Monday, December 07, 2009

Filled Under:

ဒေါ်အောင်ဆန်းစုကြည်ရဲ့ အယူခံ အခြေအနေ

RFA ----- 5/ 12/ 2009
ဒေါ်အောင်ဆန်း စုကြည် အယူခံကို လက်ခံသင့် မခံသင့် ဗဟိုတရားရုံးက လျှောက်လွှဲ လိုက်တာနဲ့ ပတ်သက် ပြီးတော့ နိုင်ငံတော်ရဲ့ အမြင့်ဆုံး တရားရုံးကလည်း ဥပဒေနဲ့ အညီ တိတိကျကျ စစ်ဆေးကြားနာ လိမ့်မယ်လို့ ထင်မြင်ကြောင်း၊ ဒါမှသာ မြန်မာနိုင်ငံရဲ့ တရားစီရင်ရေး စနစ်အပေါ် နိုင်ငံသား အားလုံးက ယုံကြည်လာမည် ဖြစ်ကြောင်းကို အာရှ လူ့အခွင့်အရေး ကော်မရှင် (AHRC) မှ ဦးမင်းလွင်ဦးက ပြောဆိုလိုက် ပါတယ်။ ဒီအကြောင်းနဲ့ ပတ်သက်ပြီးတော့ ဦးမင်းလွင်ကို ကျနော် ဆက်သွယ် မေးမြန်း ထားပါတယ် ခင်ဗျား။

မေး ------ ဒေါ်အောင်ဆန်းစုကြည်ရဲ့ အယူခံကိစ္စကို လက်ခံသင့်မသင့် လျှောက်လဲချက် ပေးတော့မယ် ဆိုတဲ့အခါကျတော့ အရင်တခေါက် တုန်းကလို တိုင်းတရားရုံးက ပယ်ချလိုက်ပြီးတော့ ၇၄ ဖွဲ့စည်းပုံအခြေခံ ဥပဒေက အသက်မ၀င်တော့ဘူးလို့ သူတို့လက်ခံတယ်။ ဒါပေမဲ့ ဒီဥပဒေက ရှိနေတုန်းဘဲ ဆိုပြီးတော့ အကြောင်းပြပြီးတော့ အယူခံ ပယ်ချလိုက်တယ်ပေါ့နော်။ အဲတော့ ဒီတခေါက်မှာလည်း ဘယ်လိုဖြစ်လာနိုင်မှာလဲ ခင်ဗျား။

ဦးမင်းလွင်ဦး ------ ဒေါ်အောင်ဆန်းစုကြည် အမှုနဲ့ ပတ်သက်ပြီးပြောရမယ် ဆိုလို့ရှိရင်တော့ နိုင်ငံတော်အေးချမ်း သာယာရေး ဥက္ကဌ ကိုယ်တိုင်ကနေပြီးတော့ သတ်မှတ်ထားတဲ့ ပြစ်ဒဏ်တွေ အပေါ်မှာ အောက်တရားရုံး အဆင့်ဆင့်က နေပြီေးတာ့ ပြင်ဆင်ဖို့အတွက် သော်လည်းကောင်း၊ လက်ခံ ဆုံးဖြတ်ဖို့အတွက် သော်လည်းကောင်း အခက်အခဲ များစွာရှိလိမ့်မယ်လို့ ကျနော်တို့ ထင်မြင်ယူဆ ပါတယ်။ ဒါကြောင့်လည်း အောက်တရားရုံး အဆင့်ဆင့်မှာ လက်မခံဘူးလို့ ကျနော်တို့ ထင်မြင်တယ်။ သို့သော်လည်း မြန်မာနိုင်ငံရဲ့ အမြင့်ဆုံး တရား စီရင်ရေးကို ဆုံးဖြတ်တဲ့ တရားရုံးချုပ်မှာ ကျလို့ရှိရင်တော့ ဒီအမှုကို လက်ခံပြီး ဥပဒေနဲ့အညီ စစ်ဆေးလိမ့်မယ်လို့ ကျနော်တို့ ထင်မြင်ယူဆပါတယ်။

မေး ----- မြန်မာပြည် အနေအထားနဲ့ဆိုရင် ဥပဒေနဲ့ ညီတယ် မညီဘူး ဆိုတာကို ဘယ်လိုတိုင်းတာလို့ ရမှာလဲခင်ဗျား။

ဦးမင်းလွင်ဦး ----- ဒီကိစ္စက ပြောရမယ် ဆိုလို့ရှိရင် နည်းနည်းတော့ ခက်ခက်ခဲခဲ ရှိပါတယ်။ ဥပမာ ပြောရမယ် ဆိုလို့ရှိရင် ဒေါ်အောင်ဆန်းစုကြည်ကို ကန့်သတ်မိန့် တွေ၊ တားဆီးမိန့်တွေ လုပ်ထားတဲ့ ဥစ္စာက ၁၉၇၄ ဖွဲ့စည်းပုံ အခြေခံ ဥပဒေမှာပါတဲ့ ပုဒ်မတွေနဲ့ ကန့်သတ် တားဆီးမိန့်တွေ ထုတ်ထားတာ ဖြစ်တယ်။ သို့သော်လည်း ကြေငြာချက်အမှတ် ၇/၂၀၀၈ အရ ဖွဲ့စည်းပုံ အခြေခံ ဥပဒေအသစ်ကို အတည်ပြု ပြဌာန်းလိုက်ပြီး ဆိုကတည်းက ၇၄ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံ ဥပဒေက မရှိတော့ဘူး။

အဲတော့ ၇၄ ဖွဲ့စည်းပုံ အခြေခံဥပဒေ မရှိတော့ဘူး ဆိုလို့ရှိရင် အဲဒီဥပဒေနဲ့ ကန့်သတ်ထားတဲ့ တားဆီးမိန့်တွေ၊ တားမြစ်မိန့်တွေ အားလုံးကလည်း အလိုလို ပျက်ပြယ်ပြီးသား ဖြစ်သွားလိမ့်မယ်။ ဒါတွေကို တရားရုံးချုပ်က နေပြီးတော့ အတိအကျ စီရင်ဆုံးဖြတ် ပေးနိုင်မယ်လို့ ကျနော်တို့ ထင်မြင်ယူဆတယ်။

မေး ----- နိုင်ငံတကာ ဥပဒေအရ ဆိုရင်ရော ဒေါ်အောင်ဆန်းစုကြည်ရဲ့ အမှုက ဘယ်လိုဖြစ်သွားနိုင် သလဲခင်ဗျား။

ဦးမင်းလွင်ဦး ----- ၂၀၀၃ ခုနှစ် ဒီပဲယင်း ဖြစ်လာပြီးတဲ့ နောက်ပိုင်းမှာ ကုလသမဂ္ဂရဲ့ လူ့အခွင့်အရေး ကောင်စီရဲ့ လုပ်ငန်းအဖွဲ့ဖြစ်တဲ့ ဥပဒေမဲ့ မတရား ဖမ်းဆီး ထိန်းသိမ်းခြင်းဆိုင်ရာ အဖွဲ့ကနေပြီးတော့ နိုင်ငံသား တဦးတယောက် အနေနဲ့ နိုင်ငံသားနှင့် နိုင်ငံရေးဆိုင်ရာ အခွင့်အရေးတွေအရ ခွင့်ပြုသင့်တဲ့ လွတ်လပ်ခွင့်တွေ ရှိတယ်။ စာပေးစာယူ ဆက်သွယ်မှုတွေ၊ နေအိမ်အတွင်း လွတ်လပ်စွာ နေထိုင်မှုတွေ၊ ဒါတွေကို ကန့်သတ်ထားခြင်းဟာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ လုံခြုံရေးကြောင့် မဟုတ်ဘဲ မတရားဖမ်းဆီး ချုပ်နှောင်ခြင်း ဖြစ်တယ်ဆိုတာကို ကုလသမဂ္ဂ လူ့အခွင့်အရေး ကောင်စီက နေပြီးတော့ ပြောထားတာတွေ ရှိတယ် ခင်ဗျား။

မေး ----- ဒေါ်အောင်ဆန်းစုကြည်ရဲ့ အမှုကိစ္စကလေ စစ်အစိုးရက ပြောနေတာက ဥပဒေချိုးဖေါက်လို့ သူတို့ အရေးယူတယ်လို့ ပြောတာပေါ့နော်။ ဒါပေမဲ့ ကျန်တဲ့ နိုင်ငံတကာ အသိုင်းအ၀ိုင်းနဲ့ ပြည်တွင်းအတိုက်အခံ အဖွဲ့တွေကပါ ပြောဆို နေကြတဲ့ နိုင်ငံရေးအရကို ဖမ်းဆီးထောင်ချထားတယ်လို့ ပြောတယ်။ အဲလို ဖြစ်နေတဲ့ အနေအထား နှစ်ခုမှာ ဘယ်လိုမျိုး အယူခံကို နိုင်လာနိုင်မှာလဲ။

ဦးမင်းလွင်ဦး ----- ဒေါ်အောင်ဆန်းစုကြည်ကို နိုင်ငံတော်အား နှောင့်ယှက် ဖျက်ဆီးလိုသူများ၏ ဘေးအန္တရာယ်မှ ကာကွယ်သည့် အက်ဥပဒေအရ အရေးယူထားတယ် ဆိုတဲ့ဥပဒေ ဖြစ်တဲ့အတွက် နိုင်ငံရေးအရ ဖမ်းဆီးထိန်းသိမ်း ထားတာ ဖြစ်တယ်။ အခုတရားရုံးချုပ်မှာ နောက်ဆုံး အယူခံအဖြစ် တင်သွင်းလာတဲ့ ကိစ္စရပ်တွေမှာ တိတိကျကျနဲ့ ဒါတွေကို စစ်ဆေးစီရင် ဆုံးဖြတ်နိုင်လိမ့်မယ်လို့ ကျနော်တို့ ထင်မြင်ယူဆတယ်။ ဒါမှလည်း ကျနော်တို့ မြန်မာနိုင်ငံရဲ့ တရားစီရင်ရေးစနစ်က တိကျမယ်၊ မှန်ကန်မယ်၊ ပြည်သူများ အားကိုးအားထား ပြုလောက်တဲ့ တရားစီရင်ရေး စနစ်ပြနိုင်တယ် ဆိုတာကို ကျနော်တို့ အနေနဲ့ ထင်မြင်ယူဆတယ်။

မေး ----- အဲတော့ ဦးမင်းလွင်ဦးက နိုင်ငံတကာ တရားစီရင်ရေးတွေကို ကိုယ်တိုင်လေ့လာနေပြီးတော့ ဥရောပနိုင်ငံတွေကိုလည်း ရောက်ရှိနေတဲ့ ရှေ့နေတဦးအနေနဲ့ အကယ်၍သာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ အယူခံကိစ္စကို လိုက်ခွင့်ရခဲ့မယ် ဆိုလို့ရှိရင် ဦးမင်းလွင်ဦးအနေနဲ့ ဘယ်လိုရှုထောင့်က နေပြီးတော့ တရားရုံးကို လျှောက်လဲပြုမှာလဲ ခင်ဗျား။

ဦးမင်းလွင်ဦး ------ ကျနော်တို့အနေနဲ့ ပြောရမယ် ဆိုလို့ရှိရင်တော့ ဒေါ်အောင်ဆန်းစုကြည်ကို အရေးယူထားတဲ့ ကိစ္စက ၁၉၇၄ ဖွဲ့စည်းပုံ အခြေခံ ဥပဒေကကို မူတည်ပြီးတော့ အရေးယူထားတဲ့ ကိစ္စဖြစ်တယ်။ ဒီဟာက (၁) အချက်မှားတယ်။ နောက်ပြီးတော့ ခုခံချေပခွင့် အတိအကျ မပေးဘူး။ နောက်ပြီးတော့ သက်သေတွေကို လုံလောက်စွာ တင်ပြနိုင်ခွင့် မရှိဘူး။ ဒီဥစ္စာတွေက နိုင်ငံတကာ စံချိန်စံညှန်းတွေနဲ့ တွက်မယ်ဆိုလို့ရှိရင် လွန်စွာမှပင် မှားယွင်းတဲ့ ကိစ္စရပ်တွေ ဖြစ်တယ်။

နောက်ပြီတော့တခါ ကျနော်တို့ မြန်မာနိုင်ငံအတွင်းမှာ အခုလိုမျိုး နိုင်ငံတော်အား နှောင့်ယှက်ဖျက်ဆီး သူများရဲ့ အက်ဥပဒေ၊ နောက်ပြီတော့ အရေးပေါ် အက်ဥပဒေ၊ နောက်ပြီးတော့ ကျေးရွာများနဲ့ အက်ဥပဒေ၊ ဒီအက်ဥပဒေ တွေက ကျနော်တို့ နိုင်ငံသားတွေရဲ့ အခွင့်အရေးတွေကို ကန့်သတ်ချုပ်ချယ်တဲ့ အခွင့်အရေးတွေ ဖြစ်တယ်။ ဒါကြောင့် ဒီဥစ္စာတွေကိုလည်း ဖျက်သင့်တယ်ဆိုပြီးတော့ ကျနော်တို့က နေပြီး တင်ပြလျှောက်လဲမှာ ဖြစ်တယ်။

အခုလို ရှင်းပြတာ ကျေးဇူးတင်ပါတယ် ခင်ဗျား။

0 comments:

Post a Comment