Sunday, January 10, 2010

Filled Under:

လွတ်လပ် ပွင့်လင်းမှု မရှိတဲ့ မြန်မာတရားစီရင်ရေး

VOA ----- 4 January 2010

ပြည်ပကို သတင်းပေးပို့တယ် ဆိုတဲ့သံသယနဲ့ ပြီးခဲ့တဲ့ ဒီဇင်ဘာလ ကုန်ပိုင်းက ထောင်ဒစ် အနှစ် ၂၀ ထပ် ချခံလိုက်ရတဲ့ မလှလှဝင်းဟာ တရားဥပဒေ ကြောင်းအရ ခုခံချေပခွင့် မရခဲ့ဘူးလို့ သိရပါတယ်။ ဒီအခြေအနေကို စုံစမ်းမေးမြန်းထားတဲ့ ကိုကျော်ထင်က အပြည့်အစုံကို ပြောပြပါ့မယ်ရှင်။

ပြီးခဲ့တဲ့နှစ် အောက်တိုဘာလက ပခုက္ကူတရားရုံးက သွင်းကုန်ထုတ်ကုန် ဥပဒေပုဒ်မ ၅/၁ နဲ့ ထောင်ဒဏ် ၇ နှစ် ချခံထားရတဲ့ မလှလှဝင်းကို ဒီဇင်ဘာ လကုန်ပိုင်းမှာ Electric ဥပဒေနဲ့ တခြားနိုင်ငံရေး ပုဒ်မတခု ပေါင်းပြီး ထောင်ဒဏ် အနှစ် ၂၀ ချမှလိုက်တယ်လို့ သူမနဲ့ နီးစပ်တဲ့သူက ပြောပြပါတယ်။ သမဟာ ပခုက္ကူ မြို့ခံ ကိုမြင့်လှိုင်မောင်းတဲ့ လိုင်စင်မရှိတဲ့ ဆိုင်ကယ်ကို လိုက်စီးတာကြောင့် ကိုမြင့်လှိုင်နဲ့အတူ အခေါက်အခွန်မဲ့ ပစ္စည်းလက်ဝေထားရှိမှုနဲ့ ထောင်ဒဏ် ချထားပြီးမှ အခုလို ထောင်ဒဏ် ထပ်မံ ချခံရတာ ဖြစ်ပါတယ်။ NLD ဥပဒေပြု အထောက်အကူပြု အဖွဲ့ဝင် ရှေ့နေကြီး ဦးအောင်သိန်းက သတင်းမီဒီယာနဲ့ ဆက်နွှယ်တဲ့ သံသယကြောင့် တရားခံ ရှေ့နေတွေ မလိုက်ရဲဘူးလို့ ဆိုပါတယ်။

ဦးအောင်သိန်း ----- ဘယ်ရှေ့နေကမှ မလိုက်ရဲဘူးဗျ၊ ငှားလို့လည်း မရဘူး။ လိုက်ပေးလို့လည်း မရဘူး။ သူတို့စောင့်ကြည့်နေတယ်။ နောက်တခု ထပ်စွဲတဲ့ အခါကျတော့လည်း အဲဒီက မြို့နယ်တွေကို ရှေ့နေတွေကို ငှားပေးဖို့ လုပ်တာလည်း ဘယ်ရှေ့နေမှ မလိုက်ကြဘူး။ ဒီသတင်းကို လာယူတယ်ဆိုပြီးတော့ ဘယ်သူမှ မလိုက်ရဲကြဘူး။

ရှေ့နေမပါဘဲ ခုခ့ချေပရတဲ့အတွက် မလှလှဝင်းဟာ တရားဥပဒေပါ အခွင့်အရေးတွေ ဆုံးရှုံးတယ်လို့ အာရှလူ့အခွင့်အရေး ကော်မရှင်မှ ရှေ့နေ ဦးမင်းလွင်ဦးက ပြောပါတယ်။

ဦးမင်းလွင်ဦး -----
အမှုသည်က နေပြီးတော့ အကျိုးဆောင်အပြစ် လိုက်ပါဆောင်ရွက်မဲ့သူကို မိမိစိတ်ကြိုက် ငှားရမ်းနိုင်တယ် ဆိုတာက တရားရုံးတွေရဲ့ လမ်းညွှန်ချက် ဖြစ်ပါတယ်။ ဒါပေမဲ့ ကျနော်တို့ မြန်မာနိုင်ငံအတွင်းမှာ နိုင်ငံရေးမှုတွေနဲ့ ပတ်သက်လာလို့ရှိရင် လိုက်ပါဆောင်ရွက်တဲ့ ရှေ့နေတွေကို အပြစ်ပေး အရေးယူတဲ့ ကိစ္စတွေက သာဓကအဖြစ် ရှိနေတယ်။ ဥပမာအားဖြင့် - ဦးခင်မောင်ရှိန်၊ ဦးအောင်သိန်း၊ ရှေ့နေ ကိုရန်နိုင်အောင် (ခေါ်) ကိုပိုးဖြူး၊ ညီညီထွေ၊ နောက်ထွက်ပြေး တိမ်းရှောင်နေရတဲ့ စောကျော်ကျော်မင်း စတဲ့ရှေ့နေတွေဟာ တရားခံဘက်က ခုခံချေပဖို့ ကြိုးစားတဲ့ အခါမှာ တရားရုံးရဲ့ ဖိအားပေးတာ၊ အာဏာပိုင်တွေက ဖိအားပေးတာကြောင့် နယ်မြေခံ ရှေ့နေတွေက နေပြီးတော့ နိုင်ငံရေးနဲ့ ပတ်သက်တဲ့ အမှုတွေမှာ လိုက်ပါဆောင်ရွက်ဖို့အတွက် မ၀ံ့ရဲကြဘူး ဖြစ်နေကြတယ်။ ဒါကြောင့် ရှေ့နေမပါဘဲနဲ့ ခုခံချေပရတဲ့ တရားခံတယောက်အနေနဲ့ ဥပဒေပါ အခွင့်အရေးတွေကို အများကြီး ဆုံးရှုံးတယ် ဆိုတာကို ကျနော့အနေနဲ့ ပြောချင်ပါတယ်။

အခုလို အမိန့်ချမှတ်ထားခဲ့ပေမဲ့လည်း NLD ဥပဒေ အထောက်အကူပြု အဖွဲ့အနေနဲ့ အယူခံတင်သွင်းရာမှာ ကူညီသွားမယ်လို့ ဦးအောင်သိန်းက ဆက်ပြောပါတယ်။

ဦးအောင်သိန်း ------ ကျနော်တို့က သူတို့အတွက် အယူခံဘဲ တက်ပြောရမယ်ပေါ့နော်။ ရှေ့နေမပါတဲ့အမှု ဆိုတဲ့ကျနော်တို့ လုပ်ပြီးတော့ အယူခံရုံးအဆင့်အထိ တက်ပေးမယ်ပေါ့နော်။ အဲအစီအစဉ်ဘဲ လုပ်ရမယ်။ တော်တော်များများလည်း နောက်ပိုင်းအဲလိုဘဲ လုပ်ရမယ်။ ဘာဖြစ်လို့လဲဆိုတော့ တရားခံရှေ့နေက နိုင်ငံရေးမှုဆို မလိုက်ရဲဘူးခင်ဗျား။

ပြည်ပအခြေစိုက် BMA မြန်မာ့သတင်း သမဂ္ဂ အတွင်းရေးမှူး ဦးစံမိုးဝေက အာဏာပိုင်တွေဟာ ပြည်မ မီဒီယာတွေနဲ့ ဆက်နွယ်တယ်လို့ သံသယ ရှိသူတွေကို အညှိုးညှိုးကြီးကြီး ထားတယ်လို့ ပြောတယ်။

ဦးစံမိုးဝေ ----- မလှလှဝင်းက သတင်းအလုပ်တွေကို သူလုပ်တယ်လို သံသယ ရှိတာပါ။ သူက သတင်းထောက် ဖြစ်တယ်လို့ ပြောလို့မရဘူး။ ဒါပေမဲ့ တခုသေချာတာကတော့ သတင်းသမားနဲ့ ပတ်သက်ပြီးတော့ ပြည်တွင်းသတင်းတွေကို ပြည်ပကို ထုတ်တယ်ဆိုပြီး အဲလိုသံသယ ရှိတယ်ဆိုလို့ရှိရင် အညှိုးကြီးကြီးထားပြီးတော့ လုပ်တာကို တွေ့ရတယ်။ ဆိုင်ကယ်စီးတယ် ဆိုပြီးတော့ ၇ နှစ် ချလိုက်တယ်။ ဒါက မဖြစ်သင့် မဖြစ်ထိုက်တဲ့ဟာပါ။ ကျနော်တို့ သံသယ ရှိတာက သတင်းနဲ့ ဆက်နွှယ်တယ် ဆိုပြီးတော့ မတရားသဖြင့် ပြစ်ဒဏ်တွေ ပေးလိုက်တယ်။

မြန်မာနိုင်ငံဟာ သတင်းလွတ်လပ်ခွင့်ကို အပိတ်ပင်ဆုံး စာရင်းဝင်နိုင်ငံ ဖြစ်ပါတယ်။ လက်ရှိချိန်အထိ ဖမ်းဆီးခံထားရတဲ့ သတင်းသမား ၁၇ ယောက် ရှိတယ်လို့လည်း BNA ရဲ့ စာရင်းအရ သိရပါတယ် ခင်ဗျား။

0 comments:

Post a Comment