တို့ တွေ့ရတယ်။

နောက်သတင်း အချက်အလက်တွေ ရနိုင်ဖို့အတွက်က နှိပ်စက်ညှဉ်းပန်းနေတာကို ကျနော်တို့ တွေ့ရတယ်။ နောက်ပြီးတော့ ရရှိလာတဲ့ သတင်းအချက်အလက်တွေကို ထုတ်နှုတ် အသုံးပြုနိုင်ဖို့အတွက် နှိပ်စက်ညှဉ်းပန်းမှု ပြုတယ်ဆိုတာကို ကျနော်တို့ သိရတယ်။

နောက်ဆုံးအချက်က စစ်ရေးဆိုင်ရာ အကျိုးစီးပွားအတွက် နှိပ်စက်ညှဉ်းပန်းမှု ပြုတယ်ဆိုတာကို ကျနော်တို့ တွေ့ရှိရတယ်။

ညှဉ်းပန်းနှိပ်စက်ခွင့်ဟာ နိုင်ငံတော် အစိုးရမှာလည်း မရှိသလို ဘယ်အာဏာပိုင် အဖွဲ့အစည်း၊ ဘယ်တဦးတယောက်မှာမှ မရှိကြောင်းနဲ့ မြန်မာ့လူ့အဖွဲ့အစည်း အတွင်း တရားဝင် အစဉ်အလာသဘော ဖြစ်လာနေတဲ့ ညှဉ်းပန်းနှိပ်စက်မှုကို အဆုံးသတ်စေဖို့ ၀ိုင်းဝန်း ဆန့်ကျင်သွားဖို့ လိုကြောင်း လူ့အခွင့်အရေး ရှေ့နေ ဦးမင်းလွင်ဦးက ပြောဆိုခဲ့ပါတယ် ခင်ဗျား။

0 comments:

Post a Comment