Tuesday, November 17, 2009

Filled Under:

ဒီမိုကရေစီစနစ်အား ဦးတည်သည့် အခြေခံဥပဒေသာလျှင် ဒီမိုကရေစီနိုင်ငံ တည်ဆောက်နိုင်

ညီညီချမ်း
နိုဝင်ဘာလ ၁၇ ရက်၊ ၂၀၀၉ ခုနှစ်

န အ ဖ စစ်အစိုးရ၏ လမ်းပြမြေပုံအရ ၂၀၁၀ ရွေးကောက်ပွဲ နီးလာသည် နှင့်အမျှ ရွေးကေက်ပွဲအား ထောက်ခံ စေလိုသော ရည်ရွယ်ချက်ဖြင့် “အခြေခံ ဥပဒေဖြင့်သာ ဒီမို ကရေစီ ရနိုင်သည်” ဟူသော ကြေငြာစာတမ်းကို စစ်အစိုးရပိုင် ကြေးမုံသတင်းစာတွင် ဝေေ၀ဆာဆာ ဖေါ်ပြထားပါသည်။

ထိုကြေငြာစာတမ်းကို ယနေ့ ကမ္ဘာကြီး၏ ပြောင်းလဲမှု ဖြစ်စဉ်နှင့် နှိုင်းယှဉ်အဖြေရှာ ကြည့်ရာ ဗုဒ္ဓမြတ်စွာဘုရား ဟောကြားတော်မူခဲ့သည့် အကြောင်းနှင့် အကျိုး နိယာမ သဘောတရားနှင့် ဆန့်ကျင် ခြားနား နေသည်ကို မြင်တွေ့ကြရမည် ဖြစ်သည်။ အကြောင်းကား လုပ်ဆောင် အကောင်အထည်ဖေါ်မှုဖြစ်ပြီး၊ အကျိုး ကား ထိုလုပ်ဆောင် အကောင်အထည်ဖေါ်မှုနှင့် စပ်လျှဉ်းသည့် ဖြစ်ပေါ် ပြောင်းလဲမှု၏ ရလာဒ် ဖြစ်သည်။

ဒါ့အပြင် သဘာဝအလျှောက် ဖြစ်ပေါ် ပြောင်းလဲလေ့ရှိသည့် ရာသီဥတု ဖေါက်ပြန်မှု ဘေးအန္တရာယ်၊ ရောဂါ အငတ်ဘေး ကဒ်ဆိုးများသည်လည်း ချို့ယွင်းချက်အရ ရှိနေတတ်ပါသည်။ သို့ရာတွင် များပြားသော သဘာဝ ဘေးအန္တရာယ် ကဒ်ဆိုးသည်လည်း လူတို့၏ ပြုမူခြင်းကြောင့် ဖြစ်ပေါ်ပြောင်းလဲ နေသည်ကိုလည်း မျက်ဝါးထင်ထင် မြင်တွေ့နေကြမှာပါ။ ဥပမာ --- စည်းမဲ့ကမ်းမဲ့ သစ်ပင်ခုတ်လှဲမှုကြောင့် တောပြုံး၍ ရာသီဥတု ဖေါက်ပြန်ပြီး မိုးသည်း ရေကြီးကာ သဘာဝ ဘေးအန္တရာယ်များ (natural disasters) ပျက်စီး လာစေသကဲ့သို့ လူတို့၏ လူမဆန်သည့် နိုင်ထက်စီးနင်းမှုကြောင့် အပြစ်မဲ့ လူသားအချို့ တိမ်းရှောင်ထွက်ပြေးရကာ အစာရေစာ ငတ်ပြတ် မွဲတေနေရသော လူသားတို့ ဖန်တီးသည့် ဘေးကဒ်ဆိုးကြီး (man made disasters) ကိုလည်း ကမ္ဘာ့နေရာ အနှံ့အပြားတွင် ဖြစ်ပွားနေသည်မှာ လျှစ်လျှူရှုထား၍ မရသည့် အချက်ဖြစ်သည်။ ဤဖြစ်စဉ်ကို သုံးသပ်ကြည့်လျှင် လူသားတို့၏ အဆင်အခြင်မဲ့ လုပ်ရပ်ကြောင့်ဘဲ ဘေးဒုက္ခ ရောက်နေသည်မှာ မဟုတ်ပါလား။

ဟုတ်ပါပြီ ဒါဆိုရင် န အ ဖ ကြွေးကြော် ၀ါဒဖြန့်နေသည့် အခြေခံ ဥပဒေဖြင့်သာ ဒီမိုကရေစီ ရနိုင်သည် ဆိုသော စာတမ်းကို လေ့လာ သုံးသပ်ရန် လိုလာသည်။ ထိုကြွေးကြော်သံကို အဖြေရှာကြည့်သည့်အခါ- ပြည်ထောင်စု မပြိုကွဲရေး၊ တိုင်းရင်းသား စည်းလုံးညီညွတ်မှု မပြိုကွဲရေး၊ အချုပ်အခြာအာဏာ တည်တံ့ ခိုင်မြဲရေးဆိုပြီး ပုဒ်မ ၄၀၇ အရ နိုင်ငံရေးပါတီများ၏ လွတ်လပ်စွာ စည်းရုံး လှုပ်ရှားခွင့်ကို ဖွဲ့စည်းပုံ အခြေခံ ဥပဒေပါ နိုင်ငံရေးပါတီများ ခေါင်းစဉ်တွင် ကန့်သတ် ပိတ်ပင်ထားသည်ကို တွေ့ရှိရမည် ဖြစ်သည်။ ထို့အပြင် အခန်း ၁၁ ပါ အရေးပေါ်ကာလ ဆိုင်ရာ ပြဌာန်းချက်များ ပုဒ်မ ၄၁၃ အရ ကာကွယ်ရေး ဦးစီးချုပ်မှ နိုင်ငံသားများအပေါ် မည်သို့မည်ပုံ အရေးယူနိုင်သည့် လုပ်ပိုင်ခွင့် အာဏာများလည်း ပါရှိနေသေးသည်။

စင်စစ်တွင်မူ ဖွဲ့စည်းအုပ်ချုပ်ပုံ၏ ဆိုလိုရင်းအဓိပ္ပါယ်မှာ နိုင်ငံသားတို့၏ လုံခြုံ လွတ်လပ်ခွင့်ကို အာမခံအကာ အကွယ် ပေးရမည့်အပြင် အုပ်ချုပ်သူ အစိုးရအား အုပ်ချုပ် ပိုင်ခွင့်ကို အကန့်အသတ် အတိုင်း အတာနှင့် ဘောင်ခတ်ထားသည့် အုပ်ချုပ်သူ အစိုးရနှင့် နိုင်ငံသားများ အကြား သဘောတူညီချက် ရယူထားသည့် စာချုပ်ပင်ဖြစ်သည်။ အထက်စာပိုဒ်ပါ တွေ့ရှိချက်အရ ၂၀၀၈ နာဂစ်ဖွဲ့စည်းပုံသည် အုပ်ချုပ်သူ အစိုးရမှ လုပ်ပိုင်ခွင့် အခွင့်အရေးများ ရယူထားကာ နိုင်ငံသား ပြည်သူလူထုကို ဘောင်ခတ်ထားသည်မှာ အထင်အရှားသည်။ ဤအချင်းအရာ သည် ဖွဲ့စည်းပုံ၏ မူရင်း အဓိပ္ပါယ်နှင့် ဆန့်ကျင်နေပါသည်။

ဖွဲ့စည်းပုံပါ - ပုဒ်မ ၄၁၈ (က) (ခ) နှင့် ၄၁၉ တို့အရ တပ်မတော် ကာကွယ်ရေး ဦးချုပ်အား အုပ်ချုပ်ရေး အာဏာ ( Executive Power)၊ ဥပဒေပြုရေး အာဏာ (Legislative Power) နှင့် တရားစီရင်ရေးအာဏာ (Judicial Power) တို့ကို ကျင့်သုံးဆောင်ရွက်ခွင့် ပေးထားသည်။ ဒီမိုကရေစီ နိုင်ငံတွင် ဥပဒေပြုရေး၊ အုပ်ချုပ်ရေး၊ တရားစီရင်ရေး အာဏာအလုံးစုံကို မည်သူတဦး တယောက်အား ပေးအပ်ထားခြင်း မရှိပေ။ အာဏာအလွန်အကျွံ မသုံးစွဲနိုင်ရန် စောင့်ကြည့် ထိန်းညှိ (Check and Balance) လုပ်ထားသည်။ န အ ဖ ဖွဲ့စည်းပုံတွင် စစ်တပ် (သို့မဟုတ်) ကာကွယ်ရေး ဦးစီးချုပ်အား အာဏာ (၃) ရပ်စလုံး ပေးထားသည်မှာ ဒီမိုကရေစီစနစ်နှင့် သွေဖီနေကြောင်း ထောက်ပြ လိုခြင်း ဖြစ်သည်။ တနည်းအားဖြင့် နိုင်ငံသားများကို မျက်လှည့်ထားပြီး စစ်အာဏာရှင် အုပ်ချုပ်ရေးစနစ်ကို အသက်သွင်းထားခြင်း ဖြစ်ပေသည်။

“နိုင်ငံတော်၏ အမျိုးသားဦးဆောင်မှု အခန်းကဏ္ဍတွင် တပ်မတော်က ပါဝင်နိုင် ရေး” ဆိုသည့် ဖွဲ့စည်းပုံ အခြေခံဥပဒေ ပုဒ်မ (၆) အယူအဆသည် - ပုဒ်မ (၇) “နိုင်ငံတော်သည် စစ်မှန်၍ စည်းကမ်းပြည့်ဝသော ဒီမိုကရေစီ ကျင့်သုံးသည်” ဟူသော အဆိုကို အတိအလင်း ဆန့်ကျင်နေသည်။ အဘယ်ကြောင့်ဆိုသော် ဒီမိုကရေစီ စနစ်ကို ကျင့်သုံးသော မည်သည့်နိုင်ငံတွင်မဆို တပ်မတော်အား အမျိုးသားနိုင်ငံရေး ဦးဆောင်မှု အခွင့်အရေး ပေးထားသည်ကို မတွေ့ရပေ။ သို့ဖြစ်၍ စစ်တပ်အား နိုင်ငံတော်၏ အမျိုးသားဦးဆောင်မှုကို ဖွဲ့စည်းပုံ ဥပဒေတွင် ပေးထားသည်မှာ ဒီမိုကရေစီလမ်းစဉ်ကို ဦးတည်နေခြင်း မဟုတ်ကြောင်း အထင်အရှား ပြနေပါပြီ။ ဤအယူအဆသည် စည်းကမ်းပြည့်ဝသော ဒီမိုကရေစီလို့ ကြွေးကြောနေသည့် န အ ဖ သည် ဒီမိုကရေစီကျင့်စဉ် စည်းကမ်းကို ဦးစွာ ချိုးဖေါက်လိုက်ပြီဟု ဆိုရမည်ပင်။

ဒါ့အပြင် န အ ဖ စစ်ခေါင်းဆောင်များ မကြာခဏ ပြောလေ့ရှိသည့် ဒီမိုကရေ စီစနစ် တည်ထောင်ရာတွင် နေ့ချင်းညချင်း မဖြစ်နိုင်ကြောင်းလည်း ရှိသေးသည်။ ဒီမိုကရေစီသို့ တဖြည်းဖြည်း ချီတက်ရမည်၊ အချိန်ယူပြင်ဆင်ရမည်ဟု ၎င်းတို့ ဆိုလိုခြင်း ဖြစ်သည်။ ဒါဆိုရင် ဒီမိုကရေစီစနစ်၏ အခြေခံဖြစ်သော လွတ်လပ်စွာ စည်းရုံးလှုပ်ရှားခွင့်၊ လွတ်လပ်စွာ ထုတ်ဖေါ်ပြောဆိုခွင့် ရှိစေရန် နိုင်ငံရေးပါတီ အားလည်းကောင်း၊ တဦးချင်းဆီအားလည်းကောင်း အယူချိန်ယူ ပြုစုပျိုးထောင် ပေးရမည် မဟုတ်ပါလော။ သို့သော် လက်တွေ့တွင် နိုင်ငံရေး ပါတီများ လှုပ်ရှားမှု မရှိစေရန် ၈၈ မျိုးဆက်ကျောင်းသားများ၊ တိုင်းရင်းသား အင်အားစုများနှင့် NLD ကဲ့သို့သော နိုင်ငံရေးပါတီများ၏ ခေါင်းဆောင်များနှင့် အရေးပါသော ပုဂ္ဂိုလ်များအား ဖမ်းဆီးချုပ်နှောင်ထားခြင်းသည် န အ ဖ မှ ဒီမိုကရေစီသို့ ဦးတည်သွားမည့် အချိန်ယူ ပြင်ဆင်ခြင်းမှု မရှိကြောင်းကို အခိုင်အမာ ပြနေပေသည်။

ခြုံငုံသုံးသပ် ကြည့်မည်ဆိုလျှင် စစ်အစိုးရ၏ နိုင်ငံရေး ဦးတည်ချက်သည် လည်းကောင်၊ ကာကွယ်ရေး ဦးစီးချုပ်အား အဏာ အလွန်အကျွံပေး ပေးထား သည်ကိုလည်းကောင်း၊ နိုင်ငံရေးပါတီများနှင့် တက်ကြွလှုပ်ရှားသူများ၏ လွတ်လပ်စွာ ထုတ်ဖေါ် ပြောဆို စည်းရုံးခွင့်အားလုံး ပိတ်ပင်ထားသည်မှာ ဒီမိုကရေစီစနစ် ပေါ်ထွန်းရန် အကောင်အထည် ဖေါ်နေခြင်း မဟုတ်ကြောင်းနှင့် ဖွဲ့စည်းပုံ အခြေခံ ဥပဒေသည်လည်း ဒီမိုကရေစီကို ဦးတည်နေသည့် ဘောင်လမ်းကြောင်း မဟုတ်ကြောင်း တွေ့ရသည်။

ဒီမိုကရေစီနိုင်ငံတွင် စစ်တပ်မှ နိုင်ငံရေး ဦးဆောင်မှု အခန်းကဏ္ဍ မည်မျှ လျှော့ထားသည်ကို မီးမောင်းထိုးပြရမည် ဆိုလျှင် အမေရိကန် နိုင်ငံတွင် စစ်တပ်ကို အာဏာသိမ်းရန် စမ်းသတ်ခဲ့ပါသေးသည်ဟု စာရေးသူ၏ ရင်းနှီးသော မိတ်ဆွေတဦးမှ ပြောပြချက်အရ သိရသည်။ သို့သော် အရပ်သားပြည်သူ အုပ်ချုပ်သည့် စနစ်ကို အမေရိကန် စစ်တပ်က လေးစားလိုက်နာ၍ စစ်အာဏာ မသိမ်းခဲ့ပေ။ ထိုင်းနိုင်ငံတွင် ၀န်ကြီးချုပ်ဟောင်း တက်ဆင်၏ အာဏာ အလွဲသုံးစား ချယ်လှယ်မှု၊ အကတိလိုက်စားမှု၊ ဥပဒေ ချိုးဖေါက်မှုတို့ကို အဆုံးသတ်ရန် ၂၀၀၆ နှစ်တွင် ထိုင်းစစ်တပ်မှ အာဏာသိမ်းခဲ့သည်ကိုပင် နိုင်ငံတကာမှ အထောက်အပံ့များ ရုပ်သိမ်းခြင်းနှင့် ရှုတ်ချမှုများကို ချက်ချင်း ဆိုသလို အလူးအလဲ ခံလိုက်ရသည်။

အချုပ်ဆိုရသော် န အ ဖ ရေးဆွဲ အတည်ပြုထားသည့် နာဂစ်ဖွဲ့စည်းပုံကို နားလည် လွယ်အောင် ပြောရမည်ဆိုလျှင် “နွားမွေးရင် ကျွဲမဖြစ်၊ အရှေ့ဘက် သွားရင် အနောက်အရပ် မရောက်” သကဲ့သို့ပင် စစ်အာဏာရှင်စနစ်ကို ဦးတည်နေသည့် ဖွဲ့စည်းပုံသည် အဘယ်ကဲ့သို့ ဒီမိုကရေစီ ရနိုင်မည်နည်း။ ဒီမိုကရေစီစနစ်ကို တည်ဆောက်မည့် ဖွဲ့စည်းပုံ အခြေခံဥပဒေ အဖြစ်သို့ သက်ဆိုင်သူအားလုံး ပါဝင် ပြန်လည်ပြင်ဆင် ဖြည့်စွက်မှသာလျှင် ဒီမိုကရေစီ နိုင်ငံ တည်ဆောက် နိုင်မည် ဖြစ်ကြောင်း တင်ပြလိုက်ရပေသည်။

0 comments:

Post a Comment