Thursday, December 03, 2009

Filled Under:

ကုလသမဂ္ဂ အထွေထွေညီလာခံတွင် မြန်မာကိုယ်စားလှယ် အရှက်ရ

မျိုးမြတ်မွန်
ဒီဇင်ဘာလ ၃ ရက်၊ ၂၀၀၉ ခုနှစ်

ပြီးခဲတဲ့ နိုဝင်ဘာ လက ၆၄ ကြိမ်မြောက် ကုလသမဂ္ဂ အထွေထွေ ညီလာခံ ကျင်းပရာ မြန်မာ စစ်အစိုးရ ကိုယ်စားလှယ် အပါအ၀င် အခြား အဖွဲ့ဝင် နိုင်ငံများမှလည်း တက်ရောက် ခဲ့ကြတယ်။ ညီလာခံတွင် အချက် ၃၀ ပါတဲ့ မြန်မာ့ အရေးဆိုင်ရာ ဆုံးဖြတ်ချက် မူကြမ်းကို နိုဝင်ဘာလ ၁၉ ရက်တွင် အဆို တင်သွင်းရာ နိုင်ငံပေါင်း ၉၂ နိုင်ငံမှ ထောက်ခံကာ ၆၅ နိုင်ငံက ကြားနေပြီး၂၆ နိုင်ငံရဲ့ ကန့်ကွက်မှုနဲ့ အတည်ပြု ဆုံးဖြတ် ခဲ့ကြတယ်။

ထိုကဲ့သို့ ဆုံးဖြတ်ချက် ချလိုက်ခြင်းသည်
ကမ္ဘာ့ကုလသမဂ္ဂ အဖွဲ့ဝင် နိုင်ငံများ အကြား မြန်မာစစ်အစိုးရ ကိုယ်စားလှယ် အဖို့ များစွာ အရှက်ရ စေခဲ့တယ်။ သို့သော် စစ်အစိုးရ ကိုယ်စားလှယ်မှ အလျှော့ပေး ပုံမရ “မြန်မာနိုင်ငံရဲ့ လူ့အခွင့်အရေး အခြေအနေနဲ့ ပတ်သက်ပြီး ဥရေပသမဂ္ဂရဲ့ ယူဆချက်တွေဟာ လွဲမှားနေပါတယ်။ ဒီဆုံးဖြတ်ချက် မူကြမ်းဟာ မြန်မာနိုင်ငံ အပေါ် ဆက်လက် ဖိအားပေးဖို့နဲ့ အရေးယူ ပိတ်ဆို့မှုတွေ ဆက်လက် တည်ရှိနေဖို့ လုပ်ဆောင်နေတာ ဖြစ်ပါတယ်။ မြန်မာနိုင်ငံအပေါ် နိုင်ငံရေးဆိုင်ရာ ဖိအားပေးမှုတွေနဲ့ အခြားနိုင်ငံ တွေနဲ့ နိုင်ငံတကာ ငွေကြေး အဖွဲ့အစည်းတွေက မြန်မာနိုင်ငံရဲ့ ဖွံ့ဖြိုးတိုးတက်မှု တွေအတွက် အကူအညီ ပေးနေတာတွေ တားဆီး နေတာတွေဟာ တရားမျှတမှု မရှိပါဘူး။” လို့ တုန့်ပြန်လိုက် သေးတယ်။

မည်သို့ဆိုစေ ကမ္ဘာ့ကုလသမဂ္ဂ၀င် နိုင်ငံများ၏ မဲပေးဆုံးဖြတ်ချက်သည် စစ်အစိုးရ ကိုယ်စားလှယ် တုန့်ပြန်လိုက်သကဲ့သို့ မြန်မာနိုင်ငံကို အကြောင်းမဲ့ ဖိအားပေး နေသလား၊ သာမှမဟုတ် စစ်အစိုးရ ကိုယ်စားလှယ်ကဘဲ အစိုးရကိုယ်စား လိမ်လည် အကာအကွယ် ပေးနေသလား စတဲ့စတဲ့ အနေအထားတွေကို မြန်မာပြည်သူတွေ ဆန်းစစ်လေ့လာသင့်တဲ့ အချက်တချက် ဖြစ်လာတယ်။ ထိုသို့ ဆန်းစစ်ရာဝယ် အပိုင်းနှစ်ပိုင်းခွဲပြီး လေ့လာရန် လိုပေလိမ့်မယ်။ ပထမ အချက် အနေနဲ့ ကုလသမဂ္ဂ အဖွဲ့ဝင်နိုင်ငံများရဲ့ ဆောင်ရွက်ချက်ဖြစ်ပြီး အခြားကဏ္ဍတခုမှာ မြန်မာစစ်အစိုးရရဲ့ ပြုပြင်ပြောင်းလဲမှု အနေအထာားဘဲ ဖြစ်တယ်။

ကုလသမဂ္ဂ အဖွဲ့ဝင်များရဲ့ ဆုံးဖြတ်ချက်မူကြမ်းပါ အချက် (၃၀)တွင် ၂၀၁၀ ရွေးကောက်ပွဲအား တရားမျှတတဲ့ ရွေးကောက်ပွဲ ဖြစ်ဖို့၊ ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံ အခြေခံ ဥပဒေကိုလည်း အများလက်ခံနိုင်ရန် ပြန်လည်ပြင်ဆင်ဖို့၊ ဒေါ်အောင်ဆန်းစုကြည်နဲ့ နိုင်ငံရေး အကျဉ်းသားတွေကို လွှတ်ပေးဖို့၊ အမျိုးသား ပြန်လည်ရင်ကြား စေနိုင်ရေးအတွက် အစိုးရနဲ့ အတိုက်အခံအကြား တွေ့ဆုံ ဆွေးနွေးဖို့၊ ကလေးစစ်သား အသုံးပြုနေတာကို ရပ်ဖို့ စတဲ့ တောင်းဆိုချက်များ ပါဝင်တယ်။ ထိုအပြင် နယ်စပ်ဒေသမှာ တိုင်းရင်းသားတွေအပေါ် စစ်ဆင်နေတာ ကိုလည်း အထူးစိုးးရိမ် မကင်းတဲ့အကြောင်း ထုတ်ဖေါ် ပြောကြားခဲ့သေးတယ်။

အချက် (၃၀)ပါ ကုလသမဂ္ဂ အတည်ပြု ဆုံးဖြတ်ချက်သည် ဒီမိုကရေစီစနစ်နဲ့ ပြည်ထောင်စု နိုင်ငံ တည်ဆောက်ရေးအတွက် မရှိမဖြစ် အရေးကြီးတဲ့အချက် တွေ ပါနေတယ်။ မြန်မာ စစ်အစိုးရ အနေနဲ့လည်း ဒီမိုကရေစီ လမ်းကြောင်းသို့ ချီတက်နေတယ်လို့ ၀ါဒဖြန့် နေတာ ကြာနေခဲ့ပြီ ဖြစ်ပါတယ်။ သို့သော် ဒီမိုကရေစီ စနစ်အား အကောင်အထည်ဖေါ်နိုင်မဲ့ ကျင့်စဉ်တွေအားလုံးကို မြန်မာစစ်အစိုးရ လျစ်လျူရှု ချိုးဖေါက် နေသည်မှာလည်း ဖုံးကွယ်လိမ်လည်၍ မရတဲ့ အခြေအနေမှာ ရှိနေတယ်။ ၁၉၉၄ ခုနှစ် ကတည်းက ကုသမဂ္ဂမှ အတိုက်အခံ ဒီမိုကရေစီ အင်အားစု၊ တိုင်းရင်းသား အင်အားစုနှင့် စစ်အစိုးရတို့ အကြား သုံးပွင့်ဆိုင် ဆွေးနွေးရေးဖို့ တိုက်တွန်းခဲ့တာကို စစ်အစိုးရက မသိကျိုးကျွံ ပြုထားဆဲဖြစ်တယ်။ လက်နက်ကိုင် တိုင်းရင်းသားများနဲ့ အပစ်အခတ်ရပ်စဲရေး ပြုထားသည်မှာလည်း စစ်မှန်တဲ့ နိုင်ငံရေး တွေ့ဆုံဆွေးနွေးရေး မဟုတ်ပေ။ လက်နက်ကိုင် တိုင်းရင်းသားအဖွဲ့များကို တပြည်းပြည်း အားနဲစေပြီး သွယ်ဝိုက် လက်နက်အပ်ရေးသာ ဖြစ်တယ်။ ယခုဆိုရင် လက်နက်ကိုင် အပစ်ရပ် တိုင်းရင်းသားအချို့ စစ်အစိုးရ အုပ်ချုပ်မှုအောက်တွင် ဌာနေပြည်သူ့စစ် သို့မဟုတ် နယ်ခြားစောင့်တပ် ပြောင်းလဲ ဖွဲ့စည်းလိုက်ရပြီး နိုင်ငံရေးစကားဝိုင်း တခွန်းတလေမျှ မစရသေးချေ။

အမျိုးသားညီလာခံ၌ ဖွဲ့စည်းပုံရေးဆွဲရာတွင် ညီလာခံကိုယ်စားလှယ်များရဲ့ လွတ်လပ်စွာ ဆွေးနွေးခွင့်ကို ပိတ်ပင်ထားတဲ့အပြင် အကြံပြု တောင်းဆိုချက် ကိုလည်း ဘေးဖယ်ထားလိုက်တယ်။ တနည်းအားဖြင့် ဖွဲ့စည်းပုံ အခြေခံဥပဒေကို အမျိုးသားညီလာခံတွင် ရေးဆွဲခဲ့ခြင်းမဟုတ်ဘဲ ညီလာခံ မကျင်းပမီကပင် စစ်အစိုးရမှ ၎င်းတို့စစ်အုပ်ချုပ်ရေးစနစ် သက်ဆိုးရှည်ရေးအတွက် တဖက်သတ် ချမှတ်ထားခဲ့ပြီ ဖြစ်တယ်။ သို့ဖြစ်၍ စစ်အာဏာရှင်စနစ် ဦးတည်သွားစေမည့် နာဂစ်ဖွဲ့စည်းပုံ အခြေခံဥပဒေကို ဒီမိုကရေစီ အင်အားစုများ၊ တိုင်းရင်းသား အင်အားစုများနဲ့ တိုင်းသူပြည်သားများ လက်မခံနိုင်တဲ့ ဖွဲ့စည်းပုံ အခြေခံဥပဒေ ဖြစ်နေတယ်။ ဤအခြေအနေတွင် တိုင်းရင်းသားအင်အားစုများနဲ့ ဒီမိုကရေစီအင်အားစုများမှ ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ဆင်ပေးမှသာလျှင် ရွေးကောက်ပွဲဝင်ဖို့ စဉ်းစားမည်ဟု ပြောဆိုလာသည်။ ယခုကဲ့သို့ ကုသမဂ္ဂမှ ညီလာခံမှ အတည်ပြု ဆုံးဖြတ်လိုက်ခြင်းသည် မြန်မာနိုင်ငံသားတို့ရဲ့ နှစ်ရှည်လများ တောင်းဆိုချက်ကို ကိုယ်စားပြု ပြန်လည် တောင်းဆိုပေးခြင်း ဖြစ်တယ်။ ဒါတွေဟာ နိုင်ငံရေး ကဏ္ဍအရ ပြုပြင်ပြောင်းလဲ ပေးရမဲ့ အချက်ဖြစ်တယ်။

အခြားတဘက်တွင် ကမ္ဘာ့အလုပ်သမား အဖွဲ့ချုပ် (ILO) နဲ့ သဘောတူထားတဲ့ အဓမ္မ လုပ်အား စေခိုင်းမှု၊ ကလေးစစ်သား စုဆောင်းမှု စတဲ့လူ့အခွင့်အရေး ကိစ္စနဲ့ စပ်လျဉ်းပြီး စုံစမ်းရေးအဖွဲ့က အဓမ္မ စေခိုင်းမှုတွေ ပပျောက်ရေးတွေမှာ အောင်မြင်မှု မရှိဘူးလို့ အပြည်ပြည်ဆိုင်ရာ အလုပ်သမား အဖွဲ့ချုပ်ရဲ့ ILO ရဲ့ အုပ်ချုပ်ရေး အဖွဲ့က နိုဝင်ဘာ ၁၉ ရက်နေ့က ပြောလိုက်ပါတယ်။ လုပ်အားစေခိုင်းမှုနဲ့ ပတ်သက်ပြီး တိုင်တန်းသူတွေကို အကြောင်းအမျိုးမျိုးပြပြီး ပြစ်ဒဏ်ချမှတ်နေတာလည်း အထင်အရှား ရှိနေဆဲ ဖြစ်တယ်။

စစ်အစိုးရအနေနဲ့ ၂၀၁၀ တွင် ရွေးကောက်ပွဲ ကျင်းပမယ်လို့လည်း ပြောတယ်။ သို့သော် “ရွေးကောက်ပွဲ ဥပဒေ မထွက်သေးဘူး။ အရင် ၁၉၉၀ ရွေးကောက်ပွဲ တုန်းက ရွေးကောက်ပွဲ မတိုင်ခင် နိုင်ငံရေးဆိုင်ရာ မှတ်ပုံတင်ခွင့်ကို တနှစ်ခွဲ ကျော်ကျော်လောက် ထွက်တယ်။ ရွေးကောက်ပွဲ ဥပဒေကို တနှစ် ကျော်ကျော်လောက် ထုတ်ပေးတယ်။” လို့ ဒီမိုကရက်တစ် ပါတီ မြန်မာပြည်ရဲ့ ဥက္ကဌ ဦးသုဝေ ကပြောတယ်။ သို့သော် စစ်အစိုးရ အနေနဲ့ နိုင်ငံရေး အသင်းအဖွဲ့များ မှတ်ပုံတင်ခွင့်နဲ့ ရွေးကောက်ပွဲ ဥပဒေ ထုတ်ပြန်သေးခြင်းလည်း မရှိသေးပေ။ ပိုမို ဆိုးရွားသည်မှာ ဒေါ်အောင်ဆန်းစုကြည် အပါအ၀င် နိုင်ငံရေး အကျဉ်းသားများကို မလွတ်ပေးတဲ့အပြင် ရာဇ၀တ်မှုအဖြစ် တရားစွဲဆိုပြီး ပိုမိုချုပ်နှောင်ထားဆဲ ဖြစ်တယ်။

ဒါကြောင့် ကုလသမဂ္ဂရဲ့ ဆုံးဖြတ်ချက်သည် စစ်အစိုးရ ကိုယ်စားလှယ် ပြောသကဲ့သို့ မြန်မာနိုင်ငံကို နိုင်ငံရေးအရ ဖိအားပေးခြင်း မျိုးမဟုတ်ဘဲ စစ်အစိုးရ ကိုယ်စားလှယ်ကသာ ကုသမဂ္ဂ အထွေထွေ ညီလာခံတွင် လိမ်ညာနေခြင်းကြောင်း ထင်ရှားတယ်။

အခုအခါ စစ်ဗိုလ်ချုပ်များအား International Criminal Court နိုင်ငံတကာ ပြစ်မှုဆိုင်ရာ တရားမရုံး တင်ရေး လှုပ်ရှားမှု အရှိအဟုန်သည် ပိုမိုထိရောက် လာနေပြီ ဖြစ်တယ်။ ကုမသမဂ္ဂ အထွေထွေ ညီလာခံတွင်လည်း စစ်အစိုးရ ကိုယ်စားလှယ် မျက်နှာပျက် အရှက်ရ နေပြီဖြစ်တယ်။ ဤအနေအထားတွင် စစ်အစိုးရ အနေနဲ့ ဒီအတိုင်းဘဲ လျစ်လျူရှု ခေါင်းမာနေမယ်ဆိုရင် နိုင်ငံတကာ တရားရုံးတွင် ရာဇ၀တ်သားအဖြစ် အပြစ်ဒဏ် ခံရမယ် ဆိုတာ မဖြစ်နိုင်ဘူးလို့ တထစ်ချ မထွက်စေချင်ဘူး။ မျက်နှာပျက် အရှက်ရစေတဲ့ အဆင့်မှ အပြစ်ဒဏ် ရာဇ၀တ်သားဘ၀ မကျရောက် စေရန် စစ်အစိုးရအနေနဲ့ ပြင်ဆင်သင့်သည်များကို ပြင်ဆင်ပေးဖို့လိုကြောင်း သုံးသပ် တင်ပြလိုက်ရပေသည်။

0 comments:

Post a Comment