Friday, January 22, 2010

Filled Under:

နိုင်ငံခြားရောက် မြန်မာနိုင်ငံသား ရွှေ့ပြောင်း အလုပ်သမား အခြေအနေ

RFA ----- 17 January 2010 (တနင်္ဂနွေ စကားဝိုင်း)
သောတရှင်များ ကျနော်တို့ ဒီအပတ် ဆွေးနွေးကြမဲ့ အကြောင်းအရာက နိုင်ငံခြားကိုသွားပြီး ၀မ်းစာရှာဖွေ မြန်မာနိုင်ငံကို စုဆောင်းခွင့် ရသမျှ ကြံဖန်ပြီး ပို့နေကြတဲ့ မြန်မာနို်င်ငံသား အလုပ်သမား ရေးရာကို တင်ပြဆွေးနွေးမယ် ဖြစ်ပါတယ်။ ဒီအကြောင်းနဲ့ ပတ်သက်ပြီး ဆွေးနွေးသူများမှာ NCGUB မြန်မာနိုင်ငံ အမျိုးသားညွန့်ပေါင်းအစိုးရ အဖွဲ့ဝင် ဦးခွန်မြင့်ထွန်း၊ NCGUB ရွှေ့ပြောင်း အလုပ်သမားရေးရာ တာဝန်ခံ ဦးသက်ခိုင်၊ အာရှလူ့အခွင့်အရေးဌာနမှ မြန်မာပြည်တာဝန်ခံ ဦးမင်းလွင်ဦး တို့ဖြစ်ပါတယ်။

သောတရှင်များ သိကြတဲ့အတိုင်း မြန်မာနိုင်ငံက အလုပ်သမ အမျိုးသမီးတွေ ဂျော်ဒန်နိုင်ငံမှာ စောကားခံရတဲ့အကြောင်း၊ မကြာခင်တုန်းက ထိုင်းနိုင်ငံမှာ ဆန္ဒပြကြတဲ့ကြောင်း၊ မလေးရှားမှာ နိုင်ငံခြားသားတွေ ၀င်ရောက်စောကား ခံရတဲ့အကြောင်း စသဖြင့် သတင်းစုံစုံလင်လင် ကြားပြီးကြမှာပါ။

ဦးခင်မောင်စိုး ------ ဒါနဲ့ပတ်သက်ပြီး ဝေဖန်ဆွေးနွေးကြမှာ ဖြစ်ပါတယ်။ အဲတော့ NCGUB ရွှေ့ပြောင်း အလုပ်သမားရေးရာ တာဝန်ခံ ဦးသက်ခိုင်ခင်ဗျား။ နိုင်ငံခြားရောက် မြန်မာ အလုပ်သမားတွေ၊ အထူးသဖြင့် အမျိုးသမီးတွေရဲ့ အခြေအနေ သိသမျှ ကြားပါရစေခင်ဗျား။

ဦးသက်ခိုင်---- ကျနော်တို့ မြန်မာပြည်သား အလုပ်သမားတွေက နိုင်ငံခြား ပေါင်းစုံကို ထွက်လာကြတယ်။ ထိုင်း၊ မလေးရှား၊ တရုတ်၊ စင်ကာပူ၊ ကိုးရီးယား၊ ဂျပန်၊ အနောက်နိုင်ငံတွေမှာ ဖြစ်ပါတယ်။ အဲဒီဦးရေ ခန့်မှန်းသလောက်ဆိုရင် တိုင်းပြည်လူဦးရေရဲ့ ၁၀ပုံ၊ ၁ ပုံ လောက်ရှိမယ်။ ဆိုလိုတာက ၄ သန်းနီးပါးလောက် ရှိနိုင်တဲ့ အနေအထား ဖြစ်တယ်။ အဲဒီအထဲမှာ မြန်မာနိုင်ငံ ရွှေ့ပြောင်း အလုပ်သမားက ထိုင်းနိုင်ငံမှာ အများဆုံးဖြစ်တယ်။ ထိုင်းနိုင်ငံမှာရှိတဲ့ အလုပ်သမား တ၀က်လောက်ဟာ အမျိုးသမီးတွေ ဖြစ်ကြတယ်။ ထိုင်းနိုင်ငံမှာ မြန်မာနိုင်ငံသား အလုပ်သမား ၂ သန်းလောက် မှန်းတယ်။ ဆိုတဲ့အခါကျတော့ ၁ သန်းလောက်ဟာ အမျိုးသမီးတွေ ဖြစ်နိုင်တယ်။ တကယ့်တကယ်ကျတော့ ထိုင်းနိုင်ငံမှာ သူတို့မှတ်ပုံတင် ထုတ်ပေးထားတာက ၁ သန်းနဲ့ ၂ သိန်း နီးပါးရှိတယ်။ ဒါပေမဲ့ အဲဒီအထဲမှာ မြန်မာပြည်သား အလုပ်သမား ၈၀ ရာခိုင်နှုန်းလောက် ရှိတယ်။

မြန်မာနိုင်ငံသား အမျိုးသမီး အလုပ်သမားအကြောင်း ပြောရမယ်ဆိုရင် အိမ်အကူ လုပ်ငန်းတွေ ရှိမယ်။ ပြီးတော့ စက်ချုပ်လုပ်ငန်းတွေ ရှိမယ်။ ရာဘာခြစ်တဲ့ လုပ်ငန်းတွေ၊ ငါးပုဇွန်လုပ်ငန်းတွေ၊ စက်ရုံတွေနဲ့ ဈေးရောင်းတဲ့ လုပ်ငန်းတွေ ရှိမယ်။ သူတို့ဝင်ငွေကို ပြောမယ်ဆိုလို့ရှိရင် အမြင့်ဆုံးက ၂၆၀ ဘတ် ရှိတယ်။ အနိမ့်ဆုံးက ၁၄၀ ကျော်ရှိတယ်။ သို့သော် မြန်မာပြည်သား အလုပ်သမ ၀င်ငွေတွေကို နှိုင်းကြည့်ရင် တလကို ၃၀၀၀ လောက်ရှိတယ်။ သူတို့ဝင်ငွေရဲ့ တ၀က်ကို အနည်းဆုံး ၁၅၀၀ ဘတ် လောက်က မြန်မာပြည်ကို ပြန်ပို့တယ်။ ပြန်ပို့တဲ့ အခါကျတော့ ၁ သန်းက ပြန်ပို့တယ် ဆိုပါတော့ မြန်မာပြည်ကို ၀င်ရောက်တဲ့ငွေက ကျပ်သန်းပေါင်း ၅၀ ဘီလီယန် ရှိတယ်။

ဦးခင်မောင်စိုး ---- ဦးသက်ခိုင် ပြောတာက တလအတွက်ကိုလား။

ဦးသက်ခိုင်----- ဟုတ်ကဲ့၊ တလအတွက် ဖြစ်တယ်။ ၁ ရက်ကို ၁၅၀၀ တွက်မယ် ဆိုလို့ရှိရင် ၁ သန်း ဆိုတဲ့အခါကျတော့ သန်းပေါင်း ၁၅၀ ရှိမယ်။ ကျနော်တို့က မြန်မာငွေနဲ့ ပြန်တွက်ကြည့်မယ်ဆိုရင် ကျပ်သန်းပေါင်း ဘီလီယံ ၅၀ ရှိပါတယ်။ နောက်တခါ အမျိုးသမီးတွေရဲ့ ၀င်ငွေဘဲ၊ ဒါက ထိုင်းနိုင်ငံတခုထဲဘဲ ရှိနေတယ်။ သူတို့က ကွဲပြားခြားနားတဲ့ အလုပ်ကို လုပ်တဲ့အခါမှာ ပြဿနာ အများအပြား ရှိတယ်။ သူတို့ဘသမှာ စွန့်စားနေရတဲ့ အနေအထားတွေ၊ ဥပမာ - အိမ်အကူ လုပ်ငန်း ဆိုရင် ပိတ်လှောင်ခံထားရတာ ရှိမယ်။ မတရား ဆက်ဆံခံရတာ ရှိမယ်။ ပွဲစားက အနိုင်ကျင့် ခံရတဲ့ဟာမျိုးတွေ အများကြီးရှိတယ်။

အဆိုးဆုံးဖြစ်ရပ်တခုကို ပြောရမယ်ဆိုရင် အိမ်အကူ အလုပ်သမလေး တယောက်က အလုပ်ရှင်ရဲ့ မီးရှို့ သတ်ခံရတဲ့ အထိ ရှိတယ်။ ပြီးတော့ စက်ချုပ်လုပ်ငန်းတွေမှာ ဆိုရင် အလုပ်ချိန်က တော်တော်များတယ်။ ပြီးတော့ အမျိုးသမီးတွေရဲ့ ကျန်းမာရေးနဲ့ မကိုက်ညီတဲ့ အနေအထားတွေ ရှိတယ်။ တချို့က ခွင့်ယူလို့ မရတာရှိမယ်။ လုပ်ခ နည်းတာတွေ ရှိတယ်။ ဒီနိုင်ငံမှာ လှောင်ပိတ်ထားတဲ့ အနေအထားမျိုး ရှိတယ်။

နောက်ပိုင်းကျတော့ ရာဘာခြစ်တဲ့ လုပ်ငန်းဖြစ်တယ်။ ရာဘာခြစ်တဲ့ လုပ်ငန်းက အရမ်း အသက်အန္တရာယ် များတယ်။ ကိုယ်ကာယ အစော်ကား ခံရတာတွေ၊ ဓါးပြတိုက်ခံရတာတွေ၊ ဥပမာ ပြောရမယ်ဆိုရင် ၂၀၀၈ ခုနှစ် ဆူရတ်ထာနီမှာ မိသားစု တစုလုံး ဓါပြတိုက်ခံရတယ်။ ပြီးတော့ အသတ်ခံရတယ်။

ငါး၊ ပုဇွန် ထုတ်လုပ်ရေးလုပ်ငန်းတွေ၊ အဲဒါတွေကျတော့ လှေဝင်တဲ့အချိန်မှာ အစောကြီး သွားရတာတွေ ရှိတယ်။ အချိန်မတော် သွားရတာကြောင့် လူဆိုးဂိုဏ်းတွေ၊ လူမိုက်တွေ၊ ရဲအယောင်ဆောင်တဲ့ အုပ်စုကနေပြီးတော့ ဖမ်းဆီးတာတွေရှိတယ်။ ဥပမာ ၂၀၀၈ ခုနှစ် ကျနော်တို့ဆီကို ရောက်လာတဲ့ report အရ ဆိုလို့ရှိရင် မဟာချိုင်မှာ မြန်မာအမျိုးသမီး အယေက် ၃၀ လောက်၊ ကိုယ်လုံးထီးနဲ့ အလှောင်ခံရတာတွေ ရှိတယ်။ ဒီမိန်းကလေးတွေမှာ လှေတွေမှာ သူတို့ပျော်တော်စက် အနေနဲ့ အရောင်းစားခံရတဲ့ အနေအထားတွေ ဖြစ်တယ်။

နောက် စက်ရုံ အလုပ်ရုပ်တွေ ပြောရမယ် ဆိုရင်လည်း ကိုယ်အင်္ဂါအစိတ်အပိုင်း ချွတ်ယွင်းသွားတာ ရှိတယ်။ အဲဒီအတွက် လျှော်ကြေး မရတာ ရှိမယ်။ အချို့ဆိုရင် မြန်မာ အမျိုးသမီးတွေရဲ့ အလေ့အထအရ ဆံပင်အရှည် ထားတဲ့အခါကျတော့ ဆံပင်က စက်ထဲပါသွားတာတို့ အဲဒီပြဿနာမျိုး အများကြီးရှိတယ်။

ဦးခင်မောင်စိုး ----- ဟုတ်ကဲ့၊ ဦးသက်ခိုင် ဒီလိုကိုယ့်နိုင်ငံက အလုပ်သမားတွေ နိုင်ငံခြားသွားပြီးတော့ အန္တရာယ် တခုခု ကျရောက်တဲ့ အခါမျိုးမှာ မြန်မာနိုင်ငံ အစိုးရက ဘာလုပ်ပေးတာ ရှိသလဲ၊ နောက်ပြီး တရားဝင်သွားတဲ့ အလုပ်သမားတွေအတွက် သက်ဆိုင်ရာ အလုပ်အကိုင် ရှာဖွေရေး Agent တွေက ဘာတွေ လုပ်ပေးတာ ရှိပါသလဲ ခင်ဗျား။

ဦးသက်ခိုင် ----- အဲဒီအချက်ကို ကျနော်ထောက်ပြပါတယ်။ ဥပမာ နိုင်ငံခြားသား အလုပ်သမတွေက မြန်မာအလုပ်သမ တွေနဲ့ ကွာတဲ့ အချက်ကတော့ ကမ္ဘာာသုံး ဘာသစကားကို ကျွမ်းကျွမ်းကျင်ကျင် ပြောတတ်တယ်။ ပြီးတော့ ဘာသာစကားအရ အများကြီး ကွာသွားတာရှိတယ်။ အဲတော့ ကျနော်တို့ အလုပ်သမတွေက ဘာသာစကားရဲ့ အကန့်အသတ်တွေ၊ ပြီးတော့အစိုးရပိုင်း။ အစိုးရက ကျနော်တို့ သိရသလောက်ဆိုရင် မြန်မာပြည်သားတွေ ဒုက္ခရောက်ကျတယ် နိုင်ငံခြားသားတွေ ပြောကြတဲ့ အခါကျတော့ မြန်မာအစိုးရက လွန်ခဲ့တဲ့ ၁နှစ်၊ ၂ နှစ် လောက်ကမှ လူကုန်ကူးမှုတွေကို ထိုင်းနိုင်ငံနဲ့ စာချုပ်ချုပ်တယ်။ တရုတ်နဲ့ စာချုပ်ချုပ်တယ်။ အဲလို စလုပ်လာတာတွေ ရှိတယ်။

တဖက်မှာကျတော့ ဦးခင်မောင်စိုး တင်ပြသလိုဘဲ Agent တွေကိုယ်တိုင်က တာဝန် မယူရတဲ့ဟာတွေ ရှိတယ်။ ဥပမာ- ဒီတပတ်၊ နှစ်ပတ်အတွင်းမှာ မလေးရှားမှာ ဖြစ်နေတဲ့ ပြဿနာ ဆိုလို့ရှိရင် Agent က တနှစ် အလုပ်ရမယ်လို့ ပြောတယ်။ တကယ်ကျတော့ ဗီဇာက ၆ လဘဲရတယ်။ အဲတော့ ၆ လ ပြည့်တဲ့နောက် ဗီဇာတိုးဖို့ ကိစ္စတွေမှာ Agent ကလည်း တာဝန်မယူဘူး။ ပြီးလို့ရှိရင် စက်ရုံအလုပ်ရုံ ကလည်း တာဝန်မယူဘူး။ အဲဒီပြဿနာ အများကြီးရှိတယ်။ ဒါနဲ့ ပတ်သက်ပြီးတော့ မြန်မာအစိုးရ အနေနဲ့ ဒီရက်ပိုင်းအတွင်းမှာ သတင်း အင်တာနက် ၀က်ဆိုဒ်တွေမှာ ရေးလာတာ ရှိလာတယ်။ ဥပဒေအရ အရေးယူပေးမယ်လို့ ပြောတယ်။ လက်တွေ့ကျတော့ ဘာမှ မရှိဘူး။ အဲဒါတွေကို ထောက်ပြဖို့က ဥပမာ- စင်ကာပူ၊ မလေးရှား အဲဒီနိုင်ငံတွေမှာ Passport နဲ့ အလုပ်လုပ်တဲ့သူတွေ ကိုယ်တိုင်က ဒီဒုက္ခတွေ ခံစားနေရတဲ့ အနေအထားတွေ အများကြီးရှိလာတယ်။

ဦးခင်မောင်စိုး ---- ဦးသက်ခိုင် ပြောတဲ့အထဲမှာ တရားရေးကိစ္စပါလာတော့ အာရှလူ့အခွင့်အရေး ကော်မရှင်က ဦးမင်းလွင်ဦးခင်ဗျား၊ ဒီကိစ္စမှာ တရားဥပဒေအရ နိုင်ငံခြားသွားရောက် အလုပ်လုပ်တဲ့ မြန်မာနိုင်ငံသား အလုပ်သမားတွေအတွက် ဘယ်လိုကာကွယ်ပေးတာ ရှိသလဲ၊ နိုင်ငံတကာ စံချိန်၊ စံညွှန်းတွေကရော ဘယ်လိုရှိပါသလဲ။

ဦးမင်းလွင်ဦး ----- ဒီကိစ္စနဲ့ ပတ်သက်ပြီး ပြောရမယ်ဆိုရင် ရွှေ့ပြောင်းအလုပ်သမားရယ်၊ နောက်ပြီးတော့ တရားဝင် နိုင်ငံကူးလက်မှတ်နဲ့ ဆိုပြီးတော့ နှစ်မျိုးခွဲခြားပြီး ပြောနိုင်တယ်။ ကိုသက်ခိုင် ပြောသွားတဲ့ အထဲမှာလည်း ပါပါတယ်။ ထိုင်းနိုင်ငံမှာ ရှိတဲ့ အလုပ်သမား တော်တော်များများက ရွှေ့ပြောင်းအလုပ်သမား အဖြစ်နဲ့ ထိုင်းနိုင်ငံမှာ အလုပ်လုပ်ကြတယ်။ အချို့ကြတော့လည်း မှတ်ပုံတင်ရှိတယ်၊ အချို့ကျတော့ မရှိဘူး။ သို့သော် မှတ်ပုံတင်မရှိလို့ ထိုင်းနိုင်ငံသားတွေ၊ ထိုင်းအလုပ်ရှင်တွေက နေပြီးတော့ ကြိုက်သလို လုပ်ခွင့်မရှိပါဘူး။ ဥပမာအားဖြင့် ကျနော်တို့ ကြုံရတဲ့ အချို့ဟာတွေကို ပြောရမယ်ဆိုရင် ထိုင်းနိုင်ငံအတွင်းမှာ လူသတ်မှု၊ မုဒိန်းမှု၊ စတဲ့အမှုတွေနဲ့ ပတ်သက်လို့ရှိရင် မည်သူမဆို ထိုင်းနိုင်ငံ တရားရုံးတွေမှာ တရားစွဲနိုင်တာ ဖြစ်တယ်။ သို့သော်လည်း အဲလိုတရားစွဲတဲ့ အခါမှာ ကျနော်တို့ နိုင်ငံသားတွေဘက်က အကာအကွယ်ပေး လိုက်ပါဆောင်ရွက်တဲ့ ကိစ္စက အစိုးရကနေ မားမားမတ်မတ် ရပ်တည်ခဲ့တာ မရှိတာကို ကျနော်တို့ တွေ့ရတယ်။

ထိုနည်းတူစွာ တခါတလေမှာ လုပ်ခ ပြဿနာနဲ့ ပတ်သက်ပြီးတော့ စက်ရုံအလုပ်ရုံတွေမှာ မြန်မာအလုပ်သမားတွေကို ကျွန်ပြုခိုင်းစေတဲ့ ကိစ္စတွေ ဖြစ်ပေါ်တယ်။ ဒါတွေကို ထိုင်း NGO ကနေပြီး ဖေါ်ထုတ်ပြီး တရားစွဲပေးတယ်။ လျှော်ကြေးရအောင် လုပ်ပေးတယ်။ အဲဒီလို ဆောင်ရွက်တဲ့ကိစ္စ တောင်မှ စကားပြန် လိုလို့ရှိရင် မြန်မာနိုင်ငံသံရုံးက လာရောက်ကူညီပေးတာ မရှိဘူးဆိုတာကို ကျနော်တို့ တွေ့ရတယ်။ အစိုးရ အနေနဲ့ကတော့ နိုင်ငံရပ်ခြားမှာရှိတဲ့ မြန်မာနိုင်ငံသားတွေရဲ့ လုံခြုံမှုအတွက်ကို ဘာမှ တာဝန်ယူမှု မရှိဘူးဆိုတာကို ကျနော်တို့ တွေ့ရတယ်။ ဒါက ရွှေ့ပြောင်းအလုပ်သမားနဲ့ သက်ဆိုင်တဲ့ကိစ္စပါ။

နောက်ပြီး နိုင်ငံကူးလက်မှတ်နဲ့ တရားဝင်လာပြီး လုပ်ငန်းလုပ်ကိုင်ခွင့် ရကြတဲ့ သူတွေကိုလည်း နိုင်ငံခြားမှာ ပြဿနာ တက်လာလို့ ကိုယ့်သံရုံးမှာ အကူအညီ တောင်းလို့ရှိရင် စာအုပ်သက်တမ်း ကုန်တောင်မှ အလွယ်တကူ လဲပေးတာ မရှိဘူး။ နောက်ပြီးတော့ အခွန်၊ လာဒ်ငွေဆောင်မှသာ ဆောင်ရွက်ပေးတဲ့ ကိစ္စ တော်တော်များများ ရှိတယ်။ အဲတော့ အစိုးရ အနေနဲ့က မိမိနိုင်ငံသားတွေကို အကာအကွယ်ပေးဖို့ အဓိက တာဝန်ရှိပါတယ်။ ဘာဖြစ်လည်း ဆိုတော့ နိုင်ငံခြားငွေ တော်တော်များများက ဒီကနေ ရှာပေးနေတာ ဖြစ်တယ်။ အဲတော့ အခွန်သွင်းတဲ့ အတိုင်းအသာ အလျှောက် နိုင်ငံသားတွေရဲ့ အခွင့်အရေးနဲ့ သက်ဆိုင်ရာ အလုပ်သမားတွေရဲ့ အခွင့်အရေးကို တိတိကျကျရအောင် အစိုးရ အနေနဲ့ ကြီးကြပ်ပေးဖို့ လိုတယ်။ အဲတော့ အခုဖြစ်နေတဲ့ ကိစ္စရပ် တော်တော်များများမှာ Agene ဆိုတဲ့ အသိုင်းအ၀ိုင်းမှာ အာဏာပိုင် အစိုးရတွေရဲ့ ပါဝင်ပတ်သက်မှုတွေ ရှိတယ်။ ဆွေမျိုးနီးစပ်သူတွေ ပါနေတယ်။ အဲတော့ အဲဒီ Agene တွေက လွှတ်လိုက်တဲ့ ကိစ္စရပ်တွေမှာ ပရမ်းပသာ ဖြစ်လာတဲ့အခါမှာ အာဏာပိုင်တွေက နှုတ်ပိတ်ရေငုံ နေကြတာကို ကြားရတယ်။ နောက်ပြီးတာ့ နိုင်ငံအနှံ့မှာ ဒီလိုမျိုးဖြစ်တယ်။ အခု ထင်ထင်ရှားရှား ဖြစ်လာတာက ဂျောဒန်မှာ ဖြစ်တဲ့ကိစ္စပေါ့နော်။ ဂျော်ဒန်မှာ ဖြစ်တဲ့ကိစ္စမှာလည်း အလုပ်သမတွေရဲ့ လစာဝင်ငွေတွေ ထိုက်သင့်သလို အစိုးရကို အခွန်ငွေ၊ ဘဏ္ဍာငွေ ထမ်းဆောင်နေရတာ ဖြစ်တယ်။

မြန်မာနိုင်ငံသားတွေကို အကာအကွယ်ပေးဖို့ အစိုးရမှာ တာဝန်ရှိတယ်။ အစိုးရကိုယ်တိုင် လိုက်ပါဆောင်ရွက်မှု မပြုဘူးဆိုတောင် တာဝန်ယူထားတဲ့ Agent ကို ဒီကိစ္စကို ဖြေရှင်းပေးနိုင်ဖို့အတွက် ဆောင်ရွက်ပေးဖို့ တွန်းအား၊ ဖိအား ပေးရမယ်။ အခုဖြစ်နေတဲ့ကိစ္စက ကျနော်တို့ အခင်းဖြစ်ပွားတဲ့ အခါမှာ အမျိုးသမီးတွေကို အခန်းတွေမှာ ပိတ်လှောင်ထားတယ်၊ ရေဖြတ်ထားတယ်၊ မီးဖြတ်ထားတယ် ဆိုတာက ကျွန်ပြုပြီးတော့ ခိုင်းနေတဲ့ အခြေအနေမျိုး ရောက်နေတာကို ဆိုတာမျိုး ကျနော်တို့ မြင်တွေ့ရတယ်။ ဒါမျိုးကို အစိုးရတရပ် အနေနဲ့ အကာအကွယ်ပေးဖို့ လိုတယ်၊ လိုအပ်တဲ့ ဥပဒေမျိုးကိုလည်း ပြဌာန်းဖို့ လိုတယ်။ လူကုန်ကူးမှု တားမြစ်ရေး အက်ဥပဒေမှာ လိုနေတဲ့ အချက်တွေကို ထပ်ဖြည့်ဖို့လိုတယ်။

ဦးခင်မောင်စိုး ------ ဟုတ်ကဲ့၊ ဦးမင်းလွင်ဦး၊ ကျေးဇူးတင်ပါတယ်။ အဲတော့ ဒီ့ပြဿနာတွေကို လက်ရှိ နိုင်ငံရေး အခြေအနေနဲ့ရော ဘယ်လို ဆက်စပ် ပတ်သက်မှု ရှိနေတယ် ဆိုတာကို ကျနော်သိချင်ပါတယ်။ ဦးခွန်မြင့်ထွန်း ပြောပြပေးပါ ခင်ဗျား။

ခွန်မြင့်ထွန်း ------ ကျနော်တို့က ဒီကိစ္စရပ်တွေကို အစိုးရရဲ့ တာဝန်မယူနိုင်မှု အပေါ်မှာ အဓိက ပြောရမှာ ဖြစ်ပါတယ်။ ကျနော်တို့ တိုင်းပြည်မှာ အခု အစိုးရနှစ်ခု ရှိပါတယ်။ အမျိုးသား ညွန့်ပေါင်းအစိုးရနဲ့ န အ ဖ ဟူ၍ ရှိပါတယ်။ န အ ဖ ကတော့ တိုင်းပြည်ရဲ့ နိုင်ငံသား အလုပ်သမားတွေအတွက် တာဝန်မယူတာ ဖြစ်ပါတယ်။ ကျနော်တို့ ညွန့်ပေါင်းအစိုးရကတော့ တာဝန်မယူပေးနိုင်တာ ဖြစ်ပါတယ်။ ညွန့်ပေါင်းအစိုးရ အနေနဲ့က ပြဿနာတွေကို တစိတ်တပိုင်းလောက် တတ်နိုင်သလောက် ဖြေရှင်းပေးပါတယ်။ ညွန့်ပေါင်းအစိုးရမှာ ရှိတဲ့ ရွှေ့ပြောင်းရေးရာ အလုပ်သမား ဌာနအပါအ၀င် နယ်စပ်မှာရှိတဲ့ အလုပ်သမား သမဂ္ဂက နေပြီးတော့ ဖြစ်နေတဲ့ အလုပ်သမားတွေရဲ့ ပြဿနာတွေကို တစိတ်တပိုင်းကိုတော့ ဖြေရှင်းပေးနိုင်ကြပါတယ်။ သို့သော် တစုံလုံး ပြဿနာကိုတော့ မဖြေရှင်းပေးနိုင်ပါဘူး။

အဓိကအားဖြင့် ဒီနေ့ဖြစ်နေတဲ့ ပြဿနာတွေအပေါ်မှာ န အ ဖ အနေနဲ့ တာဝန်ယူပေးဖို့၊ တာဝန်ခံပေးဖို့ ဖြစ်ပါတယ်။ ဒါပေမဲ့ တကယ့်လက်တွေ့မှာ စစ်အာဏာရှင် လက်အောက်က ဗျူရိုကရေစီ ယန္တရားဖြစ်နေတော့ တာဝန်ယူမှု၊ တာဝန်ခံမှုတွေ ကင်းမဲ့နေတာ ဖြစ်ပါတယ်။ ကျနော် ဖိလစ်ပိုင်ကို ရောက်တော့ မနီလ်ာလေဆိပ်မှာ ဖိလစ်ပိုင် အလုပ်သမားတွေက လေယာဉ်ကွင်းမှာ အရွယ်အမျိုးမျိုးနဲ့ အလုပ်လုပ်ဖို့ တန်းစီနေကြတယ်။ သူတို့မျက်နှာတွေက ရဲရဲဝံ့ဝံ့ ပျော်ပျော်ရွှင်ရွှင်ဘဲ၊ သူတို့ နိုင်ငံတကာကို ထွက်ပြီး အလုပ်လုပ်တယ်။ အဲဒီအတွက် သူတို့ ရဲရဲဝံ့ဝံ့ရှိကြတယ်။

ကျနော်တို့ နိုင်ငံသားတွေကျတော့ အထူးသဖြင့် မြ၀တီကနေပြီး ထိုင်းနိုင်ငံကို ခိုးကြောင်ခိုဝှက်နဲ့ မျက်နှာငယ်ငယ်နဲ့ အလုပ်လုပ် နေရတယ်။ အဲဒီမြင်ကွင်းက ကျနော့ရင်ကို အင်မတန် ခံစားရတယ်။ အဲတော့ ဖိလစ်ပိုင် အစိုးရအနေနဲ့က သူနိုင်ငံ အလုပ်သမားတွေရဲ့ အကျိုးစီးပွားကို အင်မတန် အကာအကွယ်ပေးတယ်။ နိုင်ငံတကာမှာရှိတဲ့ ဖိလစ်ပိုင် နိုင်ငံသားတွေရဲ့ လုပ်နေတဲ့ နေရာဌာနတွေမှာ သူတို့ နိုင်ငံသား အလုပ်သမားတွေ အတွက် အများကြီး ကူညီ စောင့်ရှောက်ပေးပါတယ်။

ဥပမာပြောရရင် ၁၉၉၇ တုန်းက စင်ကာပူမှာ စင်ကာပူ အစိုးရကနေပြီး ဖိလစ်ပိုင် အိမ်အကူ အလုပ်သမတွေကို သေဒဏ်ပေးတာ။ သေဒဏ်မပေးခင်မှာ ဖိလစ်ပိုင် အစိုးရကနေပြီးတော့ စင်ကာပူအစိုးရကို ကန့်ကွက်တယ်။ ဒါပေမဲ့ စင်ကာပူ အစိုးရကနေပြီးတော့ သူတို့ရဲ့ တည်ဆဲဥပဒေ အရ ကွပ်မျက်လိုက်တယ်။ အဲတော့ ဖိလစ်ပိုင်အစိုးရက ဘာလုပ်တယ်ဆိုရင် စင်ကာပူအစိုးရက ကွပ်မျက်လိုက်တဲ့ ဖိလစ်ပိုင်က အိမ်အကူ အလုပ်သမလေးကို နိုင်ငံတော်အလံ အုပ်ပြီးတော့ သူ့နိုင်ငံကို ပြန်သယ်ယူတယ်။ ပြီးတော့မှ စင်ကာပူမှာရှိတဲ့ ဖိလစ်ပိုင် အလုပ်သမား အားလုံးကို ပြန်ရုပ်သိမ်းတယ်။ အဲဒီလို ထိထိရောက်ရောက် အရေးယူခဲ့တယ်။ အဲဒီလို ထိထိရောက်ရောက် အရေးယူခဲ့တဲ့အတွက် ဒီကနေ့ ဖိလစ်ပိုင်နိုင်ငံရဲ့ စီးပွားရေးဟာ ရွှေ့ပြောင်းအလုပ်သမားတွေ အပေါ်မှာ ကြည်ဖြူပြီးတော့ အပြန်အလှန်အားဖြင့် ရွှေ့ပြောင်းအလုပ်သမား တွေဟာ စင်ကာပူမှာ ရဲရဲဝံ့ဝံ့ အလုပ်လုပ်နိုင်ကြတာ ဖြစ်ပါတယ်။

ကျနော်တို့က အဓိက စိတ်မကောင်း ဖြစ်ရတာကတော့ ကျနော်တို့ ညွန့်ပေါင်းအစိုးရ အနေနဲ့ အစိတ်တပိုင်းလောက်သာ ဆောင်ရွက်ပေးနိုင်ပြီး တဖက်ကနေပြီးတော့ န အ ဖ စစ်အုပ်စုကတော့ တာဝန်ယူမှု၊ တာဝန်ခံမှု လုံးဝမရှိဘူး။ ထိုင်းနိုင်ငံ ရွှေ့ပြောင်းအလုပ်သမားတွေ ကိုယ်နှိုက်က သံရုံးက အခွန်ကိုဘဲ လိုချင်တယ်။ တာဝန်ယူမှု ဘာမှ မရှိဘူးတဲ့။ ကိုယ်စားပြုမှု မရှိတဲ့ အခွန်ကောက်ခံမှုတွေပေါ့။ ဒါတွေက ကျနော်တို့ ဒီနေ့ ဖြစ်နေတဲ့ ပြဿနာတွေရဲ့ အရင်းအမြစ်တွေ ဖြစ်တယ်။
ဦးခင်မောင်စိုး ----- ဦးခွန်မြင့်ထွန်း အခုပြောတော့ ပြီးခဲ့တဲ့ နှစ်အနည်းငယ်က ထိုင်းနိုင်ငံ အလယ်ပိုင်းမှာ စောစောက ဦးသက်ခိုင် ပြောသွားတဲ့ အထဲမှာလည်း ပါသွားပါတယ်။ မစုလို့ခေါ်တဲ့ မြန်မာပြည်ကလာတဲ့ အိမ်ဖေါ်ကလေးမလေး တယောက် ပိုင်ရှင်က ရဲအရာရှိဟောင်းပဲ။ သူက ကလေးမကို ပစ္စည်းခိုးမှုနဲ့ စွပ်စွဲပြီးတော့ မီးရှို့တဲ့ကိစ္စ ဆေးရုံးကို ရောက်ပြီးတော့မှ သေသွားတယ်ပေါ့လေ။ အဲဒီသတင်းကို ကျနော်သွားပြီး သတင်းယူပါတယ်။ အဲဒီတုန်းက ဒီကလေးမ မီသဂြို င်္လ်တုန်းက သံရုံးကလည်း လာသွားပါတယ်။ သို့သော်လည်း အလေးမနဲ့ ပတ်သက်တဲ့ လူတွေက ကျနော်တို့ သိသလောက်က နှစ်ပေါင်းများစွာ ကြာတဲ့အထိ လျှို့ဝှက်ထား ပြီးတော့ မနှစ်ကလောက်မှ အရေးယူတာမျိုး ရှိပါတယ်။ အဲတော့ သက်ဆိုင်ရာ မြန်မာအစိုးရက ဘယ်လောက် ခရီးရောက်အောင် လုပ်တယ် မလုပ်ဘူးဆိုတာက ကာယကံရှင် အစိုးအရ အရာရှိတွေ သိမယ်ပေါ့လေ။ လက်ရှိ မြန်မာနိုင်ငံက တရားမ၀င် ဖြစ်စေ၊ တရားဝင် နိုင်ငံကူးလက်မှတ် ကိုင်ထားသူတွေ ဖြစ်စေ ရင်လေးစရာ ရှိဆဲဘဲ။

တပြိုင်နက် ထဲမှာလည်း ဒီလို အခက်အခက်တွေ ရှိပေမဲ့လည်း ကျနော်တို့ နိုင်ငံသားတွေက နေ့စဉ်နဲ့အမျှ နိုင်ငံခြားသွားဖို့ ကြိုးစားနေကြတဲ့ ပြည်တွင်း အလုပ်အကိုင် ရှာဖွေရေး Agency တွေမှာ၊ လူတွေ စုပြုံနေတာ ကျနော်တို့ ရနေတဲ့သတင်းတွေ၊ ဓါတ်ပုံတွေအရ အထင်အရှားဘဲ ခင်ဗျား။ အဲတော့ ရှေ့ ကျနော်တို့ မြန်မာနိုင်ငံသားတွေ နိုင်ငံခြားကို ဆက်ထွက်နေမယ် ဆိုရင် သူတို့အနေနဲ့ ဘာတွေ သိသင့် သိထိုက်တာတွေ ရှိမှာလဲ ဦးသက်ခိုင်ခင်ဗျား။

ဦးသက်ခိုင် ----- အဲဒါနဲ့ ပတ်သက်လို့ ထိုင်းနိုင်ငံအနေအထားနဲ့ အဓိကထား ပြောမယ်ဆိုရင် ထိုင်းနိုင်ငံ အလုပ်သမား အခွင့်အရေးတွေ ကာကွယ်ဖို့အတွက် အဖွဲ့အစည်း အသီးသီးတွေ ရှိနေကြတယ်။ သူတို့တွေက ရှိသမျှ အချက်အလက်တွေ စုတယ်၊ စစ်တမ်းတွေ ကောက်တယ်။ ကောက်ပြီးရင် လိုအပ်တာ အားလုံးကို အစိုးရကို တင်ပြတယ်။ ဆွေးနွေးတယ်။ အစိုးရ အရာရှိတွေနဲ့ တိုင်ပင်ပြီးတော့ န အ ဖ အရရှိတွေနဲ့ ပြုပြင်ပြောင်းလဲရေး အပိုင်းတွေ လုပ်ခဲ့တယ်။ ဒါကတော့ အစိုးရနဲ့ ဒီဘက်အဖွဲ့အစည်းတွေ အပိုင်းပေါ့။

အချို့ကျတော့ အလုပ်သမားတွေ အပိုင်းကျတော့ လုပ်ရမဲ့ ဟာတွေက ဥပမာအားဖြင့် အိမ်အကူအလုပ်သမတွေ လွန်ခဲ့တဲ့ ၂၀၀၇ ခုနှစ်က ဆိုလို့ရှိရင် ကျနော့ဆီကို ပို့လာတယ်။ ဒီကလေးမ ပျောက်နေတာ ၇ နှစ်လောက် ရှိနေတယ်။ ဒါပေမဲ့ ကံကောင်းတာကတော့ ကလေးမက သူ့အမေ ဖုန်းနံပါတ်ကို ပြန်ဆက်လို့ရသွားတယ်။ ပထမပိုင်းက သူတို့တွေက ကြောက်တယ်။ ကြောက်တဲ့ အခါကျတော့ ညှိတာပေါ့။ ဆိုလိုချင်တာက အလုပ်သမားတွေကိုယ်တိုင်က တတ်နိုင်ရင် လက်ကိုင်ဖုန်း တလုံရှိဖို့ လိုတယ်။ အိမ်ဖုန်းဆိုရင်လည်း ဘယ်နံပါတ် ဖြစ်တယ်ဆိုတာကို သိရင် အတိအကျ လိုက်လို့ရတယ်။

ဒုတိယအချက်က ဟင်းဖုန်းသုံးပါ။ ကိုယ့်ဟန်းဖုန်းနဲ့ မိတ်ဆွေသူငယ်ချင်းတွေ၊ မိဘဆွေမျိုး ဖုန်းနံပါတ်တွေယူထားပါ။ ပြီးလို့ရှိ အဖွဲ့အစည်း အသီးသီးရဲ့ တာဝန်ရှိသူတွေရဲ့ ဖုန်းနံပါတ်ကို ရရင်ကောင်းတယ်။ အခက်အခဲရှိရင် ဆက်သွယ်လို့ရတယ်။

နံပါတ် ၃ ကတော့ တတ်နိုင်လို့ရှိရင် ရေဒီယို နားထောင်သင့်ပါတယ်။ ရေဒီယိုကျတော့ အလုပ်သမားတွေ ဒီနိုင်ငံမှာ ဘာဖြစ်နေလဲ၊ ကိုယ့်လုပ်ငန်းမှာ ဘာဖြစ်နေတယ်။ အရှုံးရှိတယ်၊ အမြတ်ရှိတယ်၊ ဘယ်လို အန္တရာယ်မျိုး ရှိတာပေါ့နော်။ ပြီးတော့ တဖက်မှာလည်း အဖွဲ့အစည်းတွေကို တိုက်တွန်းချင်တာက ကျယ်ပြတဲ့ဟာမျိုးတွေ၊ အစိုးရကိုယ်တိုင်က ပူးပေါင်းဆောင်ရွက်မှု ရှိမယ်ဆိုရင်တော့ တော်တော်ကောင်းပါတယ်။ ကျနော်တို့ ပြီးခဲ့တဲ့နှစ်မှာ ဆိုလို့ရှိရင် အလုပ်သမတွေရဲ့ အခွင့်အရေးနဲ့ ပတ်သက်ပြီးတော့ ILO တို့နဲ့ ပူးပေါင်းပြီးတဲ့ အခါကျလို့ရှိရင် နှီးနှောဖလှယ်ပွဲတွေ လုပ်တယ်။ အဲဒီမှာလည်း ကျနော်တို့ လိုအပ်တဲ့ အချက်အလက်တွေ ဆွေးနွေးပါတယ်။

ဦးခင်မောင်စိုး ----- ဟုတ်ကဲ့ ဦးသက်ခိုင် ကျေးဇူးတင်ပါတယ်။ အဲတော့ ဥပဒေကိစ္စ ကျနော်တို့ ပြန်ပြောမယ်ဆိုရင် ဦးမင်းလွင်ဦးခင်ဗျား၊ ILO နိုင်ငံတကာ အလုပ်သမား အဖွဲ့ချုပ်က ပြဌာန်းထားတဲ့ စံချိန်စံညွှန်းတွေ၊ ရပိုင်ခွင့်တွေ၊ အဲတာမျိုးတွေကို မြန်မာဘာသာနဲ့ ပြန်ဆိုထုတ်ဝေပြီး နိုင်ငံခြားသွားမဲ့ အလုပ်သမားတွေကို ပေးတာမျိုး ရှိလားခင်ဗျား။

ဦးမင်းလွင်ဦး ----- အဲလိုမျိုး မရှိပါဘူး၊ ကျနော်တို့ မြန်မာနိုင်ငံရဲ့ ပြဌာန်းထားတဲ့ ဥပဒေကိုတောင်မှ လွတ်လွတ်လပ်လပ် ဖြန့်ဝေခွင့် မရှိဘူး။ ဥပမာအနေနဲ့ ပြောရမယ် ဆိုလို့ရှိရင် အမေရိကန် Center မှာ ၁၉၆၄ ခုနှစ် မြန်မာနိုင်ငံ အလုပ်သမားများ ရပိုင်ခွင့် တာဝန်များ အက်ဥပဒေ အကြောင်းအရာတွေကို ရှင်းလင်းပြတဲ့ ကိုကျော်ကျော်တို့၊ သူရိန်အောင်တို့ကို ILO ကနေပြီးတော့ အခုအချိန်အထိ ပြန်လည် လွတ်မြောက်အောင် လုပ်နေရတယ်။ ဒါက ပြည်တွင်းမှာ လုပ်တဲ့ ကိစ္စဖြစ်တယ်။

ပြည်မမှာကျတော့ အခက်အခဲရှိတာက ဘာလဲဆိုတော့ ပြည်ပနိုင်ငံ အသီးသီးမှာက ဖက်စပ်လုပ်ထားတာ ရှိတယ်။ သီးသန့် စီးပွားရေး စာချုပ်တွေ ရှိတော့ကား အဲဒီမှာ အထူးသဘော်တူ စာချုပ်တွေအနေနဲ့ အချို့ဟာတွေက ILO က သတ်မှတ်ထားတဲ့ စံချိန်စံညွှန်တွေနဲ့ မတူညီတာကို ကျနော်တို့ တွေ့ရတယ်။ ဥပမာအားဖြင့် ပြောရမယ်ဆိုရင် ထိုင်းနိုင်ငံမှာ ပြဌာန်းထားတဲ့ ဥပဒေဆိုရင် မြန်မာလို ဘာသာပြန်ပြီးတော့ အလုပ်သမားတွေကြားမှာ တော်တော်ကျယ်ကျယ်ပြန့်ပြန့် ဖြန့်ဝေနိုင်တာကို ကျနော်တို့ တွေ့ရတယ်။ တခြားနိုင်ငံမှာတော့ နိုင်ငံတနိုင်ငံရဲ့ အလုပ်သမား ဥပဒေကို ကျယ်ကျယ်ပြန့်ပြန့် သိဖို့ မလွယ်သေးဘူး။ အစိုးရကိုယ်တိုင်ကလည်း အဲဒီနိုင်ငံကို သွားပြီးတော့ အလုပ်လုပ်မဲ့ သူတွေကို သူတို့ သွားမဲ့နိုင်ငံမှာ အလုပ်သမား ဥပဒေ အခွင့်အရေးတွေ ဘယ်လိုရှိတယ် ဆိုတာကို ပို့ချပေးဖို့လိုတယ်။ အဲတော့ အဲဒီလို မရှိတဲ့အတွက် ပို့ချသွားတဲ့ အလုပ်သမားတွေက မိမိအခွင့်အရေး ဘာမှမသိဘဲနဲ့ အလုပ်ရှင်ပြုသမျှ ဖြစ်နေရတဲ့ ဘ၀မျိုး ဖြစ်နေတာကို ကျနော်တို့ တွေ့ရတယ်။

နောက်ပြီးတော့ လုပ်အားခနဲ့ ပတ်သက်ပြီးတော့လည်း အလုပ်ခစာမှာ ပါတဲအတိုင်း တိတိကျကျ ခံစားမှုတွေကို အစိုးရကနေပြီး ချမှတ်ပေးဖို့ လိုပါတယ်။ ဘာကြောင့်လဲဆိုတော့ ပထမ အလုပ်ခလစာမှာတမျိုး၊ နိုင်ငံခြားရောက်ပြီးတော့ ရတဲ့လစာက သုံးပုံတပုံ ကွာနေတယ်။ တချို့ဆိုတော့ ၃ ပုံ ၂ ပုံလောက် ကွာနေတယ်။ နိုင်ငံရပ်ခြား ရောက်နေတယ်ဆိုတော့ ပြန်ဖို့စရိတ်လည်း မရှိတော့ ခေါင်းငုံ့ပြီးတော့ လုပ်နေရတဲ့ အခက်အခဲကိုလည်း ကြားသိနေရတယ်။ ဒါကြောင့် အစိုးရကိုယ်တိုင်က ကိုယ်စားလှယ်တွေကို ဖိအားပေးပြီးတော့ တိကျတဲ့လစာ၊ တိကျတဲ့အလုပ်သမား အခွင့်အရေးတွေ၊ နောက်ပြီးတော့ ဒီလိုမျိုး လုပ်ငန်းခွင် အာမခံနိုင်မှု ရှိဖို့အတွက်ကို တိတိကျကျ တောင်းဆိုဖို့ သင့်တယ်လို့ ကျနော်တို့အနေနဲ့ ဒါဘဲပြောနိုင်ပါတယ်။

ဦးခင်မောင်စိုး ------ ဟုတ်ကဲ့ ဦးမင်းလွင်ဦး ကျေးဇူးတင်ပါတယ်။ အဲတော့ ဦးခင်မြင့်ထွန်းတို့ရဲ့ အမျိုးသားညွန့်ပေါင်း အစိုးရ အနေနဲ့ကရော နိုင်ငံခြားရောက်နေတဲ့ မြန်မာနိုင်ငံသား အလုပ်သမားတွေဟာ သူတို့ရ ရပိုင်ခွင့်တွေ၊ အရေးအကြောင်း ပေါ်လို့ရှိရင် ဘယ်ဌာနကို ဆက်သွယ်မရမယ် ဆိုတာမျိုးက ဘယ်လောက်အထိ အသိပညာ ပေးနိုင်တာလည်း ခင်ဗျား။

ခွန်မြင့်ထွန်း ----- အရင်က ထုတ်ဖေါ်တဲ့ စာစောင်တွေမှာ ဒီကိစ္စရပ်တွေကို ဖေါ်ထုတ်ပေးနိုင်ပါတယ်။ အခုတော့ ဒီ အလုပ်သမားရေးရာ တာဝန်ခံ ကိုသက်ခိုင် ဦးစီးပြီးတော့ ကျနော်တို့ Website တွေမှာ တင်ပြီးတော့ ရွှေ့ပြောင်း အလုပ်သမားတွေရဲ့ အဓိက သတင်းတွေ စုဆောင်းပြီးတော့ ဖေါ်ပြပေးနေတာ ရှိပါတယ်။ တခုရှိတာက ကျနော်တို့အနေနဲ့ လုပ်ရတဲ့အခါမှာ နှစ်ဦးနှစ်ဖက်လိုပါတယ်။ ညွန့်ပေါင်းအစိုးရရဲ့ တာဝန်ရှိသူတွေ ဦးဆောင်မှု လိုသလို အလုပ်သမားတွေ အနေနဲ့ ရှိနေတဲ့ ပြဿနာရပ်တွေကို အမှန်အတိုင်း ဖေါ်ထုတ်ဖို့ လိုပါတယ်။ ဒီနေရာမှာ အန္တရာယ် ဖြစ်ဖို့အတွက် မဖေါ်ထုတ်ဘဲ ခေါင်းငုံ့ခံတဲ့အခါမှာ ပိုပြီးတော့ ခံရတာ ရှိပါတယ်။ မတရားမှုကို ဖေါ်ထုတ်တာဟာ အဲဒီနိုင်ငံတွေရဲ့ ဆန့်တာမဟုတ်ဘူး။ အဲဒီနိုင်ငံရဲ့ ဥပဒေကို ချိုးဖေါက်တာ မဟုတ်ဘူး။ သက်ဆိုင်ရာ နိုင်ငံရဲ့ တရားဥပဒေ စိုးမိုးမှုကို ကူညီစောင့်ရှောက်ရာ ဖြစ်တယ်ဆိုတဲ့ အမြင်ကနေ ကျနော်တို့ လုပ်ကြဖို့လိုတယ်။

လွန်ခဲ့တဲ့ နိုဝင်ဘာလကဆိုရင် ထိုင်းမှာရှိတဲ့ ရွှေ့ပြောင်းအလုပ်သမားတွေနဲ့ လူမှုအဖွဲ့အစည်းတွေ ပူးပေါင်းပြီးတော့ ထိုင်းအလုပ်သမား ၀န်ကြီးဌာနတွေနဲ့ စနစ်တကျ အထောက်အထားတွေ ကောက်ယူပြီးတော့ ပြောပါတယ်။ အထူးသဖြင့် ယာယီ နိုင်ငံကူးလက်မှတ်နဲ့ ပတ်သက်ပြီးတော့ သူတို့ပြောတာ ရှိပါတယ်။ သူတို့က ဆန္ဒအမှန်ကို တင်ပြတာ ရှိပါတယ်။ အဲလိုတင်ပြတဲ့ ကိစ္စရပ်တွေမှာ ကျနော်တို့ မြန်မာရွှေ့ပြောင်း အလုပ်သမားတွေအနေနဲ့ ကျယ်ကျယ်ပြန့်ပြန့် ပါဝင်ပြီးတော့ ပါဝင်တောင်းဆိုဖို့ လိုတယ်။ ပြီးတော့ သက်ဆိုင်ရာ နိုင်ငံတွေရဲ့ လုံခြုံရေးကို မထိခိုက်စေဘဲ တောင်းဆိုဖို့ လိုပါတယ်။ ဒါက ကျနော်တို့ရဲ့ လိုအပ်ချက် ဖြစ်ပါတယ်။

ထိုင်းမှာ ကျနော်တက်ခဲ့တဲ့ Conference မှာဆိုရင် ထိုင်းလူအခွင့်အရေး ပါမောက္ခတွေ၊ လူမှုအဖွဲ့အစည်းတွေက နေပြီးတော့ မြန်မာ ရွှေ့ပြောင်းအလုပ်သမား ဘက်ကနေပြီးတော့ ပြင်းပြင်းထန်ထန် ရပ်တည်ကာကွယ် ပြောဆိုပေးနေတာကို အမှတ်ရနေဆဲပါ။ ချင်းမိုင်က လူ့အခွင့်အရေး ပါမောက္ခက “ကိုယ်ဝန်ဆောင် မိခင်တယောက်ဟာ ရဲစခန်းမှာ ကလေးမွေးရမှာ မဟုတ်ဘူး။ ဆေးရုံမှာ မွေးရမှာတဲ့” လို့ လူ့အခွင့်အရေး ရှုထောင့်ကနေ ပြင်းပြင်းထန်ထန် ပြောတယ်။

သက်ဆိုင်ရာ ထိုင်းအာဏာပိုင်တွေဘက်က ဥပဒေနဲ့ ကြည့်ရင် ဒါက တရားမ၀င် ခိုးဝင်လာတယ်ပေါ့ဗျား။ ဘယ်လိုဖြစ်ဖြစ် လူ့အခွင့်အရေးနဲ့ အလုပ်သမား အခွင့်အရေးတွေ ရဖို့က ထိုင်းနိုင်ငံမှာရှိတဲ့ ပညာရှင်တွေ၊ လူမှုအဖွဲ့အစည်းတွေ ဒါတွေနဲ့ ပူးပေါင်းပြီးတော့ ရယူနိုင်တာတွေ ရှိပါတယ်။

ဦးခင်မောင်စိုး ----- ဟုတ်ကဲ့ ဦးခွန်မြင့်ထွန်း၊ ကျေးဇူးတင်ပါတယ်။ အဲတော့ ဒီကိစ္စတွေကို လက်တွေ့ အကောင်အထည်ဖေါ်ဖို့ ဦးသက်ခိုင်တို့ လက်တွေ့ထိုင်းနိုင်ငံမှာ ဆောင်ရွက်တဲ့ ဒေသခံ ထိုင်းအာဏာပိုင် တွေကရော ဘယ်လို ဆက်ဆံတာ ရှိသလဲ။ ကုမ္ပဏီတွေကရော၊ ဘယ်လို ပူးပေါင်းဆောင်ရွက်မှု ရှိသလဲ၊ သူတို့ကရော ဘယ်လိုလုပ်ပေးဖို့ ရှိသလဲခင်ဗျား။

ဦးသက်ခိုင်----- ဒီလို အခြေအနေမျိုးကျတော့ ကျနော်တို့က လက်ရှိမှာ ဘာလုပ်လဲဆိုတော့ လစဉ်လစဉ် အစည်းအဝေး လုပ်ပေးတဲ့ဟာတွေ ရှိတယ်။ အဲဒီအစည်းအဝေးမှာ အလုပ်သမား အဖွဲ့ပေါင်းစုံ International NGOs ရော၊ ဒေသဆိုင်ရာ NGOs တွေရော အဲလိုမျိုး လူမှုကယ်ဆယ်ရေး အဖွဲ့တွေ ရှိတယ်။ တချို့ဆိုလိုရှိရင် လူမှု အခြေပြု ဥပမာ-သမဂ္ဂများ အဲတာတွေ တက်တဲ့ အစည်းအဝေးတွေ ရှိတယ်။ အဲဒီကနေပြီးတော့ တနိုင်ငံလုံးမှာ ဖြစ်နေတဲ့ report တွေအရ ကျနော်တို့ သိရတယ်။ ၀င်ပြီးတော့ အကြံပေးတယ်၊ ဆွေးနွေးတယ်၊ ဘယ်လိုလုပ်ရင် ကောင်းမလဲ၊ အကြံပေးချက်တွေ လစဉ်လုပ်ပေးတယ်၊ တဖက်မှာကတော့ အဲဒါတွေနဲ့ ပတ်သက်ပြီးတော့ အာဏာပိုင်တွေနဲ့ တွေ့ဖို့၊ အလုပ်သမား ၀န်ကြီးဌာနတွေနဲ့ တွေ့ဖို့ဆိုရင် ဒီအဖွဲ့တွေက ၀ိုင်းကူပေးတယ်။ ကျနော်တို့မှာ နိုင်ငံ Working Groups ရှိပါတယ်။ ရွှေ့ပြောင်းအလုပ်သမား ပူးပေါင်းဆောင်ရွက်ရေး အဖွဲ့တွေ ဖွဲ့ထားပါတယ်။

တဖက်ကကျတော့လည်း အလုပ်သမားတွေ၊ အလုပ်သမားတွေက သူတို့မှာ အချိန်မီ ဆက်တဲ့အတွက် ကျေးဇူးတင်တယ်။ ဒီ telephone ကို သူတို့ အသုံးချတတ်တဲ့ဟာက သူတို့က တခုခု ဖြစ်ပြီးဆိုလို့ရှိရင် သူတို့နားတဲ့အချိန် ည ၁၀း၀၀ နာရီဖြစ်ဖြင့်၊ မနက် ၄း၀၀ နာရီဖြစ်ဖြင့် သူတို့ ဆက်ဖို့ ၀န်မလေးဘူး။ ကျနော်တို့ဆိုရင် ဘယ်အချိန်ဆက်ဆက် လက်ခံပေးတယ်၊ ပြောပေးတယ်။ သူတို့လုပ်ချင်တဲ့ ဟာတွေကို ဥပမာ-စက်ရုံတရုံက သပတ်မှောက်ချင်တယ် ဆိုလို့ရှိရင် သူတို့အစီအစဉ် အားလုံးကို ပြောပြတယ်ပေါ့နော်။ သပိတ်မှောက်မယ် ဆိုလို့ရှိရင် ဘာလိုတယ်၊ မနက်အစောကြီး စမယ်ဆိုရင် စမဲ့အချိန်မှာ ကျနော်တို့ တောက်လျှောက် စနစ်တကျ လုပ်တယ်။ ပြီးတော့ တဖက်မှာကျတော့ လုပ်ငန်းရှင်တွေနဲ့ ဆက်စပ်တဲ့ သဘောတွေ ရှိတယ်။ ဥပမာ- ထိုင်းရှေ့နေများ ကောင်စီတို့ လိုဟာမျိုးကို လှမ်းပြီးအကြောင်းကြားတယ်။ ဒါနဲ့ ပတ်သက်လို့ရှိရင် လိုအပ်တဲ့ဟာတွေကို ပြောတယ်။ သူတို့ ကိုယ်တိုင်လည်း ကူညီဖို့ အဆင်သင့် ရှိတဲ့အကြောင်း ပြောတယ်။ နောက်ပိုင်းကျလို့ရှိရင် လုပ်ငန်းရှင်တွေက သူတို့ အလျှော့ပေး လိုက်တာတွေ ရှိတယ်ပေါ့။ တချို့ဆိုလို့ရှိရင် ကိုယ့်ဘက်က စည်းကမ်းရှိဖို့၊ စနစ်ကျဖို့၊ တရားမျှတတဲ့ တောင်းဆိုမှုမျိုး ဖြစ်ဖို့လိုတယ်။

ဦးခင်မောင်စိုး------ ဟုတ်ကဲ့ ဦးခင်မောင်စိုး၊ ကျေးဇူးတင်ပါတယ်။ ကျနော်နောက်ဆုံး သိချင်တာတခုလောက် မေးပါရစေခင်ဗျား။ မြန်မာအစိုးရက ထိုင်းနိုင်ငံကိုလာပြီး အလုပ်လုပ်တဲ့ အလုပ်သမားတွေအတွက် ယာယီနိုင်ငံကူးလက်မှတ် ထုတ်ပေးနေတဲ့ ကိစ္စက ဘယ်လောက် အောင်မြင်မှု ရှိသလဲ၊ မြန်မာအလုပ်သမားတွေကို အဲဒီ Passport လိုချင်ရင် ဘယ်လိုလုပ်ရမှာလဲ။ အဲဒီကိစ္စကို ဘယ်လို အခက်အခဲ ရှိသလဲ။ ဒီကိစ္စကို ဗဟုသုတ သဘောမျိုးနဲ့ ပြောပေးနိုင်မှာလား ခင်ဗျား။

ဦးသက်ခိုင်---- အဲဒီအစီအစဉ်က သူတို့စခဲ့တာ ၄/၅/၆ နှစ်လောက်ရှိပြီ။ ပထမ သူတို့စတာက မော်လမြိုင်နဲ့ ဘားအံလောက်မှာဘဲ အလုပ်သမားတွေ ရုံးသွား၊ ထိုင်းအစိုးရက ညှိတယ်ပေါ့။ ကမ္ဘောဒီယားနဲ့ လာအို နောက်ဆုံး သူတို့စာရင်းကိုင်တဲ့ ဟာက ကော့သောင်း၊ မြ၀တီ၊ တာချီလိတ်၊ နောက်ဆုံး ဒီအခြေအနေ ရောက်လာတယ်။ ရောက်လာတဲ့ အခါကျတော့ အလုပ်သမားတွေက လုပ်လာတဲ့ဟာက ၂ ပိုင်း ရှိတယ်။ တပိုင်းက ကိုယ့်အလုပ်ရှင်ကိုယ်တိုင်က လုပ်ပေးမယ်ဆိုရင် ငွေကုန်ကြေးကျ အရမ်းသက်သာတယ်။ ဘာကြောင့် သက်သာလဲဆိုတော့ Form တင်ခ ၂၀၀ ရယ်၊ ပြီးတဲ့အခါကျတော့ ဒီဘက်ပြန်လာလို့ရှိရင် ထိုင်းနိုင်ငံထဲမှာ ဗီဇာလျှောက်ဖို့ ၅၀၀/ ၆၀၀ လောက်ဘဲကုန်တယ်။ လမ်းစရိတ်က မိမိဘာသာ မိမိချိန်ပေါ့နော်။ ဒါပေမဲ့ မြန်မာအစိုးရက ဘာလုပ်ထားလဲ ဆိုတဲ့အခါကျတော့ အခု Agent ကိုယ်စားလှယ် ကုမ္ပဏီတွေ ဖွင့်ထားတာ ရှိတယ်။ ဒီဇင်ဘာ ၈ နောက်ဆုံး ထိုင်းအလုပ်သမား ၀န်ကြီးဌာနကနေ ပို့တဲ့စာအရ ဆိုလို့ရှိရင် ၇ ခုကို အတည်ပြု ထားတယ်။ အဲဒီ ၇ က စက်ရုံးအကြီးတွေကိုဘဲ သွားနေတယ်။ သွားပြီးရင် ၀န်ဆောင်ခတွေ အများကြီး ပေးရတယ်ပေါ့။ အဲလိုမျိုးတဲ့အတွက်

၁ အလုပ်သမားထုကို ပြောချင်တာက လုပ်မယ်ဆိုရင် ကိုယ့်အလုပ်ရှင်ကို စည်းရုံးပါ။ ပိုက်ဆံသက်သာတယ်။ ကိုယ့်အတွက်လည်း ၀န်မကြီးဘူး။ အဲလိုမဖြစ်နိုင်လို့ အလုပ်ရှင်ကိုယ်တိုင်က Agent နဲ့ လုပ်မယ်ဆိုလို့ရှိရင် ဈေးနှုန်း အသက်သာဆုံး လုပ်ပါ။ အခုလောလောဆယ်က ယာယီ နိုင်ငံကူးလက်မှတ်ရဖို့က အရေးကြီးတယ်။ တကယ်ဆိုရင် ၅၀၀ လောက်ဘဲကုန်မယ်။ အဲလို ၂ ပိုင်းဘဲရှိမယ်။

ပထမဆုံးလုပ်ရတာက အလုပ်သမားရုံးမှာ Form တွေ ရှိပါတယ်။ Form တွေဖြည့်ဖို့ အလုပ်သမားရုံးတွေ တိုက်တွန်းတယ်။ ကိုယ်ကိုတိုင် အလုပ်ရှင်ကို တိုက်တွန်းပါ။ အလုပ်သမားရုံးမှာ Form ရှိတယ်။ Form တင်ပါ။ Form မတင်ဘဲ ရှိလာမဲ့ အကျိုးဆက်တွေကတော့ ပြဿနာ ရှိနိုင်တဲ့ သဘောရှိတယ်။ လက်မှတ်သက်တမ်း မတိုးပေးတာတို့ ဖြစ်လာနိုင်တယ်။

ပါဝင်ဆွေးနွေးပေးတဲ့ ဦးမင်းလွင်ဦး၊ ခွန်မြင့်ထွန်းနဲ့ ဦးသက်ခိုင်တို့ကို ကျေးဇူးတင်ပါတယ်။

0 comments:

Post a Comment