Thursday, January 21, 2010

Filled Under:

မတရား ညှဉ်းပန်းနှိပ်စက်မှုကို စုံစမ်းစစ်ဆေး အရေးယူပေးဖို့ AHRC အိတ်ဖွင့်ပေးစာပို့

BBC ----- 19 January 2010

မြန်မာနိုင်ငံမှာ နိုင်ငံရေး တက်ကြွလှုပ်ရှား သူတွေကို တရားခံ အဖြစ်နဲ့ စွပ်စွဲ ခံထားရသူတွေကို မတရား ညှဉ်းပန်းနှိပ်စက်တာ၊ စစ်ဆေးတာနဲ့ ပတ်သက်ပြီး စုံစမ်းစစ်ဆေး အရေးယူပေးဖို့ ညှဉ်းပန်းနှိပ်စက်မှု လူမဆန်စွာ အပြစ်ပေးမှုဆိုင်ရာ ကုလသမဂ္ဂ အထူးသံသမန်ဆီကို အာရှ လူ့အခွင့်အရေး ကော်မရှင် AHRC က အိတ်ပွင့်ပေးစာ တစောင် ရေးသားခဲ့ပါတယ်။ ဒီစာတမ်းမှာ ဘာတွေရေးသား ထားသလဲ ဆိုတာကို အာရှလူ့အခွင့်အရေး ကော်မရှင်မှ တာဝန်ခံ ဦးမင်းလွင်ဦးကို မေးမြန်းရာ ----

ဦးမင်းလွင်ဦး ----- ညှဉ်းပန်းနှိပ်စက်ပြီး ရယူထားတဲ့ သက်သေထွက်ချက်တွေကို တရားရုံးတွေက သက်သေခံအဖြစ် လက်ခံပြီးတော့ အမှုတွေမှာ စီရင်ဆုံးဖြတ် နေတာ တော်တော်များများ ရှိပါတယ်။ နိုင်ငံမှုတွေနဲ့ ပတ်သက်လို့ရှိရင် အကြောင်းပြချက် ခိုင်ခိုင်လုံလုံ မရှိတဲ့အခါမှာ စစ်ကြောရေး စခန်းတွေက နေပြီးတော့ သူတို့ တရားစွဲဆိုနိုင်ဖို့ နှိပ်စက်ညှဉ်းပန်းတဲ့ ကိစ္စရပ်တွေလုပ်တယ်၊ အဲဒီအပေါ်မှာဘဲ တရားရုံးကလည်း အပြစ်ပေးတယ် ဆိုတာကို ကျနော်တို့ တွေ့ရတယ်။

မေး ----- ဒီလို ညှဉ်းပန်းနှိပ်စက်မှုတွေက နိုင်ငံရေးသမား အုပ်စုကိုဘဲ လုပ်တာလား။ ဘယ်သူ့မဆို လုပ်တာလား ခင်ဗျား။

ဦးမင်းလွင်ဦး ----- အများအားဖြင့် ပြောရမယ်ဆိုရင် နိုင်ငံရေး အမှုတွေနဲ့ ပတ်သက်တဲ့အမှုတွေ တော်တော်များများ အဲဒီလို လုပ်ဆောင်တာကို တွေ့ရတယ်။ သာမန်အမှုတွေမှာ ဒီလိုလုပ်ဆောင်တာ နည်းတာကိုလည်း ကျနော်တို့ သိရတယ်။

မေး ------ ညှဉ်းပန်းနှိပ်စက် ခံရတာကို တရားရုံးရောက်တဲ့ အခါကျရင် တရားခံအဖြစ် စွပ်စွဲခံရသူတွေ၊ ညှဉ်းပန်းနှိပ်စက် ခံရသူတွေရဲ့ အကျိုးဆောင် ရှေ့နေကနေပြီး တင်ပြခွင့် လျှောက်လဲခွင့် လို့လုပ် မရဘူးလားခင်ဗျား။

ဦးမင်းလွင်ဦး ----- ဟုတ်ကဲ့ အဲဒီကိစ္စရပ်မှာ တရားရုံးကို ရောက်လာတဲ့အမှုတွေမှာ တချို့အမှုတွေမှာဆိုရင် ရှေ့နေငှားရမ်းခွင့် မရှိပါဘူး။ အဲတော့ ရှေ့နေဌားဖို့ ပြောရင်လည်း စစ်ကြောရေးစခန်းမှာ ရှိနေတဲ့ လူတွေ၊ ရဲတွေကနေပြီးတော့ မင်းတို့ ရှေ့နေငှားမယ်ဆိုရင် နယ်ပြောင်းပစ်မယ်ဆိုတဲ့ ခြိမ်းခြောက်တဲ့ဟာတွေ ရှိတယ်။ ဒါကြောင့် ရှေ့နေနဲ့ ခုခံချေပခွင့် အပြည့်အ၀ မရဘူး ဆိုတာကို ကျနော်တို့ တွေ့ရတယ်။

မေး ----- အခုလို ညှဉ်းပန်းနှိပ်စက်မှုတွေက စစ်အစိုးရ ပြောနေတဲ့ ကိုလိုနီစနစ်ရဲ့ ဆိုးမွေတွေကနေပြီးတော့ အခုဆိုတော့ ရဲရဲ့ဆိုးမွေပေါ့ဗျား။ ကိုလိုနီစနစ်တခုရဲ့ ဆိုးမွေကို လက်ခံကျင့်သုံးတာ ဖြစ်မနေဘူးလား ခင်ဗျား။

ဦးမင်းလွင်ဦး ---- ဟုတ်ကဲ့၊ အဲလိုပြောရင်လဲ ပြောလို့ရတဲ့ အခြေအနေ ဖြစ်ပါ တယ်။ မြန်မာနိုင်ငံအတွင်းမှာ ရဲတွေကနေပြီး ဖမ်းဆီးခံထားရတဲ့ တရားခံတွေကို နှိပ်စက်ညှဉ်းပန်းခြင်း မပြုရဘူး၊ နှိပ်စက်ညှဉ်းပန်းပြီး သက်သေတွေ မယူရဘူးလို့ ရဲစည်းမျဉ်းစည်းကမ်း ဥပဒေမှာ ပြဌာန်းထားတာ ရှိပါတယ်။ သို့သော်လည်း ဒေါက်တာဝင့်ကူရဲ့ အမှုမှာ ပါဝင်ကျူးလွန်တဲ့ သူတွေက ဒု-ရဲမှူးအဆင့် ရှိတဲ့သူတွေ ဖြစ်တယ်။ အနိမ့်ဆုံး အဆင့်မှာ ဒု-ရဲအုပ်တွေပါတယ်။ ဒါကြောင့် တရားရုံး အဆင့်ဆင့်မှာ ကျနော်တို့ တင်ပြမယ်၊ အရေးဆိုမယ်၊ အမှုဖွင့်မယ် ဆိုလို့ရှိရင် အရေးယူဖို့ ခဲယဉ်းတဲ့ကိစ္စ ဖြစ်တယ်ဆိုတာကို ကျနော်တို့ တွေ့ရတယ်။

ဒါကြောင့်လည်း ကျနော်တို့ အနေနဲ့ နိုင်ငံတကာက နှိပ်စက်ညှဉ်းပန်းခြင်းဆိုင်ရာ အထူးကိုယ်စားလှယ်ကို စုံစမ်းလေ့လာဖို့၊ နောက်ပြီး နိုင်ငံတကာကို ဖိအားပေးပြီးတော့ နှိပ်စက်ညှဉ်းပန်းမှုကို ရပ်တန့်နိုင်ဖို့အတွက် အိတ်ပွင့်ပေးစာကို ပေးပို့ရခြင်း ဖြစ်တယ်။

မေး ---- ဟုတ်ကဲ့၊ အာရှ လူ့အခွင့်အရေး ကော်မရှင်အနေနဲ့ ပေးစာတွေ၊ ကြေငြာချက်တွေအပြင် တခြား ဘာတွေဆက်ပြီး လုပ်နိုင်သေးသလဲ ခင်ဗျား။

ဦးမင်းလွင်ဦး ------ ကျနော်တို့ အနေနဲ့ ကုလသမဂ္ဂ လူ့အခွင့်အရေး ကောင်စီအောက်မှာ ရှိတဲ့ အဖွဲ့အစည်း အသီးသီးကို တင်ပြပြီးတော့ ဒီိကိစ္စတွေကို အရေးယူပေးဖို့ တောင်းဆိုမယ်၊ နောက်ပြီးတော့ ကုလသမဂ္ဂဆိုင်ရာ မြန်မာနိုင်ငံ အထူးကိုယ်စားလှယ် မစ္စတာကင်တားနားကိုလည်း ဒီအကြောင်းအရားတွေ ပေးပို့ပြီးတော့ စုံစမ်းမေးမြန်းဖို့အတွက် ကျနော်တို့ တောင်းဆိုမယ် ဖြစ်တယ်။

0 comments:

Post a Comment