Friday, October 16, 2009

Filled Under:

ကိုညီညီအောင် ဖမ်းဆီးထားခြင်းအပေါ် ဦးဥာဏ်ဝင်းနှင့် ဦးမင်းလွင်ဦးတို့၏ ဖြေကြားချက်

RFA ---- 15/ 10/ 2009
မြန်မာနွယ်ဖွား အမေရိကန်နိုင်ငံသား ကိုကျော်ဇောလွင် ခေါ် ကိုညီညီအောင်ကို စက်တင်ဘာ ၃ ရက်နေ့က ရန်ကုန်လေဆိပ်မှာ ဖမ်းဆီးလိုက်တာဟာ ဆူပူအောင် လုပ်တဲ့အမှု၊ ဗုံးခွဲရန် ကြံစီမှု စတဲ့ စွပ်စွဲချက်တွေနဲ့ ဖမ်းဆီးလိုက်တာပါ။ ဒါပေမဲ့ မနေ့က ရုံးထုတ်တဲ့ အချိန်မှာတော့ နဂိုစွပ်စွဲတဲ့အတိုင်း မဟုတ်တော့ဘဲ ပုဒ်မတွေပြောင်းပြီး ရုံးတင်လာတာကို တွေ့ရပါတယ်။ ဒီကိစ္စနဲ့ ပတ်သက်ပြီး ကိုညီညီအောင် ရဲ့ ရှေ့နေ ဦးဥာဏ်ဝင်းကို မေးကြည့်ပါတယ်။

မေး ----- စွပ်စွဲချက်မှာပါတဲ့ တရားရုံးမှာ တင်တဲ့ စွပ်စွဲချက်တွေက မတူဘူး ဖြစ်နေတယ် ခင်ဗျား။

ဦးဥာဏ်ဝင်း ----- ဟုတ်ပါတယ်။ သတင်းစာကတော့ သတင်းအနေနဲ့ဘဲ သဘောထား ရမှာပေါ့လေ။ အခုတရားစွဲတာက သတင်းစာမှာ ပါတဲ့ကိစ္စပေါ့၊ အဲဒီလိုဘဲ ခွဲမြင်ရမှာပါ။

မေး ------ လတ်တလော သူ့ကို ဘာပုဒ်မတွေနဲ့ စွဲထားတာ မသိဘူးလား ခင်ဗျား။

ဦးဥာဏ်ဝင်း ------ ပုဒ်မ ၄၂၀ လိမ်လည်မှု၊ ၄၆၈ စာတမ်း အမှတ်သားအတုအသုံးပြုမှုပေါ့။

မေး ------ အဲဒါတွေက ဘယ်တုန်းက ဘယ်တုန်းကကိစ္စ တွေလဲ ခင်ဗျား။

ဦးဥာဏ်ဝင်း ------ အဲတာကို ကိုညီညီအောင် ကိုယ်တိုင် မသိဘူး။ သူပြောတာက အဲဒီမှတ်ပုံတင် သူတခါမှ မလုပ်ဖူးဘူး။ သုံးလဲမသုံးဖူးဘူး။ ဘယ်ကနေရပြီးတော့ သူ့ကိုစွဲတယ်ဆိုတာ သူမသိဘူးတဲ့။

မေး ----- ဆရာတို့အနေနဲ့ ပြန်လည် ချေပဖို့အတွက် ဒီကိစ္စကို ဘယ်လိုများ စီစဉ်ထားပါသလဲ ခင်ဗျား။

ဦးဥာဏ်ဝင်း ------ အခုက လောလောဆယ်မှာ အဲဒီလို စွပ်စွဲတယ်။ ဒီစွပ်စွဲချက်ကို Prove လုပ်ရမှာပေါ့နော်။ သူတို့ Prove လုပ်ဖို့ သက်သေတွေ တင်ရမှာပေါ့။ အဲဒီသက်သေတွေ တင်တော့မှ သက်သေက ဘာပြောသလဲ၊ ကျနော်တို့က ခုခံရေးကို အဲဒီကနေသွားမယ်။ အဲဒီတော့ သူတို့ မပြောသေးတဲ့အတွက် ကျနော်တို့ အနေနဲ့ ပြန်ပြီးတော့ လောလောဆယ် ပြောဖို့မရှိသေးဘူး။

မေး ----- သူ့ကို ဖမ်းလိုက်တဲ့ အချိန်မှာ လေဆိပ်မှာဘဲ အဖမ်းခံရတယ်ပေါ့လေ။ ဒီပြစ်မှုတွေ ကျူးလွန်ခဲ့တယ်ဆိုတာ အတိုင်းအတာနဲ့ ပြောထားတာ ရှိပါသလား ခင်ဗျား။

ဦးဥာဏ်ဝင်း ------ ဟုတ်ကဲ့၊ ကျနော်တို့ အဲလောက်အထိ အသေးစိတ် မသိရသေးဘူး။ အချိန်အတိုင်းအတာနဲ့ ဘယ်အချိန်မှာ သုံးတာလဲ၊ ဘယ်လောက်သုံးတာလဲ၊ ဒါတွေကအစပေါ့လေ။ ဒါတွေက တရားလိုဘက်က စွပ်စွဲလာမယ်။ စွပ်စွဲလာတဲ့အပေါ်မှာ မူတည်ပြီးတော့မှ ကျနော်တို့က ခုခံရမှာ။ သူတို့စွပ်စွဲလာတဲ့ အသေးစိတ်ကို ကျနော်တို့ မသိရသေးဘူး။ ဒီဟာတွေကို သုံးတာက ဘယ်နေရာမှာ သုံးတာလဲ၊ ဘယ်နှခုနှစ်က သုံးတာလဲ၊ အမှန်တကယ် ကိုညီညီအောင် သုံးတာလား။ တခြားသူတွေကနေရတာလား။ ပြဿနာက အများကြီးဘဲ။ အဲတာတွေကို ကျနော်တို့က စောင့်ကြည့်နေရတယ်။

ကိုညီညီအောင် အမှုနဲ့ ပတ်သက်ပြီး သတင်းစာမှာ ဖေါ်ပြသွားရာမှာ ဆူပူအောင် လှုံ့ဆော်တဲ့ကိစ္စ၊ ဗုံးဖေါက်ဖို့ စီစဉ်တဲ့ကိစ္စတွေနဲ့ ပတ်သက်ပြီး ကိုယ်တိုင် ၀န်ခံခဲ့တယ်လို့လည်း ရေးသားထာ့းပါတယ်။ ဒါ့အပြင် စက်တင်ဘာ ၃ ရက်နေ့က ဖမ်းခဲ့ပြီး ဆက်လက် ချုပ်ထားနိုင်ဖို့အတွက် နှစ်ပတ်တကြိမ် ရမန်ယူရာမှာလည်း နဂိုက စွပ်စွဲထားတဲ့ စွပ်စွဲချက်တွေနဲ့ဘဲ တရားရုံးမှာ ရမန်ယူခဲ့တာ ဖြစ်တယ်လို့ ဆိုပါတယ်။ ဒီကိစ္စဟာ တရားမျှတမှု မရှိဘူးလို့ အာရှ လူ့အခွင့်အရေး ကော်မရှင်မှ ဦးမင်းလွင်ဦးက ပြောဆိုပါတယ်။

ဦးမင်းလွင်ဦး ----- ကိုညီညီအောင်ကို ဆက်လက်ချုပ်ထား နိုင်ဖို့အတွက် တရားရုံးရဲ့ ခွင့်ပြုချက် သူတို့လိုလာတဲ့အခါမှာ မတရား အသင်းနဲ့ ဆက်သွယ်မှုတွေ အဲတာတွေကို ပြပြီးတော့ ရက်ချိန်းတွေ ထပ်ခါထပ်ခါ တောင်းနေတယ်ဆိုတာ ဥပဒေနဲ့ မညီဘူးလို့ ကျနော်တို့က ပြောချင်ပါတယ်။

မေး ---- နောက်တခုက ကိုညီညီအောင်နဲ့ ပတ်သက်ဆက်နွယ်ပြီးတော့ ဖမ်းဆီးထားတဲ့ လူတော်တော်များများ ရှိတယ် ဆိုပြီးတော့ သတင်းတွေ ထွက်နေတယ်လေ။ ဆိုတော့ အဲဒီလူတွေကို အခုဆိုလို့ရှိရင် ကိုညီညီအောင်ကို တင်လိုက်တဲ့ ပုဒ်မအရ ကြည့်လို့ရှိရင် ဘယ်လိုဆက်လုပ်မယ်လို့ ထင်ပါသလဲ။

ဦးမင်းလွင်ဦး ------ ဟုတ်ကဲ့ခင်ဗျား။ ကိုညီညီအောင် မြန်မာနိုင်ငံကို ၀င်ရောက်လာတဲ့ နောက်ပိုင်းမှာ အဲတာနဲ့ ပတ်သက်ပြီးတော့ တဆက်ထဲမှာဘဲ ရခိုင်ပြည်နယ် အတွင်းမှာရှိတဲ့ လူငယ်တော်တော်များများ အဖမ်းခံရတယ် ဆိုတာကို ကျနော်တို့ သိရှိရတယ်။ ကိုညီညီအောင်နဲ့ ဆက်သွယ်ပြီး လုပ်ကိုင်နေတဲ့ အထောက်အထားတွေကို အာဏာပိုင်တွေဘက်ကနေပြီး ထင်ထင်ရှားရှား မပြနိုင်ဘူးဆိုတာကို သိရတယ်။ အဲဒီလိုမျိုး ဖမ်းထားတဲ့ ကိစ္စမှာ ကိုညီညီအောင် ကနေပြီးတော့ ငွေကြေးထောက်ပံ့တာ ဖြစ်စေ၊ ဆက်သွယ် စည်းရုံးလို့ဖြစ်စေ လုပ်ဆောင်ခဲ့တဲ့ ကိစ္စရပ်တွေကို သူတို့အနေနဲ့ ထင်ထင်ရှားရှား မပြနိုင်တဲ့အတွက် ဖမ်းဆီးထားတဲ့ သူတွေကို အမြန်ဆုံး ပြန်လွှတ်ပေးဖို့ လိုတ်ာဆိုတာကိုဘဲ ကျနော်တို့ ပြောချင်ပါတယ်။

ဒါကတော့ အာရှလူ့အခွင့်အရေး ကော်မရှင်မှ ရှေ့နေ ဦးမင်းလွင်ဦး ပြောပြသွားတာပါ။

0 comments:

Post a Comment