Saturday, April 03, 2010

Filled Under:

နိုင်ငံရေး အကျဉ်းသားနှစ်ဦး လွတ်မြောက်ရေးအတွက် AHRC တောင်းဆို

RFA ---- 1/ 4/ 2010

ပြီးခဲ့တဲ့ မတ်လ ၂၄ ရက်နေ့က ထောင်ဒဏ် ၅ နှစ် အပြစ်ပေး ခံခဲ့ရတဲ့ မန္တလေးက မစန္တာထွန်းနဲ့ ကိုညိုတို့ရဲ့ အမှုဟာ သက်သေ အထောက်အထား ခိုင်လုံမှုမရှိတဲ့ အပြစ်ပေးတာ ဖြစ်တဲ့အတွက် ပြန်လွှတ်ပေးဖို့ အာရှလူ့အခွင့်အရေး ကော်မရှင်က ဒီကနေ့ တောင်းဆိုလိုက်ပါတယ်။

မန္တာထွန်းနဲ့ ကိုညိုတို့နှစ်ဦးကို
နယ်စပ်ဖြတ်ကျော်မှု ပုဒ်မ ၁၃(၁) အသင်းပင်းဖွဲ့စည်းမှု ဆိုင်ရာ ပုဒ်မ (၇)တို့နဲ့ စွပ်စွဲပြီး အင်းစိန်ထောင် အထူးတရားရုံးကနေ အပြစ်ပေးလိုက်တာ ဖြစ်ပါတယ်။ သူတို့ကို စွဲဆိုထားတဲ့ အမှုနဲ့ ပတ်သက်ပြီး ခိုင်လုံတဲ့ သက်သေ အထောက်အထား တရားရုံးမှာ တင်သွင်းနိုင်ခြင်း မရှိဘဲ အမှုတွဲအတွင်း မပါဝင်ဘဲ တခြားတရားစွဲဆိုခဲ့တဲ့ သူတို့ရဲ့ ဖြောင့်ချက်ယူပြီး အခုလို ထောင်ဒဏ် ချမှတ်လိုက်တာဟာ တရားစီရင်ရေးဆိုင်ရာ လုပ်ထုံးလုပ်နည်းတွေနဲ့ မကိုက်ညီဘူးလို့ အမှုကို သုံးသပ်လေ့လာနေတဲ့ အရှ လူ့အခွင့်အရေး ကော်မရှင်မ ရှေ့နှေ ဦးမင်းလွင်ဦးက အခုလို ရှင်းပြပါတယ်။

“မန္တာနဲ့ ကိုညိုတို့ နှစ်ဦးရဲ့ အမှုမှာ လူဝင်မှု ကြီးကြပ်ရေးကနေပြီး အကြောင်းပြန်ကြားတဲ့ စာအပေါ် မူတည်ပြီး အပြစ်ပေးထားတာက ဥပဒေအရ လွန်စွာမှပင် မှားယွင်းနေတာကို ကျနော်တို့ ထပ်မန်ပြောချင်တယ်။ ဘာကြောင့်လည်းဆိုရင် နှစ်နိုင်ငံ ချစ်ကြည်ရေးတံတားမှ တရားဝင်ဂိတ်မှ ဖြတ်သန်းသွားလာခွင့် မရှိဘူးလို့ လူဝင်မှု ကြီးကြပ်ရေး ဌာနက အတိအလင်း ပြန်ကြားထားပါလျှက်နဲ့ တရားရုံးကနေပြီး မစန္တာနဲ့ ကိုညိုတို့ကို ထိုင်းနိုင်ငံ မဲဆောက်သို့ တရားမ၀င် ဖြတ်သန်းသွားလာတယ် ဆိုတဲ့ အချက်ကို မူတည်ပြီး အပြစ်ပေးခြင်းဟာ လွန်စွာ မှားယွင်းတယ်။ တရားခံနှစ်ဦးအဖြစ် စွတ်စွဲခံရသူနှစ်ဦး အနေနဲ့လည်း အဲဒီ စွတ်စွဲချက်အပေါ်မှာ ပြန်လည်ခုခံ ချေပဖို့အတွက် အခွင့်အရေး လုံးဝမရရှိဘူး ဆိုတာကို ကျနော်တို့ တွေ့ရှိရတယ်။”

သူတို့ကို မန္တလေးမှာ ဖမ်းဆီိးထားတာ ဖြစ်ပေမဲ့ မန္တလေးမှာ တရားစီရင်ခြင်း မပြုဘဲ ရန်ကုန်အင်းစိန် တရားရုံးမှာ တရား စီရင်ခြင်းဟာလည်း လွဲမှားတဲ့ လုပ်ရပ်ဖြစ်ကြောင်း သူတို့ကို တရားရုံးမတင်မီ စစ်ကြောရေးမှာ ဥပဒေမဲ့ တလကျော် ဖမ်းဆီးပြီး ညှဉ်းပန်းနှိပ်စက်မှုတွေ ပြုလုပ်တာဟာလည်း အာဏာပိုင်တွေ အနေနဲ့ ဥပဒေကို ချိုးဖေါက်ကျူးလွန်ရာ ရောက်ကြောင်း အာရှ လူ့အခွင့်အရေး ကော်မရှင်မှ ဆိုထားပါတယ်။ အခုလို သက်သေ အထောက်အထား ခိုင်လုံမှုမရှိဘဲ ပြစ်ဒဏ်ချမှတ်ထားတာ ဖြစ်တဲ့အတွက် အမြန်ဆုံး ပြန်လွှတ်ပေးဖို့ အာရှ လူ့အခွင့်အရေး ကော်မရှင်က တောင်းဆိုလိုက်တာ ဖြစ်ပါတယ်။ မစန္တာထွန်းနဲ့ ကိုမောင်ညိုတို့ကို နယ်စပ်ဖြတ်ကျော်ပြီး ဌာနတပ်ပေါင်းစု Generation Wave မတည်မငြိမ်အောင် လုပ်ဆောင်နေတယ်ဆိုတဲ့ စွပ်စွဲချက်တွေ တွေ့ရှိခဲ့ပေမဲ့ မစန္တာထွန်းနဲ့ ကိုမောင်ညိုတို့ဟာ နာဂစ်မုန်တိုင်း ဒုက္ခသည် ကူညီဆောင်ရွက် နေသူတွေသာ ဖြစ်တယ်ဆိုတာကို ဦးမင်းလွင်ဦးက ပြောဆိုပါတယ်။

အာရှ လူ့အခွင့်အရေး ကော်မရှင် အနေနဲ့ အခုလိုလေ့လာထားတဲ့ အမှုတွေကို ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာ အထူးကိုယ်စားလှယ် အပါအ၀င် နိုင်ငံတကာ ဥပဒေရေးရာ အဖွဲ့အစည်းတွေဆီ ပေးပို့လေ့ ရှိပါတယ်ခင်ဗျား။

0 comments:

Post a Comment