Wednesday, November 04, 2009

Filled Under:

တာဝန်ဝတ္တရား နှောင့်ယှက်မှုနဲ့ အပြစ်ပေးခြင်းမှာ မှားယွင်းကြောင်း AHRC ပြောကြား

VOA ---- 4/ 11/ 2009

မြန်မာနိုင်ငံမှာ အတိုက်အခံ နိုင်ငံရေးအကျဉ်းသားတွေ အပါအ၀င် သာမန် ပြည်သူတွေ အပေါ် အစိုးရ အာဏာပိုင်တွေက ဖမ်းဆီးတာကို အဆုံးသတ်ဖို့ နိုင်ငံတကာ လူ့အခွင့်အရေး အဖွဲ့တွေက တောင်းဆို နေပေမဲ့လည်း အာဏာပိုင်တွေဘက်က မတရားဖမ်းဆီး ထောင်ချတာတွေကို ဆက်ပြီး လုပ်ဆောင်နေပါတယ်။

အခုရက်ပိုင်းတွေ အတွင်းမှာ အတိုက်ခံ နိုင်ငံရေး လှုပ်ရှားသူတွေ၊ ပြည်တွင်း စာနယ်ဇင်း သမားတွေအပြင် သတင်းထောက်တွေ အပါအ၀င် သာမန်ပြည်တွေ အပေါ်မှာလည်း အစိုးရ အာဏာပိုင်တွေဘက်က တိုးမြှင့်ပြီး ဖမ်းဆီးတာတွေ လုပ်ဆောင်နေပါတယ်။

လျှပ်စစ်မီး ပုံမှန်မရတာနဲ့ ပတ်သက်လို့ သက်ဆိုင်ရာ ၀န်ကြီးဌာနတွေကို တိုင်ကြား ခဲ့တဲ့ ရန်ကုန်တိုင်း၊ လှိုင်မြို့နယ် ၁၃ ရပ်ကွက် အတွင်းက ဦးခင်မောင်ကြည်ကို တာဝန်ဝတ္တရား နှောင့်ယှက်မှုနဲ့ တနလာင်္နေ့မှာ ထောင်ဒဏ် ၂ လ ချမှတ်လိုက် ပါတယ်။

အခုလိုမျိုး မြန်မာနိုင်ငံ အတွင်းမှာ ဥပဒေကြောင်းအရ မတရားဖမ်းဆီး အရေးယူနေတာနဲ့ ပတ်သက်ပြီး အနီးကပ်လေ့လာ စောင့်ကြည့်မှုတွေ လုပ်နေတဲ့ အာရှ လူ့အခွင့်အရေး ကောမရှင်မှ ဦးမင်းလွင်ဦးကတော့ အခုလို ပြောပါတယ်။

“ဦးခင်မောင်ကြည်ကို ထောင်ဒဏ် ၂ လ အပြစ်ပေး လိုက်တယ်လို့ ကျနော်တို့ သိရတယ်။ အဲဒီလို အပြစ်ပေးလိုက်တဲ့ ကိစ္စကလည်း တာဝန်ဝတ္တရား နှောင့်ယှက်မှု နဲ့ ပတ်သက်ပြီးတော့ အပြစ်ပေးလိုက်တယ်လို့ ကျနော်တို့ သိရတယ်။ ဒီလို အပြစ်ပေးလိုက်တဲ့ ကိစ္စဟာ ကျနော်တို့ အာရှ လူ့အခွင့်အရေး ကော်မရှင်အနေနဲ့ မှားယွင်းတဲ့ကိစ္စ ဖြစ်တယ်လို့ ကျနော်တို့ ပြောချင်တယ်။ ဘာကြောင့် ဒါကို ပြောရသလဲ ဆိုလို့ရှိရင် ဦးခင်မောင်ကြည်က ဒီဝန်ကြီးဌာနတွေရဲ့ လုပ်ကိုင် ဆောင်ရွက်မှုတွေ မှားယွင်းနေတယ် ဆိုလို့ရှိရင် တိုင်တန်းနိုင်တယ်ဆိုလို့ သူက လျှပ်စစ်ဝန်ကြီးဌာနကို တိုင်တန်းတာ ဖြစ်တယ်။ အဲဒီလို တိုင်တန်းတဲ့အတွက် အခုလိုမျိုး တာဝန်ဝတ္တရား နှောင့်ယှက်မှုတွေနဲ့ ထောင်ဒဏ် ၂ လ အပြစ်ပေး လိုက်တာဟာ လွန်စွာမှပင် မှားယွင်းတယ်လို့ ကျနော်တို့ ပြောချင်တယ်။”

အစိုးရ အာဏာပိုင်တွေဘက်က ဦးခင်မောင်ကြည်ကို ၀တ္တရား နှောင့်ယှက်မှုနဲ့ အမြင့်ဆုံး ချမှတ်နိုင်တဲ့ အပြစ်ဒဏ် ဟာ ထောင်ဒဏ်၂ လ ချမှတ်ခဲ့တာပါ။ အခု အချိန်မှာတော့ ဦးခင်မောင်ကြည်ကို ဖမ်းဆီးထိန်းသိမ်း ထားတာဟာ ၂ လ ကျော်ပြီ ဖြစ်တဲ့အတွက် ဥပဒေ ကြောင်းအရ ဆိုရင် ဦးခင်မောင်ကြည်ဟာ လွတ်မြောက်လာရတော့မှာ ဖြစ်ပါတယ်။ ဒါပေမဲ့လည်း ရပ်ရွာ ရယက နဲ့ မြို့နယ် ပြည်သူ့ရဲ ကနေပြီးတော့ ရပ်ရွာတွေ ဖြစ်ပျက်နေတာကို တိုင်ကြားတဲ့အတွက် ဆိုပြီး ဦးခင်မောင်ကြည်ကို ခြေချုပ်နဲ့ ခံဝန် အက်ဥပဒေ ပုဒ်မ (၅-၁/ စ-ဆ) တို့နဲ့ တရားစွဲဆို ခဲ့ပါတယ်။ ဒီလိုမျိုး တိုင်ကြားခဲတဲ့ အပေါ်မှာ အမှုနှစ်ခုနဲ့ တရားစွဲဆိုခဲ့တာနဲ့ ပတ်သက်ပြီးတော့ ဦးမင်းလွင်ဦးက အခုလို ပြောပါတယ်။

“မှုခင်းဖြစ်ရပ် တခုတည်းအပေါ်မှာဘဲ အမှုကို ၂ မှု ခွဲပြီး စွဲဆိုထားတဲ့အတွက် ဒီကိစ္စက မှားယွင်းတယ်လို့ ကျနော်တို့ ပြောချင်တယ်။ ဒါကြောင့် ဦးခင်မောင်ကြည်ဟာ ယခုလို လျှပ်စစ်ဝန်ကြီးဌာနတွေကို တိုင်တန်းတဲ့အတွက် ထောင်ဒဏ် ၂ လ အပြစ်ပေးတယ် ဆိုလို့ရှိရင် ယခု ဖမ်းဆီးထားတာက ၄ လ နီးပါးရှိပြီ ဖြစ်တဲ့အတွက် သူ့ကို ပြန်လည် လွှတ်ပေးရမယ် ဖြစ်တယ်။ ထိုနည်းတူစွာပဲ ရယက က စွဲဆိုထားတဲ့ အမှုတွေကိုလည်း တပြိုင်နက်တည်း ရုပ်သိမ်းပေးဖို့ ကျနော်တို့ အာရှ လူ့အခွင့်အရေး ကော်မရှင်အနေနဲ့ တောင်းဆိုပါတယ်။”

မြန်မာနိုင်ငံအတွင်းမှာ နာရေးကူညီမှု လုပ်ငန်းတွေ အပါအ၀င် တခြားလူမှုရေး လုပ်ငန်းတွေကို တက်ကြွစွာ လုပ်ဆောင်နေတဲ့ ရုပ်ရှင်မင်းသား ကျော်သူကိုလည်း စည်ပင်သာယာ အာဏာပိုင်တွေက အခုရက်ပိုင်းတွေ အတွင်းမှာ တရားစွဲ အမှုဖွင့်တာတွေ လုပ်ခဲ့ပါတယ်။ ဒါ့အပြင် အခုရက်ပိုင်း အတွင်းမှာ နာဂစ်မုန်တိုင်း အတွင်းမှာ ကူညီဆောင်ရွက်ခဲ့တဲ့ ပြည်တွင်း သတင်းထောက်တွေ၊ စာနယ်ဇင်း သမားတွေကို အကြောင်းတစုံတရာ ပြောကြားခြင်းမရှိဘဲ ဖမ်းဆီး ခေါ်ဆောင် သွားတာလည်း ရှိခဲ့ပါတယ်။ အခုလိုမျိုး ဖိနှိပ် ဖမ်းဆီးတာတွေဟာ လွတ်လပ်စွာ ပြောဆိုခွင့်ကို ဟန့်တားရာရောက်ပြီး ဥပဒေနဲ့ ညီညွတ်မှု မရှိတဲ့အတွက် ဒီလူတွေကို အမြန်ဆုံး လွှတ်ပေးသင့်ကြောင်း ဦးမင်းလွင်ဦးက အခုလို ပြောပါတယ်။

“ကျနော်တို့
မြန်မာနိုင်ငံအတွင်းမှာရှိတဲ့ သတင်းထောက်တွေ၊ စာနယ်ဇင်းနဲ့ ဆိုင်တဲ့ လူတွေ၊ အဲဒါတွေကို ဖမ်းဆီးတဲ့ ကိစ္စရပ်တွေက ကျနော်တို့ ဥပဒေ ပြဌာန်းချက် တွေနဲ့ မညီဘူး။ လွှတ်ပေးသင့်တယ်။ လွတ်လပ်စွာ ပြောဆိုခွင့်ကို ဟန့်တားရာ ရောက်တယ်။ နိုင်ငံသားတွေရဲ့ အခွင့်အရေးကို အတိအလင်း ချိုးဖေါက်ရာ ရောက်တယ်။ ဒါကြောင့် ဒီလူတွေကို အမြန်ဆုံးလွှတ်ပေးဖို့ ကျနော်တို့ အာရှ လူ့အခွင့်အရေး ကော်မရှင်အနေနဲ့ တောင်းဆိုတယ်။”

အခုလိုမျိုး ဖမ်းဆီးခံထားရတဲ့ သူတွေအထဲမှာ ရန်ကုန်က အပတ်စဉ်ထုတ် The Voice ဂျနယ်မှာ သတင်းထောက် ကိုသန့်စင်ဦး အပါအ၀င် သတင်းထောက် ၇ ယောက်နဲ့ တခြား အလွတ်သတင်းထောက် ၂ ဦးဖြစ်တဲ့ ကိုပိုင်စိုးဦးတို့ကို နာဂစ်မုန်တိုင်း ကူညီရေး လုပ်ဆောင်ခဲ့တဲ့ လစ်လတ်တဲ့ အဖွဲ့နဲ့ ဆက်စပ်တယ်ဆိုပြီး ဖမ်းဆီးခဲ့တယ်လို့လည်း သူတို့နဲ့ နီးစပ်တဲ့ အသိုင်းအ၀ိုင်းက ပြောပါတယ်။

0 comments:

Post a Comment