Wednesday, January 13, 2010

Filled Under:

ဒီမိုကရေစီစနစ် ကူးပြောင်းသော်လည်း လူ့အခွင့်အရေး ချိုးဖေါက်မှု အပြင်းအထန် ရှိနေဆဲ

RFA ----- 12/ 1/ 2010
အာရှတိုက် အထူးသဖြင့် ရှေ့တောင်အာရှ နိုင်ငံတွေမှာ နိုင်ငံအချို့က ဒီမိုကရေစီနိုင်ငံ အဖြစ်ကို ကူးပြောင်းသွား ပါပြီလို့ ကြွေးကြော်ထားပေမဲ့ အဲဒီတိုင်းပြည်တွေမှာ လူ့အခွင့်အရေး ချိုးဖေါက်မှု တွေက ဆက်ပြီးရှိနေဆဲဘဲလို့ နိုင်ငံစောင့်ကြည့် လေ့လာသူ တွေက ဆိုပါတယ်။ ဥပမာ အားဖြင့် အင်ဒိုနီးရှား နိုင်ငံမှာ အာဏာရှင် သမတ ဆူဟာတို လက်ထက်က နိုင်ငံရေး သမားတွေနဲ့ လူ့အခွင့်အရေး လှုပ်ရှားသူတွေ အကြောင်းမဲ့ ပျောက်ကွယ်သွားတာမျိုး၊ ဥပဒေမဲ့ သတ်ဖြတ်ခံရ တာမျိုးတွေ ရှိပြီး အခုတော့ ဒီမိုကရေစီစနစ်ကို ပြောင်းလဲသွားပြီးဆိုတဲ့ မူစလင် အများစု နေထိုင်တဲ့ အင်ဒိုနီးရှားမှာ ပြီးခဲ့တဲ့သလောကဘဲ ဆောက်လက်စ ခရစ်ယာန် ဘုရားကျောင်းကို လူအုပ်စုလိုက် ဖြိုဖျက်တဲ့ ကိစ္စကို ကြည့်ရင် ဘာသာရေးအရှ ချိုးနှိမ်ခံရာတာတွေ ဆက်လက်ရှိနေဆဲလို့ သုံးသပ်ကြပါတယ်။

တခါ ၁၉၈၈ ခုနှစ် အင်ဒိုနီးရှားနိုင်ငံမှာ နိုင်ငံရေး မငြိမ်မသက် ဖြစ်ချိန်တုန်းက လူ့အခွင့်အရေး ချိုးဖေါက်မှုတွေကို ကျူးလွန်ရာမှာ ဆက်တိုက်ပါဝင်ခဲ့တဲ့ စစ်ဗိုလ်ချုပ်ကြီးတဦးကို လက်ရှိသမတ ဆူဆီလိုဘန်ဘန်းက ကာကွယ်ရေး ဒုဝန်ကြီးအဖြစ် ခန့်အပ်လိုက်တဲ့အပေါ် အင်ဒိုနီးရှားနိုင်ငံသားတွေက မကျေမနပ် ဖြစ်နေကြပါတယ်။ ဒါဆိုရင် အရှေ့တောင်အာရှ နိုင်ငံမှာ ပါဝင်နေတဲ့ မြန်မာနိုင်ငံအတွင်းက လူ့အခွင့်အရေး ချိုးဖေါက်မှု အခြေအနေကို ကြည့်ရအောင်ပါ။ ဟောင်ကောင်အခြေစိုက် အာရှလူ့အခွင့်အရေး ကော်မရှင်ရဲ့ ရှေ့နေတဦးဖြစ်တဲ့ ဦးမင်းလွင်ဦးက အခုလို ထောက်ပြပါတယ်။

ဦးမင်းလွင်ဦး ------ ကျနော်တို့ မြန်မာနိုင်ငံအတွင်းမှာ အဓိက လူ့အခွင့်အရေး ချိုးဖေါက်မှု ခံရတယ် ဆိုတာက အာဏာပိုင်တွေက ကျူးလွန်တာဖြစ်တယ်။ လူမသိ သူမသိ ကျူးလွန်ခံရတဲ့ ကိစ္စရပ်တွေ အနေနဲ့ ပြောရမယ်ဆိုရင် နယ်စပ်တိုင်းရင်းသား နယ်မြေဒေသတွေမှာ ရွာတွေ မီးရှို့ဖျက်ဆီးခံရတာ၊ လွတ်လပ်စွာ လုပ်ကိုင်စားသောက်ခွင့် မရဘူး။ နောက်ပြီးတော့ အဓမ္မ လုပ်အားပေး၊ ပေါ်တာအဖြစ် ခေါ်ယူခိုင်းစေတဲ့ ကိစ္စရပ်တွေ ရှိတယ်။ ဒါတွေက နိုင်ငံတကာ အသိုင်းအ၀ိုင်းကနေ ထင်ထင်ရှားရှား မသိနိုင်တဲ့ ကိစ္စတွေ မြန်မာနိုင်ငံမှာ အာဏာပိုင်တွေက ကျူးလွန်နေတာဖြစ်တယ်။

မေး ------ ဒီလို လူသမိ၊ သူမသိ အခြေအနေတွေ ဘယ်လားလို့ ဦးမင်းလွင်ဦးက ထပ်ရှင်းပြပါတယ်။

ဦးမင်းလွင်ဦး ----- ထင်ထင်ရှားရှား သိသာတဲ့ အချက်အလက်တွေကတော့ နိုင်ငံရေး အကျဉ်းသားတွေကို ပြစ်ဒဏ်ကြီးလေးစွာ ပေးတယ်။ ဝေလံတဲ့ ထောင်တွေကို ပို့ပြီးတော့ ထပ်ဆင့်အပြစ်ဒဏ် ပေးထားတာတွေက တကယ့် လူ့အခွင့်အရေး ချိုးဖေါက်မှုမှာ တိတိသာသာ ထင်ထင်ရှားရှား မြင်ရတဲ့ ကိစ္စဖြစ်တယ်။ ဘာသာရေးနဲ့ ပတ်သက်ပြီး ပြောရမယ်ဆိုရင်လည်း မြန်မာနိုင်ငံမှာ ယခင်က အစ္စလန်ဘာသာတွေ၊ ခရစ်ယာန်ဘာသာတွေ ကိုးကွယ်ခွင့်မရဘူး။ အခု ၂၀၀၇ ခုနှစ် ရွှေဝါရောင် သံဃာလှုပ်ရှားမှု ပြီးလာတဲ့အခါမှာ ကျနော်တို့ ဗုဒ္ဓဘာသာ ကိုယ်တိုင်ပင် လွတ်လပ်စွာ ကိုးကွယ်ခွင့် ဆုံးရှုံးနေရတာကို တွေ့ရမယ်။

မေး ------ ဒီနေရာမှာ ကမ္ဘာက လူသိများတဲ့ ဖြစ်ရပ်ကတော့ ဒေါ်အောင်ဆန်းစုကြည်ကို ဖမ်းဆီး အပြစ်ပေးထားတဲ့ ကိစ္စပါ။

ဦးမင်းလွင်ဦး ------ ဒေါ်အောင်ဆန်းစုကြည်ကို ဖမ်းဆီးချုပ်နှောင်ူထားတဲ့ ကိစ္စက နိုင်ငံသားတဦးရဲ့ အခွင့်အရေးကို ဥပဒေနဲ့ ကန့်သတ်ထားတာ ဖြစ်တယ်။ မြန်မာနိုင်ငံ အစိုးရကနေပြီးတော့ ဒေါ်အောင်ဆန်းစုကြည်ကို ဖမ်းဆီးချုပ်နှောင်ထားတာ မဟုတ်ပါဘူး။ သူမရဲ့ အန္တရာယ်ကြောင့် အကာအကွယ် ပေးထားရတယ် ဆိုပြီးတော့ အကြောင်းပြန်ခဲ့တာ ရှိတယ်။ ဒါကြောင့် ဥမဒေမဲ့ မတရား ဖမ်းဆီးထိန်းသိမ်းခြင်းကို ဒေါ်အောင်ဆန်းစုကြည် အနေနဲ့ ခံနေရတယ် ဆိုတာကို လူ့အခွင့်အရေး ကောင်စီလက်အောက်က အဖွဲ့အစည်းတွေကနေ အသိအမှတ် ပြုထားတဲ့အတွက်လည်း နိုင်ငံတကာကနေပြီးတော့ ပိုမိုဂရုစိုက်ပြီးတော့ စောင့်ကြည့် လေ့လာနေတာ ဖြစ်တယ်။

မေး ------ အခုဆိုရင် မကြာခင် ၂၀၁၀ ရွေးကောက်ပွဲ ရောက်လာတော့မှာပါ။ ရွေးကောက်ပွဲအပြီး တက်လာမဲ့ အစိုးရသစ် နောက်ပိုင်းမှာရော မြန်မာနိုင်ငံက လူ့အခွင့်အရေး ချိုးဖေါက်မှုတွေ ပပျောက်သွားတော့မှာလား ဆိုတာကို မေးခွန်းထုတ်နေကြပါတယ်။ ဦးမင်းလွင်ဦးကတော့ ဒီလို သုံးသပ်ပါတယ်။

ဦးမင်းလွင်ဦး ------ ၂၀၀၈ ခုနှစ်က အတည်ပြုခဲ့တဲ့ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ အတိုင်းသာ ဆက်လက်အုပ်ချုပ် သွားမယ်ဆိုရင် နိုင်ငံသားအခွင့်အရေးကို အပြည့်အ၀ ခံစားခွင့်မရဘူးဆိုတဲ့ ကျနော်တို့ လေ့လာပြီးကတည်းက အသေအချာ ပြောနိုင်ပါတယ်။ အဲတော့ ၂၀၁၀ ရွေးကောက်ပွဲ ပြီးသွားလို့ရှိရင် နိုင်ငံသားတွေအနေနဲ့ နိုင်ငံသား အခွင့်အရေးတွေကို အပြည့်အ၀ ခံစားနိုင်မယ် မဟုတ်ဘူးလို့ဘဲ ကျနော်တို့ အနေနဲ့ ပြောချင်ပါတယ်။

မြန်မာနိုင်ငံလိုဘယ် မလေးရှား၊ ဗီယက်နမ်နဲ့ တရုတ်နိုင်ငံတွေမှာ အာဏာပိုင်တွေကို ဆန့်ကျင်တဲ့ ရေးသားတဲ့ Internet blogger တွေနဲ့ နိုင်ငံရေး လှုပ်ရှားသူတွေကို အခုအချိန်အထိ ဖမ်းဆီးမှုတွေ ရှိနေသလို ထိုင်းနိုင်ငံမှာလည်း နိုင်ငံတကာက တားမြစ်နေတဲ့ကြားက လာအိုမုန်းဒုက္ခသည်တွေကို နေရာရင်း ပြန်ပို့တဲ့ ကိစ္စတွေကို ကြည့်ရင် နိုင်ငံရေး ပြုပြင်ပြောင်းလဲမှုတွေကို လုပ်ထားပေမဲ့ အဲဒီနိုင်ငံတွေမှာ လူ့အခွင့်ရေး ချိုးဖေါက်မှုတွေ ဆက်ရှိနေဆဲဘဲလို့ လူ့အခွင့်အရေး အဖွဲ့တွေက သုံးသပ်နေကြောင်းပါခင်ဗျား။

0 comments:

Post a Comment