Monday, October 19, 2009

Filled Under:

ရဲစခန်း အထွေထွေဗဟုသုတ (ကဲယုံချင်ယုံ၊ မယုံချင်နေ အပိုင်း--၃)

မင်းလွင်ဦး
အောက်တိုဘာလ ၁၉ ရက်၊ ၂၀၀၀ ခုနှစ်

ရဲစခန်းက ရဲတွေနဲ့ ဥပဒေ အရာရှိတွေကို အမှုတင်ဖို့ ငွေပေးဖို့ လိုကြောင်း ယခင် အပိုင်းမှာ ရှင်းပြပြီး ပါပြီ။ ဒီအပတ် မှာတော့ တရားရုံးကို ရောက်လာ တဲ့အခါ ဘယ်လို ထပ်မံ ကုန်ကျရ အုံးမယ် ဆိုတာကို ပြောပြမှာပါ။

ရဲစခန်းက အမှုကို တရားရုံးမှာစစ်ဆေးဖို့ တင်ပို့တဲ့အခါ ဥပဒေကို တတ်ကျွမ်း နားလည်တဲ့ ရှေ့နေတွေအတွက် စိုးရိမ်စရာ မရှိပေမဲ့၊ ရဲစခန်းနဲ့ပေါင်းပြီး လုပ်စားနေရတဲ့ အပိုင်စားရှေ့နေ၊ မြို့နယ် တရားသူကြီးနဲ့ပေါင်းပြီး ရိုက်စားနေတဲ့ ရှေ့နေတွေ အတွက်တော့ ဒီအဆင့်မှာ တော်တော် အရေးကြီးပါတယ်။ ဘာကြောင့်လဲဆိုတော့ မြို့နယ်တရားသူကြီးက နေ့စဉ်တင်လာတဲ့ အမှုတွေအနက် ဘယ်အမှုကိုတော့ ဒီနေ့တာဝန်ယူရမဲ့ ဘယ်တရား သူကြီးက စစ်ဆေးစီရင်စေ၊ ထောင်ဒဏ် ၃ နှစ်အောင် အမှုတွေကို ဘယ်တရားသူကြီးက စစ်ဆေးစီရင်စေ၊ ထောင်ဒဏ်မချပဲ ဒဏ်ငွေတပ်ရိုက်မဲ့ ကိစ္စကတော့ဖြင့် လုပ်သက် ၇ နှစ်အောက်ရှိတဲ့ ဘယ်တရားသူကြီးက စစ် ဆေးစီရင်စေ စသဖြင့် ခွဲဝေပေးရတယ်။

ဒီအခါ အစောက အပိုင်စား ရှေ့နေတွေအနေနဲ့ မိမိနဲ့ အဆင်ပြေတဲ့၊ လက်ဝါးရိုက်ထားတဲ့ တရားသူကြီး လက်ထဲကို ကိုယ့်အမှုရောက်ဖို့ အရေးကြီးတယ်။ ကိုယ်နဲ့ အဆင်မပြေတဲ့ တရားသူကြီးလက်ထဲ ရောက်သွားရင် အမှုစစ်ဆေးတဲ့အခါမှာ၊ သက်သေခံတွေ တင်သွင်းတဲ့အခါမှာ ပြဿနာ ဖြစ်သွားနိုင်တယ်လေ။ ကိုယ်ကိုယ်တိုင်ကလဲ ဥပဒေကို တတ်ကျွမ်းလို့ အသက်မွေးဝမ်းကျောင်း ပြုနေတာ မဟုတ်ပဲ ဝေစားမျှစားနဲ့ အသက်ဆက်နေရတဲ့ သူဆိုရင် ဒီအဆင့်က အဲဒီလို ရှေ့နေတွေအတွက် အလွန်အရေးပါတယ်၊ ကိုယ့်ကို ဖေးမပေးမဲ့ တရားသူကြီးမရှိရင် အမှုသည်ကို ပြောထားတဲ့အတိုင်း၊ ကတိပေးထားတဲ့အတိုင်း ဖြစ်ချင်မှ ဖြစ်မယ်လေ။ တခါတလေမှာ အမှုသည်ကို စစ်ဆေးစီရင်နေတဲ့ တရားသူကြီးက ဘယ်အကျိုးဆောင် ကိုငှားပါလို့ တိုက်ရိုက်ညွှန်ပြတာလဲ ရှိတယ်။ စေတနာနဲ့ ကူညီတယ်လို့ မထင်နဲ့ သူနဲ့လက်ဝါးရိုက်ထားတဲ့ ရှေ့နေကို ငှားရင်သူက ကော်မရှင်ရမယ်။ ဒီနေရာမှာ ကော်မရှင်က ၄၀% ကနေ ၆၀% အထိရှိတတ်ပါတယ်။ အမှုတန်ဖိုးလို့ခေါ်တဲ့ အမှုအသေးအကြီးပေါ်မှာ မူတည်ပြီး တရားသူကြီးနဲ့ အပိုင်စားရှေ့နေတို့က ခွဲဝေယူကြတာပါ။

တရားသူကြီးကို အိတ်ထဲထည့်ထားနိုင်ပြီမို့ ဘာလိုသေးလဲ။ ဘာမှ ဂရုစိုက်စရာမလိုတော့ဘူးလို့ တထစ်ချ မမှတ်ယူလိုက်ပါနဲ့အုံး။ ပေးရမဲ့ လူနဲ့ငွေက မကုန်သေးပါဘူး။ နေရာတိုင်း နေရာတိုင်းမှာ လူတိုင်းလူတိုင်းက တခုမဟုတ်တခု တနည်းမဟုတ်တနည်း အရေးပါ နေကြတာပါ။ မိမိအမှုကို စစ်ဆေးတဲ့အခါ လုံလောက်တဲ့ အချိန်လိုတယ်။ ဒါမှလဲ မိမိဖက်က တင်ပြလိုတဲ့ကိစ္စတွေကို စုံလင်အောင် တင်ပြနိုင်မှာဖြစ်တယ်။ တော်ကြာရုံးချိန် ကုန်ခါနီးမှ အမှုကို စစ်ဖို့ခေါ်ရင် လုံလောက်တဲ့ အချိန်လဲ မရတဲ့အတွက် နောက်ရုံးချိန်းကို ထပ်လာရမယ်။ အစစ်ခံမဲ့ သက်သေကိုလဲ ခရီးစရိပ်၊ နေ့တွက်စရိပ် ထပ်ပေးရမယ်။ သမ္မာန်စာ ဆင့်တဲ့သူကိုလဲ သမ္မာန်စာ အတည်ဖြစ်ဖို့အတွက် ခြေကြွခထပ်ပေးရမယ်။ လိုက်ပါဆောင်ရွက်တဲ့ ရှေ့နေမင်းရုံးကို အချိန်မီလာဖို့ ကားငှားခ တွေထပ်ကုန်မယ်။ ကိုယ့်အမှုကို စစ်ဆေးဖို့ ခေါ်ယူမဲ့ အချိန်မရောက်မီ၊ အကျိုးဆောင်နဲ့ သက်သေတွေ ကြည်ကြည်သာသာ ဖြစ်နေစေဖို့ အစစအရာရာ ကိုယ်တိုင်တာဝန် ထားရတယ်မဟုတ်လား။

အထက်မှာဖေါ်ပြခဲ့တဲ့ သက်သေအတွက် ခရီးစရိပ်၊ နေ့တွက်စရိပ်နဲ့ သမ္မာန်စာဆင့်ဖို့ ကိစ္စတွေ အတွက် တရားရုံးများ လက်စွဲမှာ ဖေါ်ပြထားတာက ပြစ်မှုဆိုင်ရာ အမှုများအတွက် တရားရုံးက နိုင်ငံတော်စရိပ်နဲ့ ကုန်ကျခံရမှာပါ။ ဒါပေမဲ့ အစိုးရက ခွင့်ပြုထားတဲ့ငွေကို တရားရုံးက ထုတ်ပေးတယ်လို့ ကျနော်တို့ မကြားဖူးပါဘူး။ ဘယ်သက်သေမှလဲ တရားရုံးမှာ သက်သေအတွက် ထိုက်သင့်တဲ့ ခရီးစရိပ်နေ့ တွက်စရိပ်တွေကို မတောင်းပါဘူး။

တရားရုံးက ထုတ်ပေးမဲ့ စရိပ်ထက် သူတို့ကို ပြန်ပေးရမဲ့ငွေက ပိုများနေလို့ ဘယ်သက်သေမှလဲ စိတ်မ၀င်စားဘူး၊ သို့သော် အဆိုပါ ငွေတွေကို စိတ်ဝင်စားသူတွေကတော့ ဘီးလစ်စာရေးလို့ ခေါ်တဲ့ တရားရုံးငွေထိန်း စာရေးကြီးက သိပ်စိတ်ဝင်စားပါတယ်။ အမှုတမှုချင်းအလိုက် ပေးရမဲ့ငွေက ဘာမှမများပေမဲ့ တလစာ၊ သို့မဟုတ် တနှစ်စာ အတွင်းစစ်ဆေးစီရင်ခဲ့တဲ့ အမှုတွေ၊ သက်သေတွေရဲ့ ခရီးစားရိပ်၊ နေ့တွက်စားရိပ် တွေကိုပေါင်းလိုက်ရင် နည်းတဲ့ငွေတွေလား။ အဲဒီငွေတွေကို ဘီးလစ်က ဦးစီးပြီး မြို့နယ်တရားသူကြီးရဲ့ ခွင့်ပြုချက်နဲ့ နိုင်ငံတော်ဘဏ္ဍာကို ထုတ်ယူနေတာပါ။ မြို့နယ်တရားရုံးတရုံး နေ့စဉ် ပုံမှန်လည်ပတ်ဖို့အတွက် အဓိက တာဝန်ယူ ဆောင်ရွက်နေတာက တရားခွင်စာရေးနဲ့ ဘီးလစ်စာရေးလို့ ခေါ်တဲ့ ငွေထိန်းစာရေးကြီးပါ။ မြို့နယ်တရားသူကြီး မဟုတ်ပါဘူး။ တခါတခါ စာရေးတွေ သင်ပေးတဲ့အတိုင်း မလုပ်လို့ ပညာပြခံရတဲ့ တရားသူကြီးတွေလည်း ပါရှိတယ်။

တရားသူကြီးပေါက်စ ဆိုရင်တော့ ရှေ့ပတ်စာရေးလို့ခေါ်တဲ့ တရားခွင်စာရေးနဲ့ ဘီလစ်စာရေးကြီးတို့ထံမှာ ဦးစွာ ပညာသင်ကြား ရပါတယ်။ တရားသူကြီးပေါက်စ ဆိုတော့ အမှုကြီးတွေကို မစစ်ရ။ ဒဏ်ငွေလောက်သာ တပ်ရိုက်နိုင်တဲ့ မော်တော်ယာဉ်မှု၊ ဧည့်စာရင်းမှု၊ လမ်းဘေးဈေးသည်မှု စတာတွေလောက်ကိုပဲ စစ်နေရတာလေ။ ဘယ်ဝင်ငွေ မှန်ပါ့မလဲ။ အဲဒီတော့ အစောက စာရေးကြီးတွေ သင်ပေးတဲ့အတိုင်းလုပ်မှ နေ့စဉ် ၀င်ငွေမှန်မှာလေ။ ကိုယ်က အမှန်အတိုင်း လျှောက်လုပ်နေရင် အိမ်မှာရှိတဲ့ မိန်းမနဲ့ ကလေးတွေ ဘာနဲ့စားကြမလဲ။ ဒီတော့လဲ အများမိုးခါးရေသောက်သလို.. ကိုယ်ကလဲ လိုက်သောက်လိုက်ရတာပဲ။

၁၉၈၈ မတိုင်မှီက မြို့နယ်တရားရုံးတွေကို အမှီပြုပြီး အသက်မွေးနေတဲ့ ဆိုက္ကားနင်းတဲ့ သူတွေဆို အတော်အသင့် ကောင်းတဲ့ တိုက်ပုံအင်္ကျီ တထည်၊ ပုဆိုးတထည်နဲ့ မှတ်ပုံတင်ကို ပလပ်စတိတ်အိပ်နဲ့ထည့်ပြီး ထိုင်ခုံအောက်မှာ အမြဲဆောင်ထားကြတယ်။ ဒါက အပိုဝင်ငွေအတွက်ပါ တရားရုံးမှာ မိဘသဘောမတူလို့ လက်ထပ်ဖို့ လာတဲ့သူတွေ၊ အာမခံ ပေးရမဲ့အမှုတွေမှာ အာမခံပေးမဲ့ လူအဆင်သင့် မရှိရင် အာမခံပေးဖို့ လက်မှတ်ထိုးတဲ့အခါ ၀တ်ဖို့ပါ။

၁၉၈၈ မတိုင်မှီကတော့ မင်္ဂလာဆောင် သက်သေဆို ၅၀ ကျပ် အနည်းဆုံး၊ အာမခံအတွက်ဆို ကျပ် ၃၀၀ ကနေ အထက်ပေါ့၊ ခုချိန်မှာတော့ အဆ ၅၀၀ လောက်နဲ့ မြှောက်ရမှာပေါ့။ ကုန်ဈေးနှုန်းကလဲ ကြီးလာပြီမဟုတ်လား။ ကိုယ်လိုက်ပါ လက်မှတ်ထိုးတားတဲ့ ကိစ္စက အမှုအခင်း ဖြစ်လာတဲ့အခါမှာလဲ ထပ်ပေးရသေးတာပဲ။ ဒါကြောင့် သိတာမသိတာ အသာထား၊ လတ်တလော ၀မ်းရေးအတွက် ဖြေရှင်း လိုက်ရတာပဲ။ နောက်ပိုင်း အမှုအခင်း ဖြစ်လာတဲ့ အခါကျတော့လဲ တခါတလေ ပေးထားတဲ့ လိပ်စာက ပြောင်းသွားလို့ သမ္မာန်စာ အတည်မဖြစ်ဘူးလို့ သမ္မာန်စာ ချတဲ့သူက တရားရုံးကို ပြန်အစီရင်ခံလိုက်ရင်လဲ ပြီးသွားတာပဲလေ။ ခက်တာ မှတ်လို့ တရားရုံး တရားသူကြီးကလဲ ဘယ်သူက ဘယ်အမှုမှာ သက်သေအဖြစ် လက်မှတ် ထိုးထားတယ်ဆိုတာ မှတ်ထားတာ မှမဟုတ်ပဲ။

တရားခွင် စာရေးဆိုပြီး မခန့်လေးစားတော့ မဆက်ဆံနဲ့ မှားသွားလိမ့်မယ်။ သူကလဲ သူ့ဂွင်မှာသူဘုရင် ပဲ ပညာပြလို့ရတဲ့ကိစ္စတွေက များတယ်။ တရားရုံးက အမှုစစ်ဖို့ချိန်းထားတဲ့အချိန်မှာ လိုက်ပါဆောင်ရွက်မဲ့ ရှေ့နေက အခြားတရားရုံးမှာလဲ အမှုစစ်ဆေးဖို့ ချိန်းဆိုထားတယ် ဆိုပါစို့။ အဲဒီအခါမှာ ရှေ့ပတ်စာရေးဆိုတဲ့ ကိုယ်တော်လေးကို ဘယ်အချိန်လောက်မှ အမှုကို စစ်ဖို့ခေါ်ပါ တခြားမှာ အမှုစစ်စရာ ရှိနေလို့ဆိုပြီး ငွေသာမစ လိုက် အဲဒီရှေ့နေလာနိုင်မဲ့ အချိန်ရောက်မှ အဲဒီအမှုကို စစ်ဖို့ ခေါ်ပါလိမ့်မယ်။ တဖက်က ရှေ့နေနဲ့ အမှုသည်တွေ ကတော့ ရုံးချိန် အမှီလာ အမှုခေါ်တဲ့အထိ စောင့်ပေတော့ အဲဒီကာလအတွင်း ကုန်ကျမဲ့စရိပ်ကို သက်ဆိုင်တဲ့ အမှုသည်က အကုန်ခံပေတော့။

တခါတရံ ပြစ်မှုဆိုင်ရာ အမှုတွေမှာ တရားလိုအဖြစ် ဆောင်ရွက်တဲ့ နိုင်ငံတော်က ဆောင်ရွက်တဲ့ အမှုတွေ သက်သေ လာရောက်ထွက်ဆိုမဲ့ သူကို တရားခံဖက်က ခရီးစရိပ်ပေးပြီးခေါ်ရတာမျိုးလဲရှိပါတယ်။ အံ့သြသွားလား ကိုယ့်ကိုထောင်ချမဲ့ သက်သေကို ကိုယ်က ငွေကုန်ခံ ခေါ်ရတယ်လို့ မြန်မာနိုင်ငံရဲ့တရားစီရင်ရေး စံနစ်ပဲ မကြားဖူးတာ အကုန်ဖြစ်တယ်။ ဥပမာ-မူးယစ်ဆေးဝါးနဲ့ စိတ်ကိုပြောင်းလဲ စေတတ်သော ဆေးဝါးများ ဥပဒေတွေအရ အရေးယူခံရတဲ့ အမှုတွေမှာ ဓါတုဗေဒ အစီရင်ခံစာ၊ မူးယစ်ဆေးဝါး သုံးစွဲထားကြောင်း ရှိ၊မရှိ သက်သေထွက်ချက်ပေးမဲ့ ဆရာဝန်တွေရဲ့သက်သေထွက်ချက်က အမှုကို စစ်ဆေးစီရင်တဲ့အခါ လွန်စွာမှပင် အဓိကကျတယ်။ အဲဒီလို သက်သေမျိုးကိုတော့ ငွေကြေးတတ်နိုင်တဲ့ တရားခံတွေဖက်က အကုန်အကျခံပြီး အမှုမှာ လာရောက်သက် သေခံထွက်ဆိုဖို့ ပင့်ဖိတ်ရတယ်။ ထိုက်သင့်တဲ့ ပေးကမ်းမှုမျိုး လုပ်ရတယ်။ အဲဒါမှ သမားတော်များက သူတို့ရဲ့စစ် ဆေးတွေ့ရှိချက်ကို ရုံးမှာ လာရောက် ထွက်ဆိုမှာဖြစ်တယ်။ သူတို့ရဲ့ထွက်ချက်မပါဘဲနဲ့ အမှုကို စီရင်ချက်ချလို့ မရဘူးလေ။ ကျွမ်းကျင်သူတွေရဲ့ ထွက်ချက်က အဲဒီနေရာမှာ အရေးကြီးတယ်။ ဒါကြောင့်လဲ တရားခံဖက်က ငွေကုန် ခံရပါတယ်။

ယခု တင်ပြခဲ့တာတွေက တရားရုံးရှေ့အမှုရောက်ရင် ကုန်ကျခံရမဲ့ ငွေကြေးခန့်မှန်းကို အကြမ်းဖျင်းပြော ပြတာပါ။ အမှုစစ်တဲ့ အဆင့်မရောက်သေးပါဘူး။ နောက်အပတ်မှာ တရားရုံးမှာ ကုန်ရမဲ့ ငွေတွေကိစ္စ ထပ်ပြောပါ အုံးမည်။

0 comments:

Post a Comment