Monday, November 23, 2009

Filled Under:

ရှေ့နေ ကိုဖိုးဖြူအမှု အယူခံ ပယ်ချသည့် အပေါ် AHRC ဝေဖန်

RFA ------ 23 November 2009

ILO အပြည်ပြည်ဆိုင်ရာ အလုပ်သမား အဖွဲ့ချုပ်ကို တိုင်ကြားထားတဲ့ နတ်မောက်မြို့နယ်က တောင်သူ လယ်သမားတွေရဲ့ အမှုကို လိုက်ပါ ဆောင်ရွက်ပေးခဲ့သူ့ ရှေ့နေ ကိုဖိုးဖြူကို မကွေးခရိုင် တရားရုံးက ထောင်ဒဏ် ၄ နှစ် ပြစ်ဒဏ် ချမှတ် လိုက်တဲ့အပေါ် အယူခံဝင်ခဲ့တာကို မန္တလေးတိုင်း တရားရုံးက ပြီးခဲ့တဲ့ သောကြာနေ့က ပယ်ချခဲ့ပါတယ်။

အဲဒီလို ပယ်ချလိုက်တာနဲ့ ပတ်သက်လို့ အာဏာပိုင်တွေက တရားစီရင်ရေး ကိစ္စအပေါ် ၀င်ရောက် စွက်ဖက်တာ ဖြစ်တယ်လို့ အာရှ လူ့အခွင့်အရေး ကော်မရှင်က ဝေဖန်လိုက်ပါတယ်။ ဒီကိစ္စနဲ့ပတ်သက်ပြီး အာရှ လူ့အခွင့်အရေး ကော်မရှင်မှ ရှေ့နေ ဦးမင်းလွင်ဦးက အခုလို သုံးသပ်ပါတယ်။

“ILO အမှုကို လိုက်လံဆောင်ရွက်တဲ့ ကိစ္စနဲ့ ပတ်သက်လို့ တရားရုံးတွေက နေပြီးတော့ လွတ်လပ်စွာ ဆုံးဖြတ် စီရင်နိုင်ခြင်း မရှိဘူးဆိုတာကို ကျနော်တို့ ကြားသိရတယ်။ ဒါကြောင့်လည်း အခုလို ပယ်လိုက်တာ ဖြစ်မယ်လို့ ကျနော်တို့ ထင်မြင် ယူဆပါတယ်။ ဘာဖြစ် လို့လည်းဆိုတော့ ရှေ့နေ ကိုဖိုးးဖြူကို အသင်းအဖွဲ့ ဖွဲ့စည်းခြင်းဆိုင် ရာဥပဒေတွေနဲ့ ဖမ်းဆီးပြီး အရေးယူထားခြင်းက ဥပဒေနဲ့ မညီဘူးဆိုတာကို အမှု သက်သေထဲမှာ အထင်အရှား ပေါ်ပေါက်ပြီးသား ဖြစ်တယ်။ အဲဒီလို ပေါ်ပေါက် သော်ငြားလည်း အောက်တရားရုံးတွေက နေပြီး ပြစ်ဒဏ်တွေ ပေးခဲ့တယ်။ အဲဒီတော့ အဲဒီပြစ်ဒဏ်တွေကို အာဏာပိုင်တွေရဲ့ အမိန့်မရဘဲ ချမှတ်နိုင်ခွင့် မရှိသေးလို့ အခုလိုမျိုး ထပ်ဆင့် အပယ်ခံနေရတယ်လို့ ထင်မြင်ယူဆတယ်။”

ဒီအမှုကို အထက်မြန်မာပြည် တရားရုံးချုပ်နဲ့ နေပြည်တော် အထူးအယူခံ တရားရုံးကို ထပ်ပြီးအယူခံနိုင်ဖို့ အလားအလာ ရှိတဲ့အကြောင်း သူ လွတ်မြောက်ရေးအတွက် ILO နဲ့ နိုင်ငံတကာ လူ့အခွင့်အရေး အဖွဲ့တွေကနေ တစိုက်မတ်မတ် ဖိအားပေးဖို့ လိုအပ်တယ်လို့ ဦးမင်းလွင်ဦးက ဆက်ပြောပါတယ်။

“အစိုးရက လိုက်နာ ဆောင်ရွက်ဖို့အတွက် နိုင်ငံတကာ အသိုင်းအ၀ိုင်းက ဖိအားပေးသွားဖို့ကို ကျနော်တို့ တတ်နိုင်သလောက် ဒီဘက်ကနေ ဆောင်ရွက်နေပါတယ် ခင်ဗျား။ နိုင်ငံတကာကလည်း ဖိအားပေးလာမယ်၊ ILO ကလည်း တောင်းဆိုလာမယ်၊ လူ့အခွင့်အရေး ကောင်စီကလည်း ဒီဟာတွေကို ပြင်ဆင်ဖို့အတွက် သတိပေး ပြောဆိုလာမယ်ဆိုလို့ ရှိရင်တော့ အထိုက်အလျှောက် လွတ်မြောက် လာနိုင်လိမ့်မယ်လို့ ကျနော်တို့ ထင်မြင်ယူဆပါတယ် ခင်ဗျား။“

အာရှ လူ့အခွင့်အရေး ကော်မရှင်မှ ရှေ့နေ ဦးမင်းလွင်ဦး ပြောဆိုသွားတာပါ။

ရှေ့နေ ကိုဖိုးးဖြူဟာ ဇန်နာဝါရီလ ၁၅ ရက်နေ့တုန်းက မကွေးတရားရုံးမှာ အမှုလိုက်ပါ ဆောင်ရွက်ပြီး အပြန် အောင်လံမြို့မှာ အဖမ်းခံနေရတာ ဖြစ်ပါတယ်။ မတ်လ ၁၇ ရက်မှာတော့ မကွေးခရိုင် တရားရုံးကနေ အသင်းအဖွဲ့ ဆိုင်ရာ စည်းမျဉ်းဥပဒေ ပုဒ်မ (၆)နဲ့ ညိစွန်းတယ်ဆိုပြီး ထောင်ဒဏ် ၄ နှစ် ချမှတ်ခဲ့ ပြီးတဲ့နောက် အခုအခါမှ သရက်ထောင်ကို ပို့ပြီး ချုပ်နှောင် ခံထားရတာ ဖြစ်ပါတယ် ခင်ဗျား။

0 comments:

Post a Comment