Friday, November 13, 2009

Filled Under:

လယ်သမားအရေး ဆောင်ရွက်ပေးသည့် ဦးအေးမြင့် ထောင်ချခံရသည့်အပေါ် AHRC အရေးပေါ် ပန်ကြားလွှာပို့

RFA ----- 13/ 11/ 2009

အောင်လံက လယ်သမားအရေး လိုက်လံဆောင်ရွက်ပေးနေတဲ့ ဦးအေးမြင့်ကို ဖမ်းဆီးထောင်ချထားတဲ့ အမှုမှာ ခုခံခြေပခွင့် အပြည့်အ၀ မရတာရယ်၊ တရားခံထွက်ချက်ထက် တရားလိုထွက်ချက်တွေကိုတာ အဓိကထား စီရင်ခဲ့တာ ဖြစ်တဲ့အတွက် ဦးအေးမြင့်ကို မတရား ထောင်ချထားတာ ဖြစ်တယ်လို့ ဦးအေးမြင့်ကို ထောင်ချထားတာနဲ့ ပတ်သက်လို့ အာရှ လူ့အခွင့်အရေး ကော်မရှင်မှ ကန့်ကွက်ထားတဲ့ ကိစ္စကို RFA အဖွဲ့သား ဦးဇော်မိုးကျော်က လူ့အခွင့်အရေး ရှေ့နေ ဦးမင်းလွင်ဦးကို အောက်ပါအတိုင်း ဆက်သွယ်မေးမြန်း ထားပါသည်။

မေး ----- ဦးမင်းလွင်ဦး ခင်ဗျား။ အောင်လံက ဦးအေးမြင့်ကို ထောင်ဒဏ် ချမှတ်ထားတတဲ့ အမှုနဲ့ပတ်သက်ပြီးတော့ ဘယ်လို သုံးသပ်ချက်မျိုး ရှိပါသလဲ ခင်ဗျား။

ဦးမင်းလွင်ဦး ------ ဦးအေးမြင့်ကို ဖမ်းဆီးထားတဲ့ ကိစ္စရပ်တွေ၊ စစ်ဆေးစီရင် နေတဲ့ ကိစ္စရပ်တွေက (၁) အချက်အနေနဲ့ ဥပဒေနဲ့အညီ ဆောင်ရွက်ခြင်း မရှိဘူးဆိုတာကို ကျနော်တို့ ပြောချင်တယ်။ ဘာကြောင့်လည်းဆိုတော့ ဦးအေးမြင့်က အကျိုးဆောင်တွေရဲ့ ခုခံ ချေပခွင့် မရရှိခဲ့ပါဘူး။ ခုခံ ချေပခွင့် ရှေ့နေငှားမယ် ဆိုလို့ရှိရင်လည်း အဲဒီရှေ့နေတွေကို ဖိအားပေးတာတွေ ရင်ဆိုင်ရတဲ့အတွက် ဘယ်ရှေ့နေမှ မလိုက်ဘူး ဆိုတာကို ကျနော်တို့ တွေ့နေရတယ်။

နောက်ပြီးတော့ ဒီလိုခုခံခြေပတဲ့ ကိစ္စရပ်မှာလည်း ဦးအေးမြင့်တို့ ခုခံချေပတဲ့ ကိစ္စရပ်တွေကို တိုင်းရုံးကနေပြီးတော့ အလေးပေး မစဉ်းစားဘဲနဲ့ တဖက်က သစ်တောသံအရာရှိတွေ၊ ၀န်ထမ်းတွေရဲ့ စွဲချက်အပေါ်မှာဘဲ အဓိကဦးစားပေး သုံးသပ်ထားတာကို ကျနော်တို့ တွေ့ရှိရတယ်။ ဒါတွေက တရားဥပဒေနဲ့ မညီဘဲ အလွန်မှားယွင်းနေတယ်လို့ ကျနော်တို့ ပထမဦးဆုံး ပြောချင်ပါတယ်။

မေး ------ နောက်ပြီး ကျနော်တို့ သိရသလောက်က ဦးအေးမြင့်အပါအ၀င် အောင်လံနယ်က လယ်သမားတွေက အဓိက မြေယာသိမ်းခံရတဲ့ ကိစ္စတွေကို ပြန်ပြီးတော့ အာဏာပိုင်တွေကို တောင်းဆိုတာတွေ၊ နောက်ပြီးတော့ ILO နိုင်ငံတကာ အလုပ်သမား သမဂ္ဂ အဖွဲ့ချုပ်ကြီးနဲ့ ဆက်သွယ် တိုင်တန်းတာတွေ ပြုလုပ်ခဲ့တာကို သိရပါတယ်။ အဲဒီ ကိစ္စနဲ့ရော ပတ်သက်ဆက်နွှယ်မှု ရှိတယ်လို့ ယူဆပါသလား။

ဦးမင်းလွင်ဦး ------ ဟုတ်ကဲ့။ ကိုဝင်းလွင် အဓမ္မ လုပ်အားပေး စေခိုင်းခြင်း ခံရပြီးတော့ သေဆုံးရတဲ့ ကိစ္စရပ်တွေမှာ ILO ကို တိုင်ကြားတာရှိတယ်။ စိမ်းစိုရွာက လယ်ယာမြေ ဧကပေါင်းများစွာကို စစ်တပ်ပိုင် သကြားစက်ကနေ သိမ်းဆီးခဲ့တဲ့ ကိစ္စရပ်တွေမှာလည်း သူတို့က ILO ကို တိုင်ကြားခဲ့တာ ရှိတယ်။ အဲဒီလို တိုင်ကြားတဲ့ ကိစ္စရပ်တွေနဲ့ ပတ်သက်ပြီးတော့ အာဏာပိုင် အဖွဲ့ကနေပြီးတော့ အငြိုးထားပြီး အခုလို ဆောင်ရွက်ခဲ့တယ်လို့ ကျနော်တို့ သိရပါတယ်။

ဥပမာ အဲဒီလို လိုက်နာဆောင်ရွက်ပေးတဲ့ ကိုဇော်ဌေး ဆိုလို့ရှိရင် နိုင်ငံတော် လှို့ဝှက်ပေါက်ကြားမှုနဲ့ (၁၀) နှစ်၊ ထောင်ဒဏ် အပြစ်ပေးခံတားရတာ ရှိတယ်။ နောက်ပြီးတော့ လယ်ယာမြေ သိမ်းဆီးခံထားရတဲ့ လယ်သမားတွေအတွက် လိုက်လံဆောင်ရွက်ပေးတဲ့ ရှေ့နေ ကိုပိုးဖြူ (ခ) ရန်နိုင်အောင်ကိုလည်း ထောင်ဒဏ် (၄) နှစ် အပြစ်ပေးထားတယ်။ ဒါကတော့ အသင်းအဖွဲ့ ဖွဲ့စည်းခြင်း ဆိုင်ရာ အက်ဥပဒေနဲ့ ငြိစွမ်းတယ် ဆိုပြီးတော့ အပြစ်ပေးထားတာကို ကျနော်တို့ သိရှိရတယ်။ နောက်ဆုံးအနေနဲ့ ဦးအေးမြင့်ကို နိုင်ငံတော် ၀န်ထမ်းတွေကို နှောင့်ယှက်တယ် ဆိုပြီးတော့ အပြစ်ပေးပေးထားကို ကျနော်တို့ သိရပါတယ်။

မေး ----- အခုလို အရေးယူ ဆောင်ရွက်မှုတွေ လုပ်တယ်ဆိုတော့ မြန်မာ စစ်အစိုးရနဲ့ ILO အလုပ်သမား အဖွဲ့ချုပ်ကြီး အကြားမှာရှိတဲ့ သဘောတူညီချက်ကို ချိုးဖေါက်ရာ မကျဘူးလားခင်ဗျား။ နောက်ပြီးတော့ စစ်အစိုးရ ခေါင်းဆောင်တွေ ကို၌ အောက်ခြေမှာရှိတဲ့ မတရားမှုတွေ၊ အကတိ လိုက်စားမှုတွေ ရှိရင် တိုင်ကြားနိုင်တယ်လို့ ပြောထားတာ မဟုတ်လားခင်ဗျား။

ဦးမင်းလွင်ဦး ----- အဲဒီမှာ ရေးထိုးထားတဲ့ စာချွန်လွှာမှာ ဘာလဲဆိုလို့ရှိရင် ILO ကို တိုင်တန်းတဲ့ သူတွေကို အရေးမယူပါဘူး ဆိုတဲ့ နိုင်ငံတော် အစိုးရက နေပြီးတော့ ၀န်ခံကတိ ပေးခဲ့တာ ရှိတယ်။ နောက်ပြီးတော့ စိမ်းစိုဒေသမှာ ရှိတဲ့လယ်ယာမြေ သိမ်းခံရတဲ့ ကိစ္စရပ်နဲ့ ပတ်သက်ပြီးတော့ ILO ကို တိုင်တန်းတဲ့ အခါမှာ ILO က ကိုယ်စားလှယ် Stick Merial ရယ်၊ နေပြည်တော်က အစိုးရအဖွဲ့ ဒုဗိုလ်မှူးကြီး ယုလွင်အောင်က နေပြီးတော့ လာရောက်ဖြေရှင်း ပေးခဲ့တာတွေ ရှိတယ်။ အဲဒီလို ဖြေရှင်းတဲ့ အခါမှာ အစောကပြောတဲ့ စိမ်းစိုရွာမှာ ရှိတဲ့ လယ်ယာမြေဧက တော်တော်များများကို နှုတ်မိန့်နဲ့ ပြန်လည် လုပ်ပိုင်ခွင့် ပေးခဲ့တယ်။ အဲဒီလို လုပ်ပိုင်ခွင့် ပေးလိုက်လို့လည်း လယ်သမားတွေက ကိုယ့်လယ်ကို လုပ်တဲ့အခါမှာ ပိုင်နက် ကျူးလွန်မှုရယ်၊ အကျိုးဖျက်ဆီးမှုရယ်၊ အရေးယူခံရပြီးတော့ ထောင်ဒဏ် ၃ လကနေ ၅ နှစ်အထိ အပြစ်ဒဏ် ချထားတယ် ဆိုတာကို ကျနော်တို့ သိရပါတယ် ခင်ဗျား။

မေး ------ ဟုတ်ကဲ့ အခုလို ချိုးဖေါက်မှုတွေ ရှိတယ်ဆိုတော့ ချိုးဖေါက်ခံသူတွေ၊ အများပြည်သူတွေကို ဘယ်လိုများ ဆက်လက် ဆောင်ရွက်သင့်တယ်လို့ အကြံပေးလိုပါသလဲ။

ဦးမင်းလွင်ဦး ------- ဟုတ်ကဲ့ခင်ဗျား။ အာဏာပိုင်တွေ ဘက်ကနေပြီးတော့ ပြည်သူတွေ၊ လယ်သမားတွေ ကြောက်လန့်သွားအောင် အခုလိုမျိုး ပုံစံပြပြီး ခြိမ်းခြောက်လိုက်တယ်လို့ ဆိုပေမဲ့လည်း ကျနော်တို့ ပြည်သူတွေအနေနဲ့ မိမိတို့ အခွင့်အရေး ဆုံးရှုံးနေတယ် ဆိုလို့ရှိရင်တော့ ဆက်လက်တိုင်ကြားဖို့ လိုတယ်။ အဲလို တိုင်ကြားတဲ့ အပေါ်မှာလည်း ILO အနေနဲ့ ဒီထက်ပိုပြီးတော့ ထိထိရောက်ရောက် ဆောင်ရွက်လာလိမ့်မယ်။ အစိုးရကို ထိထိရောက်ရောက် ပြောဆိုလာနိုင်လိမ့်မယ်လို့ ကျနော်တို့ ထင်မြင်ယူဆတယ်။ ဒါကြောင့် တိုင်ကြားမှုတော့ လိုတယ်လို့ ကျနော်တို့ အနေနဲ့ ပြောလိုပါတယ် ခင်ဗျား။

အရေးပေါ် ပန်ကြားလွှာ အပြည့်အစုံကို ဖတ်ရှုနိုင်ပါတယ်။ http://www.ahrchk.net/ua/mainfile.php/2009/3311/

0 comments:

Post a Comment