Thursday, December 10, 2009

Filled Under:

အာရှနိုင်ငံများ ရင်ဆိုင်နေရတဲ့ လူ့အခွင့်အရေးအပေါ် AHRC အစီရင်ခံစာထုတ်ပြန်

RFA ----- 10/ 12/ 2009
မေး ----- အခုဒီ ဒီဇင်ဘာလ ၁၀ ရက်နေ့ နိုင်ငံတကာ လူ့အခွင့်အရေးနေ့မှာ အာရှ လူ့အခွင့်အရေး ကော်မရှင် ကနေပြီးတော့ အာရှဒေသဆိုင်ရာ လူ့အခွင့်အရေး အစီရင်ခံစာတ စောင် ထုတ်ပြန်ထားတယ်လို့ ကျနော်တို့ သိရတယ်။

ဦးမင်းလွင်ဦး ----- ဟုတ်ပါတယ် ခင်ဗျား။ ကျနော်တို့ အာရှလူ့အခွင့်အရေး ကော်မရှင် ကနေပြီးတော့ အာရှ ၁၁ နိုင်ငံကို အထူးပြု လေ့လာပြီးတော့ ဒီနေ့ အစီရင်ခံစာမှာ တင်ပြထားပါတယ်။ အဲတော့ အာရှ ၁၁ နိုင်ငံကတော့ ဘင်္ဂလာဒေ့ရှ်၊ မြန်မာ၊ ကမ္ဘောဒီးယား၊ အိန္ဒိယ၊ အင်ဒိုနီးရှား၊ နီပေါ၊ ပါကစ္စတန်၊ ဖိလစ်ပိုင်၊တောင်ကိုးရီးယား၊ သီရိလင်္ကာနဲ့ ထိုင်းနိုင်ငံတို့ ဖြစ်ပါတယ်။

မေး ----- ဟုတ်ကဲ့၊ ဘာဖြစ်လို့ အဲဒီ ၁၁ နိုင်ငံကို အဓိက အာရုံထားပြီးတော့ ဒီအစီရင်ခံစာကို ထုတ်ပြန်ရသလဲ ခင်ဗျား။

ဦးမင်းလွင်ဦး ------ ဘာကြောင့်လဲဆိုတော့
ဒီနိုင်ငံတွေမှာ နိုင်ငံရေး မတည်ငြိမ်မှု တွေက အခုအချိန်အထိ ရှိနေတာကို ကျနော်တို့ တွေ့ရတယ်။ နောက်ပြီးတော့ အုပ်ချုပ်သူ အစိုးရကနေပြီးတော့ တရားစီရင်ရေးတွေမှာ ၀င်ရောက်စွက်ဖက်ပြီး နှောင့်ယှက်တဲ့အတွက် လွတ်လပ်တဲ့ တရားစီရင်ရေး စနစ်တွေ မရှိဘူး ဆိုတာကို ကျနော်တို့ မြင်တွေ့နေရတယ်။ နောက်ပြီးတော့ ပြည်တွင်း ပဋိပက္ခတွေ ဆက်လက် ရှိနေ သေးတဲ့အတွက် လူ့အခွင့်အရေး ချိုးဖေါက်မှုတွေက ဆိုးဆိုးဝါးဝါး ဒီနိုင်ငံတွေမှာ ဆက်လက်ဖြစ်ပေါ် နေသေးတယ် ဆိုတာကို ကျနော်တို့ ရရှိတဲ့ မှတ်တမ်းတွေအရ သိရှိရတဲ့အတွက် အဲဒီ ၁၁ နိုင်ငံကို ကျနော်တို့ အထူးပြုပြီး တင်ပြထား တာ ဖြစ်တယ်။

မေး ------ အဲဒီအထဲမှာ မြန်မာနိုင်ငံနဲ့ ပတ်သက်လို့ ဘယ်လိုလူ့အခွင့်အရေး ချိုးဖေါက်မှုတွေကို အဓိကထား တင်ပြထားသလဲ ခင်ဗျား။

ဦးမင်းလွင်ဦး ------ ကျနော်တို့ မြန်မာနိုင်ငံအတွင်းမှာ ဖြစ်ပွားခဲ့တဲ့ လူ့အခွင့်အရေး ချိုးဖေါက်မှုတွေ၊ တရားရုံး အဆင့်ဆင့်မှာ တင်ပြစစ်ဆေးတဲ့ အမှုတွေမှာ တရား ဥပဒေ စံချိန်စံညွှန်းနဲ့ မညီဘဲ စစ်ဆေးတဲ့ဟာတွေကို ကျနော်တို့ အထူးအလေး ထားပြီး တင်ပြထားတာ ရှိပါတယ်။

မေး ----- ဟုတ်ကဲ့ တရားစီရင်ရေးဆိုင်ရာ ကိစ္စတွေကို အဓိကထား တင်ပြ ထားတယ်ဆိုတော့ မြန်မာပြည်နဲ့ ပတ်သက်လို့ ဘယ်လို အခြေအနေတွေများ ထောက်ပြထားသလဲ။

ဦးမင်းလွင်ဦး ------ ပထမဦးဆုံး ပြောရမယ်ဆိုရင် မြန်မာနိုင်ငံရဲ့ တရားစီရင်ရေး စနစ်က လွတ်လပ်တဲ့ တရားစီရင်ရေးစနစ် မဟုတ်ဘူး။ နောက်ပြီးတော့ ကျနော်တို့ မြန်မာနိုင်ငံရဲ့ တရားရုံးအဆင့်ဆင့် စစ်ဆေး စီရင်တဲ့အခါမှာ ပြစ်မှုဆိုင်ရာ ကျင့်ထုံး ဥပဒေ၊ သက်သေခံဥပဒေ စတဲ့ ဥပဒေ ပြဌာန်းချက်တွေကို တရားရုံးအဆင့်ဆင့်က နေပြီးတော့ လိုက်နာ စစ်ဆေးကျင့်သုံးခြင်း မရှိဘူး။ နောက်တခါ တရားစွဲ အဖွဲ့ အစည်း အသီးသီးမှာ လာဒ်စားမှု၊ ချစားမှုတွေ ရှိနေတယ်။ ယခင်က ဆိုလို့ရှိရင် အမှုစစ်ဆေး ဆုံးဖြတ်တဲ့ အဆင့်လောက်မှာဘဲ လာဒ်စားမှု လက်ပေးလာဒ်ယူမှုတွေ ရှိခဲ့တယ်။

အခုအခါ ဘယ်လို ဖြစ်လာသလဲဆိုတော့ အမှုစွဲဆိုဖို့ အတွက်တောင်မှ ရဲတွေ၊ ဥပဒေ၀န်ထမ်းတွေကို ငွေပေးပြီးမှ ဖွင့်တဲ့အဆင့်အထိ ဖြစ်လာတဲ့အတွက် ပြည်သူတွေရဲ့ နစ်နာချက်တွေကို တိုင်တန်းတဲ့ နေရာတွေ လွန်စွာမှပင် ခဲယဉ်း သွားပြီးဆိုတာကို ကျနော်တို့အနေနဲ့ အထူးအလေးပေးပြီး ထောက်ပြထားတာ ဖြစ်တယ်။ နောက်ပြီးတော့ မြန်မာနိုင်ငံအတွင်းမှာ ပြည်သူလူထုတွေအနေနဲ့ တရားစီရင်ရေး စနစ်အဆင့်ဆင့်မှာ မှန်ကန်မှု မရှိတဲ့ကိစ္စရပ်တွေကို ထောက်ပြနိုင်ဖို့ အခွင့်အရေး အလွန်နည်းပါးနေတာကို ကျနော်တို့ အလေးထားပြီး တင်ပြထားခြင်း ဖြစ်ပါတယ် ခင်ဗျား။

အာရှ လူ့အခွင့်အရေး ကော်မရှင်မှ ဦးမင်းလွင်ဦး ပြောဆိုသွားတာ ဖြစ်ပါတယ်ခင်ဗျား။

0 comments:

Post a Comment