Monday, January 18, 2010

Filled Under:

မြန်မာ အာဏာပိုင်တွေရဲ့ နှိပ်စက်မှုကို စုံစမ်းပေးရန် AHRC မှ UN Special Rapporteur on Torture သို့ အိတ်ဖွင့်ပေးစာပို့

RFA ----- 18/ 1/ 2010

မြန်မာနိုင်ငံမှာ နိုင်ငံရေး လှုပ်ရှားသူတွေကို စစ်ကြောရေး စခန်းနဲ့ အကျဉ်းထောင်တွေ အတွင်း ညှဉ်းပန်းနှိပ်စက်ပြီး ထွက်ချက်ရယူကာ နှစ်ရှည်ထောင်ဒဏ် ချနေတာတွေကို ၀ိုင်းဝန်း တားဆီးပေးဖို့ ကမ္ဘာ့ကုလသမဂ္ဂ ညှဉ်းပန်းနှိပ်စက်မှုဆိုင်ရာ ဆန့်ကျင်ရေး အထူးကိုယ်စားလှယ် ပေါမောက္ခ Manfred Nowak ထံကို အာရှ လူ့အခွင့်အရေး ကော်မရှင် AHRC က ဒီကနေ့ အိတ်ဖွင့်ပေးစာ တစောင် ပေးပို့ပြီး တောင်းဆို တိုက်တွန်းထားပါတယ်။

သံသယရှိလို့ ဖမ်းဆီးထားသူတွေကို ညှဉ်းပန်းနှိပ်စက်မှု မရှိကြောင်းနဲ့ ညှဉ်းပန်းနှိပ်လို့ ရတဲ့ ထွက်ချက်တွေကို တရားရုံးမှာ အသုံးပြုခွင့်မရကြောင်း အဲဒီအိတ်ဖွင့်ပေးစာမှာ ဖေါ်ပြထားပါတယ်။ ဒီအိတ်ဖွင့်ပေးစာနဲ့ ပတ်သက်ပြီးတော့ AHRC က လူ့အခွင့်အရေး ရှေ့နေ ဦးမင်းလွင်ဦးက အခုလို ပြောပြပါတယ်။

“မတရား နှိပ်စက်ညှဉ်းပန်းပြီးတော့ ရယူထားတဲ့ ဖြောင့်ချက်တွေအပေါ်မှာ တရားတွေက ဒါတွေကို လက်ခံပြီးတော့ ကြီးလေးတဲ့ အပြစ်တွေကို ပေးနေတယ်။ ထောင်တွင်းမှာလည်းကောင်း၊ စစ်ကြောရေး စခန်းမှာလည်းကောင်း၊ နှိပ်စက်ညှဉ်းပန်း ခံရတဲ့ ကိစ္စရပ်တွေ တော်တော်များများရှိတယ်။ ဒီကိစ္စတွေကို စုံစမ်းပေးဖို့ ကျနော်တို့က အိတ်ဖွင့်ပေးစာအနေနဲ့ ထုတ်ပြန်ထားရခြင်း ဖြစ်တယ်။”

အိတ်ဖွင့်ပေးစာမှာ နှိပ်စက်ညှဉ်းပန်းမှု ကျူးလွန်တာကိုလည်း အသေးစိတ် ဖေါ်ပြထားပါတယ်။ ဥပမာ- နိုင်ငံရေး အကျဉ်းသားများ လွတ်မြောက်ရေး ဆုတောင်းပွဲလုပ်လုပ် အဖမ်းခံရတဲ့ ဒေါက်တာဝင့်သူ နဲ့ ၈ ဦးကို ဖေါ်ပြထားပါတယ်။ ဒီအမှုမှာ ရဲတပ်ဖွဲ့မှ ဗိုလ်ကြီးဇော်လွင်နဲ့ စစ်ဆေးရေး အရာရှိတွေ ဖြစ်ကြတဲ့ သက်ဝေ၊ ကျော်မျိုးလှိုင်၊ ကျော်ထူးနိုင်တို့က သံဃာတော် တပါးဖြစ်တဲ့ ဦးဇင်း ဦးနန္ဒါဝန္တကို ၂ ရက်အကြာ မတ်တပ်ရပ်ထားခြင်း၊ ခဲလုံး အချွန်အထက်တွေပေါ်မှာ ဒူးထောက် ခြေတလုံးပေါ် တက်ခုံခြင်း၊ သစ်သားဒုတ်နဲ့ ဦးခေါင်းကို ရိုက်ခြင်း၊ စတဲ့ ညှဉ်းပန်းနှိပ်စက်မှုတွေကို ကျူးလွန်ခဲ့တယ်လို့ ဖေါ်ပြထားပါတယ်။

အလားတူ အောင်သပြေ စစ်ကြောရေးစခန်း အပါအ၀င် စစ်ကြောရေး ဌာနတွေက ညှဉ်းပန်းနှိပ်စက်မှုတွေကို ကျူးလွန်နေသူ အရာရှိတွေကို အမည်နဲ့တကွ ဖေါ်ပြထားပါတယ်။ ဒီညှဉ်းပန်း နှိပ်စက်မှုတွေဟာ ရာဇ၀တ်မှုတွေ ဖြစ်တယ်လို့ ဖေါ်ပြထာါးတယ်။ အခုလို ကုလသမဂ္ဂ ညှဉ်းပန်းနှိပ်စက်မှု ဆိုင်ရာ မဟာမင်းကြီးရုံးကို အိတ်ဖွင့်ပေးစာ ပေးရခြင်းနဲ့ ပတ်သက်ပြီး ဦးမင်းလွင်ဦးက အခုလို ဆက်လက် ရှင်းပြပါတယ်။

“ဒီဖမ်းဆီးထားတဲ့ တရားခံတွေကို နှိပ်စက်ညှဉ်းပန်းခြင်း မပြုရဘူး။ နှိပ်စက်ညှဉ်းပန်းခြင်း ပြုတယ်ဆိုလို့ရှိရင် အရေးယူခြင်း ခံရမယ်၊ ထောင်ဒဏ်အပြစ်ပေးခြင်း ခံရမယ် ဆိုပြီးတော့ ရဲစည်းမျဉ်းစည်းကမ်းမှာ ပြဌာန်းထားတာ ရှိပါတယ်။ သို့သော်လည်း ဒေါက်တာဝင့်သူတို့ အမှုမှာ ဒု-ရဲမှူးကြီးကိုယ်တိုင်က ပါဝင်ပြီး နှိပ်စက်ညှဉ်းပန်းတာကို ကျနော်တို့ တွေ့ရတယ်။ အနည်းဆုံး ဒု-ရဲအုပ် အဆင့်ရှိတဲ့ အရာရှိကိုယ်တိုင်က လက်ရဲစက်ရဲနဲ့ အခုလိုမျိုး နှိပ်စက်ညှဉ်းပန်းတာကို ကျူးလွန်နေတာ ဖြစ်တယ်။ ဒါကြောင့် ကျနော်တို့ အနေနဲ့ ရှေ့ဆက်ပြီးတော့ မြန်မာနိုင်ငံအတွင်းမှာ နှိပ်စက်ညှဉ်းပန်းမှုတွေကို တားဆီးနိုင်လိမ့်မယ် ဆိုတဲ့ ရည်ရွယ်ချက်နဲ့ ကျနော်တို့ ထုတ်ပြန်ရခြင်း ဖြစ်ပါတယ် ခင်ဗျား။”


မြန်မာနိုင်ငံက နှိပ်စက်ညှဉ်းပန်းမှုတွေကို ရပ်တန့်အောင် နိုင်ငံတကာ အသိုင်းအ၀ိုင်း အစိုးရတွေကလည်း ၀ိုင်းဝန်းကူညီ ဆောင်ရွက်ပေးကြဖို့ အာရှုလူ့အခွင့်အရေး ကော်မရှင်က ထုတ်ပြန်ထားပါတယ်။

အိတ်ပွင့်ပေးစာ အပြည့်အစုံကို ဤအင်တာနက် စာမျက်နှာတွင် ဖတ်ရှုလေ့လာနိုင်ပါတယ်။ http://www.ahrchk.net/statements/mainfile.php/2009statements/2372/

0 comments:

Post a Comment