Wednesday, March 03, 2010

Filled Under:

မြန်မာနိုင်ငံ တရားစီရင်ရေးတွင် အဂတိ လိုက်စားမှု ရှိနေကြောင်း AHRC က လူ့အခွင့်အရေး ကောင်စီသို့ တင်ပြ

VOA ----- 26/ 2/ 2010

မြန်မာနိုင်ငံက တရားစီရင်ရေးမှာ ကျယ်ကျယ်ပြန့်ပြန့် အဂတိ လိုက်စားမှုတွေ ရှိနေတယ်ဆိုတဲ့ တင်ပြချက် တခုကို အာရှ လူ့အခွင့်အရေး ကော်မရှင်ရဲ့ ဥပဒေရေးရာ အကြံပေး အဖွဲ့ ALRC က လူ့အခွင့်အရေး ကောင်စီကို ပေးပို့ခဲ့ပါတယ်။ မြန်မာနိုင်ငံ ကနေ မကြာခင်က ပြန်လာတဲ့ မြန်မာနိုင်ငံ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် တောမတ်အိုဟေး ကင်တားနားက မြန်မာနိုင်ငံရဲ့ လူ့အခွင့်အရေး တွေ့ရှိချက်တွေကို လူ့အခွင့်အရေး ကောင်စီမှာ တင်ပြဖို့ ရှိနေချိန်မှာ ALRC က အခုလို စာရေးသား ပေးပို့ခဲ့တာ ဖြစ်ပါတယ်။

မစ္စတာ ကင်တားနား အနေနဲ့ လူ့အခွင့်အရေး ကောင်စီကို တင်ပြတဲ့အခါမှာ မြန်မာနိုင်ငံက တရားစီရင်ရာမှာ ချစားနေတာကို ထည့်သွင်း ပြေပြဖို့ ဖြစ်တယ်လို့ ALRC က မြန်မာ့အရေး ဆောင်ရွက်နေတဲ့ ရှေ့နေ ဦးမင်းလွင်ဦးက ပြောပြပါတယ်။ ဒီတော့ အဲဒီရေးသား ပေးပို့ချက်ထဲမှာ ဘယ်လို ချစားမှုတွေကို အဓိက မီးမောင်းထိုးထား သလဲလို့ မစုမြတ်မွန်က မေးတဲ့အခါ ဦးမင်းလွင်ဦးက အခုလို စဖြေပါတယ်။

ဦးမင်းလွင်ဦး ------- မြန်မာနိုင်ငံရဲ့ တရားစီရင်ရေး စနစ်က အဖက်ဖက်က ယိုယွင်းပျက်စီးနေတဲ့ ကိစ္စမှာ တရားစွဲ အဖွဲ့အစည်း အသီးသီးမှာ အဆင့်ဆင့်ဖြစ်တဲ့ ဥပဒေ အရာရှိတွေကလည်း ချစားမှုတွေရှိတယ်။ ထိုနည်းတူစွာ အမှုကို စီရင်ဆုံးဖြတ်တဲ့ တရားသူကြီး အဆင့်တွေမှာလည်း လာဒ်စားမှု၊ ချစားမှုတွေ ရှိနေတာကို ကျနော်တို့ ပြောချင်တဲ့အတွက် အခုလိုမျိုး တင်သွင်းရခြင်း ဖြစ်တယ်။ ဘာကြောင့်လဲ ဆိုတော့ အမှုတွေကို ဖမ်းဆီးပြီး စစ်ဆေးစီရင်တဲ့ အခါမှာ နိုင်ငံရေးနဲ့ ပတ်သက်တဲ့ အမှုတွေကို စစ်ဆေးစီရင် ဆုံးဖြတ်တာက အမျိုးဖြစ်တယ်။ သို့သော်လည်း ငွေကြေးတတ်နိုင်တဲ့ မူးယစ်ဆေးဝါး မှုခင်းတွေလိုမျိုး၊ သစ်ခိုးလုပ်တဲ့ အမှုတွေလိုမျိုး ဆိုတဲ့အမှုတွေမှာ လွှတ်ပစ်တဲ့ ကိစ္စရပ်တွေ တချို့ရှိတယ်။ ဒါကြောင့် ကျနော်တို့က မှုခင်း ဖြစ်ရပ်တွေ အနေနဲ့ အခြေအနေချင်း မတူသော်လည်း တရားရုံး အဆင့်ဆင့်က စစ်ဆေးစီရင်ပုံတွေ ကွဲပြားတယ်။ ဥပဒေ ပြဌာန်းချက်တွေ မညီဘဲ ဆောင်ရွက်ချက်တွေ ရှိတယ်ဆိုတာကို ကျနော်တို့ ထောက်ပြ ပြောဆိုရခြင်း ဖြစ်တယ်။

မေး ------ အခုလိုမျိုး လူ့အခွင့်အရေး ကောင်စီကို တင်ပြတဲ့အချက်တွေကို ဘယ်လိုစုဆောင်းပြီး တင်ပြခဲသလဲ ဆိုတာကိုလည်း ပြောပြပေးပါ။

ဦးမင်းလွင်ဦး ------- အဲဒီတော့ ၂၀၀၆- ၂၀၀၇- ၂၀၀၈- ၂၀၀၉ (၄) နှစ်လုံးလုံး ကျနော်တို့ ရရှိတဲ့အမှုတွဲတွေ၊ မိတ္တူတွေ၊ စီရင်ချက်တွေ၊ နောက်ပြီး မြန်မာနိုင်ငံရဲ့ တရားစီရင်ထုံးများ ဆိုတဲ့တရားစီရင်ထုံး တွေကနေပြီး သုတေသန ပြုလုပ်ပြီး တင်သွင်းထားတာ ဖြစ်ပါတယ်။

မေး ----- အခုလိုမျိုး မြန်မာနိုင်ငံက တရားရေးစနစ်မှာ ချစားနေတာကို လူ့အခွင့်အရေး ကောင်စီကို စာတင်တဲ့အခါ လူ့အခွင့်အရေး ကောင်စီက ဘယ်လိုဆောင်ရွက်မှုကို လုပ်စေချင်လို့ ထင်ပါသလဲရှင်း။

ဦးမင်းလွင်ဦး ------ မြန်မာနိုင်ငံအတွက် ခန့်ထားတဲ့ အထူးကိုယ်စားလှယ်က မြန်မာနိုင်ငံ အတွင်းကို ရောက်တဲ့အခါမှာ တရားစီရင်ရေး စနစ်နဲ့ ပတ်သက်ပြီး မေးမြန်းစုံစမ်းတဲ့ အခါမှာ တချို့ကိစ္စမှာ မြန်မာနိုင်ငံ တရားသူကြီးချုပ်၊ ရှေ့နေချုပ်တွေက ဥပဒေနဲ့အညီ စစ်ဆေးစီရင်တဲ့ ကိစ္စရပ်တွေက အမှန်တကယ် မဟုတ်ဘူးဆိုတာကို ကျနော်တို့ အနေနဲ့ ပြောချင်တဲ့အတွက် အခုလိုမျိုး တင်သွင်းထားခြင်း ဖြစ်ပါတယ်။ မြန်မာနိုင်ငံ အတွင်းမှာ ပြဌာန်းထားတဲ့ ဥပဒေတွေ၊ ပြစ်မှုဆိုင်ရာ ကျင့်ထုံးဥပဒေ၊ သက်သေခံ ဥပဒေတွေ၊ ရဲစည်းမျဉ်းစည်းကမ်း ဥပဒေနဲ့အညီ ဒီအမှုတွေကို စစ်ဆေးစီရင်ဖို့ လိုတယ်။ တကယ်တမ်း နှိပ်စက် ညှဉ်းပန်းမှုတွေ ရှိတယ်၊ လာဒ်စားမှုတွေ ရှိတယ် ဆိုရင်လည်း တိတိကျကျ အရေးယူဆောင်ရွက် နိုင်ဖို့အတွက် မြန်မာနိုင်ငံ စစ်အစိုးရကို ဖိအားပေး နိုင်ဖို့အတွက် အခုလိုမျိုး တင်သွင်းရခြင်း ဖြစ်တယ်။

ဒါကတော့ မြန်မာနိုင်ငံ လူ့အခွင့်အရေးဆိုင်ရာ အထူးကိုယ်စားလှယ် မစ္စတာ တောမတ်အိုဟေး ကင်တားနားဆီကို အဓိကထား ပေးပို့တဲ့ ALRC ရဲ့ ရေးသား ပေးပို့ချက်နဲ့ ပတ်သက်ပြီး ဦးမင်းလွင်ဦး ရှင်းပြသွားတာပါ။

မြန်မာနိုင်ငံမှာ တွေ့ရှိခဲ့တဲ့ လူ့အခွင့်အရေး အခြေအနေနဲ့ ပတ်သက်ပြီး မစ္စတာ ကင်တားနားက လူ့အခွင့်အရေး ကောင်စီမှာ မတ်လ ၆ ရက် ကျရင် ဆွေးနွေးမယ်လို့ သိရပါတယ်။

0 comments:

Post a Comment