Saturday, October 31, 2009

Filled Under:

ညှဉ်းပန်းမှုတွေကို ရပ်တန့်ဖို့ AHRC ကြငြာချက်ထုတ်ပြန်

BBC ---- 30/ 10 2009

မြန်မာနိုင်ငံမှာ ရဲတပ်ဖွဲ့တွေရဲ့ နှိပ်စက် ညှဉ်းပန်းမှုတွေကြောင့် ပြည်သူတွေ၊ ဆင်းရဲနွှမ်းပါး သူတွေမှာ ဒုက္ခရောက်ရသလို သူတို့ကို ကူညီစောင့်ရှောက်ပေးတဲ့ အဖွဲ့အစည်းတွေလည်း မရှိသလောက် နည်းနေတာကြောင့် ဒီလိုနှိပ်စက် ညှဉ်းပန်းမှုတွေကို ရပ်တန့်ဖို့ အာရှ လူ့အခွင့်အရေး ကော်မရှင်က ကြေငြာချက် တစောင် ထုတ်ပြန်ခဲ့ပါတယ်။

ရဲတပ်ဖွဲ့ရဲ့ နှိပ်စက်မှု ညှဉ်းပန်းမှုတွေနဲ့ ပတ်သက်လို့ ဟောင်ကောင်အခြေစိုက် အာရှ လူ့အခွင့်အရေး ကော်မရှင် AHRC ရဲ့ လူ့အခွင့်အရေး ရှေ့နေ ဦးမင်းလွင်ဦးကို BBC ၀ိုင်းတော်သား ကိုချိုက -

မေး ----- ရဲက နှိပ်စက် ညှဉ်းပန်းနေတယ်ဆိုတော့ ဘယ်လိုပုံစံနဲ့ နှိပ်စက်ညှဉ်းပန်း တာလဲ။

ဦးမင်းလွင်ဦး ----- ဟုတ်ကဲ့ခင်ဗျား။ တွံတေးမြို့မှာ ဖြစ်ပျက်ခဲ့တာ ဆိုလို့ရှိရင် ဖမ်းဆီးထားတဲ့ လူနှစ်ယောက်ကို ရဲစခန်းသို့ ၀င်ဝင်ချင်း ပုဆိုးကို မျက်နှာမှာ အုပ်လိုက်တယ်။ ပြီးတော့ ၀ိုင်ထိုးကြတယ်။ နောက်တခါ ခြေဖ၀ါးအောက်မှာ သံချွန်ထောက်ထားပြီးတော့ ဆိုင်ကယ်စီးတဲ့ ပုံစံမျိုးနဲ့ စီးခိုင်းတယ်။ အဲတာ ၂ နာရီလောက်ကြာတယ်။ အဲဒါ ပြီးတဲ့အပြင် ခြေတလုံးပေါ်မှာ ၀ါးလုံးစိမ်းနဲ့ နှိပ်တဲ့ဥစ္စာတွေရှိတယ်။ ဒီဟာတွေက လူမဆန်စွာ နှိပ်စက်ညှဉ်းပန်းတဲ့ ကိစ္စတွေ ဖြစ်တယ်။ ဒီဥစ္စာတွေက ရှေ့တန်းစစ်မျက်နှာမှာ သတင်းရဖို့အတွက် စစ်တပ်က ကျူးလွန်တာတောင်မှာ ခွင့်မလွှတ်နိုင်တဲ့ ကိစ္စရပ်တွေ ဖြစ်တယ်။ ဒါကြောင့် ကျနော်တို့ အနေနဲ့ ဒီနှိပ်စက် ညှဉ်းပန်းမှုတွေကို ရပ်ဖို့လိုတယ်။ မြန်မာနိုင်ငံ အစိုးရအနေနဲ့လည်း အစိုးရကိုယ်တိုင်က နိုင်ငံတကာ ပြဌာန်းထားတဲ့ ညှဉ်းပန်း နှိပ်စက်ခြင်းဆိုင်ရာ လိုက်နာရမဲ့ အနိမ့်ဆုံး စံကို ထည့်ပြီး လိုက်နာသင့်တယ်။ ဖွဲ့စည်းပုံအခြေခံ ဥပဒေမှာ ပြဌာန်းသင့်တယ်လို့ ကျနော်တို့ ပြောလိုခြင်း ဖြစ်တယ်။

မေး ---- ဒီဖွဲ့စည်း အုပ်ချုပ်ပုံ အခြေခံ ဥပဒေမှာ မပါသေးတဲ့ ဒီအချက်ကို ထည့်ဖို့၊ နောက်တချက်က ကျနော်တို့ နားလည်တာက ကုလသမဂ္ဂမှာလည်း မြန်မာက လက်မှတ်မထိုးရသေးဘူး။ ညှဉ်းပန်းနှိပ်စက်မှုတွေကို မလုပ်ဘူးလို့ UN Convention မှာ လက်မှတ် မထိုးရသေးတော့ ဒါတွေပြုလုပ်ဖို့ အတွက်ကို ဘယ်လို ဆက်လက်ဆောင်ရွက်ဖို့ ရှိသလဲ ခင်ဗျား။

ဦးမင်းလွင်ဦး ------ ဒေသအတွင်းမှာ ရှိနေတဲ့ လူ့အခွင့်အရေး ကာကွယ် မြှင့်တင်ရေး အဖွဲ့တို့လိုမျိုး၊ နောက်ပြီး လူ့အခွင့်အရေးကို လေ့လာနေတဲ့ အဖွဲ့တွေရဲ့ မှတ်တမ်းတွေ ရရှိဖို့လိုတယ်။ နောက်ပြီး ပြည်ပမှာ ရှိနေတဲ့ လူ့အခွင့်အရေး ကိစ္စရပ်တွေကို ဆောင်ရွက်နေတဲ့ အဖွဲ့အစည်း အသီးသီး ရှိတယ်။ ဒီအဖွဲ့အစည်း အသီးသီးကလည်း ကုလသမဂ္ဂရဲ့ အစည်းအဝေးတွေတိုင်းမှာ မြန်မာအစိုးရက ဒါတွေကို ကျူးလွန် ဖေါက်ဖျက်နေတယ်။ လိုက်နာဆောင်ရွက်ခြင်း မရှိဘူး။ လိုက်နာဖို့ လိုတယ် ဆိုတာကို ဖိအားပေးနိုင်ဖို့ ကျနော်တို့ စတင်ပြီး ကြိုးစားနေပါတယ် ခင်ဗျား။

မေး ---- AHRC မှ ထုတ်ပြန်သည့် အချက်က လူနှစ်ယောက်ကို ရဲက နှိပ်စက် ညှဉ်းပန်းတဲ့ အခြေခံနဲ့ ထုတ်တယ်ပေါ့လေ။ ဒါပေမဲ့ ကျနော်တို့ နားလည်ထား တာက ဒီလိုဖမ်းဆီးပြီးတော့ နှိပ်စက်တာက ရှေးကတည်းက နှိပ်စက်လာခဲ့တာ မဟုတ်လားခင်ဗျား။ အခုမှ ဘာကြောင့် ကြေငြာချက် ထုတ်ရပါသလဲ။

ဦးမင်းလွင်ဦး ----- ဟုတ်တယ်။ ကျနော်တို့ မြန်မာနိုင်ငံသာ မကပါဘူး။ ဗြိတိသျှ ကိုလိုနီလက်အောက်မှာ ကျရောက်ခဲ့တဲ့ ပါကစ္စတန်၊ အိန္ဒိယ၊ သီရိလကာင်္၊ နီပေါ စတဲ့နိုင်ငံတွေ အားလုံးမှာ ဒီလိုမျိုးဘဲ ရဲက နှိပ်စက်ညှဉ်းပန်းခဲ့တဲ့ အစဉ်အလာတွေ ရှိတယ်။ အဲတော့ အဲဒီနှိပ်စက်ညှဉ်းပန်းတဲ့ ဥစ္စာတွေကို အရင်ကတော့ ဗြိတိသျှ ကိုလိုနီ လက်အောက်မှာ အစိုးရကိုယ်တိုင်က အကာအကွယ်ပေးပြီးတော့ ဥပဒေတွေ ထုတ်ထားတာ ဖြစ်တယ်။

အခု
ဒီမိုကရေစီ လမ်းစဉ်ကို လိုက်နာကျင့်သုံးတဲ့ အခါမှာတော့ ဒါတွေကို ပြန်လည်ပြင်ဆင်ပြီး ဖြည့်စွက်လာတာ ဖြစ်တယ်။ မြန်မာနိုင်ငံမှာတော့ ဒါတွေကို အခုအချိန်အထိ ပြင်ဆင်ခြင်း မရှိဘူး။ ဖြည့်စွက်ခြင်း မရှိဘူး။ နောက်ပြီး လိုအပ်တဲ့ အချက်အလက်တွေကို ပြန်လည်ဆွေးနွေး သုံးသပ်ခြင်း မရှိဘူး။ ဒါကြောင့် ရဲရယ်၊ ထောက်လှမ်းရေးရယ် စတဲ့အာဏာပိုင် အဖွဲ့အစည်းတွေရဲ့ နှိပ်စက်ညှဉ်းပန်းခြင်းကို အခုအချိန်အထိ တရားဝင် ခွင့်ပြုထားသလို ဖြစ်နေတာက ရပ်တန်းက ရပ်သင့်ပြီး ဆိုတာကို ပြောလိုခြင်း ဖြစ်ပါတယ်ခင်ဗျား။

အာရှလူ့အခွင့်အရေး ကော်မရှင်မှ ဦးမင်းလွင်ဦး ဖြစ်ပါတယ်။

ကြေငြာချက် အပြည့်အစုံကို ဤအင်တာနက် စာမျက်နှာတွင် ဖတ်ရှု လေ့လာ နိုင်ပါတယ်။ http://www.ahrchk.net/statements/mainfile.php/2009statements/2275/

0 comments:

Post a Comment