Monday, March 01, 2010

Filled Under:

မစ္စတာ ကင်တားနားရဲ့ မြန်မာပြည်ခရီးအပေါ် ဆွေးနွေးသုံးသပ်ချက်များ

VOA ----- 20 February 2010 တိုက်ရိုက်လေလှိုင်းအစီအစဉ်


မြန်မာပြည်ကို ၅ ရက်ကြာ လာသွားခဲ့တဲ့ ကုလသမဂ္ဂရဲ့ မြန်မာပြည်ဆိုင်ရာ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် မစ္စတာ ကင်တားနားရဲ့ ခရီးစဉ်ဟာ မြန်မာပြည်က လူ့အခွင့်အရေး အခြေအနေတွေကို ဘယ်လောက်အထိ အထောက်အကူ ဖြစ်စေခဲ့သလဲ ဆိုတာကို ဆွေးနွေးကြမှာပါ။ ထုတ်လုပ်ရေးမှူး ကိုဇော်ဝင်းလှိုင်နဲ့ တင်ဆက်သူ ဦးကျော်ဇံသာတို့ တင်ဆက်ထားပါတယ်။ တိုင်ခံ ဆွေးနွေးသူတွေက အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် CEC အဖွဲ့ဝင် ဦးဝင်းတင်၊ အာရှ လူ့အခွင့်အရေး ကော်မရှင်မှ မြန်မာနိုင်ငံ အရေးနဲ့ ပတ်သက်ပြီး ဆောင်ရွက်နေတဲ့ ရှေ့နေ ဦးမင်လွင်ဦး၊ နိုင်ငံရေးအကျဉ်းသား ကူညီစောင့်ရှောက်ရေး အဖွဲ့မှာ ကိုတိတ်နိုင်တို့ ဖြစ်ကြပါတယ်။

သောတရှင်များခင်ဗျား မြန်မာနိုင်ငံကို ကုလသမဂ္ဂ အထူးသံသမန်ကြီး မစ္စတာကင်တားနား တတိယအကြိမ် သွားရောက်တာ ထင်ပါတယ်။ သွားရောက်ခါစ မြန်မာနိုင်ငံမှာ ဖမ်းဆီးမှုအသစ်တွေ၊ ထောင်ဒဏ်ချမှတ်မှု အသစ်တွေ ပေါ်ပေါက်လာနေတာ ဖြစ်ပါတယ်။ ဒါပေမဲ့ ထိုင်းနိုင်ငံအခြေစိုက် ဒေါ်အေးအေးမာ သတင်းပေးပို့ချက် အရဆိုရင် အောင်လံမှာ ဖမ်းဆီးထောင်ကျ ခံထားရတဲ့ လယ်သမား ၁၂ ယောက်ကို ပြန်လွှတ်တယ် ဆိုတဲ့သတင်းကိုလည်း ကြားလာရပါတယ်။

ဒါဆိုရင် မစ္စကင်တားနားရဲ့ ခရီးစဉ်ဟာ မအောင်မြင်ဘူးလား၊ သို့မဟုတ် အောင်မြင်မှု တစိတ်တပိုင်း ရှိလာနေပြီလို့ ထင်ပါသလား စတာတွေကို ဒီနေ့ ဆွေးနွေးကြမှာ ဖြစ်ပါတယ်။ တခါ အခုတလောမှာ သမင်တကာ တိုက်ဆိုင်နေသလားလို့ မပြောနိုင်ဘူးခင်ဗျား။ သတင်းစာထဲမှာ မြန်မာနိုင်ငံ ပြည်ထဲရေး ၀န်ကြီးကို ဗဟိုပြုပြီး ဖွဲ့စည်းထားတဲ့ လူ့အခွင့်အရေး အဖွဲ့အစည်းက ဆွေးနွေးတဲ့ သတင်းတွေ၊ ကလေးစစ်သား ဟန့်တားရေး သတင်းတွေ မြန်မာအစိုးရ သတင်းစာမှာ တွေ့ရပါတယ်။ နောက်ဆုံးအနေနဲ့ အချိန်ရရင် လူ့အခွင့်အရေး အခြေအနေ မတိုးတက်ရင် တိုးတက်အောင် ဘာလုပ်ကြမှာလဲ ဆိုတာကို အဖြေထုတ် ကြည့်ကြရအောင် သောတရှင်များခင်ဗျား။

ဦးကျော်ဇံသာ ----- ပထမဦးဆုံး ဆရာဦးဝင်းတင်ကို မေးပါရစေ။ ဆရာက မစ္စတာ ကင်တားနားကို ကိုယ်တိုင် တွေ့လိုက်ရတဲ့ ပုဂ္ဂိုလ် ဖြစ်ပါတယ်။ မစ္စတာ ကင်တားနားရဲ့ ခရီးစဉ်ကို ဆရာခြုံငုံ အကျဉ်းချုံး သုံးသပ်မယ်ဆိုရင် အောင်မြင်မှု တစုံတရာ တွေ့ပါသလား၊ လုံးဝ မအောင်မြင် ဘူးလား၊ တ၀က်တပျက် အောင်မြင်တာလား စသည်ဖြင့် ဆရာ့သုံးသပ်ချက်ကို ကြားပါရစေ။

ဦးဝင်းတင် ------ ကျနော်က ၂ ပိုင်း တွက်တယ်။ ဒါကိုလည်း ကျနော် မစ္စတာ ကင်တားနားကို ပြောပါတယ်။ မစ္စတာ ကင်တားနားဟာ လူ့အခွင့်အရေးနဲ့ ပတ်သက်ပြီး လာတဲ့ပုဂ္ဂိုလ်၊ အစီရင်ခံရမဲ့ ပုဂ္ဂိုလ်ဖြစ်တော့ လူ့အခွင့်အရေးနဲ့ ပတ်သက်ပြီး အသေအချာတော့ မသိဘူး။ သူရခိုင်သို့ သွားတယ်။ ဘယ်လောက် အောင်မြင်တယ် ဆိုတာကို ကျနော်တို့ မသိဘူး။ သို့သော် ရခိုင်ဆိုတာက ရိုဟင်ဂျာတွေ ရှိနေတဲ့အတွက် ဒီကိစ္စဟာလည်း ကမ္ဘာနဲ့အ၀ှမ်း ကမ္ဘာရဲ့ မီဒီယာ လောကမှာရော၊ ကမ္ဘာ့ နိုင်ငံရေးလောကမှာပါ ပြန့်နှံ့ထွက်သွားတဲ့ အရေးကိစ္စ ဖြစ်တဲ့အတွက် အစိုးရအနေနဲ့ စုံစမ်း၊ မေးမြန်း စစ်ဆေးခြင်း ဆိုတာတွေ သိပ်လုပ်ချင်ပုံ မပေါ်ဘူး။ အဲတာကို ခွင့်ပြုလိုက်တဲ့ဟာက ဘာဘဲပြောပြော သူ့လုပ်ငန်းအနေနဲ့ အောင်မြင်တယ်လို့ ပြောချင်ပါတယ်။ သူ့ကို ပြောလိုက်ပါတယ်။

သို့သော် ကျနော်က သူ့ကို ပြောချင်တာက လူ့အခွင့်အရေးကို အခြေခံပြီးတော့ ဖြစ်နေတဲ့ နိုင်ငံရေး အခြေအနေတွေလည်း ရှိပါတယ်။ ဒီပြဿနာနဲ့ ပတ်သက်ပြီးတော့ ခင်ဗျားတို့ ကိုင်တွယ်ပုံ သိပ်ကို အားနည်းနေတယ် ဆိုပြီးတော့ ပြောလိုက်ပါတယ်။ အဲဒါကတော့ ၁၉၉၀ ရွေးကောက်ပွဲ ရလာဒ်ကို ဒီနေ့အထိ စစ်အစိုးရ အနေနဲ့ သဘောထား ထုတ်ပြန်ခြင်း မရှိ၊ ရွေးကောက်ပွဲ ကော်မရှင်တို့လည်း ဖျက်သိမ်းခြင်း မရှိဘူး။ ဒီရွေးကောက်ပွဲ ရလာဒ်ကို ပယ်ဖျက်ပြီး ကြေငြာနေခြင်း မရှိဘဲ ရှိနေတာကိုး။ ကုလသမဂ္ဂ လူ့အခွင့်အရေး အဖွဲ့အနေနဲ့ ဒါတွေကို ပြောရမယ်။ ဘာဖြစ်လို့လည်း ဆိုတော့ လူ့အခွင့်အရေး အကြီးအကျယ် ချိုးဖေါက်တဲ့ လုပ်ငန်းဖြစ်တာ တကြောင်း ဖြစ်ပါတယ်။

နောက်တခုက ၂၀၀၈ ခုနှစ် အခြေခံ ဥပဒေ ပြင်ဆင်ရေးနဲ့ ပတ်သက်လို့ ကျနော်တို့ တောင်းဆိုနေတာတွေ ရှိပါတယ်။ ရွှေဂုံတိုင် ကြေငြာချက်မှာ အတိအလင်းကို ပါဝင်ပါတယ်။ ဒီကိစ္စနဲ့ ပတ်သက်ပြီး မစ္စတာ ကင်တားနားလို လူ့အခွင့်အရေး အဖွဲ့အနေနဲ့က ဘာမှတစုံတရာ ပြောနိုင်ခြင်း မရှိသေးဘူး။ ဒီဟာတွေကို ဟန့်တားရမယ်။ ကျနော်တို့ အခြေခံ ဥပဒေကို မပြင်လို့ရှိရင် ရွေးကောက်ပွဲကို မ၀င်ဘူးဆိုတဲ့ သဘောနဲ့ ပြောနေကြတယ်။ ဒီသဘောထားတွေ ပေါ်နေတယ်။

အဲဒီလို အခြေအနေမှာ နိုင်ငံရေး အင်အားစုနဲ့ တိုင်းရင်းသားအပါအ၀င် အားလုံးဟာ ၂၀၀၈ အခြေခံ ဥပဒေ ပြင်ဆင်ရေးကို တောင်းဆိုနေတာနဲ့ ပတ်သက်ပြီး လူ့အခွင့်အရေး ကော်မရှင်တို့က လုံးဝကို မလှုပ်သလို ဖြစ်နေတာကို ကျနော်က ပြောလိုက်ပါတယ်။ လူ့အခွင့်အရေး အခြေခံဘဲ၊ ဒီအတိုင်းသာ ဆက်သွားရင် ၂၀၀၈ အခြေခံ ဥပဒေက ရှေးလျှောက် လူ့အခွင့်အရေး ချိုးဖေါက်မှု မြောက်မြားစွာကို လုပ်သွားမဲ့ ကိစ္စ ဖြစ်တယ်။ အဲတော့ ကျနော်ပြောတာက လူ့အခွင့်အရေး အခြေခံတဲ့ နိုင်ငံရေး ကိစ္စတွေ ခင်ဗျားတို့ မကိုင်တွယ် မဖြေရှင်း နိုင်သမျှ ကာလပတ်လုံး ဗမာပြည်ရဲ့ လူ့အခွင့်အရေး အခြေအနေက တိုးတက်ဖို့ လမ်းမရှိဘူးလို့ ကျနော် ပြောလိုက်ပါတယ်။ အဲဒါ ခရီးစဉ် တခုလုံး သုံးသပ်ချက် ဖြစ်ပါတယ်။ ဆိုလိုတာက လူ့အခွင့်အရေး ကိစ္စကိုတော့ အောင်မြင်မှု ရသလောက် ရချင်ရမယ်။ သို့သော် နိုင်ငံရေး ပြဿနာတွေကို ဖြေရှင်းတဲ့နေရာမှာ ထိရောက်စွာ ဆောင်ရွက်နိုင်ခြင်း မရှိဘူးလို့ ကျနော် အဲလို ပြောပါတယ်။

ဦးကျော်ဇံသာ ------- ရှေ့နေ ဦးမင်းလွင်ဦးခင်ဗျား။ မစ္စတာ ကင်တားနားတို့လို အစဉ်အဆက် မြန်မာနိုင်ငံကို သွားရောက်ခဲ့ကြတဲ့ လူ့အခွင့်အရေး ကိုယ်စားလှယ် တော်တော်များများ အခြေခံ လူ့အခွင့်အရေးတွေ နည်းနည်းပါးပါး လုပ်နိုင်တယ်လို့ သတင်းတွေထွက်ပေမဲ့ ဆရာ ဦးဝင်းတင် ထောက်ပြသလို နိုင်ငံရေး အခွင့်အရေး မှာကျတော့ လုံးဝရှေ့တိုးအောင် လုပ်ဆောင်နိုင်ခြင်း မရှိဘူးလို့ အများက သုံးသပ်ကြပါတယ်။ ဒီလိုမရှိခြင်းဟာ ဘယ်ဘက်က လိုသလဲ၊ ကုလသမဂ္ဂလို နိုင်ငံတကာ အဖွဲ့အစည်းတွေက လူ့အခွင့်အရေး ကိုယ်စားလှယ်တွေကို လုပ်ပိုင်ခွင့် ပိုမိုပေးအပ်ဖို့ လိုသလား။ အင်အား ပိုမိုပံ့ပိုးဖို့ လိုသလား။ သို့မဟုတ်ရင် စစ်အစိုးရက ဒီကိစ္စမှာ လုံးဝတိုးလို့မပေါက်တဲ့ အုတ်တံတိုင်းလို ဖြစ်နေတာလား ဆိုတာကို ဦးမင်းလွင်ဦး ဘယ်လိုမြင်ပါသလဲ ခင်ဗျား။

ဦးမင်းလွင်ဦး ----- ကျနော် အဲဒီကိစ္စကို ပြောရမယ်ဆိုလို့ရှိရင် ကင်တားနား သွားတဲ့ကိစ္စမှာ ကင်တားနား ကိုယ်တိုင်က မြန်မာနိုင်ငံကို သွားတဲ့ခရီးစဉ်က ဒေါ်အောင်ဆန်းစုကြည် အပါအ၀င် အခြားတွေ့သင့်တဲ့ သူတွေနဲ့ တွေ့လို့မရဘူး ဆိုပြီးတော့ သူ့အနေနဲ့ မကျေမနပ် ဖြစ်တဲ့ကိစ္စတွေ ရှိတယ်။ နောက်ပြီး နိုင်ငံရေး အကျဉ်းသားတွေနဲ့ ပတ်သက်ပြီးတော့ သူတို့ချင်တဲ့ သူတွေနဲ့ အလုံးစုံ တွေ့ခွင့်မရ ခဲ့ဘူး။ ဒါတွေအပေါ်မှာလည်း သူ့အနေနဲ့ မကျေနပ်ဘူး ဖြစ်တယ်။ အခုသွားတဲ့ ခရီးစဉ်တလျှောက်မှာ သွားပြီးတော့ တွေ့ခဲ့တဲ့သူတွေက လွန်ခဲ့တဲ့ (၁) နှစ်ကျော်က နေပြီးတော့ သွားတွေ့ဖို့ စီစဉ်ခဲ့သူတွေ ဖြစ်တယ်ဆိုတာကို ကျနော်တို့ သိရတယ်။

နောက်ပိုင်း တွေ့ရတဲ့ကိစ္စက နော်အုန်းလှတို့ရယ်၊ ရခိုင်ကျောင်းသား လူငယ်များ အစည်းအရုံးမှ ခိုင်ကျော်မိုး တို့ရဲ့ကိစ္စ၊ ဒီ (၂) ယောက်ကလည်း လူသစ်တွေ အနေနဲ့ ပါဝင်တာ ဖြစ်တယ်။ အဲတော့ ကင်တားနား အနေနဲ့ မြန်မာနိုင်ငံကို သွားတဲ့ ခရီးစဉ် တလျှောက်မှာ စစ်အစိုးရအနေနဲ့ ကုလသမဂ္ဂ လူ့အခွင့်အရေး ကောင်စီကိုလည်း သူတို့ ခွင့်ပြုသလောက်ပဲ ခွင့်ပြုခဲ့တယ်။ သူတို့ရဲ့ လက်အောက်ကနေပြီးတော့ လိုအပ်တဲ့ အတိုင်းအတာထက် ပိုလို့ရှိရင် ခွင့်ပြုခြင်း မပြုဘူးလို့ ကျနော်တို့ နားလည်ထားတယ်။ သို့သော်လည်း ဒီလိုမကောင်းတဲ့ကြားက ကျနော်တို့ အနေနဲ့ အကောင်းတွေကို ပြန်ကြည့်မယ်ဆိုရင် အခု မစ္စတာ ကင်တားနား ကိုယ်တိုင်က န အ ဖ ရဲ့ သဘောထား အမှန်ကို သိသွားပြီး ဖြစ်တယ်။ မြန်မာနိုင်ငံ အတွင်းမှာ နိုင်ငံရေး အကျဉ်းသား ရှိတယ်လို့ အသိအမှတ် မပြုဘူးဆိုတာကို သူကိုယ်တိုင် မျက်ဝါးထင်ထင် မြင်တွေ့ရပြီး ဖြစ်တယ်။

ထိုနည်းတူစွာ အစောက ဆရာဦးဝင်တင် ပြောသွားတဲ့ ၂၀၁၀ ရွေးကောက်ပွဲမှာ NLD ရဲ့ ယခင် ရွေးကောက်ပွဲ ရလဒ်ကို အသိအမှတ် မပြုတဲ့ကိစ္စ၊ နောက်ပြီး ရွှေကုန်တိုင် ကြေငြာချက် အပေါ်မှာ ရပ်တည်တဲ့ကိစ္စ၊ ဒါတွေကို ကင်တားနား အနေနဲ့ ရှင်းရှင်းလင်းလင်း သိသွားပြီးလို့ ကျနော်တို့ ထင်မြင် ယူဆတယ်။ ဒါတွေက မအောင်မြင်ဘူးလို့ ထင်ထားတဲ့ ကြားကနေပြီးတော့ သူ့ရဲ့ အစီရင်ခံစာမှာ အထူးအလေးပေးပြီး ဖေါ်ပြရမဲ့ အကြောင်းအရာတွေ ဖြစ်တယ်။ နိုင်ငံတကာကလည်း မျက်ဝါးထင်ထင် ကြုံတွေ့လာတဲ့ ကိစ္စဖြစ်တယ်။ ဒါတွေကို ကျနော်တို့ဘက်က အကောင်းမြင်တယ်။

ဦးကျော်ဇံသာ ------ နိုင်ငံရေး ကိစ္စကိုလည်း ပိုမိုကောင်းအောင် လုပ်နိုင်ဖို့အတွက် မစ္စတာကင်တားနားကို ကုလသမဂ္ဂ အနေနဲ့ ဆွေးနွေးခွင့်အာဏာ၊ လုပ်ပိုင်ခွင့်အာဏာ ပိုမိုအပ်နှံပေးဖို့ လိုပါသလား။ စစ်အစိုးရက ဘယ်လိုနည်းနဲ့မှာ လက်ခံနိုင်မှာ မဟုတ်ဘူး ဆိုတာကို အတင်းခေါင်းမာလွန်းလို့ ဖြစ်နေရသလား ဆရာ။

ဦးမင်းလွင်ဦး ----- ဟုတ်ကဲ့ အဲဒီကိစ္စကို ပြီးခဲ့တဲ့ လူ့အခွင့်အရေး ကောင်စီ အစည်းအဝေးမှာလည်း ကျနော်တို့ တင်ပြခဲ့တာ ရှိပါတယ်။ ကင်တားနားကို အခုလိုမျိုး ခွင့်ပြုတယ်၊ မပြုဘူး ဆိုတာက အသာထား၊ မြန်မာနိုင်ငံမှာ လူ့အခွင့်အရေး ကော်မရှင်ရုံးအနေနဲ့ သတ်သတ်မှတ်မှတ် ဖွင့်ထားပေးနိုင်မယ်ဆိုရင် မြန်မာနိုင်ငံအထဲမှာ လက်ရှိ ဖြစ်ပေါ်နေတဲ့ နိုင်ငံရေး အခြေအနေတွေနဲ့ လူ့အခွင့်အရေး ချိုးဖေါက်မှုတွေကို အချိန်နဲ့ တပြည်းညီ သိရမှာ ဖြစ်တယ်။

ဒါကြောင့်လည်း ကျနော်တို့က လူ့အခွင့်အရေး ကောင်စီကို တိုက်တွန်းအားပေး နေတာက မြန်မာနိုင်ငံ အတွင်းမှာ ကုလသမဂ္ဂ အထူးကိုယ်စားလှယ် မသွားနိုင်တာ ရှိချင်ရှိမယ်။ အဲဒီအတွက်ကိုယ်စား ရုံးတရုံး ဖွင့်ပေးနိုင်ဖို့ကို ဖိအားနဲ့ နိုင်ငံတကာက ဖိအားပေးပါလို့ ကျနော်တို့ တောင်းဆိုနေတာ ဖြစ်တယ်။

ဦးကျော်ဇံသာ ----- အလားအလာကိုတော့ နောက်တွေ့ကြမယ်ပေါ့နော်။ ပါဝင်ဆွေးနွေးမဲ့ ပုဂ္ဂိုလ် တဦးကတော့ မြန်မာနိုင်ငံ နိုင်ငံရေး အကျဉ်းသား ကူညီစောင့်ရှောက်ရေး အဖွဲ့က ကိုတိတ်နိုင် ဖြစ်ပါတယ်။ အစောက ဦးမင်းလွင်ဦး ပြောတယ်၊ နိုင်ငံရေး အကျဉ်းသား မရှိဘူးလို့ စစ်အစိုးရက ငြင်းနေတယ်။ တခါခါကျတော့ နိုင်ငံရေး အကျဉ်းသား ဆိုတဲ့သဘောမျိုးနဲ့ သူတို့ကို ဦးစားပေးပြီး ပေးတွေ့တာပေါ့လေ။ ကမ္ဘာ့ကုလသမဂ္ဂက ပုဂ္ဂိုလ်တွေ၊ နိုင်ငံရေး ပုဂ္ဂိုလ်တွေ၊ စစ်အစိုးရရဲ့ တရားဝင်သဘောက နိုင်ငံရေး အကျဉ်းသားလို့ လုံးဝမသတ်မှတ် ဘူးလား။ နိုင်ငံတကာနဲ့ ပတ်သက်လာရင်ရော သူလူတွေကို ဘယ်လိုသဘောထားပြီး ဘယ်လို ပေးတွေ့တာလဲ။

ကိုတိတ်နိုင် ------ န အ ဖ ကတော့ နိုင်ငံရေး အကျဉ်းသား မရှိဘူးလို့ တောက်လျှောက် ငြင်းဆိုနေခဲ့တာ ရှိပါတယ်။ တဖက်ကလည်း နိုင်ငံတကာက လူ့အခွင့်အရေး စောင့်ကြည့်တဲ့သူတွေ၊ အစိုးရတွေ လာတဲ့အခါမှာ သူတို့က နိုင်ငံရေး အကျဉ်းသား တွေ့ချင်ပါတယ်လို့ သူတို့က ဒီလူတွေနဲ့ ပေးတွေ့နေတဲ့ ကိစ္စတွေလည်း ရှိပါတယ်။ ဒါကတော့ တဖက်မှာ ဘာဘဲပြောပြော တဖက်မှာတော့ ဖေါ်ပြနေရတဲ့ ကိစ္စမျိုး ဖြစ်ပါတယ်။ ဆိုတော့ ၁၉၉၂ ခုနှစ်မှာ လွတ်ငြိမ်းချမ်းသာခွင့် တခါလာခဲ့ပါတယ်။ အဲတုန်းက ဗိုလ်ချုပ်သန်းရွှေ စပြီးတက်လာတဲ့ အချိန်ပါ။ အဲဒီမှာ နိုင်ငံတော် လုံခြုံရေးအရ၊ နိုင်ငံရေးအရ ဖမ်းဆီးထားတဲ့ သူတွေကို စီစစ်ပြီး ပြန်လွှတ်ပေးတဲ့ စကားလုံးကို သူတို့ သုံးသွားခဲ့ပါတယ်။ ဒါပေမဲ့ အခုလာတဲ့ ခရီးစဉ်မှာ ပထမဦးဆုံး စကားကို ပြန်ကောက်ရရင် အောင်မြင်သလား၊ မအောင်မြင်ဘူးလား ဆိုတာကိုတော့ -

(၁) အချက် ကင်တားနားလာတဲ့ ခရီးစဉ် (၃) ခေါက်စလုံးမှာ ဒေါ်အောင်ဆန်းစုကြည် တွေ့မသွားတဲ့ ကိစ္စတွေ ရှိပါတယ်။

(၂) ဘူးသီးတောင် ထောင်မှာ ကျနော်တို့ ကြားရသလောက်က အသံဖမ်း နားထောင်တဲ့ အဆင့်အထိ ရှိပါတယ်။ ဒါကို သတင်းဌာန များမှာလည်း ဖေါ်ပြထားတာ ရှိပါတယ်။ အဲဒါကတော့ ကိုဌေးကြွယ်နဲ့ တွေ့နေတဲ့ အချိန်မှာ မောင်းတော စယဖ က အမည်မသိတဲ့ ဗိုလ်ကြီးတယောက်နဲ့ အထူးစုံစမ်း စစ်ဆေးရေး အဖွဲ့က ဒုရဲအုပ် အောင်ကျော်ဆန်း ဆိုတဲ့ နှစ်ယောက်ကို အဲဒီနေ့ မတိုင်ခင်တုန်းက အကျဉ်းသားအသွင် ယောင်ဆောင်ပြီး အထဲကို ထည့်တယ်။ ကိုဌေးကြွယ် အင်တာဗျူး လုပ်နေတဲ့အချိန်မှာ သူတို့နှစ်ယောက် အဲဒီအနားမှာ နေပြီး အသံဖမ်းစက်နဲ့ နားထောင်နေတာကို ကျနော်တို့ သိခဲ့ရပါတယ်။

မစ္စတာ ပင်ညဲရိုးနဲ့ တွေ့တဲ့အချိန်မှာလည်း အဲလို ဖြစ်ခဲ့တယ်။ ဆိုတော့ သူတို့ကိုယ်တိုင် လူ့အခွင့်အရေး ချိုးဖေါက်မှုကို ပြန်ခံသွားရတယ် ဆိုတဲ့ အနေအထားမျိုးတွေကို ကြုံခဲ့ရတာပါ။ အခုလည်း ကြုံနေရတာပါ။ လာတတာနဲ့ မလာတာကို ကြည့်ရင်တော့ လာတာက နိုင်ငံတကာကို ပိုပြီး မြန်မာနိုင်ငံရဲ့ လူ့အခွင့်အရေး အခြေအနေ အကြောင်းကို ပြောဖို့ကြုံတာ့ ဖြစ်ပါတယ်။ ခဏက ကိုမင်းလွင်ဦး ပြောသွားတဲ့ ကင်တားနားက သတင်းစာ ရှင်းလင်းပွဲမှာ ပြောတယ် - ဒေါ်စုနဲ့ နိုင်ငံရေး အကျဉ်းသားတွေကို လွှတ်ပေးတဲ့ အရိပ်အရောင် မတွေ့တဲ့အပြင် နိုင်ငံရေး အကျဉ်းသားရှိတာကို န အ ဖ က လက်မခံတဲ့ ကိစ္စဟာ ဒါ ၂၀၁၀ ရွေးကောက်ပွဲကို ဘယ်လိုမှ တရားမျှတမယ် မဟုတ်ဘူး ဆိုတာကို သူ့အနေနဲ့ ထုတ်ဖေါ်ပြောလိုက်ပါတယ်။

နိုင်ငံတကာမှာ ဝေေ၀၀ါးဝါး ဖြစ်နေတဲ့ အစိုးရနဲ့ ကုလသမဂ္ဂ အပါအ၀င် ကျန်တဲ့ နိုင်ငံရေး လေ့လာလိုက်စားနေတဲ့ သူတွေအတွက် ရှင်းရှင်းလင်းလင်း ဖြစ်စေတယ်လို့ ကျနော်မြင်ပါတယ်။

ဦးကျော်ဇံသာ ----- ဟုတ်ကဲ့၊ ပြောတာပြောတယ်။ သိရဲ့သားနဲ့ သူတို့ရဲ့ နိုင်ငံရေး အကျိုးစီးပွားထက် မြန်မာအစိုးရနဲ့ စီးပွားရေး လုပ်ချင်နေတဲ့ နိုင်ငံတွေကတော့ မသိလို့မဟုတ်ဘဲ၊ သိရဲ့သားနဲ့ ဒါကို ဆက်ပြီး လုပ်သွားမှာဘဲနော်။ ဒါဆိုတော့ ဘူးသီးတောင်မှာ မစ္စတာကင်တားနားလည်း လူ့အခွင့်အရေး ချိုးဖေါက်ခံလိုက်ရ ပြန်ပါတယ်။ ပါမောက္ခ ပင်ညဲရိုးတုန်းကလည်း သူတို့ကိုယ်တိုင် လူ့အခွင့်အရေး ဆုံးရှုံးသွားတယ်ပေါ့ဗျား။ မစ္စတာ ကင်တားနားရဲ့ ခရီးစဉ်မှာ လူ့အခွင့်အရေး အတွက်ဘယ်လောက် လုပ်နိုင်တာလဲ မောင်ဒဿန ပြောပါ။

မောင်ဒဿန------ အခု မစ္စတာ ကင်တားနား သွားလာခဲ့တဲ့ အခြေအနေတွေရယ် အားလုံး ပြန်လည်သုံးသပ် ကြည့်မယ်ဆိုရင် မစ္စတာကင်တားနားရဲ့ အခြေအနေက လုံးဝ အောင်မြင်မှု မရနိုင်ဘူးလို့ ကျနော်တို့ မြင်ပါတယ်။

ဦးကျော်ဇံသာ ------ မစ္စတာကင်တားနား အောင်မြင်အောင် မလုပ်နိုင်ဘူးဆိုရင် အောင်မြင်ဖို့ တခြားနည်းရော မရှိတော့ဘူးလား။

မောင်ဒဿန ------ တခြားနည်းက မရှိတော့ဘူး။ ကိုယ့်ကိုယ်တိုင် ရုံးကန်မှ ရမဲ့ အခြေအနေပါ ခင်ဗျား။ ဘာကြောင့်လည်းဆိုတော့ ကင်တားနားကိုယ်တိုင်က စိတ်ညစ် စိတ်ပျက်တယ်။ အစီရင်ခံစာ တင်လိုက်ရင်လည်း အစီရင်ခံစာက တိုက်တွန်းလိုက်သည်။ နှိုးဆော်လိုက်သည်။ ဒါနဲ့ဘဲ ပြီးသွားတယ်။ အဆိုးဆုံးက နာဂစ်မုန်တိုင်းတုန်းက ဘန်ကီမွန်းကိုယ်တိုင် ရောက်ခဲ့တယ်။ အဲတုန်းကလည်း ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ခွင့်မရခဲ့ဘူး။ အခုလည်း တွေ့ခွင့်မရခဲ့ဘူး။ အဆိုးဆုံးက ဘာလဲဆိုတော့ ၁၉၉၀ ပြည့်နှစ် ရွေးကောက် ပွဲရလာဒ်တွေကို ကုလသမဂ္ဂက အစ အသိအမှတ် မပြုသလို ဖြစ်နေခဲ့တယ်။ ၉၀ ရွေးကောက်ပွဲ ရလာဒ်တွေကို လျစ်လျူရှုလိုက်တယ်။

လူ့အခွင့်အရေး ကိစ္စတွေဟာ မြန်မာနိုင်ငံ အနှံ့အပြား ဖြစ်နေတာကို ထင်ထင်ရှားရှား တွေ့နေလျက်နဲ့ ဒါကို အဆင့်ဆင့် စုံစမ်းလိုက်၊ စစ်ဆေးလိုက်၊ အစီရင်ခံစာ တင်လိုက်နဲ့ ဒါတွေနဲ့ဘဲ လည်နေတယ်။ အဲတော့ ကျနော်တို့ မြင်တဲ့ အမြင်တခုက ကုလသမဂ္ဂ ကိုယ်စားလှယ်တွေ ဆက်ပြီး လာနေမယ်ဆိုရင် န အ ဖ အစိုးရ အတွက်လည်း အကျိုးကျေးဇူး အများကြီး ရသွားနိုင်တယ်။ န အ ဖ က ဒီတွေကို သိနေပြီ။ ကင်တားနား ပြန်သွားတယ်။ ပြန်သွာတယ်ဆိုရင် တခါငြိမ်လိုက်တယ်။ ငြိမ်ပြီးရင် နိုင်ငံရေး အကျဉ်းသားတွေ နှိပ်စက်တာတွေ၊ လူ့အခွင့်အရေး ချိုးဖေါက်မှုတွေ အကြီးအကျယ်လုပ်မယ်။ ဒါနဲ့ တခါပြန်လာတယ်။ ပြန်လာလို့ရှိရင် နည်းနည်း ပြန်လျော့လိုက်တယ်။ ဒီလိုဘဲ သံသယာ လည်နေမယ် ခင်ဗျား။

ဦးကျော်ဇံသာ ----- ဆရာဦးဝင်းတင်ခင်ဗျား။ မောင်ဒဿနက ပြောတယ်။ ဆိုလိုတာက လူ့အခွင့်အရေး သက်သက် တိုးတက်အောင် ဆောင်ရွက်လို့ မရတော့ဘူး သဘော ဖြစ်နေတယ်။ ကျနော်က
နိုင်ငံရေး အခွင့်အရေးကတော့ အဆင့်အတန်းမြင့်လို့ ထားလိုက်၊ လောလောဆယ်မှာ နိုင်ငံရေး အခွင့်အရေးဟာ သူတို့ရဲ့အာဏာကို တိုက်ရိုက်စိန်ခေါ်နေတဲ့ ကိစ္စဖြစ်ပါတယ်။ သာမန်ပြည်သူတွေရဲ့ အခြေခြံ အခွင့်အရေး စားဝတ်နေရေး၊ လူမှုရေး၊ ဘာသာရေး၊ ပညာရေးဆိုင်ရာ အခွင့်အရေးတွေ တိုးတက်အောင် နိုင်ငံရေး မပါဘဲ လုပ်နိုင်တဲ့နည်းလမ်း မရှိဘူးလား ခင်ဗျား၊ ဆရာဦးဝင်းတင်။

ဦးဝင်းတင် ----- ကျနော်တော့ မထင်ဘူး။ နိုင်ငံရေး ပြဿနာကို ကျနော်တို့ တွက်တာက ဘာကွာခြားမှုကလည်း ရှိနေမယ်ပေါ့နော်၊ ပြောရရင် စစ်အစိုးရလည်း နိုင်ငံရေး လုပ်နေတာဘဲ။ ကျနော်တို့လည်း နိုင်ငံရေး လုပ်နေတာဘဲ။ ကျနော်တို့ နိုင်ငံရေးက လူ့အခွင့်အရေးတို့၊ ဒီမိုကရေစီရေးတို့ အခြေခံတဲ့ အခါကျတော့ ပြည်သူတွေ ခံစားနေရတဲ့ လူ့အခွင့်အရေး ချိုးဖေါက်မှုတွေ၊ ဒီမိုကရေစီ ဆုံးရှုံးမှုတွေ ဒါတွေကို ကျနော်တို့ ပြုပြင်ပြောင်းလဲ သွားမယ်။ ကျနော်တို့ နိုင်ငံရေးကနေ ဦးဆောင်သွားရင် ဒီအခွင့်အရေးဟာ အလိုလို ပါသွားမယ်။

စစ်အစိုးရကလည်း နိုင်ငံရေး လုပ်နေတာဘဲ။ သေချာတာ တခုက စစ်အစိုးရဟာ အနှစ် ၂၀ ကျော်ပြီး။ အဲဒီကာလအတွင်းမှာ သူ့တို့ရဲ့ နိုင်ငံရေးဟာ လူ့အခွင့်အရေး ချိုးဖေါက်မှုတို့ကို ပပျေက် ပြေငြိမ်းအောင် လုပ်နိုင်တဲ့ အနေအထား မရှိဘူး။ အလားတူ ဒီမိုကရေစီ အခွင့်အရေး တွေကိုလည်း ဒီအတိုင်းဘဲ။ အဲဒီမှာ တချက် ကျနောတို့ ပြောချင်တာက စစ်အစိုးရဟာ လူ့အခွင့်အရေး ချိုးဖေါက်မှုကို သူတို့ရဲ့ ပေါ်လစီ တရပ်အနေနဲ့ လုပ်နေသလို ဖြစ်နေတယ်။ ဘာဖြစ်လည်းဆိုတော့ ဗမာပြည်ရဲ့ အခြေအနေဟာ မစ္စတာ ကမ်းဘယ်လ်တို့ လာတုန်းကလည်း ကျနော်တို့ ပြောခဲ့ဖူးပါတယ်။ မြန်မာပြည်ရဲ့ လူ့အခွင့်အရေးဟာ အမှန်ပြောရရင် ငရဲသမျှ ဖြစ်နေပါတယ်။ တော်တော်ကို ဆိုးဝါးနေတယ်။ ဘာဖြစ်လို့လည်းဆိုတော့ လူ့အခွင့်အရေး ချိုးဖေါက်မှုဟာ အထက်ကနေပြီတော့ အောက်ခြေအဆင့်ဆင့်မှာ လူ့အခွင့်အရေး ချိုးဖေါက်မှုဟာ ကြားမကောင်းအောင် ဖြစ်တဲ့အနေအထားမှာ ရောက်နေတယ်။

နောက်တခုက အဲဒီဟာတွေ ပြေပျောက်ဖို့အတွက် အစိုးရအနေနဲ့ ဘာမှမရှိတဲ့ အခါကျတော့ ဒီအတိုင်းသွားမယ် ဆိုရင် ဘာမှလည်း ဖြစ်လာမယ် မဟုတ်ဘူး။ ဆိုတော့ ဗိုလ်ချုပ်မှူးကြီး သန်းရွှေရဲ့ ပြီးခဲ့တဲ့နှစ်က ပြောခဲ့တဲ့ မိန့်ခွန်းတခုက ရွေးကောက်ပွဲလုပ်မယ်။ ရွေးကောက်ပွဲပြီးလို့ ရမဲ့ ဒီမိုကရေစီ ဆိုတာလည်း မရင့်ကျက်တဲ့ ဒီမိုကရေစီ ဆိုပြီးတော့ ဒီစကားလုံးကို သုံးသွားတယ်။ ဘာဖြစ်လဲဆိုတော့ သူတို့ အမြဲသုံးလေ့ရှိတဲ့ စည်းကမ်းပြည့်ဝတဲ့ ဒီမိုကရေစီ ပေါ့နော်။ ဆိုလိုတာက လာမဲ့ ရွေးကောက်ပွဲ နောက်ပိုင်းမှာလည်း ဘာမှ ရင့်ကျက်တဲ့ အနေအထားနဲ့ ဒီမိုကရေစီ မရှိဘူး။ မင်းတို့ မမျှော်လင့်နဲ့လို့ ပြောလိုက်သလို ဖြစ်တယ်။ ရွေးကောက်ပွဲကို လုပ်မယ်။ ရွေးကောက်ပွဲနောက် ပေါ်ထွက်လာမဲ့ ဒီမိုကရေစီ ဆိုတာလည်း မရင့်ကျက်သော ဒီမိုကရေစီဆိုတဲ့ စကားကို သုံးလိုက်တယ်။ အဲတော့ မြင်သာနေပါတယ်။

ကျနော်တို့ကတော့ ဒုတ်ကိုင် ဒီမိုကရေစီ၊ guide ဒီမိုကရေစီ၊ ပဲ့ကိုင်ဒီမိုကရေစီ စတာတွေ တိုက်ရိုက်ဘာသာ မပြန်ချင်တော့ပါဘူး။ တတ်တဲ့ပုံစံနဲ့ ဘာသာပြန်မယ်ဆိုရင် နဖါးကြိုး သတ်တဲ့ ဒီမိုကရေစီဘဲ ဖြစ်မှဘဲ။ အဲတော့ ဒီလိုဆိုရင် လူ့အခွင့်အရေးကတော့ ဆက်လက် ဆုံးရှုံးနေဦးမှာဘဲ။ ကျနော်တို့က ဖြေရှင်းတဲ့နေရာမှာ ပြည်တွင်းက ပြည်သူတွေ လုပ်ရမယ်။ အတိုက်အခံ ဒီမိုကရေစီ အင်အားစုတွေ ပိုပြီး ပြည့်ဝအောင်၊ အတိုက်အခံ နိုင်ငံရေး ဒီမိုကရေစီတွေရဲ့ သြဇာပိုမိုပြီး ကြီးမားလာအောင် စစ်အစိုးရကို ဒီမိုကရေစီ အင်အားစုတွေက ချုပ်ကိုင်နိုင်အောင် ကြိုးစားရမယ်။ အဲဒါမှသာလျှင် လူ့အခွင့်အရေး အခြေအနေဟာ တိုးတက် ကောင်းမွန်လာမယ်လို့ ယူဆပါတယ်။

ဦးကျော်ဇံသာ ------ ဦးမင်းလွင်ဦး ကူညီဆောင်ရွက်နေနဲ့ အာရှလူ့အခွင့်အရေး ကော်မရှင်ရဲ့ အဓိက လုပ်ငန်းဆောင်ရွက်မှု ကရော ဒီမိုကရေစီ ထွန်းကားရေးလား။ ဒီမိုကရေစီ နိုင်ငံရေး မဟုတ်ဘဲနဲ့ ကျန်တဲ့ လူမှုရေး၊ စီးပွားရေး၊ ပညာရေး ဆိုင်ရာ အခြေခံ လူ့အခွင့်အရေးတွေ ဘယ်လို ပတ်သက်ပါသလဲ။ ဒါကိုရော ခွဲသလား။

ဦးမင်းလွင်ဦး ------ အာရှ လူ့အခွင့်အရေး ကော်မရှင်အနေနဲ့ အဓိက လုပ်ကိုင်ဆောင်ရွက်နေတဲ့ ကိစ္စရပ်တွေကို ပြောခွင့်ရတဲ့အတွက် ကျေးဇူးတင်ပါတယ်။ အာရှ လူ့အခွင့်အရေး ကော်မရှင်အနေနဲ့ နိုင်ငံရေး မပါတဲ့ အခြေခံ ပြည်သူလူထုတွေရဲ့ လူ့အခွင့်အရေးနဲ့ ဆိုင်တဲ့ကိစ္စတွေကို ကာကွယ်ဖို့အတွက် အဓိက ရည်ရွယ် လုပ်ဆောင်တဲ့ အဖွဲ့အစည်း ဖြစ်ပါတယ်။ ကျနော်တို့က နိုင်ငံရေးနဲ့ ဆိုင်တဲ့ကိစ္စရပ်တွေ မပါဘူး။ သာမန်ပြည်သူလူထု အပေါ်မှာ လူ့အခွင့်အရေး ချိုးဖေါက်ခံရတဲ့ ကိစ္စရပ်တွေကို ကိုင်တွယ်ဖြေရှင်း ညှိနှိုင်းဆောင်ရွက်တဲ့ အဖွဲ့အစည်း ဖြစ်တယ်။

ဦးကျော်ဇံသာ ----- ကိုတိတ်နိုင်တို့ နိုင်ငံရေး အကျဉ်းသားတွေ ကျတော့ ကြားဖူးတာက ထောင်ထဲမှာ သတင်းစာ ဖတ်ခွင့်မရဘူး။ ဒါပေမဲ့ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် ရောက်လာတော့ ဆရာဦးဝင်းတင်တို့ ကအစ ကျဉ်းကြပ်တယ်။ နောက်ပိုင်းကျတော့ ဗမာပြည်ရဲ့ သတင်းစာ အခြေအနေ နည်းနည်း မသိမသာ တိုးတက်မှုရှိတာ ဟုတ်ပါသလား။

ကိုတိတ်နိုင် ----- အဲတာက အရင်က အခြေအနေနဲ့တော့ ဟုတ်ပါတယ်။ အဲတာက နိုင်ငံတကာက လူ့အခွင့်အရေး အဖွဲ့အစည်းတွေ၊ အစိုးရတွေ၊ ကုလသမဂ္ဂတို့ရဲ့ တွန်းအား ဖိအားပေးတာ ပါသလို အထဲမှာရှိတဲ့ နိုင်ငံရေး အကျဉ်းသားတွေ ကိုယ်တိုင် တိုက်ပွဲဝင်တဲ့ ကိစ္စတွေ အများကြီးပါတယ်။ နောက်တခါ အပြင်မှာရှိတဲ့ နိုင်ငံရေး ရာသီဥတု အခြေအနေ စတာတွေ အကုန်လုံးက ဆက်စပ်ပတ်သက် နေတယ်လို့ ကျနော်မြင်ပါတယ်။

ဦးကျော်ဇံသာ ------ ဆိုတော့လူ့အခွင့်အရေး အခြေအနေ တိုးတက်ဖို့ဆိုတာ နိုင်ငံတကာ ကိုယ်စားလှယ်တွေ လာပြောရုံနဲ့ မဖြစ်ဘူး။ မိမိတို့ကိုယ်တိုင် အဓိက တိုက်ယူရတယ် ဆိုတာက ပါနေတယ်လေ။
ဆိုတော့ သောတရှင်တဦး ဖြစ်တဲ့ စောအောင်သန်းကို ကျနော်ဖိတ်ခေါ်ပါတယ်။ မစ္စတာ ကင်တားနား ခရီးစဉ်နဲ့ မြန်မာနိုင်ငံ လူ့အခွင့်အရေး အခြေအနေကို ဆွေးနွေးပေးပါ။

ဦးစောအောင်သန်း ------ မြန်မာနိုင်ငံ ကိစ္စနဲ့ ပတ်သက်ပြီးလို့ တိုင်းရင်းသား လူမျိုးစုများနဲ့ နိုင်ငံတကာက ပြုပြင်နေတာ နှစ်ပေါင်း မနည်းတော့ဘူး။ အခုဒီမိုကရေစီ တိုက်ပွဲဝင်ဖို့ အသင့်အနေအထားမှာ ရှိပါတယ်။ စစ်ရေးဗျူဟာပါ အထူး ကိစ္စလက်ခံရရှိတာ အတူတူပါ။ ဒီစစ်ရေးဗျူဟာကို အားလုံးသော ဒီမိုကရေစီ အဖွဲ့အစည်းတွေ မလုပ်ရင် ဘယ်သူလုပ်မှာလဲ။ သက်ဆိုင်ရာ ပုဂ္ဂိုလ်အားလုံးကို အကြောင်းကြားပြီးတော့ ဒါကိုအမြန်ဆုံး လာတွေ့ပါလို့ ကျနော် ပြောချင်ပါတယ်။ မြန်မာပြည်ရဲ့ ဒီမိုကရေစီ ကိစ္စဟာ အားလုံးန့ ပတ်သက်ပါတယ်။

ဦးကျော်ဇံသာ ----- ဦးစောအောင်သန်းက KNU အဖွဲ့ကလား။ စစ်ရေးဗျူဟာနဲ့ ပတ်သက်ပြီးတော့ ကျနော်တခု မေးချင်တယ်။ လက်နက်ကိုင် တော်လှန်နေတဲ့ ကရင်အမျိုးသား အစည်းအရုံးတို့ဟာ နှစ်ပေါင်း ၆၀ ကျော်ပြီး၊ စစ်ရေးအရ ဘယ်လောက်တိုးတက်မှု ရှိခဲ့တယ်လို့ ပြန်သုံးသပ်မိသလဲ။

စောအောင်သန်း ----- ဟုတ်ကဲ့၊ သူသတ်တာ၊ ငါသတ်တာနဲ့ နှစ်ပေါင်းများစွာ ရှိခဲ့ပြီး။ အခု ကျနော်တို့ လက်ခံတဲ့ စစ်ရေးဗျူဟာက ဟိုးအပေါ်က ဗျူဟာ၊ ဒီမိုကရေစီက ဘယ်ကနေစ ဖြစ်ပေါ်လာသလဲ၊ ဘယ်သူက အုတ်မြစ်ချပေးတယ်။

ဦးကျော်ဇံသာ ------ ဟုတ်ကဲ့၊ အခု စစ်ရေးဗျူဟာနဲ့ စစ်တိုက်လို့ အောင်မြင်မှာလား။

စောအောင်သန်း ----- သက်ဆိုင်ရာ အားလုံးကို အကြောင်းကြားဖို့ ကျနော်ပြောနေပါတယ်။

ဦးကျော်ဇံသာ ------ မြန်မာနိုင်ငံ လူ့အခွင့်အရေး တိုးတက်အောင် ဘယ်လိုလုပ်ရမှာလား။ မစ္စတာ ကင်တားနားခရီးစဉ်နဲ့ ပတ်သက်လို့ အောင်မြင်တိုးတက်မှု ရှိပါသလဲ။ ဦးမောင်မောင်လွင် ဆွေးနွေးပေးပါ။

ဦးမောင်မောင်လွင် ----- အခုတခေါက် လာသွားတဲ့ မစ္စတာ ကင်တားနား ခရီးစဉ်နဲ့ ပတ်သက်ပြီးတော့ မြန်မာနိုင်ငံနဲ့ ပတ်သက်ပြီး ပွင့်ပွင့်လင်းလင်း ဝေဖန်သွားတယ်လို့ ကျနော် သုံးသပ်ပါတယ်။ ကျနော့အနေနဲ့ ကင်တားနား လာတာ ၃ ခေါက်ရှိသွားပြီ။ နောက်တခေါက် လာလို့ရှိရင်လည်း လူ့အခွင့်အရေး အခြေအနေက တိုးတက်ဖို့ အလားအလာ မရှိဘူး။ အရင်က သြစတြေးလျား အစိုးရနဲ့ ပတ်သက်ပြီးတော့ နိုင်ငံမှာ လူ့အခွင့်အရေးသင်တန်း ပေးတုန်းကလည်း ဒီသင်တန်း ပေးတုန်းက ကျနော်သိရလောက်တော့ အဓိက လူ့အခွင့်အရေး ချိုးဖေါက်နေတာက မြန်မာပြည်မှာ အုပ်ချုပ်နေတဲ့ ရ ၀ တ၊ မ ၀ တ တို့၊ တပ်ရင်းတပ်ဖွဲ့တွေ၊ စစ်တိုင်းတွေ၊ လက်နက်ကိုင်တပ်ဖွဲ့တွေမှာ လုပ်နေတာ၊ အဲတော့ ကျနော်တို့မှာ အဲဒီလို လူတွေကို လူ့အခွင့်အရေး သင်တန်းပေးတာ၊ ကျနော်တို့ နားလည်ဖို့ လိုသလို၊ အဓိက က ကျနော်တို့ ဗမာပြည်မှာ အုပ်ချုပ်နေတဲ့ ထိပ်တန်းပုဂ္ဂိုလ်တွေက အဓိက မျိုးချစ်တဲ့ တိုင်းချစ်ပြည်ချစ်စိတ် ရှိတဲ့ ပုဂ္ဂိုလ်တွေ မဟုတ်ဘူး။ သူတို့က အတ္တ၀ါဒီတွေ ဖြစ်တယ်။ အတ္တ၀ါဒီ ဖြစ်တဲ့အတွက် သူတို့က လူ့အခွင့်အရေးကို သူတို့ နားမလည်ဘူး။

သူတို့ရဲ့ အကျိုးစီးပွားနဲ့ အာဏာမြဲရေးအတွက်ကို တတိုင်းပြည်လုံးကို နှိပ်စက်ညှဉ်းပန်းဖို့ ၀န်မလေးဘူး ဆိုတာကိုလည်း ကျနော်တို့ ၂၀၀၈ ခုနှစ် နာဂစ်မုန်တိုင်း အခြေအနေက သက်သေပြပြီး ဖြစ်တယ်။ အဲဒီတော့ ကင်တားနား အနေနဲ့ ဖြစ်ဖြစ်၊ ကုလသမဂ္ဂ အနေနဲ့ ဖြစ်ဖြစ်၊ ဗမာပြည်မှာ ဖြစ်နေတာကို ကုလသမဂ္ဂ အနေနဲ့ သော်လည်းကောင်း၊ လူ့အခွင့်အရေးဆိုင်ရာ အဖွဲ့အစည်းကနေပြီး အပြည်ပြည်ဆိုင်ရာ ခုံရုံးမှာ တင်ဖို့တော့ အချိန်သင့်ပြီ။ အဲလို စီရင်မှသာ မြန်မာအစိုးရကို အနည်းငယ် မှတ်သားရမယ်လို့ ကျနော်ထင်တယ် ဆရာရေ။

ဦးကျော်ဇံသာ ----- နိုင်ငံတကာ ပြစ်မှုဆိုင်ရာ တရားရုံး ICC ပြစ်မှုဆိုင်ရာ တရားရုံးမှာလည်း ပြောဖို့ဆိုဖို့ လုပ်တာတွေ ကြားရပါတယ်။ Crime Against Humanity လူသားဖြစ်မှုကို ဆန့်ကျင်တဲ့ ရာဇ၀တ်မှုကို အဲဒီဟာကရော ဘယ်အထိ အခရီးရောက်နေသလဲ ဦးမင်းလွင်ဦး။

ဦးမင်းလွင်ဦး ----- ဟုတ်ကဲ့ ကျနော်တို့ နိုင်ငံတကာ ပြစ်မှုဆိုင်ရာ ခုံရုံးကို တင်မယ်ဆိုရင် ခိုင်လုံတဲ့ အထောက်အထားတွေ ရှိဖို့လိုတယ်။ တရားရုံးရဲ့ ဆုံးဖြတ်ချက်တွေကို အဲဒီအမှုတွေ အပေါ်မှာ ထွက်ဆိုချက် ပေးမဲ့ သက်သေတွေ လိုတယ်။ အဲတော့ အခု ၃ နှစ်အတွင်း စုစည်းခဲ့တဲ့ အပေါ်မှာ မြန်မာနိုင်ငံ အတွင်းမှာ လူ့အခွင့်အရေး ချိုးဖေါက်မှုတွေနဲ့ ပတ်သက်လို့ အမှုပေါင်း ၁၈၀ ကျော် ကျနော်တို့ ရရှိထားတယ်။ အစောက ပြောတဲ့ နိုင်ငံတကာ ရာဇ၀တ် ခုံရုံးမှာပါတဲ့ အချက်အလက်တွေနဲ့ ပတ်သက်ပြီးတော့ အာရှ လူ့အခွင့်အရေး ကော်မရှင်အနေနဲ့ ပြောရမယ်ဆိုရင် အစုလိုက် အပြုံလိုက် သတ်ဖြတ်မှုတွေ မရှိဘူး။ လူမျိုးသုဉ်း သတ်ဖြတ်မှုတွေ မရှိဘူး။

မြန်မာနိုင်ငံမှာ ဖြစ်နေနဲ့ တရားစီရင်ပုံ အဆင့်ဆင့်၊ ပြီးတော့နှိပ်စက် ညှဉ်းပန်းပုံ အဆင့်ဆင့် စတာတွေသာ ကျနော်တို့မှာ ရှိတာဖြစ်တယ်။ တဖက်က ခုံရုံးတင်နိုင်ဖို့အတွက် တိုင်းရင်းသား အဖွဲ့အစည်းက သော်လည်းကောင်း၊ အခြားဥပဒေနဲ့ သက်ဆိုင်တဲ့ အဖွဲ့အစည်းက သော်လည်းကောင်း အချက်အလက် စုစည်းပြီး တင်ပြနိုင်မယ်ဆိုရာ ဒီဟာက နောင်လာမဲ့ မကြာခင်နှစ်များတွင် ဖြစ်နိုင်လိမ့်မယ်လို့ ကျနော်တို့ ထင်မြင်ယူဆပါတယ်။

ဦကျော်ဇံသာ ------ စောစောက KNU က စောအောင်သန်း ပြောသွာတဲ့ လူ့အခွင့်အရေးကို လက်နက်နဲ့ တိုက်ရမယ် ဆိုတော့ လက်နက်နဲ့ တိုက်ကတည်းကတော့ လူ့အခွင့်အရေး ချိုးဖေါက်မှုတွေ ပါလာနိုင်တယ်လို့ ကျနော် သုံးသပ်ပါတယ်။ လူထုနည်းနဲ့ လူထုလှုပ်ရှားတဲ့ အထဲမှာ ဘယ်လိုနည်းတွေ ပါဝင်သလဲ ဆိုတာကို ဆရာဦးဝင်းတင်ကို ခတ်တိုတို မေးချင်ပါတယ်။

ဦးဝင်းတင် ------ အမှန်အတိုင်း ဆိုလို့ရှိရင် လူ့အခွင့်အရေး ချိုးဖေါက်ခံနေရတာက လူထုက ခံနေရတာဗျား။ ဒါကြောင့် ကျနော်တို့က နိုင်ငံတကာတို့ကို မျှော်လင့်တယ်။ နိုင်ငံရေး အဖွဲ့အစည်းတွေကို ကျနော်တို့ မျှော်လင့်တယ်။ သာမန်အားဖြင့် လူထုက လူ့အခွင့်အရေး ချိုးဖေါက်မှုတွေကို ခံနေရတာကို သူတို့အနေနဲ့ ကာကွယ်နိုင်စွမ်း မရှိဘူး။ တုံ့ပြန်နိုင်စွမ်းလည်း မရှိဘူး၊ ဒါကြောင့်လည်း သူတို့အနေနဲ့ လူ့အခွင့်အရေး ချိုးဖေါက်မှုတွေကို အလူးအလဲ ခံနေရတယ်။ ဒါက ရှင်းနေပါတယ်။

လူ့အခွင့်အရေး ချိုးဖေါက်မှုကို အလွယ်ဆုံး ပြောနိုင်တဲ့ နာမူနာ တခုက အကျဉ်းသားတွေ ကိစ္စဖြစ်တယ်။ ဘယ်လိုဘယ်ဖြစ်ဖြင့် အကျဉ်းသားတွေ မှန်သမျှဟာ၊ ထောင်ထဲရောက်တဲ့ လူတိုင်းဟာ တ၀က်အပျက်ဟာ မတရား အလုပ်ခံရတာ ထင်ရှားတယ်။ တရားဥပဒေ ကြောင်းအရ ဒါတွေမရှိဘူးပေါ့။ တရားဥပဒေ ကြောင်းအရ တရားမျှတမှု မရှိဘဲနဲ့ ထောင်ကို ရောက်လာတာ။ လူ့အခွင့်အရေး မရှိတဲ့အတွက် ထောင်ထဲရောက်ကုန် ကြတယ်။ ဒါကြောင့် ကျနော့အနေနဲ့ နိုင်ငံရေးနဲ့ ရှင်းနိုင်ဖို့ဘဲ၊ ပါတီတိုင်း၊ နိုင်ငံရေး အင်အားစုတိုင်းက လူ့အခွင့်အရေး ကိစ္စကို ရှေ့တန်းတင်ပြီး တိုက်ပွဲဝင်ကြမယ်၊ ပြောဆိုကြမယ်၊ လူထုကို လှုံ့ဆော်ကြမယ် ဆိုရင် အဲလိုဆိုရင် ဖြစ်မယ်။

လူထုနည်းနဲ့ ဆိုတာကတော့ လူ့အခွင့်အရေး ချိုးဖေါက်မှုကို ခံနေရတဲ့ အနေအထားလည်း ကာကွယ်တုံ့ပြန်နိုင်တဲ့ အနေအထား မရှိဘူးလို့ ကျနော်ယူဆတယ်။ အရေးကြီးဆုံးက နိုင်ငံရေး ပါတီများဟာ လူ့အခွင့်အရေးကို မေ့နေကြတယ်။ ကျနော်တို့က ဒီမိုကရေစီကို အော်ကြတယ်။ လူ့အခွင့်အရေး ကိစ္စကို ရှေ့တန်းကို မတင်ဘူး။ ပါတီအဖွဲ့အစည်းတွေမှာ လူ့အခွင့်အရေး ဌာနရှိသလား မေးရင် မရှိဘူး။ ဌာနတခု ဖွဲ့ပြီး လူ့အခွင့်အရေးအတွက် တိုက်ပွဲဝင်မယ်ဆိုတဲ့ နိုင်ငံရေးပါတီ မရှိဘူး။ ဒီမိုကရေစီ နိုင်ငံရေးပါတီမှာ ဖြစ်ဖြင့်၊ တိုင်းရင်းသားနိုင်ငံရေး ပါတီမှာ ဖြစ်ဖြင့် လူ့အခွင့်အရေးကို အခြေံပြီး တိုက်ပွဲဝင်တဲ့ ပါတီက မရှိကြဘူး၊ မလုပ်ကြဘူး။ အဲလိုလုပ်မယ်ဆိုရင် အစိုးရ ငြိုငြင်မာကို စိုးရိမ်နေကြတယ်။ လုပ်စရာရှိရင် လုပ်ရမှာပေါ့။

ကျနော်တဆက်ထဲ ပြောချင်တာက ခဏက ဦးမင်းလွင်ဦး ပြောသွားသလို လူ့အခွင့်အရေးဆိုင်ရာ ရုံးတွေ ဖွင့်ဖို့ကောင်းတယ်။ နိုင်ငံခြားက လူတွေ လုပ်တဲ့နေရာမှာလည်း ILO ကအများကြီး လုပ်နိုင်တယ်၊ တချို့ကိစ္စဆိုရင် ILO က ၀င်လုပ်ပေးတယ်။ ဘာကြောင့်လည်းဆိုတော့ သူတို့မှာ ရုံးတွေ လုပ်ပေးနိုင်တယ်။ အစိုးရနဲ့ သဘောတူညီချက် ယူနိုင်ပြီးဆိုတော့ ဘယ်လောက်ဘဲ ဖေါက်ဖျက်၊ ဖေါက်ဖျက် ILO ရဲ့ လမ်းကြောင်းကို အစိုးရက လိုက်နာနေရတယ်။ လူ့အခွင့်အရေးကိစ္စကို ရှောင်နိုင်နေတယ်။

ဦးကျော်ဇံသာ ----- အခုလို တိုင်ခံ ဆွေးနွေးပေးကြတဲ့ ဦးဝင်းတင်၊ ဦးမင်းလွင်ဦး၊ ကိုတိတ်နိုင်၊ သောတရှင်အားလုံးကို ကျေးဇူးတင်ကြောင်း ပြောကြားရင်း အခုအပတ် အစီအစဉ်ကို ရပ်နားလိုက်ပါရစေ။

0 comments:

Post a Comment