Tuesday, March 02, 2010

Filled Under:

လူ့အခွင့်အရေး အထူးကိုယ်စားလှယ်၏ မြန်မာနိုင်ငံ ခရီးစဉ်မှအပေါ် လူ့အခွင့်အရေး လှုပ်ရှားသူများ၏ အမြင်

RFA ----- 21/ 2/ 2010 (တနင်္ဂနွေပွဲ စကားဝိုင်း)
ဒီကနေ့ အစီအစဉ်မှာ ပါဝင်ဆွေးနွေးဖို့ ဖိတ်ကြားထားတဲ့ ပုဂ္ဂိုလ်တွေကတော့ AHRC မှ မြန်မာ့အရေး ဆောင်ရွက်သူ ရှေ့နေ ဦးမင်းလွင်ဦး၊ အမေရိကန်နိုင်ငံ အခြေစို JHP မြန်မာနိုင်ငံ တရားမျှတရေးနဲ့ လူ့အခွင့်အရေးအဖွဲ့ ညွှန်ကြားရေးမှူး ဒေါက်တာစိန်မြင့်၊ AAPP မြန်မာနိုင်ငံ နိုင်ငံရေး အကျဉ်းသားများ ကူညီ စောင့်ရှောက်ရေးအဖွဲ့ အတွင်းရေးမှူး ကိုတိတ်နိုင်နဲ့ ထိုင်းနိုင်ငံအခြေစိုက် မြန်မာ့အရေး လေ့လာသူ ဦးအောင်နိုင်တို့ ဖြစ်ကြပါတယ်။

ပြီးခဲ့တဲ့ သတင်းပတ် အတွင်းက
ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာ အထူးကိုယ်စားလှယ် မစ္စတာ တောမတ် ကင်တားနားဟာ မြန်မာနိုင်ငံကို (၅) ရက်ကြာ သွားရောက်ပြီးနောက် မြန်မာနိုင်ငံက အစိုးရ အဖွဲ့ဝင် ၀န်ကြီးတွေ၊ အပစ်ရပ်အဖွဲ့ တိုင်းရင်းသား ခေါင်းဆောင်တွေ၊ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် NLD ဗဟိုကော်မီတီ အဖွဲ့ဝင် လူကြီးတွေနဲ့ တွေ့ဆုံ ဆွေးနွေးပြီး အင်းစိန်ထောင်၊ ရခိုင်ပြည်နယ်က ဘူးသီးတောင် ထောင်တို့ကို သွားရောက်ပြီးတော့ အကျဉ်းသားတွေနဲ့ တွေ့ဆုံ ဆွေးနွေးခဲ့တယ်လို့ ကြားသိရပါတယ်။ ဒီကိစ္စနဲ့ ပတ်သက်ပြီး မစ္စတာ ကင်တားနားရဲ့ ခရီးစဉ်ဟာ ဘယ်လောက်အထိ အောင်မြင်မှု ရသလဲ၊ မရဘူးလဲ ဆိုတာကို ကျနော်တို့ သုံးသပ်ဆွေးနွေး ကြည့်မှာပါ။ ဒီတော့ မစ္စတာ ကင်တားနား ခရီးစဉ်နဲ့ ပတ်သက်ပြီး မစ္စတာ ကင်တားနားနဲ့ တွေ့ဆုံခဲ့ဖူးတဲ့ AAPP အတွင်းရေးမှူး ကိုတိတ်နိုင်ကို ပထမဦးစွာ မေးပါရစေ ခင်ဗျား။ ဒီခရီးစဉ်နဲ့ ပတ်သက်ပြီး ဘယ်လို သုံးသပ်မိသလဲ ကခင်ဗျား။

ကိုတိတ်နိုင် ------ ဒီခရီးစဉ်နဲ့ ပတ်သက်ပြီး မစ္စတာ ကင်တားနား ကိုယ်တိုင်က မြန်မာနိုင်ငံမှာ လူ့အခွင့်အရေးကို ဒုတိယ အခေါက်နဲ့ တတိယ အခေါက်ကြားထဲမှာ တိုးတက်မှု ရှိမလာတဲ့အတွက် သူစိတ်ပျက်မိတဲ့ အကြောင်း ပြောသွားပါတယ်။ ဒါက လူ့အခွင့်အရေးနဲ့ ပတ်သက်ပြီး တိုးတက်မှု မရှိဘူး ဆိုတာက သူကိုယ်တိုင် ထုတ်ဖေါ် ပြောဆိုသွားပါတယ်။ အောင်မြင်မှု ရှိသလား၊ မရှိသလား ကိစ္စရပ်နဲ့ ပတ်သက်ရင် ပြီးခဲ့တဲ ပထမနဲ့ ဒုတိယ အခေါက်လိုဘဲ အခု တတိယ အခေါက်မှာလည်း သူဟာ ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ခွင့်မရခဲ့ ပါဘူး။ ပြီးခဲ့တဲ့ လူ့အခွင့်အရေး ကိုယ်စားလှယ်ဖြစ်တဲ့ မစ္စတာ ပင်ညဲရိုးလိုဘဲ သူကိုယ်တိုင် လူ့အခွင့်အရေး ချိုးဖေါက်ခံရတဲ့ ကိစ္စတခုကို မောင်တောမှာ ကြုံခဲ့ရပါတယ်။

ဒီတော့ မစ္စတာ ပင်ညဲရိုး အင်တာဗျူး လုပ်နေတဲ့ အချိန်မှာ အသံဖမ်းစက်တွေ တပ်ထားသလို အခုလည်း သူမောင်းတောမြို့နယ် ရဲအထူး စစ်ဆေးရေး အဖွဲ့က ဒု-ရဲအုပ် တယောက်ဖြစ်တဲ့ အောင်ကျော်ဆန်းနဲ့ စယဖ ဗိုလ်ကြီးတယောက်ကို အဲဒီနေ့ မတိုင်ခင်တုန်းက ဘူးသီးထောင်ကို အကျဉ်းသားအသွင် ဟန်ဆောင်ပြီး ကိုဌေးကြွယ်နဲ့ အင်တာဗျူးနေချိန်မှာ ခိုးပြီး အသံဖမ်းစေခဲ့ပါတယ်။ ဒါကို ထောင်အရာရှိ တဦးကနေ ပြောခဲ့တာ ရှိပါတယ်။ ဆိုလိုတာက သူတို့သွားနေတဲ့ အချိန်မှာ သူတို့ကိုယ်တိုင် လူ့အခွင့်အရေး ချိုးဖေါက်ခံနေရတယ် ဆိုတာကို ကျနော် ထောက်ပြချင်ပါတယ်။

သို့သော် မစ္စတာ ကင်တားနား လာသွားတဲ့အတွက် မြန်မာနိုင်ငံမှာ လူ့အခွင့်အရေး တိုးတက်မှု မရှိဘူး။ နိုင်ငံရေး အကျဉ်းသား အချို့နဲ့ တွေ့ခဲ့ရတယ်။ တွေ့ခဲ့ရတဲ့ အရာမှာ န အ ဖ ကတော့ ဒေါ်အောင်ဆန်းစုကြည်နဲ့ နိုင်ငံရေး အကျဉ်းသားတွေကို လွှတ်ပေးဖို့ မပြောနဲ့ နိုင်ငံရေး အကျဉ်းသား အဖြစ်တောင် အသိအမှတ်ပြုဖို့ မရှိဘူး။ ဒါကြောင့် ၂၀၁၀ ရွေးကောက်ပွဲက ဘယ်လိုမှ တရားမျှတတဲ့ ရွေးကောက်ပွဲ မဟုတ်ဘူး ဆိုတာကို သူပြောသွားပါတယ်။ နိုင်ငံတကာမှာ အချို့အစိုးရတွေ၊ အဖွဲ့အစည်းတွေ ရှုပ်ထွေးနေတဲ့ ကိစ္စကို သူက ရှင်းရှင်းလင်းလင်း ပြောပြနိုင်ခဲ့တယ်လို့ ကျနော်တို့ မြင်ပါတယ်။

မေး ----- ဒီခရီးစဉ်အတွင်းမှာ မစ္စတာ ကင်တားနားဟာ ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံခွင့် မရခဲ့ပေမဲ့လို့ NLD အဖွဲ့က ဗဟို အလုပ်အမှုဆောင် ကော်မီတီဝင်တွေ ဖြစ်ကြတဲ့ ဦးတင်ဦး၊ ဦးဝင်းတင်၊ ဦးခင်မောင်ရွှေ၊ ဦးသန်းထွန်း၊ ဦးညွန့်ဝေတို့နဲ့ တွေ့ဆုံပြီး (၁) နာရီ ကျော်ကျော်လောက် ဆွေးနွေးခွင့် ရခဲ့တယ်။ နောက်ပြီး လွတ်လွတ်လပ်လပ် ဆွေးနွေးခွင့် ရခဲ့ပါတယ်လို့ ကျနော်တို့ ကြားသိရ ပါတယ်။ အဲတော့ NLD ပါတီ လူကြီးတွေနဲ့ တွေ့တဲ့ကိစ္စ၊ နောက်ပြီးတော့ အကျဉ်းထောင်တွေမှာ အကျဉ်းသား (၆) ယောက်နဲ့ တွေ့ဆုံခဲ့တယ်လို့ ကြားတယ်။ အဲဒီမှာ လောလောလတ်လတ် အကျဉ်းကျခံနေရတဲ့ ဒေါ်နော်အုံးလှတို့၊ ကိုကြည်သန့်တို့၊ ကိုမျိုးဝင်းတို့ စတဲ့ပုဂ္ဂိုလ်တွေ ပါကြတယ်တို့ သိရပါတယ်။ အဲဒီလူတွေနဲ့ တွေ့ဆုံဆွေးနွေးတဲ့ အခါ မစ္စတာ ကင်တားနား အနေနဲ့ ဘယ်လိုများ အချက်အလက်တွေ ဘယ်လို ရယူကြသလဲ ဆိုတာကိုလည်း ကျနော်တို့ တွေးမိကြတယ်ပေါ့လေ။ တဖက်ကလည်း အသံ ခိုးဖမ်းတာတွေလည်း ရှိချင် ရှိမှာဘဲ၊ ဒါပေမဲ့ တွေ့ဆုံခွင့်ရတယ်။ တဦးချင်း တွေ့ဆုံခွင့်ရတယ် ဆိုတဲ့ကိစ္စတွေအပေါ်မှာ ဘယ်လိုများ မြင်သလဲ ဆိုတာကို ကျနော် မေးချင်ပါတယ် ခင်ဗျား။ အဲတော့ ဦးစိန်မြင့် ပြောပါလားခင်ဗျား။

ဦးစိန်မြင့် ----- ဟုတ်ကဲ့၊ မစ္စတာကင်တားနားက ကုလသမဂ္ဂ လူ့အခွင့်အရး အထူးကိုယ်စားလှယ် ပေါ့လေ။ အထူးကိုယ်စားလှယ် အနေနဲ့ မြန်မာပြည်သွားတာ (၃) ခေါက် ဆိုတော့ တိုးတက်မှု ရှိတာ၊ မရှိတာ သူကိုယ်တိုင်လည်း ၀န်ခံသွားပါတယ်ဗျား။ ဘယ်လို စံနဲ့ကြည့်ရမလဲ ဆိုတာကို ကျနော်တို့က နည်းနည်းကြည့်ရမဲ့ အပိုင်းဖြစ်နေတယ်။ ခဏပြောသလို ဒေါ်အောင်ဆန်းစုကြည် အပါအ၀င် အကျဉ်းသားတွေနဲ့ ပေးမတွေ့တဲ့ အပိုင်းရယ်၊ ဒါမှမဟုတ် အကျဉ်းထောင်ထဲမှာ အကျဉ်းသားတွေကို ဘယ်လိုထားတယ်၊ ဘယ်လို ကိုင်တွယ်တယ် ဆိုတာကို အဲဒါကလည်း တိုးတက်မှု ရှိမရှိဆိုတာကို သူ့အနေနဲ့ ဘယ်လိုမြင်လဲ ပေါ့လေ။ အဓိကက အထူးသဖြင့် နိုင်ငံရေး အကျဉ်းသား ၂၀၀၀ ကျော် ဗမာပြည်မှာ ချုပ်နှောင်ထားတဲ့ ကိစ္စကို စစ်အစိုးရ အနေနဲ့ နိုင်ငံရေး အကျဉ်းသား မဟုတ်ဘူး ဆိုတာကို တောက်လျှောက် ငြင်းပယ်နေတာလေ။


နောက် နိုင်ငံရေး သမားတွေကို တခြားအမှုတွေနဲ့ သူတို့ ထောင်တွေ ချတာများပါတယ်။ လူ့အခွင့်အရေးနဲ့ နိုင်ငံရေး အကျဉ်းသား ဆက်စပ်မှုတွေကို ကျနော်တို့ ကြည့်ပြီးတော့ လူ့အခွင့်အရေးနဲ့ ပတ်သက်ပြီး ဘယ်လိုလိုက်လျောနိုင်၊ မလိုက်လျောဘူး ဆိုတာတွေကို နှိုင်းယှဉ်ကြည့်လို့ ရတာပေါ့။ အဲတော့ မြန်မာပြည်မှာ အများသိတဲ့အတိုင်း အခုအချိန်ကတော့ လူတွေက နိုင်ငံရေး နည်းနည်းပါးပါး အပြောင်းအလဲ အလားအလာ ရှိမလားလို့ မျှော်လင့်တဲ့သူတွေ အများကြီး ရှိပါတယ်။ အဲဒါတွေကို မူတည်ပြီးတော့ နိုင်ငံရေး အကျဉ်းသားတွေကို ဘယ်လိုလွှတ်မှာလဲ၊ ဘယ်လိုလိုက်လျောမှာလဲ၊ အများကြီး မျှော်လင့်ထားရင်တော့ သိပ်ပြီး ဖြစ်လာမယ်လို့ မထင်ဘူး။ နိုင်ငံရေး အပြောင်းအလဲ ရှိမှသာ လူ့အခွင့်အရေးကို အခြားနိုင်ငံကဲ့သို့ ရနိုင်သလောက် လိုက်လျောနိုင်မယ် ဆိုတာကို စောင့်ကြည့်ဖို့ လိုမယ်လို့ ကျနော်မြင်တယ်။

မေး ------ အဲတော့ မစ္စတာ ကင်တားနား သွားတဲ့အခါမှာ စောစောပိုင်းတုန်းက ရက်ရွှေ့ထားတာကိုလည်း ကျနော်တို့ကြားတယ်။ မလွဲမရှောင်သာ လက်ခံရမဲ့ သဘောမျိုးလို့ ယူဆမိတယ် ပေါ့လေ။ ဒီခရီးစဉ်နဲ့ ပတ်သက်ပြီး ကျန်တဲ့ပုဂ္ဂိုလ်တွေရဲ့ အမြင်ကိုလည်း ကျနော်မေးပါရစေ။ ဦးမင်းလွင်ဦးကရော ဘယ်လိုများ သုံးသပ်မိသလဲ ခင်ဗျား။

ဦးမင်းလွင်ဦး ----- မစ္စတာ ကင်တားနားရဲ့ အခု ခရီးစဉ်က ယခင် လွန်ခဲ့တဲ့ ၁ နှစ် ကျော်ကတည်းက သူစီစဉ်ထားတဲ့ ခရီးစဉ် ဖြစ်တယ်။ အခုခရီးစဉ်မှာ တွေ့ဖြစ် ခဲ့တဲ့လူ တော်တော်များများက နဦးကတည်းက သူတွေ့ဖို့ ရည်ရွယ်ထားတဲ့ သူတွေဖြစ်တယ်။ ဥပမာ အားဖြင့် ပြည့်ဖြိုးလှိုင်တို့၊ ဦးကျော်မင်းတို့ ဘူးသီးထောင်မှာ တွေ့ခဲ့တဲ့သူတွေ၊ ကိုဌေးကြွယ်တို့၊ သူ့အနေနဲ့ ထပ်တွေ့နိုင်တာက ဒေါ်နော်အုန်းလှရယ်၊ နောက်ပြီးတော့ ရခိုင်ကျောင်းသား လူငယ်များ ကွန်ကရက်က ခိုင်ကျော်မိုး တို့ရယ်၊ ဒီနှစ်ဘဲ ထူးထူးခြားခြား အနေနဲ့ လူသစ် အနေနဲ့ ပါတာကို ကျနော်တို့ တွေ့ရှိရတယ်။ အဲတော့ မြန်မာနိုင်ငံ အတွင်းမှာ လူ့အခွင့်အရေး ချိုးဖေါက်မှုနဲ့ ပတ်သက်ပြီး ပြောရရင် အစောက ဒေါက်တာစိန်မြင့် ပြောသလို ချက်ချင်းလက်ငင်း ဖြစ်လာမဲ့ အကြောင်းအရာ မမြင်ဘူး။

ဘက်ပေါင်းစုံက နေပြီး လူ့အခွင့်အရေး ချိုးဖေါက်မှုတွေ ဖြစ်နေတယ်။ တရားဥပဒေ စိုးမိုးရေး ပြဌာန်းချက်တွေကို ဘယ်လို ကျူးလွန်တယ် ဆိုတာတွေကို သက်သေတွေက ထောက်ပြရင်း၊ နောက် ILO ကနေပြီး ဖိအားပေးရင်း၊ ပြည်တွင်းက ရှေ့နေတွေက နေပြီး ကြိုးစားရင်း ပေါ်ပေါက်လာတဲ့ စစ်ဆေးချက်တွေကို မူတည်ပြီး ဥပဒေ နဲ့အညီ ဆောင်ရွက်ချက်တွေ မပြုလုပ်ဘူး ဆိုတာကို လူ့အခွင့်အရေး ကိုယ်စားလှယ် အနေနဲ့ ထောက်ပြပြီး ပြောဆိုနိုင်တာ ဖြစ်တယ်။ အဲဒီလိုမျိုး ဘက်ပေါင်းစုံက ဟန်ချက်ညီညီနဲ့ လုပ်နိုင်မှသာ ကျနော်တို့ ဘက်ကလည်း လူ့အခွင့်အရေး တိုးတက်လာမှုတွေ ဖြစ်ပေါ်လာမယ် ဖြစ်တယ်။

နိုင်ငံတကာကလည်း ဒီအချက်အလက်တွေကို မူတည်ပြီး ပိုမို ဖိအားပေး လာနိုင်မယ် ဖြစ်တယ်။ ကျနော်ကတော့ ကင်တားနား ခရီးစဉ်မှာ မစ္စတာ ကင်ဘာရီ သွားခဲ့တဲ့ ခရီးစဉ်ထက် ပိုပြီးအားရတယ်။ ဘာဖြစ်လို့လည်းဆိုတော့ တွေ့သင့်၊ တွေ့ထိုက်တဲ့ နိုင်ငံရေး ပါတီက နိုင်ငံရေး ခေါင်းဆောင် တွေနဲ့လည်း တွေ့ခွင့်ရတယ်။ အကျဉ်းသား တွေနဲ့လည်း တွေ့ခွင့်ရတယ်။ မျှော်မှန်းထား သလောက် မဖြစ်ပေမဲ့ အဆိုးထဲက အကောင်း ကျနော်တို့ တွက်မယ်ဆိုရင် လာမဲ့မတ်လ သူ့ရဲ့ အစီရင်ခံစာမှာ မြန်မာနိုင်ငံမှာ ရှိတဲ့ စစ်ခေါင်းဆောင်တွေရဲ့ သဘောထား အမှန်ကို သူ့အနေနဲ့ ကွက်ကွက်ကွင်းကွင်း တင်ပြနိုင်တယ်လို့ ကျနော်ကတော့ မြင်တယ်။ ဒါကြောင့် အရှုံးထဲက အကောင်းဘက် တွက်ရင်တော့ ဒီအချက်ကို အကောင်းမြင်တယ်လို့ ကျနော်ပြောချယ်တယ်။

မေး ----- ဦးအောင်နိုင် ဘယ်လိုများ သဘောရသလဲ။

ဦးအောင်နို်င် ------ မစ္စတာ ကင်တားနား ပြောတာတွေက စိတ်ဝင်စားစရာ ကောင်းတယ်။ စိတ်ဝင်စားစရာ ကောင်းတာက မြန်မာနိုင်ငံရဲ့ လာမဲ့ ရွေးကောက်ပွဲဟာ လွတ်လပ်ပြီး တရားမျှတမဲ့ ရွေးကောက်ပွဲ ဖြစ်မှာမဟုတ်ဘူးလို့ သူအဲလို ပြောသွားပါတယ်။ အခုဆိုရင် ရွေးကောက်ပွဲနဲ့ ပတ်သက်လို့ ကမ္ဘာ့နိုင်ငံတကာ အဖွဲ့အစည်းတွေ ကြားထဲမှာ အဆင့်မြင့်ဆုံး ပုဂ္ဂိုလ်တယောက် အခုလိုမျိုး ပွင့်ပွင့်လင်းလင်း ထုတ်ဖေါ် ဝေဖန်လိုက်တာက ပထမဆုံး ပြောလို့ရတယ်။ သူကတော့ မြန်မာပြည်ကို သွားပြီး လူ့အခွင့်အရေး အရ ချဉ်းကပ်တယ်။ ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေဖို့ ကြိုးစားတယ်။ လူ့အခွင့်အရေး ကိစ္စတွေကို ချဉ်းကပ်ပြီးတဲ့ အခါမှာ ဒီလို အခြေအနေမျိုး ဖြစ်နေတာဟာ လာမဲ့ ၂၀၁၀ ရွေးကောက်ပွဲ လွတ်လပ်ပြီး တရားမျှတတဲ့ ရွေးကောက်ပွဲ မဖြစ်ပါဘူးလို့ သုံးသပ် လိုက်တာက စိတ်ဝင်စားစရာ ကောင်းတယ်။ မြန်မာအစိုးရက ရွေးကောက်ပွဲ အပေါ်မှာ အကျိုးအမြတ် ကောင်းကောင်း သိချင်တယ်။ ဒါမှမဟုတ်ရင် ရွေးကောက်ပွဲ ရလာဒ် ကောင်းကောင်း ဖြစ်ချင်ရင် သူတို့ ပြန်သုံးသပ်သင့်တဲ့ အခြေအနေမျိုး ဖြစ်နေပြီလို့ ကျနော် မြင်ပါတယ် ခင်ဗျား။

မေး ----- အခု ကင်တားနား ရောက်နေတဲ့ အချိန်အခါ အခိုက်အတန့်မှာဘဲ နိုင်ငံရေး အကျဉ်းသားတွေကို ထပ်ပြီး အမှုစီရင်တာကို ကြားရပါတယ်။ အထူးသဖြင့် သံဃာတပါးဖြစ်တဲ့ ဦးကောဝိတကို ထောင်ဒဏ် (၇) နှစ် စီရင် ချမှတ်လိုက်တဲ့ ကိစ္စကလည်း တော်တော်လေး လူသိရှင်ကြား ဖြစ်သွားတယ်။ ဒီကိစ္စမှာလည်း အမှုမရှိ အမှုရှာ အမှုစီရင်လိုက်ပြီးတော့ ဝေဖန်သုံးသပ် သူတွေလည်း အများအပြား ရှိပါတယ်။ အဲတော့ ကိုတိတ်နိုင်တို့ အမြင်က ဘယ်လို ရှိဘာသလဲခင်ဗျား။

ကိုတိတ်နိုင် ------ ဦးကောဝိတနဲ့ ကျန်တဲ့သူတွေကို ထောင်ချလိုက်တာ ရှိပါတယ်။ ဦးကောဝိတ ဆိုလို့ရှိရင် နာဂစ်ကူညီရေးနဲ့ ပတ်သက်ပြီး စိတ်အား ထက်ထက်သန်သန် လုပ်ခဲ့တဲ့သူပါ။ အဲဒါနဲ့ ပတ်သက်ပြီးတော့ မစ္စတာ ကင်တားနား သိမယ်လို့ ထင်ပါတယ်။ တဖက်မှာလည်း န အ ဖ က ILOကို တိုင်ကြားထားတဲ့ အမှုနဲ့ ပတ်သက်ပြီး လယ်သမားတွေကို လျော့ပေါ့ပြီး ပြန်လွှတ်လိုက်တဲ့ ကိစ္စမျိုး တွေလည်း ရှိပါတယ်။ ဒါက န အ ဖ က သူတို့ အသက်ရှူကျပ်၊ နိုင်ငံရေးထွက်ပေါက် ပိတ်လာတဲ့ အခါတိုင်း ဒါမျိုး သူတို့ ကစားလေ့ ရှိတာက သေချာပါတယ်။ ပထမ လာတဲ့အခေါက်တွေကလည်း နည်းနည်း လွှတ်ပြလိုက်၊ တရားဥပဒေနဲ့အညီ လုပ်တာကို ဖေါ်ပြလိုက်နဲ့ သူတို့ရဲ့ အနည်းအများ ဖြစ်နေတာပါ။ ဆိုတော့ အခု မစ္စတာ ကင်တားနား ပြန်သွားရင် အကျဉ်းသား တွေကို လွှတ်ပေးကောင်း လွှတ်ပေးပါလိမ့်မယ်။ နိုင်ငံရေး အကျဉ်းသားတွေ ရာခိုင်နှုန်း ဘယ်လောက် လွှတ်ပေးတယ်။ ဒါမျိုးတွေ ဖြစ်နိုင်ပါတယ်။

ဥပမာ မစ္စတာ ကင်တားနား မလာခင် ၁၇ ရက်နေ့ ည အင်းစိန်ထောင်မှာ နိုင်ငံရေး အကျဉ်းသား တောင်းဆိုမှု တခု ဖြစ်ခဲ့တယ်။ အဲဒီမှာ မီးကို အကုန်ဖွင့်ပြီး ထောင်ထဲမှာ ဒီလူကို ဟိုမှာရွှေ့၊ ဟိုလူကို ဒီမှာရွှေ့၊ တချို့ကို ထောင်ပြောင်း၊ ဒါက မစ္စတာကင်တားနား မလာခင် ကြိုတင် ပြင်ဆင်ထားတဲ့ အခြေအနေမျိုးလို့ ကျနော် ပြောချင်ပါတယ်။ ဘာဘဲပြောပြော နိုင်ငံတကာရဲ့ ဖိအားကို မတွန်းလှန် နိုင်တဲ့အခါ လက်ခံရတဲ့ အနေအထား ရှိပါတယ်။ သူတို့က ပေးတွေ့တဲ့ သူတွေကို ကင်တားနားက သိပါတယ်။ ဒီတခေါက် ဆိုရင် CRPP နဲ့ လုံးဝ မတွေ့ရတဲ့ ကိစ္စတွေပါ။

နိုင်ငံတနိုင်ငံမှာ ဒီမိုကရေစီရေး ဖြစ်ပေါ်တိုးတက်မှုတွေ လုပ်ကြမယ်၊ တိုင်းပြည်ပြန်လည် ထူထောင်ကြမယ် ဆိုရင် လူ့အခွင့်အရေးက အခြေခံ ဖြစ်တယ်လို့ ကျနော်မြင် ပါတယ်။ ဆရာ ဦးဝင်းတင် ပြောခဲ့သလို လူ့အခွင့် အရေးကို အခြေခံတဲ့ နိုင်ငံရေး ကိစ္စတွေကို မဖြေရှင်းဘူး ဆိုရင် ကျနော်တို့ နိုင်ငံက ဒီမိုကရေစီရေး ဖြစ်ပေါ် တိုးတက်မှုရော၊ အမျိုးသားပြန်လည် သင့်မြတ်ရေး ကိစ္စတွေရော ဘယ်တော့မှ ဖြစ်လာမှာ မဟုတ်ပါဘူး။ သမိုင်းမှာ အင်မတန် နောက်ကျ ကျန်ရစ်လိမ့်မယ်လို့ ကျနော်ပြောချင်ပါတယ်။

မေး ----- ကိုတိတ်နိုင် ပြောသွားသလို နိုင်ငံတကာ ဖိအားကြောင့် မလွှဲမရှောင်သာ လက်ခံလိုက်ရတဲ့ သဘောမျိုး၊ ကြိုတင်ပြင်ဆင်မှု ဖြစ်မယ်ဆိုတာ ကျနော်တို့က သဘောကျတယ် ခင်ဗျား။ ဒေါက်တာ သိန်းညွန့်ရော ဘယ်လို မြင်ပါသလဲ။

ဒေါက်တာသိန်းညွန့် ------ ဒါကတော့ သူတို့ဘက်က တခုခု လုပ်မယ်ဆိုရင်တော့ န အ ဖ စစ်အစိုးရ အနေနဲ့ ပြင်ဆင်ထားပြီးသားဘဲ၊ ဘာကြောင့်လဲ ဆိုတော့ သူတို့မှာ ပြင်ဆင်ထားတဲ့ အချိန်လည်း ရှိတယ်၊ လုပ်နိုင်တဲ့ အခွင့်အရေးလည်း ရှိတယ်။ ဘာဘဲလုပ်လုပ် အမေရိကန် အထက်လွှတ်တော် အမတ် လာတာဖြစ်ဖြင့်၊ ကုလသမဂ္ဂ အထက်အရာရှိကြီး တယောက်ယောက် လာတာဖြစ်ဖြင့်၊ လာခွင့်ပေးတဲ့ ဗီဇာကစ အကုန်လုံးက သူတို့ကြိုတင် ပြင်ဆင်ထားတယ်။ ဒါကတော့ သူတို့ရဲ့ လုံခြုံရေးဘဲ။ ဒါပေမဲ့ အဆိုးထဲက အကောင်းကို ဘယ်လိုလုပ်နိုင်မှာလဲ၊ အကျိုးရှိအောင် ဘယ်လိုအသုံးချ နိုင်မှာလဲ ဆိုတာတွေကို ကြုံရတဲ့ ပုဂ္ဂိုလ်တွေ ကိုယ်တိုင်က နားလည်ပြီးသား ဖြစ်ပါတယ်။

ဟုတ်ကဲ့ အဓိက တဖက်က စဉ်းစားချင်တာက မြန်မာစစ်အစိုးရက မစ္စတာ ကင်တားနား ခရီးစဉ် တလျှောက်မှာ ဘာဖြစ်လို့ အခုလိုမျိုး သူတို့အကျိုး အများကြီး ဖြစ်အောင် မဖန်တီးနိုင်ခဲ့တာလဲ။ ကုလသမဂ္ဂရဲ့ လူ့အခွင့်အရေး ကိုယ်စားလှယ်တွေ လာတဲ့အချိန်မှာ သူတို့က နောက်လုပ်မဲ့ ရွေးကောက်ပွဲအတွက် သူတို့ဘက်က ရွေးကောက်ပွဲ ဖြစ်မှာပါလို့ ပြနိုင်တဲ့ အခွင့်အလမ်း ရှိနေတဲ့အချိန်မှာ ဘာဖြစ်လို့ ဒီလို အခြေအနေ ကောင်းမျိုးကို ရမယူနိုင်သလဲ ဆိုတာကို စဉ်းစားစရာ ဖြစ်တယ်။ တဖက်ကလည်း မြန်မာအစိုးရက ကုလသမဂ္ဂတို့ ဘာတို့ကို ဂရုမစိုက်တော့ဘူး။ ငါတို့ လုပ်ချင်လုပ်မယ်၊ ငါတို့လမ်းကြောင်းနဲ့ ငါတို့ သွားမယ်ဆိုတာကို ရှင်းရှင်းလင်းလင်း ပြလိုက်တယ်လို့ ကျနော်အဲလို ခံစားရပါတယ်။

မေး ------ ဟုတ်ပါတယ်။ မစ္စတာ ကင်တားနား ခရီးစဉ်တလျှောက်မှာ နိုင်ငံခြားက သံတမန်တွေနဲ့လည်း တွေ့ခွင့်ရတယ်။ NLD က ခေါင်းဆောင် တွေနဲ့လည်း တွေခွင့်ရတယ်။ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ရှေ့နေတွေနဲ့လည်း တွေ့ခွင့်ရတယ်။ အကျဉ်းထောင်တွေ အထဲမှာလည်း အကျဉ်းသားတွေနဲ့ တွေ့ခွင့်ရတယ်။ ဒါ့အပြင် အစိုးရဘက်က တရားသူကြီးချုပ်တွေ၊ ရှေ့နေချုပ်တွေနဲ့ ထပ်ပြီး တွေ့ခွင့်ရတယ် ဆိုတော့ တော်တော်များများကို သူဆွေးနွေးနိုင်ခွင့် ရသွားတယ်။ ဆွေးနွေးခွင့် ရတာနဲ့အညီ အချက်အလက် တွေလည်း အများကြီး စုဆောင်းရမယ်လို့ ယုံပါတယ်ခင်ဗျား။ မစ္စတာ ကင်တားနားရဲ့ ခရီးစဉ်မှာ အောင်မြင်တယ်၊ မအောင်မြင်ဘူးလို့ ပြောရမှာ ခက်ပေမဲ့ သူ့အတွက် အချက်အလက်တွေ အများကြီး ရသွားပြီးတော့ ကုလသမဂ္ဂမှာ အစီရင်ခံတဲ့ အခါမှာတော့ ထူးထူးခြားခြား ကြားရမယ်လို့ ယူဆမိပါတယ်။ ဦးမင်းလွင်ဦးရော ပြောပါဦးခင်ဗျား။

ဦးမင်းလွင်ဦး ----- ဟုတ်ကဲ့ မစ္စတင်တားနားက တင်သွင်းမဲ့ အစီရင်ခံစာက မတ်လမှာ ဖြစ်တယ်။ အဲတော့ မတ်လမှာ တင်သွင်းမဲ့ အစီရင်ခံစာက မတ်လမှာ ပြီးသွားမယ် မဟုတ်ဘူး။ အစီရင်ခံစာရဲ့ နောက်ဆက်တွဲ အနေနဲ့ လုံခြုံရေး ကောင်စီရောက်မယ်။ အထွေထွေ ညီလာခံ ရောက်မယ်။ အဲဒီအချိန်မှာ သူ့ရဲ့သုံးသပ်ချက်က အရေးပါမှာ ဖြစ်တယ်။ အဲတော့ အဲလို အရေးပါတဲ့ အခါမှာ နိုင်ငံတကာ ကလည်း ဒီအရေးပါမှုကို အထိထားပြီး သတိကြီးကြီးနဲ့ ဆုံးဖြတ်ကြမှာ ဖြစ်တယ်။ အရင်က လူ့အခွင့်အရေး အထူးကိုယ်စားလှယ် အနေနဲ့ ပြည်တွင်းကိစ္စကို တိတိကျကျနဲ့ ထိထိရောက်ရောက် ယူနိုင်ခဲ့တဲ့ အခြေအနေမျိုး တော်တော်နည်း ပါတယ်။ အခုအချိန်ကတော့ သူသွားလာ ပြီးတဲ့ အခါမှာ ပူပူနွေးနွေးနဲ့ ဖေဖေါ်ဝါရီ မတ်လမှာ လာမဲ့ လူ့အခွင့်အရေး ကောင်စီမှာ သူတင်သွင်းနိုင်မှာ ဖြစ်တယ်။ အဲလို တင်သွင်းတဲ့အခါမှာ သူကိုယ်တိုင် ရင်ဆိုင်ကြုံတွေ့ရတဲ့ အခက်အခဲတွေ၊ သူကိုယ်တိုင် ခံစားရတဲ့ ခံစားချက်တွေနဲ့အညီ ပြောပြမှာ ဖြစ်တယ်။

ဒါကြောင့် ကျနော်တို့ အနေနဲ့ မြန်မာနိုင်ငံအတွင်းမှာ တရားဥပဒေ စိုးမိုးမှု မရှိဘူး။ မြန်မာနိုင်ငံ အတွင်းမှာ ရှိနေတဲ့ တရားစီရင်ရေး စနစ်က လုံးဝ ချွတ်ယွင်း ပျက်စီးနေတာကို နိုင်ငံတကာက သိမယ်။ ဒါကြောင့်လည်း ၂၀၁၀ မှာ ရွေးကောက်ပွဲ ကျင်းပမယ် ဆိုလို့ရှိရင် ရွေးကောက်ပွဲနဲ့ ဆိုင်တဲ့ အမှုခင်းတွေမှာ ပါဝင်ပတ်သက်တဲ့ သူတွေကို ပြစ်ဒဏ် ကြီးလေးစွာ ခံရဦးမယ် ဆိုတာကို မစ္စတာကင်တားနား ကနေပြီး သူကြုံတွေ့လာရတဲ့ မူတည်ပြီး သာဓက ပြနိုင်မယ်လို့ ကျနော်တို့ ထင်မြင်ယူဆပါတယ်။

မေး ----- ကိုတိတ်နိုင်တို့ အနေနဲ့ နိုင်ငံရေး အကျဉ်းသားတွေရဲ့ အခြေအနေကို သူစုံစုံစေ့စေ့ သိသွားမယ်လို့ ယူဆပါသလား။

ကိုတိတ်နိုင် ------ အကျဉ်းထောင် ၃ ထောင်ကို သွားရုံနဲ့ နိုင်ငံရေး အကျဉ်းသားတွေရဲ့ အခြေအနေကို စုံစုံစေ့စေ့ သိမယ်လို့ မဟုတ်ပါဘူး။ ဒါပေမဲ့ သူသွားတဲ့ အချိန်မှာ သူတွေ့ချင်တဲ့ သူတွေ ၇၀ ရာခိုင်နှုန်းလောက် တွေ့ခွင့်ရ သွားတယ်လေ။ သူသွားတွေ့တဲ့ သူတွေကလည်း လူ့အခွင့်အရေး ချိုးဖေါက်ခံနေရ သူတွေ၊ အကျဉ်းသား အခွင့်အရေး ချိုးဖေါက် ခံနေရတဲ့ ကိစ္စတွေ၊ သူ့ကို တွေ့တဲ့သူတွေက ပြောပြမယ်လို့ ထင်ပါတယ်။ သူက ဒီအပေါ်မှာ အစီရင်ခံစာ တင်ဖို့ ရှိကောင်း ရှိပါလိမ့်မယ်။ ခဏက ကိုအောင်နိုင် ပြောသွားတာ စိတ်ဝင်စားစရာ ကောင်းတာ တခု ရှိပါတယ်။ န အ ဖ က သူတို့ရဲ့ အကျိုးစီးပွားအတွက် ဘာကြောင့် မလုပ်နိုင် မလုပ်ကြတဲ့ ကိစ္စ အပေါ်မှာတော့ စိတ်ဝင်စားစရာ ကောင်းပါတယ်။

န အ ဖ က မစ္စတာ ကင်တားနား ခရီးစဉ် တောက်လျှောက်မှာ သူတို့အတွက် အကျိုးရှိမဲ့ကိစ္စကို ဘာတခုမှ မလုပ်နိုင်ပါဘူး။ တခုဘဲ မစ္စတာ ကင်တားနား လူ့အခွင့်အရေး ကိစ္စကို စောင့်ကြည့်နိုင်ဖို့ အတွက် မြန်မာနိုင်ငံကို လာဖို့ ခွင့်ပြုတဲ့ကိစ္စ တခုကလွဲပြီး ကျန်တဲ့ ကိစ္စတွေ သူတို့အနေနဲ့ ဘာတခုမှ မပြနိုင်ဘူး။ မပြခဲ့ဘူး။ မစ္စတာ ကင်တားနားက နိုင်ငံတကာ သံသမန် တယောက်အနေနဲ့ သူ့ရဲ့လေ့လာမှုက မနည်းဘူးလို့ ထင်ပါတယ်။ အဲဒီမှာ န အ ဖ က အခွင့်အရေး မရလိုက်ဘူးလို့ ထင်ပါတယ်။ အဲဒီမှာ န အ ဖ က အကျဉ်းသား တွေကို ကြီးလေးတဲ့ အပြစ်ဒဏ်တွေ ပေးခဲ့တဲ့တရားသူကြီး နှစ်ယောက်နဲ့ တွေ့ခိုင်းတဲ့ ကိစ္စက မစ္စတာ ကင်တားနား အချက်အလက်တွေ အများကြီး ရသွာမယ်လို့ ကျနော့အနေနဲ့ အဲလို မြင်ပါတယ်။

မေး ----- ဒေါက်တာစိန်မြင့် ပြောပါဦးခင်ဗျား။

ဒေါက်တာစိန်မြင့် ------- ခဏက ကိုအောင်နိုင်ပြောတဲ့ကိစ္စက စဉ်းစားစရာ ကောင်းတယ်။ ဘာလည်းဆိုတော့ န အ ဖ က သူတို့အတွက် ဘယ်လောက် အထိ အကျိုးကျေးဇူး ရှိမှာလဲဆိုတာပါဘဲ။ ဒါက သူတို့အနေနဲ့ ၁ နှစ်လောက် ကြိုတင်ထားတဲ့ ကိစ္စတွေပါ။ နောက် မစ္စတာ ကင်တားနား အစီရင်ခံစာ တင်မဲ့ကိစ္စ၊ နောက် လုံခြုံရေးကောင်စီ၊ General Assembly တို့ တင်တဲ့ကိစ္စမှာ သူတို့ အနေနဲ့ ၂၀၁၀ ရွေးကောက်ပွဲနဲ့ ချိန်ကိုက်ပြီး နိုင်ငံတကာ ထောက်ခံမှုရဖို့ ဒါတွေကို သူတို့ ခွင့်ပြုတယ်။ ကူညီတဲ့ သဘောပေါ့ဗျား။ အဲဒါတွေက အခု လောလောဆယ်မှာ အကျိုးမရှိဘူး။ နောက်ပိုင်းကျလို့ ရှိရင် လုံခြုံရေး ကောင်စီ တက်တာတဲ့ အခါကျတော့ သူတို့ရဲ့ မိတ်ဆွေ တရုတ်တွေနဲ့ ကြုံတဲ့အခါကျတော့ သူတို့အတွက် မျှော်လင့်ချက် ရှိတယ်ပေါ့ဗျား။

မေး ----- ကိုတိတ်နိုင် ပြောသလိုဆိုရင် မစ္စတာ ကင်တားနား သူတို့ချင်တဲ့သူ တော်တော်များများလည်း တွေ့ရပြီးဆိုတော့ အရင်က အထူး ကိုယ်စားလှယ်နဲ့ စာရင် သူက ၀င်ခွင့်ရတယ်၊ တွေ့ချင်တဲ့သူ တော်တော်များများနဲ့ တွေ့ခွင့်ရတယ်။ ဒေါ်အောင်ဆန်းစုကြည်နဲ့ ဗိုလ်ချုပ်မှူးကြီး သန်းရွှေကိုတော့ မတွေ့လိုက်ရဘူးလေ။ တဖက်ကပြောတယ် သူ့ရဲ့ ပါတီခေါင်းဆောင်နဲ့ ရှေ့နေတွေ တွေ့ခွင့်ရတယ် ဆိုတော့ တော်ပြီးပေါ့၊ ဗိုလ်ချုပ်မှူးကြီး သန်းရွှေနဲ့ကလည်း မစ္စတာ ကင်တားနားလို ပုဂ္ဂိုလ်မျိုး တွေ့ခွင့်မလိုဘူးလို့ ယူဆရင်လည်း ယူဆမယ်ပေါ့လေ။ ခြုံပြီးတော့ ကိုတိတ်နိုင် ပြောပါအုံးခင်ဗျား။

ကိုတိတ်နိုင် ----- ခြုံပြောရရင် မစ္စတာ ကင်တားနားရဲ့ ခရီးစဉ်က မလာတာနဲ့စာရင် သွားလိုက်တာက မြန်မာနိုင်ငံအကြောင်းကို နိုင်ငံတကာကို အချို့အချက်အလက်တွေကို သိခွင့်ပေးလိုက်နိုင်တဲ့ ကိစ္စက အားသာချက် တခုဖြစ်တယ်။ နောက်တခု ကျနော်တို့ ပြည်သူက နိုင်ငံတကာက ခေါင်းဆောင်တွေ၊ နိုင်ငံတကာက ဖိအားတွေ ကူညီ စောင့်ရှောက်မှုက တစိတ် တဒေသသာ ဖြစ်ပြီးတော့ ကျနော်တို့ ကိုယ်တိုင်က လူ့အခွင့်အရေး ရနိုင်ဖို့အတွက် ကျနော်တို့နိုင်ငံ ပြန်လည် ထူထောင်ဖို့အတွက် ကိုယ့်ဖါသာကို လုပ်ရမဲ့ အသိစိတ်ဓါတ်မျိုးကို ရသွားစေနိုင်တယ်လို့ ကျနော်က အဲလိုမြင်ပါတယ်။

မေး ----- ဦးမင်းလွင်ဦးရော ခြုံပြီးပြောပြပေးပါ။

ဦးမင်းလွင်ဦး ----- ကျနော့အနေနဲ့ ပြောရရင် ၂၀၁၀ ရွေးကောက်ပွဲဟာ လွတ်လပ်တဲ့၊ မျှတတဲ့ ရွေးကောက်ပွဲ မဖြစ်နိုင်ဘူးဆိုတာ မစ္စတာ ကင်တားနား အနေနဲ့ တရားလက်လွှတ် ပြောလိုက်တယ်လို့ မထင်ဘူး။ ဘာဖြစ်လို့လည်းဆိုတော့ ဒုတိယအကြိမ် သွားတော့လည်း ကုလသမဂ္ဂ အတွင်းရေးမှူး ဘန်ကီမွန်းဆီကို စာရေး အကြောင်းကြားတဲ့ ဒေါက်တာ တင်မင်းထွဋ်တို့နဲ့ တွေ့ဆုံပြီးသား ဖြစ်တယ်။ အခု တတိယအကြိမ် သွားတဲ့အခါမှာလည်း ဘူးသီးတောင် လွှတ်တော်အမတ် ဦးကျော်မင်းနဲ့ တွေ့ဆုံခွင့် ရခဲ့တယ်။ အဲဒီတွေ့ဆုံခွင့် ရတဲ့နှစ်ချက်အပေါ်မှာ သူ့အနေနဲ့ နိုင်ငံရေး ပါတီတွေ၊ နိုင်ငံရေးပါတီဝင်တွေ၊ လွှတ်တော် ကိုယ်စားလှယ်များ အနေနဲ့ ပြည်တွင်းမှာ ဘယ်လောက် အန္တရာယ်နဲ့ လှုပ်ရှားနေရတယ် ဆိုတာကို သုံးသပ်မိတယ်။

နောက်ပြီး အမှုတွေအနေနဲ့ စီရင်ချက် အသီးသီးကိုလည်း သူ့အနေနဲ့ ရရှိပြီး ဖြစ်တယ်။ အဲဒီအပေါ် ကိုယ်တိုင်တွေ့ဆုံ မေးမြန်းတဲ့ အခါမှာ မတရားမှုတွေ၊ တရားဥပဒေ စိုးမိုးမှု မရှိဘူးဆိုတာတွေ ဘယ်လောက် ဖြစ်နေတယ်ဆိုတာကို သူကိုယ်တိုင် ယုံကြည်ပြီးတော့ ဒီလိုမျိုး ပြောတယ်လို့ ယူဆတယ်။ ဒါကြောင့် ၂၀၁၀ ရွေးကောက်ပွဲက တရားမျှတ လွတ်လပ်တဲ့ ရွေးကောက်ပွဲ မဖြစ်နိုင်ဘူးဆိုတဲ့ မစ္စတာ ကင်တားနားရဲ့ သုံးသပ်ချက်က နိုင်ငံတကာကို ရှင်းရှင်းလင်းလင်း ပြောသွားတဲ့အချက် ဖြစ်တယ်ဆိုတာကို ကျနော့အနေနဲ့ အကောင်းဘက်မြင်ပြီး ပြောချင်ပါတယ်။

မေး ----- ကိုအောင်နိုင်ရော နိဂုံးချုပ် သုံးသပ်ပေးပါ။

ကိုအောင်နိုင် ----- မစ္စတာကင်တားနား လာတယ်။ လာပြီးတော့မှ ဒီအခြေအနေတွေ လေ့လာတယ်။ လေ့လာတဲ့အပေါ်မှာ လာမဲ့ ရွေးကောက်ပွဲက လွတ်လပ်ပြီး တရားမျှတတဲ့ ရွေးကောက်ပွဲ မဖြစ်နိုင်ဘူးလို့ သူသုံးသပ်သွားတယ်။ ဒါကတော့ နိုင်ငံရေးအရ ထူးထူးခြားခြား ဖြစ်တယ်။ နောက် ဒီမှာလာတဲ့ အချိန်မှာ တွေ့ချင်တဲ့သူတွေနဲ့ တွေ့ခွင့်ရပေမဲ့လည်း ဒေါ်အောင်ဆန်းစုကြည်နဲ့ ဗိုလ်ချုပ်မှူးကြီး သန်းရွှေကိုတော့ တွေ့ခွင့်မရခဲ့ဘူး။ ဒါက မအောင်မြင်ဘူးပေါ့။ နောက်တခု ထူးခြားတာက သူရောက်နေတဲ့ အချိန်အတွင်းမှာ မြန်မာ့အရေး လှုပ်ရှားနေသူတွေကို ထောင်ဒဏ်ချမှတ်တာလည်း ရှိတယ်။ ဒါက မြန်မာနိုင်ငံမှာ လူ့အခွင့်အရေး ပီပီပြင်ပြင် မြင်သွားရတယ်၊ သုံးသပ်ခွင့်ရတယ်။ ဒါကို ကုလသမဂ္ဂရဲ့ အဆင့်မြင့် အရာရှိ၊ လူ့အခွင့်အရေး ပညာရှင်တယောက်ရဲ့ ရှုထောင့် အမြင်တွေကို လာမဲ့ ရွေးကောက်ပွဲမှာ နိုင်ငံရေးအရ သုံးသပ်လိုက်တာက ထူးခြားချက် ဖြစ်တယ်လို့ ကျနော်မြင်တယ်။

ဟုတ်ကဲ့ အချိန်လည်း ပြည့်နေပြီးဆိုတော့ ဒီနေ့စကားဝိုင်းကို ဒီမှာဘဲ နိဂုံးချုပ်ရမှာ ဖြစ်တယ်။ အခုလို ပါဝင်ပြီး မိမိအမြင် သဘောထားတွေကို တင်ပြပေးတဲ့ အတွက် ဦးမင်းလွင်ဦး၊ ဒေါက်တာဦးစိန်မြင့်၊ ကိုတိတ်နိုင်နဲ့ ဦးအောင်နိုင်တို့ကို ကျေးဇူးတင်ရှိကြောင်း ပြောကြားလိုပါတယ်။

0 comments:

Post a Comment