Thursday, November 19, 2009

Filled Under:

ILO ညီလာခံနှင့် ဆိုင်သည့် ဆက်သွယ်မေးမြန်းချက်

RFA ----- 18/ 11/ 2009
မြန်မာနိုင်ငံမှာ ကလေးစစ်သား အဓမ္မ စုဆောင်းမှု၊ အဓမ္မလုပ်အား ခိုင်းစေ မှုတွေ ဆက်လက် ဖြစ်ပွားနေတယ် ဆိုပြီး ILO ကမ္ဘာ့အလုပ်သမား အဖွဲ့ချုပ်ရဲ့ Governing Body အုပ်ချုပ်မှု ညီလာခံမှာ ILO ရဲ့ မြန်မာ ဌာနေ ကိုယ်စားလှယ် Steave Maeshel က တင်ပြနေတယ်လို့ သိရပါတယ်။ မြန်မာနိုင်ငံမှာ အဓမ္မ လုပ်အားပေးမှုတွေ ပပျောက်ဖို့ အရင်နှစ်တွေကလည်း ILO က တိုက်တွန်းချက်တွေကို မြန်မာစစ်အစိုးရက ဘယ်လောက်အထိ လိုက်နာ ဆောင်ရွက်မှု ရှိနေတယ် ဆိုတာကို ဆန်းစစ်နေတာပါ။ ဒါနဲ့ ပတ်သက်ပြီး ရှေ့အလားအလာကို သိရအောင် အာရှ လူ့အခွင့်အရေး ကော်မရှင်ရဲ့ လူ့အခွင့်အရေး ရှေ့နေ ဦးမင်းလွင်ဦးကို ဆက်သွယ် မေးမြန်းထား ပါတယ်။

မေး ----- ဦးမင်းလွင်ဦးခင်ဗျား။ ဆွစ်ဇာလန်နိုင်ငံ ဂျီနီဗားမြို့မှာ ကျင်းပနေတဲ့ ILO ရဲ့ အုပ်ချုပ်ရေးကောင်စီ ညီလာခံ အစည်းအဝေးမှာ မြန်မာနိုင်ငံနဲ့ ပတ်သက်လို့ ဘယ်လို့အကြောင်းအရာတွေကို တင်ပြဆွေးနွေး နေတယ်လို့ လေ့လာတွေ့ရှိ ဘာသလဲ။

ဦးမင်းလွင်ဦး ----- ILO ဘက်ကနေပြီးတော့ နှစ်ဦးနှစ်ဘက် နားလည်မှု စာချွန်လွှာ လက်ခံရေးထိုးထားတယ်။ အဲဒီလက်မှတ် ရေးထိုးထားတဲ့ အပေါ်မှာ မြန်မာနိုင်ငံ စစ်အစိုးရကနေပြီး လိုက်နာဆောင်ရွက်ခြင်း မရှိတဲ့ ကိစ္စရပ်တွေကို အဓိက တင်ပြပြီး တောင်းဆိုမှာဖြစ်တယ်။ နောက်ပြီးတော့ နှစ်ဦးနှစ်ဘက် သဘော တူညီချက် ထဲမှာလည်း လက်မှတ်ရေးထိုးထားတဲ့ အထဲမှာ ILO ကို တိုင်ကြားတဲ့ သူတွေကို အရေးမယူဘူးဆိုတဲ့ အရာကိုလည်း အစိုးရကိုယ်တိုင်က ကျူးလွန် ဖေါက်ဖျက်နေတာကို ကျနော်တို့ သိရတယ်။

မေး ----- ဟုတ်ကဲ့ စစ်အစိုးရအနေနဲ့ ဒီလို ကျူးလွန်ဖေါက်ဖျက်နေတယ်လို့ ဘာကြောင့်များ ပြောနိုင်သလဲ ခင်ဗျား။

ဦးမင်းလွင်ဦး ------ ဘာဖြစ်လို့ ပြောရသလဲဆိုလို့ရှိရင် ILO ကို တိုင်ကြားတဲ့ အတွက် အောင်လံမြို့နယ်က ကိုဇော်ဌေး၊ ဦးအေးမြင့်၊ နောက်ပြီး အောင်လံမြို့နယ် က လယ်သမား ၁၃ ဦး၊ ဘွက်ကြီး ကြိုးဝိုင်းမှာ သစ်တောကြိုးဝိုင်းတွေ ဖျက်ဆီးမှု တွေနဲ့ ဦးလှမြင့်တို့ သားအဖကိုလည်း အရေးယူထားတာကို ကျနော်တို့ သိရတယ်။ နောက်တခါ ကလေးစစ်သားတွေ စုဆောင်းတဲ့ ကိစ္စရပ်တွေကလည်း မရပ်ဘဲနဲ့ ဆက်လက် ဖြစ်ပေါ်နေတယ် ဆိုတာကို ကျနော်တို့ သိရှိရတယ်။ အခုလို ဆိုလို့ရှိရင် ကလေးစစ်သားပေါင်း ၁၁၂ ယောက် အဓမ္မ စုဆောင်းခံလိုက်ရတယ် ဆိုတာကို ကျနော်တို့ သိရှိရတယ်။ ဒီအချက်အလက်တွေနဲ့ ပတ်သက်ပြီး ILO Governing Body ကနေပြီးတော့ မြန်မာစစ်အစိုးရကို သတိပေးမယ်၊ လိုက်နာဆောင်ရွက် ဖို့အတွက် အပြင်းအထန် နောက်ဆုံး သတိပေးမယ်လို့ ကျနော်တို့ ထင်ပါတယ်။

မေး ------ ILO ကို တိုင်ကြားမိတဲ့အတွက် အာဏာပိုင်တွေရဲ့ အရေးယူခြင်းကို ခံလိုက်ရတဲ့ သူတွေအတွက် ILO ဘက်နေ ဘာများ ကူညီဆောင်ရွက် ပေးတာတွေ ရှိနိုင်မှာလဲ ခင်ဗျား။

ဦးမင်းလွင်ဦး ------ အဲဒီကိစ္စနဲ့ ပတ်သက်လို့ ILO က နေပြီးတော့ အစိုးရ ခေါင်းဆောင်ပိုင်းတွေနဲ့ ဆွေးနွေး နေတာကို ကျနော်တို့ သိရတယ်။ အောင်လံမြို့နယ်က လယ်သမားကိစ္စကို လိုက်လံ ကူညီဆောင်ရွက်ပေးတဲ့ ရှေ့နေ ကိုပိုးဖြူ၊ ကိုရန်နိုင်အောင်ရဲ့ ကိစ္စကို သူတို့ ဆွေးနွေးနေတယ်။ ကိုဇော်ဌေး၊ နောက်ပြီးတော့ ဦးအေးမြင့် အဲဒီကိစ္စတွေကို သူတို့ အစိုးရနဲ့ ဆွေးနွေးနေတယ် ဆိုတာကိုဘဲ ကျနော်တို့ သိရတယ်။ နောက်ပိုင်း ဖြစ်ပေါ် တိုးတက်မှု တွေကိုတော့ ILO ပြောခွင့်ရှိတဲ့ သူတွေက ထုတ်ဖေါ် ပြောဆိုတာ မရှိသေးဘူး။ အဲဒါကြောင့် ဆွေးနွေးနေတဲ့ အဆင့်မှာဘဲ ရှိတယ်လို့ ကျနော်တို့ သိရတယ်။

မေး ----- အဲဒီတော့ ILO အဖွဲ့ချုပ်ကြီးက နေပြီးတော့ မြန်မာစစ်အစိုးရကို နှစ်စဉ်နှစ်တိုင်း မြန်မာနိုင်ငံမှာ အဓမ္မ လုပ်အားပေး စေခိုင်းမှုတွေကို လျော့အောင်လုပ်ပါ၊ ကလေးစစ်သား စုဆောင်းမှုတွေကို ဂရုတစိုက်နဲ့ ပပျောက် အောင်လုပ်ပါ တောင်းဆိုနေပေမဲ့ အဲဒီကိစ္စတွေ မြန်မာနိုင်ငံမှာ ဆက်လက်ဖြစ်ပွား နေတယ်ဆိုတော့ မြန်မာအစိုးရ က ဂရုမစိုက်တဲ့ သဘောလား။ ဒါမှမဟုတ် ILO ဘက်က အရေးယူ ဆောင်ရွက်မှုတွေက မထိရောက်တဲ့ သဘော လား ခင်ဗျား။

ဦးမင်းလွင်ဦး ------ မြန်မာနိုင်ငံမှာ ဖြစ်နေတဲ့ အဓမ္မ လယ်ယာမြေ သိမ်းတဲ့ကိစ္စ၊ အဓမ္မ ကလေးစစ်သား စုဆောင်း တဲ့ ကိစ္စရပ်တွေမှာ ကျနော်တို့ ပြန်ကြည့်မယ် ဆိုလို့ရှိရင် နှစ်မျိုး တွေ့နိုင်တယ်။ အချို့အရာတွေကျတော့ ဒေသ ဆိုင်ရာ အာဏာပိုင်တွေက လယ်ယာမြေတွေ သိမ်းဆည်းတယ်။ အဓမ္မလုပ်အားပေး ခိုင်းစေတယ် ဒီလိုမျိုး ရှိနေတယ်။ အဲဒီလိုမျိုး ကိစ္စရပ်တွေ ဆိုလို့ရှိရင်တော့ စစ်အစိုးကနေပြီးတော့ စစ်အစိုးရမှ အထိုက်အလျောက် လျှော့ပေးတာတွေ၊ ပူးပေါင်းဆောင်ရွက်ဟန် ပြပြီးတော့ လုပ်ဆောင်တဲ့ ကိစ္စရပ်တွေရှိတယ်။ သို့သော်လည်း အစောကပြောသလိုမျိုး အထွေထွေကိစ္စရပ်တွေရဲ့ စီမံ ဆောင်ရွက်ချက်တွေအရ လုပ်ဆောင်တဲ့ ကိစ္စရပ်တွေမှာ လုံးဝအလျော့ပေးခြင်း မရှိဘူး။ ပြင်းပြင်းထန်ထန် ဖိနှိပ်အရေးယူတယ် ဆိုတာကို ကျနော်တို့ တွေ့ရှိရတယ်။

မေး ----- ILO အဖွဲ့ချုပ်ကြီး အနေနဲ့ မြန်မာ စစ်အစိုးရ အပေါ်ကို ထိရောက်တဲ့ ဘယ်လိုအရေးယူ ဆောင်ရွက်မှု မျိုး ရှိနိုင်သေးသလဲ ခင်ဗျား။

ဦးမင်းလွင်ဦး ----- ရှိပါတယ်။ မြန်မာနိုင်ငံ စစ်အစိုးရ အနေနဲ့ လူ့အခွင့်အရေး ကောင်စီတို့၊ အထွေထွေညီလာခံတို့၊ လုံခြုံရေး ကောင်စီတို့ရဲ့ ဆုံးဖြတ်ချက်ကို အလေးမထားပေမဲ့ ILO ရဲ့ ဆုံးဖြတ်ချက်ကိုတော့ သူတို့က အလေး ထား ရတာ ဖြစ်တယ်။ ဘာဖြစ်လို့လည်းဆိုတော့ နိုင်ငံတကာ ကုန်သွယ်မှုနဲ့ ပတ်သက်လို့ ILO အဖွဲ့ဝင် နိုင်ငံတိုင်း ကနေပြီတော့ ဥပမာအားဖြင့် မြန်မာနိုင်ငံရဲ့ သဘောင်္တွေကို ဆိုက်ကပ်ခွင့် မရှိတော့ဘူး ဆိုရင်တောင်မှ အဲဒီမှာ ပြဿနာ စတင်မှာ ဖြစ်တယ်။

နောက်ပြီးတော့ မြန်မာနိုင်ငံ အတွင်းက တင်သွင်းလာတဲ့ ကုန်တွေကို ဆိုက်ကမ်းမှာ မချပေးဘူး ဆိုလို့ရှိရင် ပြဿနာ အများကြီး ရှိနိုင်တယ်။ လက်တွေ့ကျကျ ပြောရမယ် ဆိုလို့ရှိရင် ILO ရဲ့ဆုံးဖြတ်ချက်ကို သူတို့က အလေးထားတယ်။ သို့သော်လည်း နောက်ဆုံးအဆင့်မှသာ သူတို့က လိုက်လျောမယ်လို့ ကျနော်တို့ ထင်မြင် ယူဆပါတယ် ခင်ဗျား။

မေး ----- ဦးမင်းလွင်ဦး လေ့လာတွေ့ရှိချက်အရ ၂၀၀၈ အကုန် ၂၀၀၉ ထဲမှာ မြန်မာနိုင်ငံအတွင်းမှာ အဓမ္မ စေခိုင်းမှုတွေ၊ ကလေးစစ်သား စုဆောင်းမှုတွေက အရင်ကနဲ့စာရင် လျော့သွားသလား။ ဒါမှမဟုတ် ပိုပြီးတိုး လာသလား ခင်ဗျား။

ဦးမင်းလွင်ဦး ----- ILO ကို ကျနော်တို့ မြန်မာနိုင်ငံမှာ အဓမ္မ လုပ်အားပေးတဲ့ ကိစ္စတွေနဲ့ တိုင်တန်းတဲ့ ကိစ္စတွေ ကတော့ အနည်းအကျဉ်း လျော့သွားတာကို ကျနော်တို့ သိရတယ်။ သို့သော်လည်း အဓမ္မ ကလေးစစ်သား စုဆောင်းတဲ့ အမှုတွေက ပြီးခဲ့တဲ့ တနှစ်အတွင်းမှာကို ၁၁၂ ဦးထက်မက ရှိတယ်ဆိုတာကို ကျနော်တို့ သိရတယ်။ နောက်တခါ အဓမ္မ လယ်ယာမြေ သိမ်းခံရတဲ့ ကိစ္စရပ်တွေက ၂၀၀၉ ခုနှစ် အထဲမှာ တော်တော်များလာတာကို ကျနော်တို့ မြင်နေရပါတယ်။

ဟုတ်ကဲ့ ဦးမင်းလွင်ဦး ကျေးဇူးတင်ပါတယ် ခင်ဗျား။

0 comments:

Post a Comment