Friday, December 11, 2009

Filled Under:

မြန်မာနိုင်ငံ လူ့အခွင့်အရေး အခြေအနေ

BBC ----- 10/ 12/ 2009

AHRC ခေါ် အာရှ လူ့အခွင့်အရေး ကော်မရှင်က နိုင်ငံတကာ လူ့အခွင့်အရေးနေ့ ဒီကနေ့မှာဘဲ မြန်မာနိုင်ငံအတွင်း လူ့အခွင့်အရေး ချိုးဖေါက်မှုတွေ ရှိနေတယ်လို့ ကြေငြာချက် ထုတ်ပြန်ရင်း ထုတ်ဖေါ်ပြောဆို ခဲ့ပါတယ်။ AHRC အဖွဲ့က ဦးမင်းလွင်ဦးကို ဦဘမော်က ဆက်သွယ်ပြီး ဘယ်နေရာက လူ့အခွင့်အရေး ချိုးဖေါက်မှုတွေ အဆိုးဝါးဆုံး ဖြစ်နေတယ်လို့ မေးကြည့်တော့ သူ့က အခုလို စပြောပါတယ်။

ဦးမင်းလွင်ဦး ------
၂၀၀၉ ခုနှစ်အတွင်းမှာ ကျနော်တို့ လက်ခံရရှိတဲ့ အမှုပေါင်း ၁၂၀ ကျော်ရှိပါတယ်။ ၁၂၀ အတွင်းမှာ တော်တော်များများက နိုင်ငံရေးနဲ့ ဆက်နွယ်တဲ့ အမှုတွေ ဖြစ်တယ်။ ပြီးတော့ ဆိုင်ကလုန်းနာဂစ် ဖြစ်ပြီးတော့ လိုက်နာ ဆောင်ရွက်ပေးတဲ့ သူတွေကို ဖမ်းဆီးပြီးထားတဲ့ သူတွေဖြစ်တယ်။ ပြီးတော့ ရွှေဝါရောင် လှုပ်ရှားမှု နောက်ပိုင်း ဆက်လက် ဖမ်းဆီးထားတဲ့ အမှုတွေ ဖြစ်တယ်။ ဒီဲတော့ အဲဒီအမှုတွေ တော်တော်များများက ဥပဒေ ရှုထောင့်အရ ကြည့်မယ် ဆိုလို့ရှိရင် လွတ်လပ်တဲ့ တရားစီရင်ရေးစနစ် မကျင့်သုံး နိုင်တဲ့အတွက် အုပ်ချုပ်သူတွေ အာဏာပိုင်တွေရဲ့ အလိုကျ စစ်ဆေးစီရင်ခဲ့တာ များတယ်။ သက်သေ အထောက်အထား ခိုင်ခိုင်လုံလုံ မရှိဘူး။ ပြစ်မှုဆိုင်ရာ ကျင့်ထုံးဥပဒေ သက်သေခံ ဥပဒေတွေကို တရားရုံးတွေက လိုက်နာကျင့်သုံးမှု မရှိဘဲနဲ့ စစ်ဆေးစီရင် ဆုံးဖြတ်ထားတာကို ကျနော်တို့ သိရတယ်။

အဲတော့ လူ့အခွင့်အရေး ချိုးဖေါက်မှု တော်တော်များများက အာဏာပိုင်တွေ အနေနဲ့ နိုင်ငံရေးတက်ကြွ လှုပ်ရှားတဲ့ အုပ်စုတွေ၊ လူငယ်တွေ၊ နိုင်ငံရေးပါတီတွေ၊ အဲဒီပြည်သူတွေကို ဆက်လက် ဖိနှိပ်ဖို့အတွက် လုပ်ဆောင်နေတဲ့ သူတွေဖြစ်တယ် ဆိုတာကို ကျနော်တို့ တွေ့ရှိရတယ်။ အဲတာတွေကြောင့် ၂၀၀၉ ခုနှစ်အတွက် မြန်မာနိုင်ငံရဲ့ အစီရင်ခံစာမှာ အဲဒီအမှုတွေ သုံးသပ် တင်ပြထားတာ ဖြစ်တယ်။

မေး ----- ပြီးတော့ မြန်မာနိုင်ငံမှာ တရားဥပဒေ စိုးမိုးမှု မရှိလို့ ဖြစ်ရတယ်ဆိုတော့ တရားဥပဒေစိုးမိုးမှု ရှိလာအောင် ဘာတွေများ လုပ်ဆောင်ဖို့ လိုတယ်လို့ ယူဆပါသလဲ။

ဦးမင်းလွင်ဦး ------ လွတ်လပ်တဲ့ တရားစီရင်ရေး ရှိမှသာ ကျနော်တို့ မြန်မာနိုင်ငံမှာ တရားဥပဒေ စိုးမိုးမှုရှိမယ်။ တရားဥပဒေ စိုးမိုးမှု ရှိမှသာလျှင် နိုင်ငံသားတွေရဲ့ သတ်မှတ်ပြဌာန်းထားတဲ့ အခွင့်အရေးတွေကို အတိအကျ ခံစားနိုင်မှာ ဖြစ်တယ်။ ထိုနည်းတူစွာ လူ့အခွင့်အရေး ကိုလည်း အပြည့်အ၀ တောင်းဆိုနိုင်မှာ ဖြစ်တယ်။ ဒီလိုမျိုး လူ့အခွင့်အရေး အပြည့်အ၀ ရနိုင်ဖို့ ဆိုလို့ရှိရင်တော့ လွတ်လပ်တဲ့ တရားစီရင်ရေး စနစ်ကို ကျင့်သုံးဖို့လိုတယ်။ ချစားမှုတွေကို တိုက်ဖျက်ဖို့လိုတယ်။ ပြည်သူလူထု ယုံကြည်အောင် လွတ်လပ်တဲ့ တရားစီရင်ရေး ရှိတယ်ဆိုတာကို အာဏာပိုင် အစိုးရတွေ ချမှတ်ပြဌာန်းပေးဖို့ လိုတယ်။ စီမံအုပ်ချုပ်ပေးဖို့ လိုတယ်။ အဲလိုမှသာလျှင် ကျနော်တို့ မြန်မာနိုင်ငံမှာ လူ့အခွင့်အရေးကို အပြည့်အ၀ ခံစားနိုင်မှာ ဖြစ်တယ်။

မေး ----- နိုင်ငံတကာက လူ့အခွင့်အရေး ကိစ္စတွေကို ကျယ်ကျယ်လောင်လောင် ပြောဆိုနေတဲ့ အချိန်မှာဘဲ ဒီလိုလူ့အခွင့်အရေး ချိုးဖေါက်မှုတွေ ရှိနေသေးတယ် ဆိုတော့ နိုင်ငံတကာ အနေနဲ့ လူ့အခွင့်အရေး ချိုးဖေါက်မှုတွေ ရှိနေတာကို ရပ်တန့်အောင် ဘာတွေများ လုပ်ပေးနိုင်မယ်လို့ ယူဆပါသလဲ။

ဦးမင်းလွင်ဦး ------ နိုင်ငံတကာ ကနေပြီးတော့ လူ့အခွင့်အရေး ချိုးဖေါက်မှုတွေ ရပ်တန့်ဖို့ကို ကုလသမဂ္ဂ လုံခြုံရေးကောင်စီ ကနေပြီး ဆုံးဖြတ်ချက်တွေ ချမှတ်ပြီးတော့ တားမြစ်တဲ့ ကိစ္စတွေလည်း ရှိတယ်။ သို့သော်လည်း ဒီဟာတွေက အခုအချိန်အထိ ထိထိရောက်ရောက် မဆောင်ရွက် နိုင်သေးတယ် ဆိုတာကို အချို့နိုင်ငံတွေ တော်တော်များများမှာ ရင်ဆိုင် ကြုံတွေ့နေရတယ်။ အဲတော့ နိုင်ငံတကာအနေနဲ့ ဆက်လက်ပြီးတော့ ဖိအားပေးတဲ့ ကိစ္စကလည်း ဆက်လက် ဖိအားပေးနိုင်သလို အုပ်ချုပ်တဲ့ အာဏာပိုင် အစိုးရတွေကလည်း ဒီဆုံးဖြတ်ချက် တွေကို လိုက်နာကျင့်သုံးဖို့ လိုတယ်။ မိမိနိုင်ငံ အတွင်းမှာရှိတဲ့ ပြဌာန်းထားတဲ့ ဥပဒေတွေနဲ့အညီ စစ်ဆေး စီရင်ဖို့အတွက် ကြပ်မတ် ဆောင်ရွက်ပေးဖို့ လိုတယ် ဆိုတာကို ကျနော်တို့ အဓိကထား ပြောချင်ပါတယ်။

0 comments:

Post a Comment