Friday, January 08, 2010

Filled Under:

ကိုညီညီအောင်အမှု သုံးသပ်ချက်

RFA ----- 4 January 2010
မြန်မာနိုင်ငံဖွား အမေရိကန်နိုင်ငံသား ကိုညီညီအောင် လက်ရှိရင်ဆိုင်နေရ တဲ့ အမှုနဲ့ ပတ်သက်ပြီး ဒီအမှုဟာ ကိုညီညီအောင်ကို တမင်သက်သက် ထောင်မကျ ကျအောင် ချဖို့ စီစဉ် နေတယ်လို့ သုံးသပ် နေကြပါတယ်။ ကိုညီညီအောင် အမှုနဲ့ ပတ်သက်ပြီး လက်ရှိ အခြေအနေနဲ့ သုံးသပ်ချက် ကို သတင်းမြင်းကွင်ကျယ် အစီအစဉ်မှ ဦးတင်အောင်ခိုင် တင်ပြပါမယ်။

ကိုညီညီအောင်ကို မူလက အစိုးရဲဘက်က စွပ်စွဲထားတဲ့ ပုဒ်မတွေထဲက တချို့ကိုတော့ ပြီးခဲ့တဲ့ ဇန်နာဝါရီလ ၁ ရက်နေ့ ရုံးချိန်းမှာ တရားလိုဘက်က ဆက်လက်တင်ပြခြင်း မပြုတော့ပေမဲ့ လူဝင်မှုကြီးကြပ်ရေး ဥပဒေအရ ပုဒ်မတချို့ ထပ်တိုးလာတာကို တွေ့ရပါတယ်။ ရန်ကုန်မြို့မှာ နေထိုင်တဲ့ ကိုညီညီအောင်ရဲ့ အဒေါ် ဒေါ်ခင်ခင်ဆွေက အခုလို ပြောဆိုပါတယ်။

ဒေါ်ခင်ခင်ဆွေ ------ ပုဒ်မအသစ် ထပ်တက်တာက ၂၆/၁၊ ၂၇/၁၊ ၁၉/ ၂၀ လို့ အန်တီတို့လည်း မှတ်လာခဲ့တယ်။ သူ့ရဲ့မှတ်ပုံတင် ပျောက်သွားတာတို့၊ ရိုးဒယားကို ရောက်သွားတာတို့၊ အမေရိကန်ကို ရောက်တာ၊ အမေရိကန်မှာ နိုင်ငံသားဖြစ်တာ အကြောင်းပြပြီး အဲဒီဟာ ၄ ခုနဲ့ ပြောထားတာ။

ကိုညီညီအောင်ကို ရန်ကိုလေဆိပ်မှာ ဖမ်းဆီးပြီး အဲဒီအချိန်က ဖေါက်ခွဲရေး လုပ်ငန်း လုပ်ဖို့ ကြံစည်ပြီး သတင်းစာ ရှင်းလင်းပွဲမှာ တခမ်းတနားဘဲ ပြောခဲ့ပါတယ်။ ဒါပေမဲ့ နောက်ပိုင်း ရုံးထုတ်တဲ့ အချိန်မှာတော့ ယင်းစွပ်စွဲချက်တွေ မပါတော့ဘဲ လိမ်လည်တဲ့အမှု၊ စာရွက်စာတမ်းအတု ပြုလုပ်တဲ့အမှု၊ နိုင်ငံခြားငွေမှု စတဲ့ စွပ်စွဲချက်တွေနဲ့ ရုံးတင်ခဲ့တာပါ။ နောက်ပိုင်းမှာတော့ လူဝင်မှုကြီးကြပ်ရေးနဲ့ ပတ်သက်တဲ့ ပုဒ်မတွေကို ထပ်ပြီးတင်တာ ဖြစ်ပါတယ်။ ဒီကိစ္စနဲ့ ပတ်သက်ပြီး အာရှလူ့အခွင့်အရေး ကော်မရှင်မှ ဦးမင်းလွင်က အခုလို ပြောပါတယ်။

ဦးမင်းလွင်ဦး ------ ကိုညီညီအောင် အပေါ်မှာ အပြစ်ပေးနိုင်လောက်တဲ့ အကြောင်းရှာပြီးတော့ အခုလို စွဲဆိုတယ်လို့ ကျနော်တို့ယူဆတယ်။ ဥပမာအားဖြင့် ပြောရမယ်ဆိုရင် ၄၂၀ ဟာ အခုပြုတ်သွားပြီ ဖြစ်တယ်။ နောက်တခါ ၄၆၈ ဆိုတာကလည်း တကယ်တန်း အပြစ်ပေးနိုင်ဖို့အတွက် အထောက်အထား ခိုင်ခိုင်လုံလုံ မရှိဘူးဆိုတာကို ကျနော်တို့သိရတယ်။ အဲတော့ နိုင်ငံခြားငွေ လဲလှယ်မှု အက်ဥပဒေအရ ပြောရမယ်ဆိုလို့ရှိရင် အကောက်အခွန်ဌာနမှာ နိုင်ငံခြားငွေ စာရင်းရှင်းလင်းဖို့အတွက် ကောင်တာကို မရောက်ခင်မှာ အဖမ်းခံရတယ် ဆိုတာကို ကျနော်တို့ သိရတယ်။ ဒါကြောင့် တကယ်တန်း အမှုကို တရားဝင်တဲ့ အနေနဲ့ စစ်ဆေးစီရင်မယ် ဆိုလို့ရှိရင် ကိုညီညီအောင်ကို လွှတ်ပေးရမယ်ဖြစ်တယ်။ ဒါကြောင့် အဲလို မလွှတ်ပေးချင်တဲ့အတွက် ၁၉၉၄ ခုနှစ် နိုင်ငံသား မှတ်ပုံတင်ဥပဒေနဲ့ သမင်ရည်ရွယ်ပြီးတော့ ထပ်မံစွဲဆိုတယ်လို့ အာရှလူ့အခွင့်အရေး ကော်မရှင်အနေနဲ့ ပြောချင်ပါတယ်။

မေး ----- ထောင်မကျ ကျအောင် စွဲချက် တင်နေတာဖြစ်တယ်လို့ သုံးသပ်သူတွေ ရှိပေမဲ့ ကိုညီညီအောင် ကိုယ်တိုင်က သူ့ကိုစွပ်စွဲထားတဲ့ လိမ်လည်မှုဆိုတာကို လျော့ပေးတဲ့တာကြောင့် စိတ်သက်သာရာ ရပါတယ်လို့ ပြောပါတယ်။

ဒေါ်ခင်ခင်ဆွေ ------ ၄၂၁ တခု ပြုသွားတာ သူအရမ်း ၀မ်းသာတယ်တဲ့၊ တကယ်တန်းသူတို့တွေက မလျော့မပေါ့နဲ့ ချမယ်ဆိုလို့ရှိရင် ၇ နှစ် လောက်က သက်သာသွားပြီတဲ့။

မေး ----- စိတ်သက်သာရာ ရသွားတယ်ဆိုတဲ့ ကာယကံရှင်တွေက ပြောပေမဲ့ တကယ်တန်း ဘာပြစ်မှုမှ ကျူးလွန်ခဲ့ခြင်း မရှိဘဲနဲ့ အကျဉ်းကျခံနေရတယ်လို့ ရှေ့နေဦးမင်းလွင်ဦးက ပြောပါတယ်။

ဦးမင်းလွင်ဦး ----- ဒီအမှုမှာ ကျနော်အဓိက ပြောချင်တာက သံရုံးမှာ ဗီဇာသွားလျှောက်ကတည်းကိုက သံရုံးက တကယ်သဘောရိုးနဲ့ ကြည့်ခဲ့လို့ရှိရင် အကျိုးအကြောင်းအားလုံး ပွင့်ပွင့်လင်းလင်း ရှင်းပြပြီး ပြောရမှာ ဖြစ်တယ်။ အခုတော့ အဲလိုမဟုတ်ဘဲနဲ့ သံရုံးကနေ ဗီဇာထုတ်ပေးလိုက်တယ်။ သံရုံးကနေ ဗီဇာထုတ်ပေးလို့ တရားဝင်ခွင့်ပြုချက်နဲ့ လာပြီးတဲ့ အခါကျမှသာ မြန်မာနိုင်ငံ ရောက်မှ နည်းမျိုးစုံနဲ့ ပြဿနာ ရှာခံရတယ်ဆိုတာကို ကျနော်တို့ သိရတယ်။

မေး ----- ကိုညီညီအောင် အပေါ်မှာ နောက်ဆုံးထပ်တင်လိုက်တဲ့ စွပ်စွဲချက်တွေ အထဲမှာ မှတ်ပုံတင် ပျောက်သွားတာကို အကြောင်းမကြားတဲ့အမှု၊ အမေရိကန်နိုင်ငံသား ခံယူလိုက်တာကို အကြောင်းမကြားတဲ့ အတွက်ကြောင့် ဖြစ်တယ်လို့ ဆိုပါတယ်။ ဒါပေမဲ့ လက်တွေ့မှာ နိုင်ငံခြား တိုင်းပြည်မှာ နိုင်ငံခြားသားအဖြစ် ခံယူသွားကြတဲ့ မြန်မာနိုင်ငံသား အားလုံးလိုလိုဟာ မြန်မာနိုင်ငံသား အဖြစ်ကနေ စွန့်လွှတ်ကြောင်း တင်ပြသူ မရှိသလောက် ဖြစ်တယ်လို့ ဦးမင်းလွင်ဦးက ပြောပါတယ်။

ဦးမင်းလွင်ဦး ----- အဲဒီလို လုပ်တဲ့အစဉ်အလာလည်း မတွေ့ဖူးဘူး။ အာဏာသိမ်းပြီးတဲ့ နောက်ပိုင်းမှာ နိုင်ငံခြားက နေပြီးတော့ အကြောင်း အမျိုးမျိုးကြောင့် ရောက်နေတဲ့သူတွေ ပြန်လာရင် ပြန်လာခွင့်ပြုတယ် ဆိုပြီးတော့ ဥပဒေ ပြဌာန်းပြီးတော့ ပြန်လည်ခေါ်ယူတဲ့ သာဓကတွေလည်း ရှိပါတယ်။ အဲတော့ ပြောချင်တာက ကိုညီညီအောင်အနေနဲ့ ၁၉၈၈ အရေးအခင်း ပြီးတဲ့နောက်ပိုင်းမှာ ကုလသမဂ္ဂ UNHCR ရဲ့ တတိယနိုင်ငံမှာ အခြေစိုက်ဖို့ ဆောင်ရွက်တဲ့ အစီအစဉ်အရ ထွက်လာတာဖြစ်တယ်။ ဒါကြောင့် ကုလသမဂ္ဂ ဒုက္ခသည်များ မဟာမင်းကြီးရုံး အနေနဲ့ မြန်မာနိုင်ငံသား အဖြစ်ကို စွန့်လွှတ်ကြောင်း သူ့အနေနဲ့ ပြောဆိုထားပြီးသားလို့ ယုံကြည်ရတယ်။

မေး ------ ချွင်းချက်အနေနဲ့ နိုင်ငံခြားသားနှင့် အိမ်ထောင်ကျသွားသူ မြန်မာအမျိုးသား အချို့ဟာ သက်ဆိုင်ရာ သံရုံးမှာ စွန့်လွှတ်တယ်လို့ ကြားဖူးတယ်လို့ ပြောပါတယ်။ အခုလို ကိုညီညီအောင် အပေါ်မှာ စွန့်စွဲထားတဲ့ စွဲချက်တွေကို ကြည့်မယ်ဆိုရင် နိုင်ငံတကာကို ရောက်နေကြပြီး သက်ဆိုင်ရာ နိုင်ငံသားအဖြစ် ခံယူလိုက်ကြတဲ့ မြန်မာတွေအတွက်ပါ မြန်မာနိုင်ငံကို ပြန်လာရင် ပြဿနာ ဖြစ်နေမလား ဆိုတာ မေးစရာ မေးခွန်းဖြစ်နေပါတယ်။

ဦးမင်းလွင်ဦး ----- သူတို့လုပ်ချင်တဲ့အတိုင် တရားရုံးတွေမှာ ဖမ်းဆီးပေးနေတာ ဖြစ်တယ်။ ဒါကြောင့် ဒီဥပဒေနဲ့ ကင်းလွတ်ခွင့်ရမယ်။ အဆင်မပြေဘူး၊ ဆန့်ကျင်ဘက် အဖွဲ့အစည်းတွေနဲ့ ဆက်သွယ်တယ်ဆိုလို့ရှိရင် အရေးယူ အပြစ်ပေးခြင်း ခံရမယ်။ ကျနော်တော့ အဲလိုဘဲ မြင်ပါတယ်။

ဦးမင်းလွင်ဦး ပြောပြသွားတာပါ။ တကယ်တော့ ကိုညီညီအောင်ရဲ့ အမှုဟာ ပြီးခဲ့တဲ့လပိုင်းအတွင်းက အမေရိကန် တောင်တက်သမား ၃ ဦးကို ပြည်နယ် အာဏာပိုင်တွေက ဖမ်းခဲ့သလို အလားတူ တောင်ကိုးရီးယား နယ်စပ်မှာ အမေရိကန် နိုင်ငံသူ ၂ ဦးကို မြောက်ကိုးရီးယား ဖမ်းဆီးခဲ့ပုံ ဖြစ်တယ်လို့ ယူဆသူတွေ ရှိပါတယ်။ ဒီအောင်ရွက်မှုတွေဟာ နိုင်ငံရေးအတွက် အသုံးချစရာ ဖဲတချပ်ဖြစ် အသုံးပြုဖို့ ဖြစ်တယ်လို့ အခိုင်အမာ ပြောဆိုနေသူတွေလည်း ရှိပါတယ်ခင်ဗျား။

0 comments:

Post a Comment