Saturday, November 21, 2009

Filled Under:

AHRC အာရှ လူ့အခွင့်အရေး ကော်မရှင်မှ ရှေ့နေ ဦးမင်းလွင်ဦး၏ အတွေးအမြင်

သူ့အတွေး သူ့အမြင်ကဏ္ဍ RFA ----- 20/ 11/ 2009

ရှေ့နေ ဦးမင်းလွင်ဦးဟာ မရည်ရွယ်ဘဲ ဥပဒေ အကျိုးဆောင်တဦး ဖြစ်လာခဲ့တာပါ။ ငယ်စဉ်က ပညာကို ကြိုးလားဆည်းပူးခဲ့ပြီး ဘွဲ့ရပြီးနောက် ပတ်ဝန်းကျင် အခြေ အနေရဲ့ စေ့ဆော် တိုက်တွန်းမှုကြောင့် ရှေ့နေအလုပ်ကို စိတ်ဝင်စားလာခဲ့သူ ဖြစ်ပါတယ်။ ငွေကြေး အခက်အခဲကြောင့် ဥပဒေရဲ့ အကာအကွယ်ပေးရမဲ့ ပြည်သူ တွေ၊ ဥပဒေအကြောင်း မသိ နားမလည်လို့ ဒုက္ခရောက်နေတဲ့ ပြည်သူတွေကို ကူညီချင်တဲ့စိတ်က သူ့ဘ၀လမ်းကြောင်းကို ရွေးချယ်ပေးခဲ့ပါတယ်။

“ကျနော်တို့ ကျောင်းပြီးသွားတဲ့ ၁၉၈၃ ခုနှစ် လောက်ကပေါ့။ အဲဒီအချိန်ကစပြီး ဆုံးဖြတ်ချက် ချခဲ့တယ်။ အဲဒီလို ဆုံးဖြတ်ခဲ့တာကတော့ ကျနော်တို့ မြန်မာနိုင်ငံ အတွင်းမှာ အကျဉ်းထောင်တွေ အတွင်းမှာ ဖြစ်ပျက်ခဲ့တဲ့ အဖြစ်အပျက်တွေကို တရားရုံးတွေမှာ နေ့တိုင်း တွေ့နေတာ ဖြစ်တယ်။ ရဲကားကြီးတွေက အပြာရောင် ကားတွေနဲ့ ရောက်လာတယ်။ နောက်ပြီးတော့ ရဲကားကြီးတွေနဲ့ တအုပ်ကြီး ပြန်ပါသွားတယ်။

တချို့ကျတော့လည်း အဲဒီလို ပြန်ပါသွားတဲ့အခါ ဥပဒေ အခွင့်အရေးအရ အာမခံ ပေးနိုင်တဲ့ အခြေအနေ ရှိရဲ့သားနဲ့ အာမခံ မပေးနိုင်တာတွေ၊ အကျိုးဆောင် တွေ မရှိတာတွေ အဲဒီလို နားမလည်လို့ လူတွေ တော်တော်များများ ဒုက္ခရောက်တဲ့ သူတွေအပေါ်မှာ ကြည့်ပြီးတော ကျနော်ကတော့ ရှေ့နေအလုပ်နဲ့ အသက်မွေးဝမ်းကြောင်း ပြုမယ်လို့ ဆုံးဖြတ်လိုက်တယ်။”

ဆရာကောင်း သမားဟောင်းတွေရဲ့ လမ်းညွှန်မှုနဲ့ ရှေ့နေ ဖြစ်လာပြီးတဲ့နောက် တရားမမှုတွေကို လိုက်ပါဆောင်ရွက်တဲ့ ရှေ့နေဖြစ်ဖို့ ရည်ရွယ်အားထုတ် ခဲ့ပေမဲ့လည်း တကယ့် လက်တွေ့မှာတော့ လူ့အခွင့်အရေး အကျိုးဆောင် ရှေ့နေ တဦး ဖြစ်လာခဲ့ပါတယ်။

“ သတိုးသီရိ သုဓမ္မမဟာသရေစည်သူ သိရိပျံချီ ဦးချန်ထွန်းအောင် အဲတာက ကျနော့ရဲ့ လက်ရင်းဆရာပါဘဲ။ သူကနေပြီးတော့ ကျနော့ရဲ့ Chamber Master လို့ ခေါ်တာပေါ့။ အဲဒီမှာ ကျနော်သူ့ဆီမှာ အလုပ်သင်ရှေ့နေ တနှစ်လုပ်တယ်။ လုပ်တဲ့အခါမှာ (၉)လ မြောက်တဲ့အခါမှာ ဆရာကြီးက ကျန်းမာရေးမကောင်းဘူး။ ကျန်းမာရေး မကောင်းလို့ ကျနော့်ကို ကဲမင်းရှေ့နေ ပညာရပ်ကို ဆည်းပူးချင်တယ် ဆိုလို့ရှိရင်တော့ ငါ့တပည့် နှစ်ယောက်ရှိတယ်။ သူတို့ဆီမှာ ဆည်းပူးပါ ဆိုပြီးတော့ ကျနော့ကို ရခိုင်ရှေ့နေတွေဖြစ်တဲ့ စနဲက ဦးသာဟိန်း၊ ကျောက်တော်က ဦးသိန်းစိုးအောင် သူတို့ဆီကို စာရေးပေးပြီးတော့ ကျနော့ကိုလွှတ်လိုက်တယ်။ လွှတ်လိုက်ပြီးနောက် အဲဒီဆရာကြီး နှစ်ယောက်ဆီမှာ သွားပြီးတော့ နောက်ထပ် နှစ်နှစ်ပေါ့ဗျား။ ပညာသင်ရတယ်။ က(ကကြီး)၊ ခ(ခခွေး) ကအစ အဲတာတွေကို အကုန်သင်တယ်။ အဲတာသင်ပြီးတဲ့နောက် ကျနော်ကတော့ လူ့အခွင့်အရေး ရှေ့နေဖြစ်ဖို့ မဟုတ်ဘူး။ ဖြစ်ချင်တာက တရားမမှုတွေကို ပိုင်ပိုင်နိုင်နိုင် ကျွမ်းကျင်တဲ့ ရှေ့နေတယောက် ဖြစ်ချင်တယ်။”

ရှေ့နေ ဦးမင်းလွင်ဦးဟာ ၁၉၈၈ ခုနှစ် ဒီမိုကရေစီ အရေးအခင်း နောက်ပိုင်း ပြည်ပကို ရောက်ရှိ လာပြီးတဲ့နောက် အလုပ်သမား အခွင့်အရေး၊ အမျိုးသမီးနဲ့ ကလေး အခွင့်အရေး စတဲ့ လူ့အခွင့်အရေး ကိစ္စတွေကို တစိုက်မတ်မတ် လိုက်ပါ ဆောင်ရွက်ရင်း လူ့အခွင့်အရေး ရှေ့နေ လုံးလုံး ဖြစ်လာခဲ့တာပါ။ မြန်မာနိုင်ငံက လူ့အခွင့်အရေး ချိုးဖေါက်ခံရမှုတွေကို ဥပဒေ ကြောင်းအရ အမြဲထိတွေ့ ဆောင်ရွက်ပေးနေသူ တဦးအဖြစ် ဒီကနေ့ မြန်မာနိုင်ငံရဲ့ လူ့အခွင့်အရေး အခြေအနေတွေကို ဦးမင်းလွင်ဦး ရှုမြင် သုံးသပ်တာက ဒီလိုပါ။

“ကျနော်တို့ မြန်မာပြည်ရဲ့ လူ့အခွင့်အရေး အခြေအနေကို ပြောရမယ်ဆိုလို့ ရှိရင် ၀မ်းနည်းစရာ ကောင်းပါတယ်။ ကလေးတွေ၊ အမျိုးသမီး တွေအတွက် အခွင့်အရေး မရှိဘူး။ အလုပ်သမားတွေ အတွက်လည်း အခွင့်အရေးတွေ တော်တော် နည်းတာကို ကျနော်တို့ တွေ့ရှိရတယ်။”

မြန်မာနိုင်ငံဟာ ကမ္ဘာပေါ်မှာ လူ့အခွင့်အရေး အများဆုံး ချိုးဖေါက်နေတဲ့ နိုင်ငံတခုအဖြစ် နိုင်ငံတကာ လေ့လာစောင့်ကြည့်ရေး အဖွဲ့တွေရဲ့ အစီရင်ခံစာတွေ အထဲမှာ အမြဲလိုလို စာရင်းသွင်း ခံနေရတာ နှစ်ပေါင်းများစွာ ရှိနေပါပြီ။ ဒီလို လူ့အခွင့်အရေး ချိုးဖေါက်မှု မျိုးစုံက ကင်းလွတ်နိုင်ဖို့ အတွက်ဆိုရင် မြန်မာ နိုင်ငံသားတွေ အနေနဲ့ ဘယ်လိုလိုက်နာ ဆောင်ရွက်ဖို့ လိုအပ်နေပါသလဲ ရှေ့နေ ဦးမင်းလွင်ဦးရဲ့ အကြံပြုချက်က -

“ကျနော်တို့ မြန်မာနိုင်ငံအတွင်းမှာက ပြစ်မှုမျိုးစုံတွေ ရှိတယ်။ ထိုနည်းသူစွာဘဲ ကျနော်တို့ မြန်မာနိုင်ငံအတွင်းမှာ နေထိုင်နေကြတဲ့ တိုင်းရင်းသား လုပ်သား ပြည်သူ အားလုံးကလည်း ဖိနှိပ်မှုမျိုးစုံကို ဘယ်လို တွန်းလှန်ရမှာလဲ ဆိုတာကို အမြဲကြံဆ နေပါတယ်။ ဒါကြောင့် ကျနော့အမြင်နဲ့ ပြောတာက ဘယ်လို ဘဲဖိနှိပ်နေပါစေ၊ မိမိရဲ့ ခံစားချက်နဲ့ မိမိရဲ့ ပြောဆိုလိုတဲ့ ခံစားချက်တွေကို နိုင်ငံတကာသိအောင်၊ လူ့အသိုင်းအ၀ိုင်းမှာ အကုန်လုံး ကြားနိုင်အောင်၊ နောက်ပြီး မိမိရဲ့ အပေါင်းအပါတွေ အားလုံး ပါနိုင်အောင် ပြောဆိုပြီး လုပ်ဆောင်ကြပါလို့ ကျနော်တိုက်တွန်း ချင်ပါတယ်။”

မိုင်ပေါင်း ထောင်နဲ့ချီ ဝေးကွာတဲ့ အရပ်ဒေသ တခုကနေ လူ့အခွင့်အရေး ချိုးဖေါက်ခံနေရတဲ့ အခြေအနေတွေကို နိုင်ငံတကာက ပိုပြီးသိမြင်လာအောင် ကြိုးပမ်းဆောင်ရွက်ရင်း ၀မ်းသာမျက်ရေ ဝေရတဲ့အထိ ကြည်နူးမှုရသ ခံစားရတဲ့အခါ ရှိသလို တခါတလေလည်း ပုသုဇန်တို့ရဲ့ သဘာဝအရ ဒေါမနတ္တ ပွားမိတဲ့အကြောင်း သူ့ရဲ့ ခံစးချက် အချို့ကို အခုလို ကြားရပြန်ပါတယ်။

“အာရှ လူ့အခွင့်အရေး ကော်မရှင်နဲ့ ပထမဦးဆုံး စပြီးလုပ်တဲ့အရာက မုံရွာက ချမ်းသာကျော်ဆိုတဲ့ ဆယ်တန်း ကျောင်းသားလေး အမှုမှာ ၊ အဲဒီအမှုမှာ ကျနော်တို့က Urgent Appeals အရေးပေါ် မေတ္တာရပ်ခံစာ ထုတ်လိုက်ပြီးတော့ တပါတ်လောက် အကြာမှာ ဒီကလေးကို ပြန်လွှတ်လိုက်တဲ့ အခါမှာ ဒီကလေးရဲ့ မိခင်ကနေပြီးတော့ ၀မ်းသာတယ်ဆိုတဲ့ ကျေးဇူးတင်စကား ပြောတဲ့အခါ ကျနော်တို့လည်း မျက်ရေကျတယ်။

နောက်ပြီတော့ အဲဒီလိုမျိုးဘဲ မြန်မာနိုင်ငံအတွင်းမှာ လူ့အခွင့်အရေး လှုပ်ရှားနေတဲ့ စုစုနွေးတို့ကိစ္စ၊ အဲဒီလို လူ့အခွင့်အရေးနဲ့ ပတ်သက်တဲ့ သူတွေရဲ့ကိစ္စကို လုပ်ဆောင်တဲ့အခါမှာ ကျနော်တို့ အောင်မြင်တာ မအောင်မြင်တာ အပထား။ ဒါတွေကို နိုင်ငံတကာ သိအောင် လုပ်ပေးနေတယ် ဆိုပြီးတော့ သူတို့ဘက်က ပြောဆိုနေတဲ့ အသံကို ကြားရတော့ ကျနော်တို့ အားရှိတယ်။ ဒါတွေကတော့ မအောင်မြင်တဲ့ အခါမှာကတော့ ကြည်နူးမှုက တစိတ်တပိုင်းပေါ့ဗျား။ အချို့အရာတွေ ကြေကွဲရတာပေါ့။ ဥပမာ အောင်လံမြို့နယ်က လယ်သမားတွေ ကိစ္စမျိုး ဆိုလို့ရှိရင် တော်တော်မကျေမနပ် ဖြစ်မိတယ်။ ဒါကတော့ ဘယ်တတ်နိုင်မှာလဲဗျား။ မြန်မာနိုင်ငံရဲ့ နိုင်ငံရေး စနစ်အရ ဒီလိုဖြစ်နေတယ် ဆိုတော့ အောင်မြင်တာ ရှိတယ်၊ မအောင်မြင်တာရှိတယ်။ အဲဒီအပေါ်မှာ ကျနော်တို့က ၀မ်းသာလိုက်၊ ၀မ်းနည်းလိုက်ပေါ့ဗျား။”

ဒေသတွင်း မြန်မာနိုင်ငံဟာ တချိန်က အရာရာ နံပါ (၁) ဖြစ်ခဲ့တဲ့ မြန်မာနိုင်င်ငံဟာ အာဏာရှင် လက်အောက်ဖြစ်ခဲ့တဲ့ ၁၉၆၂ ခုနှစ် ကစလို့ အရာရာမှာ ဘိတ်ဆုံး (နောက်ဆုံး) ဖြစ်သွားခဲ့ရတဲ့ အတွက် စိတ်ထဲမှာ အမြဲ ဘ၀င်မကျ ဖြစ်နေရတဲ့ ရှေ့နေဦးမင်းလွင်ဦးက မြန်မာတွေ ပြန်လက်မ ထောင်နိုင်တာ မြင်တွေ့လိုသူ တဦးလည်း ဖြစ်ပါတယ်။

“ကျနော်တို့ မြန်မာနိုင်ငံဟာ တချိန်တုန်းက အာရှမှာ နံပါတ် (၁)၊ ပညာရေးမှာလဲ နံပါတ် (၁)၊ စီးပွားရေးမှာလည်း နံပါတ် (၁) နောက်ပြီး အိုးအိမ် တည်ဆောက်မှုမှာလည်း နံပါတ် (၁)၊ အားလုံးက နံပါတ် (၁) ဖြစ်တယ်။ အဲလို ဖြစ်ရဲ့သားနဲ့ ၁၉၆၂ နောက်ပိုင်း တပ်မတော် အာဏာသိမ်းပြီး နောက်ပိုင်းမှာ ဖြူခါဖြာခါ ကျသွားလိုက်တာ တိုင်းသူပြည်သားတွေ ရစရာ မရှိလောက်အောင် ဖြစ်သွားတာ တော်တော် ၀မ်းနည်းဖွယ်ကောင်းတဲ့ အခြေအနေဖြစ်တယ်။

ကျနော့အနေနဲ့ မြင်ချင်တာက တော့ဗျား။ ကျနော်တို့ မြန်မာနိုင်ငံမှာ ရှိနေတဲ့ နိုင်ငံသား နိုင်ငံသူတွေ အားလုံးက အာရှမှာ လက်မထောင်ပြီးတော့ ကဲကျောင်းတကာ၊ တက္ကသိုလ်တကာမှာ ဆရာတွေ၊ နောက်ပြီးတော့ အလုပ်ဌာန အသီးသီးမှာ ကျွမ်းကျင်တဲ့ အရည်အချင်းရှိ အလုပ်သမားတွေ ဖြစ်စေချင်တယ်။ ကျနော်တို့ နိုင်ငံအခြေအနေက အဲဒီလို ဖန်တီးခဲ့တာ ဖြစ်တယ်။ ဒါပေမဲ့ အစိုးရကိုယ်တိုင် အသုံးမကျတဲ့အခါ ကျနော်တို့ ပြည်သူပြည်သားတွေက အစိုးရ အထောက်အပံ့ မရဘဲနဲ့ လိုက်လုပ်နေရတာက တော်တော်ပင်ပန်းတယ်။ အဲတာကို ကျနော်အများကြီး စိတ်မကောင်း ဖြစ်မိတယ်။ မြန်မာနိုင်ငံသူ နိုင်ငံသားတွေ အားလုံးဟာ အာရှမှာ ညံ့တော့မညံ့ဘူး။ ထိပ်ပိုင်းမှာ ရှိနေတယ် ဆိုတာကို သူတို့ရဲ့စိတ်ထဲမှာ စွဲစွဲမြဲမြဲ ရှိစေချင်တယ်လို့ ကျနော်ပြောချင်ပါတယ်။

(အာရှ လူအခွင့်အရေး ကော်မရှင်မှ ရှေ့နေ ဦးမင်းလွင်ဦး၏ အတွေးအမြင် အချို့ကို ကောက်နှုတ် တင်ပြခဲ့တာ ဖြစ်ပါတယ်။)

0 comments:

Post a Comment