Wednesday, March 03, 2010

Filled Under:

အာဏာပိုင်တွေ လက်စဖျောက်လိုက်တဲ့ ကိစ္စတွေကို ဆွေးနွေးသွားဖို့ ရှိတယ်လို့ AHRC ပြော

VOA ----- 23/ 2/ 2010

ဆွတ်ဇာလန်နိုင်ငံ ဂျီနီဗားမြို့မှာ ကျင်းပမည့် အစည်းအဝေးတွင် မြန်မာနိုင်ငံအတွင်း အာဏာပိုင်တွေ လက်စဖျောက်ပစ်လိုက်တဲ့ ကိစ္စတွေကို ဆွေးနွေးသွားဖို့ ရှိတယ်လို့ ဟောင်ကောင်အခြေစိုက် AHRC အာရှ လူ့အခွင့်အရေး ကော်မရှင်မှ ပြောပါတယ်။
ဒီလိုအခြေအနေတွေက အာဏာပိုင်တွေရဲ့ တရားလက်လွှတ် သတင်းအစအန ပျောက်သွားတာတွေ၊ အသက်ဆုံးရှုံးသွားရ တာတွေပါ။ မြန်မာနိုင်ငံမှာ ဒီအခြေအနေ မျိုးတွေ ရှိခဲ့ပေမဲ့လည်း တာဝန်ရှိတဲ့ သူတွေက အရေးပေးခဲ့တာမျိုး အခုအချိန်အထိ မရှိသေးဘူးလို့ AHRC ကပြောပါတယ်။ ဒါကြောင့် မတ်လမှာ ကျင်းပမဲ့ လူ့အခွင့်အရေး ကောင်စီအတွင်းက မြန်မာနိုင်ငံ လူ့အခွင့်အရေး အခြေအနေ တွေကို ဆွေးနွေးကြမဲ့ အထဲမှာ အခုလို သတင်းအစအန ပျောက်သွား တာကို ဆွေးနွေးသွားဖို့ ရှိတယ်လို့ AHRC အဖွဲ့က ဦးမင်းလွင်ဦးက ပြောပါတယ်။

“အာဏာပိုင်တွေက အတင်းအဓမ္မ ပြုမူဆောင်ရွက်ခြင်းကြောင့် အသက်ဆုံးရှုံးရတဲ့ ကိစ္စရပ်တွေကို ထိထိရောက်ရောက် အရေးယူ ဆောင်ရွက်ဖို့လိုတယ်ဆိုပြီး ကျနော်တို့က လာမဲ့လူ့အခွင့်အရေး ကောင်စီအောက်မှာ ရှိတဲ့ အလုပ်အဖွဲ့ကို ဒီအစီရင်ခံစာ ပေးပို့ရခြင်း ဖြစ်တယ်။ စစ်ကြောရေး စခန်းတွေမှာ ကိုအောင်နိုင်ဝင်းကို ဖမ်းဆီးသွားပြီးတဲ့ ၃ ရက်လောက် နေတဲ့အခါမှာ မည်သည့် အကြောင်းပြချက် တစုံတရာမှ မပြဘဲနဲ့ သေဆုံးသွားတာကို တွေ့ရတယ်။

ထိုနည်းတူစွာ ဆိုရင်လည်း အကြမ်းဖက်တဲ့ အဖွဲ့အစည်းတွေ တရားမ၀င် အဖွဲ့အစည်းတွေနဲ့ ဆက်သွယ် ဆောင်ရွက်မှု ရှိတဲ့ သံသယနဲ့ပင် ခေါ်ယူစစ်ဆေး မေးမြန်းရင်းနဲ့ စစ်ကြောရေးစခန်းမှာ သေဆုံးသွားရတယ် ဆိုတာကို ကျနော်တို့ သိရတယ်။ တိုင်းရင်းသား နယ်မြေဒေသ အသီးသီးမှာ ဒီလိုမျိုး ဖြစ်ပျက်နေတဲ့ ကိစ္စတွေ မြောက်မြားစွာရှိတယ် ဆိုတာကို ကျနော်တို့ ကြားသိရတယ်။ ကျနော်တို့ မြန်မာနိုင်ငံ အတွင်းမှာ ဘိတ်-ထားဝယ် ညီညွတ်ရေးတပ်ဦး၊ နောက်ပြီး ဒီမိုကရေစီ ပြည်ချစ်တပ်မတော် အဖွဲ့အစည်းက နေပြီး အဖွဲ့ဝင် မိသားစုတွေကို ဖမ်းဆီး ထိန်းသိမ်းပြီး စစ်ဆေးမေးမြန်းပြီး ပြန်ရောက်မလာတဲ့သူ ၁၈ ဦးလောက် ရှိတယ် ဆိုတာကိုလည်း ကျနော်တို့ သိရှိရတယ်။ ဒါတွေကို အာဏာပိုင်တွေ အနေနဲ့ ထိထိရောက်ရောက် အရေးယူပေးဖို့ လိုတယ်ဆိုတာကို ကျနော်တို့အနေနဲ့ တင်ပြ ပြောဆိုရခြင်း ဖြစ်တယ်။”

မြန်မာနိုင်ငံက ရဲလုပ်ပိုင်ခွင့်ကို ကျော်လွန်ပြီးတော့ ရဲ့လုပ်ပိုင်ခွင့်တွေ၊ ထောက်လှန်ရေး တပ်ဖွဲ့တွေ၊ အာဏာပိုင်တွေက ကျော်လွန်တဲ့ စစ်ဆေးမှုတွေကို အချိန်ကာလ ကြာမြင့်စွာကတည်းက တွေ့နေရတယ်လို့ ဆက်ပြောပြပါတယ်။

“ကျနော်တို့ မြန်မာနိုင်ငံ အတွင်းမှာ ရဲစည်းမျဉ်းစည်းကမ်း ထိန်းသိမ်းရေး အက်ဥပဒေဆိုတာ ရှိပါတယ်။ သို့သော်လည်း ဒီပြဌာန်းချက်က စာအုပ်မှာဘဲ ရှိပြီးတော့ တကယ့်လက်တွေ့ သက်ဝင်လှုပ်ရှားမှု မရှိဘူး ဆိုတာကို ကျနော်တို့ လက်ခံရရှိတဲ့ အမှုတွေအရ ကြုံတွေ့နေရတာ ဖြစ်တယ်။ အဲတော့ တာဝန်ကျ ရဲစခန်းက ဘာမှ လုပ်ကိုင်ဆောင်ရွက်ခွင့် မရှိဘူး။ ထောက်လှန်ရေး ကနေပြီး စစ်ဆေး မေးမြန်းပြီးလို့၊ နှိပ်စက်ညှဉ်းပန်း ပြီးလို့ အမှုစွဲတင်နိုင်တဲ့ အခြေအနေ ရောက်မှသာ ရဲစခန်းကို ပြန်ပို့တာ၊ နောက်ပိုင်းတွေမှာ ဒီသတင်းတပ်ဖွဲ့က နေပြီးတော့ ဒီကိစ္စတွေကို တာဝန်ယူ ဆောင်ရွက်လာတာကို ကျနော်တို့ တွေ့ရတယ်။ သူတို့ စစ်ကြောရေး စခန်းတွေမှာ ခေါ်ယူ စစ်ဆေး မေးမြန်းတာကို ကျနော်တို့ သိရတယ်။”

အခုလို ပြောပြတဲ့ အခြေအနေက လက်နက်နဲ့ အုပ်ချုပ်တဲ့ နိုင်ငံတွေမှာ နိုင်ငံရေး တည်ငြိမ်မှု မရှိဘဲနဲ့ ပဋိပက္ခ ဖြစ်နေတဲ့ တိုင်းပြည်တွေမှာ အဖြစ်များတာပါ။ ဒါကြောင့် အချို့ အာရှဒေသအတွင်းမှာလည်း ဒီလို ဖြစ်ရပ်မျိုးတွေ ဖြစ်နေတာ ကြောင့် မြန်မာနိုင်ငံ နဲ့အတူ အခြားနိုင်ငံရဲ့ အကြောင်းအရာ တွေကိုပါ ဆွေးနွေးဖို့ ရှိတယ်လို့လည်း ဦးမင်းလွင်ဦးက ဆက်ပြောပြပါတယ်။

“သီရိလကာင်္၊ ပါကစ္စတန်၊ နီပေါတို့မှာ အဲဒီလို အမှုတွေက ရာနဲ့ချီ ဖြစ်နေတာ ဖြစ်တယ်။ အခိုင်အမာ ဖြစ်ခဲ့တဲ့ အစုလိုက် အပြုံလိုက် ပျောက်သွားတဲ့ ကိစ္စ၊ နောက် ထိုင်းနိုင်ငံ အတွင်းမှာလည်း နိုင်ငံရေး အဖွဲ့အစည်းတွေမှာ လူ့အခွင့်အရေး လှုပ်ရှားတဲ့ သူတွေကို အာဏာပိုင် အဖွဲ့အစည်းက နေပြီးတော့ အတင်းအဓမ္မ ပြုမူဆောင်ရွက် ခဲ့တက ကျနော်တို့ မြန်မာနိုင်ငံထက် ပိုများတယ်။ မြန်မာနိုင်ငံ အတွင်းမှာ အာဏာပိုင်တွေက အဲဒီလို ပြုမူဆောင်ရွက်တဲ့အတွက် အသက် ဆုံးရှုံးသွားတဲ့ ဖြစ်ရပ်တွေ ကျနော်တို့မှာ သက်သေခံတွေ ရဖို့အတွက် အတော် ခက်ခဲတယ်။ ရှိတဲ့ဟာတွေကို ကျနော်တို့ တင်ပြထားတာ ဖြစ်တယ်။ ဒီလို ဆွေးနွေးတဲ့ အခါမှာလည်း မြန်မာနိုင်ငံ လူ့အခွင့်အရေး အခြေအနေ၊ အဲဒီလိုမျိုး အသက်ဆုံးရှုံးရတဲ့ သူတွေရဲ့ အခြေအနေကို သူတို့ ထည့်သွင်း လာလိမ့်မယ်လို့ ကျနော်တို့ ထင်မြင်ယူဆပါတယ်။

ဒါက ဟောင်ကောင်အခြေစိုက် အာရှလူ့အခွင့်အရေး ကော်မရှင်မှာ ရှေ့နေဦးမင်းလွင်ဦး ပြောပြခဲ့ပါတယ်ရှင်း။

0 comments:

Post a Comment