Tuesday, January 19, 2010

Filled Under:

ညှဉ်းပန်းနှိပ်စက်မှုကြောင့် မြန်မာအစိုးရကို ဖိအားပေးနိုင်ဖို့ AHRC အိတ်ဖွင့်ပေးစာပို့

VOA ---- 18/ 1/ 2009
မြန်မာပြည်က လူ့အခွင့်အရေး ချိုးဖေါက်မှုတွေ အထဲမှာ နိုင်ငံအရေး အကျဉ်းသားတွေကို နှိပ်စက် ညှဉ်းပန်းမှုတွေဟာ ပိုမိုဆိုးဝါး လာတဲ့အတွက် အခုလို တိုင်ကြား ရတာ ဖြစ်ကြောင်း၊ ဒီလို နှိပ်စက် ညှဉ်းပန်းမှုတွေမှာ အာဏာပိုင်တွေ ပါဝင်ပတ်သက် နေတဲ့အတွက် အရေးယူမှုတွေ ဖြစ်လာမယ် မဟုတ်ဘူးလို့ အာရှလူ့အခွင့်အရေး ကော်မရှင်က ပြောပါတယ်။

ပြောရေးဆိုခွင့်ရှိသူ ရှေ့နေကြီး ဦးမင်းလွင်ဦး ပြောပြတာကတော့ “ စစ်ကြောရေး စခန်းတွေမှာ၊ ထောင်ထဲမှာ နှိပ်စက်ညှဉ်းပန်းတာ ရှိတယ်။ အဲဒီလိုမျိုး နှိပ်စက် ညှဉ်းပန်းတာက အာဏာပိုင်တွေ ကိုယ်တိုင် ကျူးလွန် ဖေါက်ဖျက်နေတာ ဖြစ်တယ်။ အထူးသဖြင့် ဒေါက်တာဝင့်သူ တို့ရဲ့ အမှုမှာ ဆိုလို့ရှိရင် ဒု-ရဲမှူး အဆင့်ရှိသူ ကိုယ်တိုင် ပါတယ်။ နောက် စစ်ဆေးတဲ့နေရာမှာ စစ်ကြောရေး ၀င်တဲ့အခါမှာ ဒု-ရဲအုပ် အဆင့်လောက် အနိမ့်ဆုံး ရှိတဲ့သူတွေ ကနေပြီးတော့ နှိပ်စက်ညှဉ်းပန်းတာ ရှိတယ်။ အဲတော့ ဒီလိုမျိုး မြန်မာနိုင်ငံမှာ ပြဌာန်းထားတဲ့ ရဲစည်းကမ်း ထိန်းသိမ်းရေး ဥပဒေဆိုတာ ရှိတယ်။ အဲဒီဥပဒေမှာ တရားခံတွေကို နှိပ်စက်ညှဉ်းပန်းတယ် ဆိုလို့ရှိရင် အရေးယူ အပြစ်ပေးခံရမယ်။ ထောင်ဒဏ် ၃ နှစ်အထိ အပြစ်ပေးရမယ်လို့ ဆိုတယ်။”

အခုလို နှိပ်စက်ညှဉ်းပန်းမှု ခံနေရပေမဲ့ တိုင်ကြားမှုကတော့ လွယ်မယ် မဟုတ်ဘူးလို့ ဆိုပါတယ်။ ဘာကြောင့်လည်းဆိုတော့ တိုင်ကြားခံရသူတွေဟာ အာဏာပိုင် တွေကိုယ်တိုင် ဖြစ်နေတာကြောင့် ဆိုပါတယ်။

“အဲတော့ ဒီလိုနှိပ်စက်ညှဉ်းပန်းခြင်း ခံရသူတွေအနေနဲ့ သက်ဆိုင်ရာ ရဲစခန်းကို သော်လည်းကောင်း၊ တရားရုံးကို သော်လည်းကောင်း သွားရောက်တိုင်ကြားမယ် ဆိုရင် ဒု-ရဲမှူး အဆင့်ရှိသူ ပါဝင်ပတ်သက် နေတဲ့အတွက် ဒီအမှုတွေဟာ ဘယ်တော့မှ ပေါ်ပေါက်လာမယ် မဟုတ်ဘူး။ ဒါကြောင့်လည်း ကျနော်တို့က ကုလသမဂ္ဂ လူ့အခွင့်အရေး ကောင်စီ လက်အောက်မှာရှိတဲ့ နှိပ်စက် ညှဉ်းပန်းခြင်း ဆိုင်ရာ အထူးကိုယ်စားလှယ်ကို အခုလို မေတ္တာရပ်ခံစာ ပေးပို့ရခြင်း ဖြစ်တယ်။”

၂၀၀၈ ခုနှစ် သြဂုတ်လအတွင်းက ဖမ်းဆီးခံခဲ့ရပြီး ထောင်ဒစ် ၇ နှစ်ခွဲ ချခံထားရတဲ့ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်က ဦးတင်ဦး ဆိုရင်လည်း ပြီးခဲ့တဲ့ရက်ပိုင်းကဘဲ တိုက်ပိတ်ခံထားရပြီး ထောင်ဝင်စာ ဖြတ်တောက်တာ ခံနေရတယ်လို့ ဆိုပါတယ်။ မကြာခင်ကဘဲ ထောင်ဝင်စာ သွားတွေ့ချိန်မှာ တွေ့ခွင့်မရခဲ့တဲ့ သမီးဖြစ်သူ ပြောပြတာကတော့ “၀န်ထန်းတယောက်က လာပြောတယ် တပွင့်နဲ့ အကောင်က၊ ၁၂ ရက်နေ့က ထောင်ထဲကို ဆေးရုံက ဆရာဝန်တွေ လာတယ်။ လာတဲ့အချိန်မှာ အဖေနဲ့ စကားနဲနဲ များသွားတယ်။ ပြဿနာတက်သွားတယ်လို့ ထောင်ဝင်စာ တလပိတ်တယ်။”

စစ်ကြောရေးစခန်းနဲ့ ထောင်ထဲမှာ နှိပ်စက်ညှဉ်းပန်း ခံရသူ အများအပြား ရှိတဲ့အထဲ စစ်ကွင်းတိုက်ကို ပို့ဆောင်ခြင်း အပါအ၀င် ညှဉ်းပန်းနှိပ်စက်နည်း အများအပြား သုံးနေတာလည်း ရှိပါတယ်။ နိုင်ငံရေး အကျဉ်းသားတွေထဲမှာ ၁၉၉၀ ပြည့်နှစ်က ရွေးချယ်ခံခဲ့ရတဲ့ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်တွေ ပါဝင်သလို ထောင်ထဲမှာဘဲ ချိနှဲ့ပြီး ကျန်းမာရေး မကောင်းသူတွေ အများအပြား ရှိနေတာ ကြောင့် အာရှ လူ့အခွင့်အရေး ကော်မရှင်အနေနဲ့ နိုင်ငံတကာက မြန်မာ စစ်အစိုးရကို ဖိအားပေးနိုင်ဖို့နဲ့ အရေးယူ ဆောင်ရွက်ပေးဖို့ အိတ်ဖွင့်ပေးစာ ပေးပို့ခဲ့ပါတယ်။

0 comments:

Post a Comment