Saturday, April 03, 2010

Filled Under:

မြန်မာ့အရေး၊ လက်ရှိအခြေအနေနဲ့ အနာဂတ်လားရာ

VOA ------ 31 March 2010

မြန်မာ့ပြဿနာ ပြေလည်ဖို့ နိုင်ငံတကာ ဖိအားက ဘယ်လောက်များ ထိရောက်မှု ရှိဦးမှာလဲ၊ ဒါကို ကျနော်တို့ အဓိကထား ဆွေးနွေးမှာ ဖြစ်ပါတယ်။ သောတရှင်တို့ ဆွေးနွေး လိုတာတွေကို ပင်တိုင် ပြန်လည်ဆွေးနွေးဖို့ ဖိတ်ကြားထားသူတွေ အထဲမှာ တဦးကတော့ အဝေးရောက် ပြည်ထောင်စု မြန်မာနိုင်ငံ အမျိုးသား ညွန့်ပေါင်းအစိုးရ NCGUB ရဲ့ ကုလသမဂ္ဂ ရေးရာတာဝန်ခံ ဒေါက်တာသောင်းထွန်း၊ နောက်တဦးက အာရှ လူ့အခွင့်အရေး ကော်မရှင်မှာ မြန်မာ့ လူ့အခွင့်အရေးဆိုင်ရာ လုပ်ဆောင်နေတဲ့ လူ့အခွင့်အရေး ရှေ့နေ ဦးမင်းလွင်ဦး ဖြစ်ပါတယ်။

ဒေါက်တာသောင်းထွန်းနဲ့ ဦးမင်းလွင်ဦးကို မေးခွန်းတခုမေးပါရစေ။ ပထမဦးဆုံး ဒေါက်တာသောင်းထွန်းကို မေးပါရစေ။

မေး ------ မြန်မာနိုင်ငံရေး အကျပ်အတည်းက အခုဆိုရင် အနှစ်၂၀ ကျော်ထဲ ရောက်လာပြီလေ၊ အနှစ်၂၀ ကျော်ကြာတဲ့ ကာလမှာ နိုင်ငံတကာ ကနေပြီး အပြင်းအထန် ဖိအားပေးပြီး လုပ်ဆောင်လာခဲ့တာလည်း အဲဒီ သက်တမ်းထက်ဝက်တော့ မနည်းဘူးလို့ ဆိုရပါမယ်။ ၁၀ နှစ်ဆိုကြပါစို့၊ အခုအချိန်အထိ နိုင်ငံတကာ ဖိအားက သိသိသာသာ မြင်သာထင်သာတဲ့ ထိရောက်မှုတွေ မတွေ့ရ သေးဘူးလို့ ဆိုရပါမယ်။ သုံးသပ်သူတွေက နိုင်ငံတကာ ဖိအားရဲ့ ထိရောက်မှု အားနည်းတာကို ပြောကြတာတွေ ရှိပါတယ်။ ကျနော်က ဒီနေ့ လက်ရှိ အခြေအနေ၊ မြန်မာနိုင်ငံရေး အခြေအနေအောက်မှာ မြန်မာနိုင်ငံ အကျပ်အတည်း ပြေလည်ဖို့ နိုင်ငံတကာ ဖိအားက တကယ်တမ်း ထိထိရောက်ရောက် လုပ်နိုင်ခြေ ရှိပါသေးလား ဆိုတာကို သိချင်ပါတယ်။ ဒေါက်တာသောင်းထွန်းကို မေးပါရစေ ခင်ဗျား။

ဒေါက်တာသောင်းထွန်း ------ ဟုတ်ကဲ့။ ကျနော့်အမြင်နဲ့ ပြောချင်တာက နိုင်ငံတကာရဲ့ အခန်းကဏ္ဍက မြန်မာပြည် ပြဿနာ ပြေလည်ရေးမှာ အရေးကြီးတဲ့ အခန်းကဏ္ဍတခု ပါဝင်ပါတယ်။ ဒါပေမဲ့ ထပ်ပြီး လေးလေးနက်နက် ရှိဖို့က တခြားနိုင်ငံတွေမှာ ဒီမိုကရေစီရေး ပြုပြင်ပြောင်းလဲမှုတွေ ဖြစ်သွားတဲ့ အခါမှာ ဒီပြုပြင် ပြောင်းလဲမှုတွေ ဖြစ်သွားရခြင်း၊ နောက်ဆုံး ပြုပြင်ပြောင်းလဲမှု တွေဆီကို ဦးတည်သွားရခြင်း၊ နိုင်ငံတကာ ဖိအားတခုတည်းနဲ့ မဟုတ်ပါဘူး။

ပြည်တွင်းမှာ သက်ဆိုင်ရာ ပြည်သူလူထုတွေ၊ သက်ဆိုင်ရာ နိုင်ငံရေး အင်အားစုတွေက တန်ဖိုးများစွာ ပေးဆပ်ပြီး ရုန်းကန်လှုပ်ရှား မှုတွေ လုပ်ကြပြီး အဲဒီနောက်ပိုင်းမှာ နိုင်ငံတကာက နေပြီး တကယ့် အရေးပေါ် အခြေအနေတွေ ဖြစ်လာတဲ့အခါမှာ သံတမန်ရေးရာ အရ ဖိအားပေးမယ်။ ပါဝင်ညှိနှိုင်း ဆောင်ရွက်မှုတွေ လုပ်တယ်။ ဒီလိုနည်းနဲ့ ပြောင်းလဲသွားတာ တွေ့ရပါတယ်။

ဒါကြောင့် ကျနော့် အနေနဲ့ ပြောချင်တာက မြန်မာပြည် အနေအထား ဆိုလို့ရှိရင် ဒါဟာ ဘာပဲပြောပြော ဒီနေ့ ဗမာပြည် ကိစ္စဟာ ကနေ့ နိုင်ငံတကာရဲ့ အာရုံစူးစိုက်မှု အောက်မှာ ရှိနေတယ်။ မြန်မာပြည်မှာ နိုင်ငံရေး ဖြစ်ပေါ်ပြောင်းလဲမှု တခုခု ဖြစ်ပြီဆိုရင် နိုင်ငံတကာက ချက်ချင်း တုန့်ပြန်ကြတယ်။ ဆွေးနွေးကြတယ်။ ဝိုင်းဝန်း စဉ်းစားမှုတွေ ရှိကြတယ်။ ကြိုးပမ်းမှုတွေ ရှိတယ်။ ဒီအနေအထားက ရှိနေတယ် ဆိုတာကို ကျနော် ပြောချင်ပါတယ်။

မေး------- ဒေါက်တာသောင်းထွန်း ဆိုလိုတာက နိုင်ငံတကာ ဖိအားသက်သက်နဲ့ အပြောင်းအလဲ ဆိုတာ မဖြစ်လာနိုင်ဘူးပေါ့။

ဒေါက်တာသောင်းထွန်း ------ ဟုတ်ကဲ့၊ ကိုယ့်အခွင့်အရေး ကိုယ်တိုက်ယူရမှာပဲ၊ သို့သော် အဲဒီလို တိုက်ယူတဲ့ နေရာမှာ နိုင်ငံတကာရဲ့ ပါဝင် ဆောင်ရွက်မှုဟာ အထောက်အပံ့ အကူအညီ အနေနဲ့က ဆက်ရှိနေမယ်။ လိုလည်းလိုအပ်တယ်။

မေး ------- ဦးမင်းလွင်ဦးကို ဆက်မေးပါရစေ။ ဦးမင်းလွင်ဦးက လူ့အခွင့်အရေးကိစ္စ လုပ်နေတဲ့ အခါကျတော့ မြန်မာနိုင်ငံကိစ္စ ပြောပြီ၊ မြန်မာနိုင်ငံ အကျပ်အတည်း ပြောပြီဆိုရင် လူ့အခွင့်အရေး ကိစ္စက ရှေ့တန်းကနေ ပါလာတဲ့ကိစ္စ ဖြစ်သလို မြန်မာအစိုးရ ကိုဖိအားပေးတဲ့ နေရာမှာ လူ့အခွင့်အရေး ကိစ္စဟာ အဓိက အချက်အဖြစ် ကိုင်တွယ်ပြောဆိုကြတာ တွေ့ရပါတယ်။ မကြာသေးခင်ကပဲ ကုလသမဂ္ဂ လူ့အခွင့်အရေး ကောင်စီမှာ မြန်မာ့အရေး၊ မြန်မာ့လူ့အခွင့်အရေး အခြေအနေနဲ့ ပတ်သက်ပြီး ရှုံ့ချပြစ်တင်တဲ့ ဆုံးဖြတ်ချက်တခု ချခဲ့ပါသေးတယ်။ အဲဒီ လူ့အခွင့်အရေး ကိစ္စဟာ မြန်မာနိုင်ငံကို အပြောင်းအလဲ ဖြစ်စေဖို့ အတွက် ဘယ်လောက် ထိရောက်တဲ့ ဖိအားပေးကိစ္စ တခုအဖြစ် အသုံးပြုနိုင်လဲလို့ ဦးမင်းလွင်ဦး ပြောနိုင်ပါသလဲ ခင်ဗျား။

ဦးမင်းလွင်ဦး……..ဟုတ်ကဲ့ခင်ဗျား။ ကျနော်တို့ အာရှလူ့အခွင့်အရေး ကော်မရှင် အနေနဲ့ မြန်မာနိုင်ငံနဲ့ ဆိုင်တဲ့ လူ့အခွင့်အရေး ကိစ္စတွေကို ၂၀၀၄ ခုနှစ် ကနေစပြီး လုပ်ခဲ့တာ ဖြစ်ပါတယ်။ အဲဒီတော့ ကျနော်တို့ ၆နှစ်တာကာလ အတွင်းမှာ လူ့အခွင့်အရေး ကိစ္စရပ်တွေနဲ့ ပတ်သက်ပြီး နိုင်ငံတကာ ဖိအားပေးတဲ့ ကိစ္စရပ်တွေမှာ နှစ်မျိုး တွေ့ရတယ်။

ပထမတမျိုးက ကုလသမဂ္ဂ လက်အောက်ခံ လူ့အခွင့်အရေး ကောင်စီမှာရှိတဲ့ အစည်းအဝေးမှာ တက်ရောက်တဲ့ နိုင်ငံတွေက နေပြီး သော်လည်းကောင်း၊ ကုလသမဂ္ဂ လက်အောက်ခံ အဖွဲ့အစည်းတွေက သော်လည်းကောင်း အစိုးရကို ဖိအားပေးတဲ့ ကိစ္စရပ်တွေ ရှိတယ်။ နောက်ပြီးတော့ ကျနော်တို့ နိုင်ငံတကာ သံတမန်လောကကို မေတ္တာရပ်ခံစာတွေ ပို့ကြတဲ့အခါမှာ သက်ဆိုင်ရာ အစည်းအဝေးတွေ၊ သက်ဆိုင်ရာ မိတ်ဆုံစားပွဲတွေမှာ သူတို့အနေနဲ့ ဒီကိစ္စတွေ မေးမြန်းပြီး အကြံပြုတဲ့ ကိစ္စရပ်တွေ ရှိတယ်ဆိုတာ တွေ့ရတယ်။ အထူးသဖြင့် ပြောရရင်တော့ ပထမဆုံး အတွေ့အကြုံအရ ဆိုလို့ရှိရင် မစုစုနွေးကိစ္စက နိုင်ငံတကာရဲ့ အာရုံစိုက်မှုကို ခံရတယ်။ နောက်ပိုင်း တွေမှာလည်း ပြည်တွင်းမှာ ပြဌာန်းထားတဲ့ ဥပဒေတွေကို ဘယ်လိုချိုးဖောက်တယ် ဆိုတာတွေကို ကျနော်တို့ စနစ်တကျ တင်ပြလာနိုင်တဲ့ အခါမှာ နိုင်ငံတကာက ပြောဆိုတဲ့အခါမှာ ထိထိရောက်ရောက် ပြောဆိုလာနိုင်တယ်။ အချက်နဲ့ တင်ပြလာနိုင်တာကို တွေ့ရတယ်။

ဒါတွေကြောင့်လည်း လူ့အခွင့်အရေး ကိုယ်စားလှယ်တွေကနေပြီး ဒီလိုမျိုး အစည်းအဝေးတွေမှာ ပြောတဲ့ အခါကျတော့ မြန်မာနိုင်ငံက အစိုးရအနေနဲ့ ဘယ်အချက်ဘယ်အချက်တွေက ကျူးလွန်ဖောက် ဖျက်နေတယ် ဆိုတာတွေကို ပိုပြီး တိတိကျကျ ပြောလာနိုင်တာ ဖြစ်တဲ့အတွက် မြန်မာနိုင်ငံ အစိုးရ အနေနဲ့ ကိစ္စတော်တော်များများမှာ မငြင်းနိုင်ဘူးဖြစ်နေတယ်။ နိုင်ငံတကာ ဖိအားအနေနဲ့ ပေးတယ်။ နောက်ပြီး ကုလသမဂ္ဂ လက်အောက်ခံ အဖွဲ့အစည်းတွေကလည်း ဖိအားပေးတယ်။ ပြည်တွင်းမှာ ဖြစ်ပေါ်နေတဲ့ အခြေအနေတွေအပေါ်မှာ မူတည်ပြီး သူတို့က ဖိအားပေးတဲ့ နှုန်းအနိမ့်အမြင့် ရှိတာဖြစ်တယ်။ ပြည်တွင်းက ဖိနှိပ်မှုတွေများရင် နိုင်ငံတကာ ဖိအားတွေများတယ်။ ဂရုစိုက်မှုတွေ များလာတာ ကျနော်တို့ တွေ့ရတယ်။

နံနက်ခေါင် ------ နိုင်ငံတကာရဲ့ဖိအားကို campaign တခုအနေနဲ့ မရှိမဖြစ် လိုအပ်တယ်လို့ လက်ခံထားပါတယ်။ နအဖကြီး ပြောင်းလဲသွားအောင် လုပ်ဆောင်နိုင်မယ်လို့ မယူဆပါဘူး၊ ဒါပေမဲ့ နအဖ စစ်အစိုးရက မိမိပြည်သူတွေ အပေါ်မှာ တရားဥပဒေမဲ့ အနိုင်ကျင့်မူတွေ ပြုနေတယ် ဆိုတာကိုတော့ နိုင်ငံတကာ ဖိအားတွေ ရှိနေခြင်းက နိုင်ငံတကာမှာ ရှိနေတဲ့ အစိုးရတွေကို အသိပေး နေပါတယ်။ ဗမာပြည်အတွက် တိုက်ပွဲဟာ ဗမာပြည်တွင်းမှာပဲ ရှိပါတယ်။ ပြည်ပရောက် ဒီမိုကရေစီရေး တက်ကြွ လှုပ်ရှားသူအနေနဲ့ ဗမာပြည်ထဲမှာ ရှိတဲ့ ဒီမိုကရေစီရေး တက်ကြွလှုပ်ရှားသူတွေနဲ့ အဖွဲ့အစည်းတွေကို တတ်နိုင်တဲ့ဘက်က ဝိုင်းဝန်းကူညီ ပေးကြပါလို့ ပြောကြားလိုပါတယ်။

မေး ------- သောတရှင် နံနက်ခေါင်ပါ၊ သူက နိုင်ငံတကာဖိအားတွေ လိုအပ်တယ်ဆိုတာကို လက်ခံတယ်၊ ဒါပေမဲ့ နိုင်ငံတကာ ဖိအားနဲ့တော့ အပြောင်းအလဲ မဖြစ်နိုင်ဘူးလို့ ခုနက ဒေါက်တာသောင်းထွန်း ဆွေးနွေးသွားတာနဲ့ အတော့်ကို ဆင်တယ်လို့ ပြောရမယ်။

တိုက်ပွဲက ပြည်တွင်းမှာပဲ ရှိတယ်ဆိုတာ သောတရှင် နံနက်ခေါင်က ဆွေးနွေးသွားပါတယ်။ ဒီနေရာမှာ တိုက်ပွဲဆိုတဲ့ အတွက် ဒေါက်တာသောင်းထွန်းကို ကျနော်မေးပါရစေ။ ဒီအနှစ်၂၀ ကာလအတွင်းမှာ မြန်မာနိုင်ငံအတွင်း လူထုလှုပ်ရှားမှု တွေပေါ့လေ၊ ကျောင်းသား လှုပ်ရှားမှုတွေ ဖြစ်ခဲ့ဘူးပါတယ်။ ဖြစ်ခဲ့တိုင်းလည်း မြန်မာအာဏာပိုင်တွေက အကြမ်းပတမ်းပေါ့လေ နောက်ဆုံး သံဃာ ထုလှုပ်ရှားမှု အတွက် အကြမ်းပတမ်း ပစ်ခတ်နှိမ်နင်းပြီး ထောင်ဒဏ် နှစ်ရှည်တွေချ၊ လူတွေသေကြ၊ သားကွဲမယား ကွဲဖြစ်ကြ စသဖြင့်ပေါ့လေ၊ ဒုက္ခသုခတွေမျိုးစုံ ကြုံတွေ့ခဲ့ရတဲ့ မြန်မာလူထုဟာ ဒီနေ့ အချိန်အခါမှာ တိုက်ပွဲဆိုတာ အဆင်သင့်ကော ရှိပါ့မလားခင်ဗျ။

ဒေါက်တာသောင်းထွန်း ------ ဟုတ်ကဲ့။ ကျနော် တွေ့ရှိရတဲ့ အတိုင်းကတော့ ဒီသံဃာလှုပ်ရှားမြှု ဖစ်ပြီးတဲ့ နောက်ပိုင်းမှာ ဗမာပြည်သူလူထုရဲ့ အလွှာပေါင်းစုံ ကနေပြီး နိုင်ငံရေးအရ နိုးကြားတက်ကြွမှုတွေ ပိုပြီးရှိလာတဲ့ အပိုင်းကို ကျနော် သတိပြုမိပါတယ်။ ဒီသံဃာလှုပ်ရှားမှုဟာ ၈၈မျိုးဆက်တွေနဲ့ ကနေ့လူငယ် မျိုးဆက်သစ်တွေကို ပေါင်းကူးပေးလိုက်တဲ့၊ အလံလက်ဆင့်ကမ်း ပေးလိုက်တဲ့ လှုပ်ရှားမှုလို့ ပြောလို့ရ ပါတယ်။ ၈၈ ပြီးတဲ့နောက်မှာဆိုရင် ၈၈ မျိုးဆက်ကကျောင်းသား ခေါင်းဆောင် တော်တော်များများက ထောင်ကျတဲ့ သူကျသွားတယ်၊ နယ်စပ်ဒေသနဲ့ ပြည်ပရောက်တဲ့ သူတွေရောက်ကြတယ်။ အဲဒီအပိုင်းမှာ မျိုးဆက်သစ်နဲ့ ၈၈ မျိုးဆက်ကြား ကွာဟမှုလေးတွေ တစုံတရာ ဖြစ်ခဲ့တယ် ဆိုတာကျနော်တို့ တွေ့ရတယ်။ ဒါပေမဲ့ ဒီသံဃာ လှုပ်ရှားမှု ဖြစ်လာတဲ့ အခါမှာ ဒီမျိုးဆက်တွေ ပြန်လည်ပေါင်းစုံပြီး ချိတ်ဆက်မိတယ်။ အဲဒီအပိုင်းတွေကို ကျနော် တွေ့ရတယ်။

နောက်တခုက ကျနော်တို့ ပြည်သူလူထုရဲ့လှုပ်ရှားမှုတွေ အပိုင်းပေါ့။ အထူးသဖြင့် လူ့အခွင့်အရေးဆိုင်ရာ လှုပ်ရှားမှုတွေမှာ၊ တဖက်မှာ နိုင်ငံတကာမှာ ပြည်ပရောက် အင်အားစုတွေက ကုလသမဂ္ဂမှာ၊ နိုင်ငံတကာ လူ့အခွင့်အရေး ဆိုင်ရာ mechanism တွေပေါ့နော်၊ နိုင်ငံတကာ ဥပဒေတွေကို ကြိုးစားပြီးတော့ လုပ်ကြကိုင်ကြတဲ့အခါ နအဖ အစိုးရအနေနဲ့ Special Rapporteurကို လက်ခံလာရသလို အဓမ္မ လုပ်အားပေး ခိုင်းစေတဲ့ ကိစ္စ ဒီဟာတွေနဲ့ ပတ်သက်ပြီးတော့လည်း လက်ခံရမယ်ပေါ့နော်။ အဲဒီအခါမှာ ဒီ mechanism တွေကို သုံးစွဲပြီးတော့ လုပ်တဲ့ ၊ကိုယ့်အခွင့်အရေးကို ကာကွယ်ဖို့ အားထုတ်တဲ့ လူ့အခွင့်အရေး ဆိုင်ရာ လှုပ်ရှားမှုတွေ ဖြစ်လာပါတယ်။ ဒါကြောင့်မို့ ကျနော်တို့အနေနဲ့ မြင်တာကတော့ မြန်မာနိုင်ငံ ဒီမိုကရေစီရေး လှုပ်ရှားမှုအတွက် နိုင်ငံရေး နိုးကြား တက်ကြွမှုနဲ့ ရုန်းကန်လှုပ်ရှားမှုက ဆက်လက် ရှင်သန်နေဆဲပဲ ဖြစ်တယ်လို့ ကျနော်ယုံကြည်ပါတယ်။

မေး -------- လေလှိုင်းပေါ်ကဆွေးနွေးမဲ့ သောတရှင်တယောက်ကို ဖိတ်ခေါ်ပါရစေ။ သူက ထိုင်းမြန်မာနယ်စပ်က နေဆွေးနွေးသွားမှာပါ၊ သူက ကိုသီဟဖြစ်ပါတယ်။

ကိုသီဟ ------- ကျနော်ပြောချင်တာက မစ္စတာ ကင်တားနားတို့၊ မစ္စတာ ဘန်ကီမွန်းတို့ လူ့အခွင့်အရေးနဲ့ ပတ်သက်ပြီး လုပ်ဆောင်နေတဲ့ အပေါ်မှာ ကျနော်တို့ဟာ ဒီပြည်ပမှာ ရှိနေတဲ့ နိုင်ငံတကာ အင်အားဟာ ပါးစပ်နဲ့ ပြောနေရုံနဲ့ မပြီးပါဘူး။ ဘာလို့လဲ ဆိုတော့ ပြည်တွင်းရဲ့အင်အားဟာ ခုနက ဒေါက်တာသောင်းထွန်း ပြောသလို ပြည်တွင်းမှာပဲ ရှိတယ်။ နအဖရဲ့မတရား လုပ်နေတဲ့ ကိစ္စတွေကို ဘယ်လို ဆန့်ကျင်ကြမလဲဆိုတာ ဒီနေ့ဒေါ်စုတို့ ဦးဝင်းတင်တို့ ပြောသွားတာနဲ့ ပတ်သက်ပြီးတော့ ကျနော်တို့ဟာ နိုင်ငံတကာမှာ ရှိနေတဲ့ လူတွေက ပါးစပ်နဲ့ပြောပြီး လက်နဲ့လက်တွေ့ ဘယ်နည်းနဲ့ လုပ်နိုင်မလဲဆိုတာကို ကျနော်တို့ ဝိုင်းလုပ်ရမှာ ဖြစ်ပါတယ်။

မေး -------- နိုင်ငံတကာဖိအားကရှေ့ဆက်ပြီး ထိရောက်မှုရှိဦးမယ်လို့ ကိုသီဟယူဆပါသလား ခင်ဗျ။

ကိုသီဟ ------- နိုင်ငံတကာဖိအား ရှေ့ဆက်ပြီး ထိရောက်မှု ရှိဖို့ဆိုရင် လက်တွေ့လုပ်ဖို့ လိုတယ်။ ပါးစပ်နဲ့ပဲ ပြောနေလို့ မပြီးဘူး လက်တွေ့ လုပ်ရမှာ ဖြစ်တယ်။ ပါးစပ်ကော လက်တွေ့ကော အလုပ်၂ခု ပေါင်းစပ်မှ ရမယ်လို့ ကျနော်ကတော့ ထင်တယ်။

နိုင်နိုင် ------- နိုင်ငံတကာ ဖိအားက အရေးကြီးပါတယ်။ နိုင်ငံတကာ ဖိအားဖြစ်ဖို့ ပြည်ပက လုပ်ပေးနိုင်သလို ပြည်တွင်းက ပြည်သူတွေကလည်း ဝိုင်းပြီး ကူညီပေးကြပါ။ ကျနော်တို့ စစ်ကျွန်ဘဝက လွတ်မြောက်ချင်ရင် စစ်အုပ်စုကို အားပေးနေတဲ့ တရုတ်အစိုးရကို ကန့်ကွက်တဲ့ အနေနဲ့ မြန်မာပြည်သူတွေက တရုတ်နိုင်ငံက ထွက်ကုန်တွေကို လုံးဝ သပိတ်မှောက် ဝယ်ယူခြင်း မပြုလို့ရှိရင် တရုတ်အစိုးရက မြန်မာပြည်သူတွေ ဘက်က ရပ်တည်လာမှာ ဖြစ်ပါတယ်။ သူ့ကျွန်ဘဝက လွတ်မြောက်လိုရင် သပိတ်မှောက်ပါ။

ဖော်ဇော ------- နိုင်ငံတနိုင်ငံရဲ့ အုပ်စိုးသူ လူတန်းစားဟာ မိမိရဲ့တိုင်းသူပြည်သားတွေကို ဖိနှိပ်အုပ်ချုပ် နေတာပဲဖြစ်ဖြစ်၊ အိမ်နီးနားချင်း တိုင်းပြည်ကြီးတခုကို ဝင်ရောက် ကျူးကျော်တာပဲ ဖြစ်ဖြစ် အဲဒီအချိန်မှာ နိုင်ငံတကာ အသိုင်းအဝိုင်းက ဝင်ရောက်စွက်ဖက်တာတွေ လုပ်လေ့ရှိပါတယ်တဲ့။ ဖိနှိပ်သူ အင်္ဂလိပ်အစိုးရကို ဆန့်ကျင်ဖို့ အတွက် ဂျပန်ရဲ့အကူအညီကို ယူခဲ့ဘူးသလိုပဲတဲ့။ ဖက်ဆစ်ကို တွန်းလှန်ဖို့ မဟာမိတ်တွေရဲ့ စစ်ရေးအကူအညီကို ရယူခဲ့ဘူးပါတယ်။ အင်္ဂလိပ်တွေပဲ အုပ်ချုပ်အုပ်ချုပ်၊ ဂျပန်ပဲ အုပ်ချုပ်အုပ်ချုပ် ဖိနှိပ်ခံရသူတွေဟာ စစ်ရေး အကူအညီ တောင်ရယူခဲ့ဘူးတဲ့ သာဓကတွေ ရှိပါတယ်။

ဒီနေ့ နိုင်ငံတကာရဲ့ဖိအားတွေ ထိရောက်ဖို့ အုပ်ချုပ်သူ စစ်အာဏာရှင်တွေကို တဖက်သတ် ကာကွယ်ပေးနေတဲ့ တရုတ်အစိုးရကို ပြည်တွင်းပြည်ပက ဒီမိုကရေစီရေး လှုပ်ရှားသူတွေ အနေနဲ့ အရေးတကြီး ကိစ္စတရပ်အဖြစ် ဖိအားပေးဖို့ လိုနေပါပြီ။ ယနေ့ စစ်အာဏာရှင် တွေရဲ့ဖိနှိပ်မှုအောက်မှာ တရုတ်အစိုးရ အနေနဲ့ တာဝန်ယူ ခိုင်းတာမျိုး မြန်မာပြည်တွင်းမှာ ရှိတဲ့ တရုတ်တွေကို ဖိအားပေး ခိုင်းတာမျိုးတွေ လုပ်သင့်ပါတယ်။ မြန်မာအစိုးရဟာ တရုတ်အစိုးရကို ကျေးဇူးတင်တဲ့ အနေနဲ့ ရွေးကောက်ပွဲ ဥပဒေမှာ ဧည့်နိုင်ငံသား ဆိုပြီး ပီကင်းက ကိုယ်စားလှယ်တွေကို လွှတ်တော်မှာ ထည့်ပေးပြီး ကျေးဇူးဆပ် ခဲ့ပါတယ်။ တရုတ်အစိုးရသာ ဝင်မရှုပ်ရင် စစ်အာဏာရှင်တွေ ပြုတ်ကျတာကြာပါပြီ။

မေး ------ ကျနော် ကြားရသလောက် မန္တလေးမြို့မှာ တရုတ်လူမျိုးတွေ အတော်များများ ရှိနေပါပြီတဲ့။ ဟုတ်ပါသလားခင်ဗျ။

ဖော်ဇော ------ ဟုတ်ကဲ့ မန္တလေး ကိုတောင်မှ နန်းတွင်းကို တရုတ်အသံထွက်နဲ့ ပြောနေကြပြီ ခင်ဗျ၊ ကျနော် အလွတ်မရဘူးခင်ဗျ၊

မေး ------ ဒီနေရာမှာ သောတရှင်၂ယောက်လုံးက တရုတ်ကိစ္စကို အလေးပေး ဖော်ပြထားပါတယ်။ မြန်မာနိုင်ငံရေး ဖိအားပေး လုပ်ဆောင်တဲ့ နေရာမှာ တရုတ်ရဲ့အခန်းကဏ္ဍက နိုင်ငံတကာက ဖိအားပြောရင် တရုတ်ရဲ့အခန်းကဏ္ဍက အမြဲတမ်း ပါနေကျ ကိစ္စပါ၊ ခုနက ပြောခဲ့တဲ့ အထဲမှာလည်း လူ့အခွင့်အရေး ကောင်စီမှာ မြန်မာနိုင်ငံရေး အတွက် ဆုံးဖြတ်ချက်ချဖို့ လုပ်တုန်းက တရုတ်နဲ့ ရုရှားပေါ့လေ၊ ကုလသမဂ္ဂ လုံခြုံရေးကောင်စီမှာ ဘီတို အာဏာသုံးတဲ့ နိုင်ငံကြီးတွေက ထောက်ခံမဲ မပေးခဲ့ကြဘူး။ ကန့်ကွက်တော့ မပေးခဲ့ကြတယ် ဟုတ်ပါသလား ခင်ဗျ။

ဦးမင်းလွင်ဦး ----- ဟုတ်ပါတယ် ခင်ဗျား။

မေး ------ တရုတ်ကိစ္စနဲ့ ပတ်သက်ပြီး ဒေါက်တာသောင်းထွန်းကို မေးခွန်းတခုမေးပါရစေ၊ မြန့်မာ့အရေးနိုင်ငံတကာက မအောင်မမြင်ဖြစ်နေတဲ့အချိန်မှာ ထိထိရောက်ရောက် အောင်မြင်မှုတွေမပြနိုင်တဲ့ အချိန်မှာ တရုတ်နိုင်ငံကို အပြစ်ပုံချသင့်သလား၊ တရုတ်ကလုံးလုံး အပြစ်ရှိတဲ့ နိုင်ငံလားဆိုတာ ဒေါက်တာသောင်းထွန်းကဘယ်လိုယူဆပါသလဲခင်ဗျ။

ဒေါက်တာသောင်းထွန်း ------- တရုတ်နိုင်ငံဟာ ဒေသတွင်း ဆိုင်ရာ အင်အားကြီး နိုင်ငံတခုလည်း ဖြစ်လာမယ်။ ကုလသမဂ္ဂ လုံခြုံရေး ကောင်စီမှာလည်း အမြဲတမ်း အဖွဲ့ဝင်နိုင်ငံ ဖြစ်တယ်။ လူ့အခွင့်ရေး ကောင်စီမှာလည်း အဖွဲ့ဝင်နိုင်ငံ ဖြစ်တယ်။ နိုင်ငံတကာ ဆက်ဆံရေးမှာ လုံခြုံရေးကောင်စီမှာ အမြဲတမ်း အဖွဲ့ဝင် နိုင်ငံတနိုင်ငံ၊ ဘီတိုအာဏာ သုံးခွင့်ရှိတဲ့ နိုင်ငံတနိုင်ငံ၊ အင်အားကြီးတဲ့နိုင်ငံ ဖြစ်လာတာနဲ့အမျှ တာ ဝန်ရှိရှိနဲ့ နိုင်ငံတကာရေးရာ ကိစ္စတွေကို တုံ့ပြန်တတ်တဲ့ အထူးသဖြင့် ကုလသမဂ္ဂ ပဋိညာဉ်စာတမ်းမှာ ပါတဲ့ ငြိမ်းချမ်းရေး၊ဖွံ့ဖြိုးရေး၊ လူ့အခွင့်အရေး ၊ဒီကိစ္စတွေမှာ တာဝန်ရှိရှိ တာဝန်သိသိ တုံ့ပြန်ကြဖို့ လိုပါတယ်။

အဲဒီထောင့်က ကြည့်မယ် ဆိုလို့ရှိရင်တော့ တရုတ်နိုင်ငံက အများကြီး တာဝန်ရှိပါတယ်။ အဲဒီအပိုင်းမှာ ကျနော် ထပ်ပြီးတော့ ပြောချင်တာက ဘယ်လိုပဲ တရုတ်နိုင်ငံရဲ့ သူ့ရဲ့နိုင်ငံခြားရေး ပေါ်လစီနဲ့၊ သူ့အကျိုးစီးပွား အပေါ်မှာ အခြေခံ နေတာပေါ့လေ။ ဒီနေ့ မြန်မာ့ ရေးရာကိစ္စတွေမှာ ကျနော်ပြောချင်တာက ယနေ့ တရုတ်နိုင်ငံက နိုင်ငံတကာမှာ ဖိအားပေးမှု၊ မြန်မာနိုင်ငံနဲ့ ပတ်သက်လို့ ဖိအားပေးမှုတွေ ရင်ဆိုင်နေရပါတယ်။ အခုဆိုရင် ဘာပဲဖြစ်ဖြစ် မကြာခင်မှာ ကမ္ဘာ့အင်အားကြီး စက်မှုထိပ်သီး နိုင်ငံတွေက ဆွေးနွေးပွဲမှာ မြန်မာပြည် ကိစ္စက ပေါ်လာမယ်။ အရင်တုန်းက ဆိုရင်လည်း တရုတ်နိုင်ငံဟာ မြန်မာပြည်ကိစ္စ ဆွေးနွေးရင် လက်ရှောင် လေ့ရှိပါတယ်။

အခုဆိုရင်လည်း ကုလသမဂ္ဂ လုံခြုံရေးကောင်စီ အစည်းအဝေးတွေ၊ ဗမာ့မိတ်ဆွေ နိုင်ငံအစည်းအဝေးတွေ၊ နောက်ဒေသတွင်းမှာ အာဆီယံနဲ့ ဆက်စပ်တဲ့ အစည်းအဝေးတွေ၊ ARS လို အစည်းအဝေးတွေ၊ ဒါတွေမှာ တရုတ်နိုင်ငံက ရှောင်ပြေးလို့ မရတာနဲ့ အမျှ သဘောထားတွေ ပေးလာရတယ်။ သဘောထားတွေ ပေးလာရတဲ့အခါ နိုင်ငံအများစုရဲ့သဘောထားတွေနဲ့ ဆန့်ကျင်လာတဲ့ အခါမှာ ဘာပဲပြောပြော သူတို့အတွက် မျက်နှာပျက်စရာ ပိုဖြစ်လာတယ်ဆိုတာ တွေ့လာရတယ်။

မေး ------ ဆိုလိုတာက တရွေ့တရွေ့တော့ တိုးတက်မှုရှိတယ်ပေါ့နော်။

ဒေါက်တာသောင်းထွန်း ------- တဖက်မှာတော့ သူတို့ရဲ့လူ့အခွင့်အရေးနဲ့ဒီမိုကရေစီရေး ၊ပြည်တွင်းမှာထားရှိခဲ့တဲ့ သဘောထားကိုက မြန်မာနိုင်ငံနဲ့ သိပ်မခြားနားဘူးဆိုတော့ ဒီအပိုင်းတွေမှာ ရပ်တည်မှုမရှိပေမဲ့လို့ တစိတ်တပိုင်းတော့ ဒီအပိုင်းမှာ ခုနကပြောခဲ့တဲ့ အင်အားကြီးနိုင်ငံ ဆိုတော့ တာဝန်ရှိမှု အပိုင်းကပဲဖြစ်စေ၊ ကျနော်တို့ တရုတ်မြန်မာ နယ်စပ်မှာ ၊နိုင်ငံရေးတည်ငြိမ်မှုတွေ အပေါ်မှာ၊ စိုးရိမ်လာတဲ့ အပေါ် တစုံတရာ နောက်ကွယ်ကနေပြီး အထူးသဖြင့် အထွေထွေ အတွင်းရေးမှူးချုပ်ရုံးနဲ့ ပူးပေါင်းဆောင်ရွက်မှု တစုံတရာတော့ ရှိလာခဲ့တဲ့ အပိုင်းတွေပေါ့နော်။

မေး ----- ကျနော် သောတရှင်တယောက်ကို ဖိတ်ခေါ်ပါရစေ၊ သူက ဘင်္ဂလားဒေ့ရှ် နိုင်ငံဒါကာမြို့က ကျောင်းဆရာ ဦးကျော်မရသာပါ၊ဦးကျော်မရသာ ဆွေးနွေးပါခင်ဗျား။

ဦးကျော်မရသာ ------- ပြောရမယ်ဆိုရင် ပြည်တွင်းက လှုပ်ရှားမှုတွေ အရှိန်မြင့်လာပြီဆိုရင် နိုင်ငံတကာ ဖိအားလည်း ပိုလာမှာ ဖြစ်ပါတယ်။ ပြည်တွင်းက လှုပ်ရှားမှုတွေ နည်းပါးလာပြီဆိုရင် နိုင်ငံတကာ ဖိအားလည်း အရှိန်လျော့လာမှာ ဖြစ်ပါတယ်၊ နိုင်ငံတကာက နိုင်ငံတကာ ဥပဒေဆိုတာ ရှိတာပဲ။ သူကလုပ်နိုင်တဲ့ အနေအထား အကန့်အသတ်ပေါ် မှာသူတို့က အကူအညီ ပေးနိုင်တာ ဖြစ်ပါတယ်။ ကူညီကြမှာလည်း ဖြစ်ပါတယ်။ ဒီနေရာရာမှာ ကျနော်တခု ပြောချင်တာက ဒီမိုကရေစီ နိုင်ငံတော်ကြီး တည်ဆောက်မယ်ဆိုတာ မဟာဗျူဟာ ဖြစ်ပါတယ်။ လူထုနည်းနဲ့ ဖော်ဆောင်မယ်ဆိုတာ ယေဘူယျ သဘောတရားအရ မဖြစ်နိုင်ပါဘူး။ NLD ၂၉ ရက်နေ့ ကရွေးကောက်ပွဲ မဝင်ဘူးလို့ ဆုံးဖြတ်ထားတာ သိပ်မှန်ကန်တဲ့ အလုပ်တခု ဖြစ်ပါတယ်။ ပြည်သူလူထု ဆန္ဒနဲ့လည်း ကိုက်ညီတဲ့ အလုပ်တခု ဖြစ်ပါတယ်။ ဒီလိုဆိုရင် NLD က ရှေ့တလှမ်းတိုးပြီး လုပ်ဆောင်သင့်ပါတယ်။ တကယ်ကို NLD က ရှေ့တလှမ်းတိုးပြီး လုပ်ဆောင်မယ်ဆိုရင် အစိုးရ ကြေငြာသင့်ပါတယ်။

သောတရှင် ပေးပို့စာ ------ ပြည်ပမှာ ရောက်ရှိနေကြတဲ့ အပြည်ပြည်ဆိုင်ရာ အဖွဲ့အစည်း၊ ကုလသမဂ္ဂ ကူညီပေးမှု၊ သူတို့တွေရဲ့ဖိအား တွေဟာ မြန်မာနိုင်ငံ ဒီမိုကရေစီ ရရှိရေးအတွက် ထိရောက်မယ်။ ဒါပေမဲ့ ကုလသမဂ္ဂက ကျနော်တို့ ထင်မှတ်သလောက် ဘာမှ မလုပ်ပေးနိုင်ဘူး ဆိုတော့ ကျနော်တို့ အင်မတန်မှ ဝမ်းနည်းပါတယ်။ အပြည်ပြည်ဆိုင်ရာ အဖွဲ့အစည်း၊ အပြည်ပြည်ဆိုင်ရာ အစိုးရများကလည်း မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီ ရရှိရေးအတွက် ထိထိရောက်ရောက် မလုပ်ပေးနိုင်ဘူး။ အပြောလောက်ပဲလို့ ကျနော်တို့ထင်နေတယ်။

ကုလသမဂ္ဂအထွေထွေ အတွင်းရေးမှုးကလည်း ဒီမိုကရေစီရရှိရေးအတွက် အားလုံးကို ပါဝင်ခွင့် ပေးရမယ်ဆိုပြီး မေတ္တာရပ်ခံထားတယ်။ အားလုံး ပါဝင်ခွင့်ပေးမယ်လို့လည်း မျှော်လင့်ပါတယ်လို့ အကြိမ်ကြိမ် ပြောခဲ့တယ်။ ဒါပေမဲ့ ရွေးကောက်ပွဲဆိုင်ရာ ဥပဒေတွေ ထွက်လာတဲ့အခါမှာ သူတို့ထင်တာနဲ့တလွဲတွေ ဖြစ်နေတယ်။ ဒီအာဏာရှင်တွေကနေ စိတ်ကြိုက်ကို ရေးဆွဲထားတာ ဖြစ်တယ်။ ဒါပေမဲ့ အဲဒီလို ရေးဆွဲထားတာလည်းပဲ အားလုံး ပြန်လည်ပါဝင်ခွင့် ရမယ်လို့ မျှော်လင့်ပါတယ်။ ကောင်းကောင်းမွန်မွန် လုပ်ဆောင်နိုင်လိမ့်မယ်လို့ မျှော်လင့်နေတုန်းပဲ ရှိသေးတယ်။ ဒီမှာက သူတို့လုပ်ချင်ရာ လျှောက်လုပ်နေတယ်။ ဒါကြောင့်မို့ ဘယ်လိုလုပ်မလဲ။ ဒါကြောင့် ဒီ UN အတွင်းရေးမှုး ကနေပြီး ထိရောက်တဲ့ လုံခြုံရေးကောင်စီမှာ ဆွေးနွေးနိုင်ဖို့ အားလုံး ဝိုင်းဝန်းပြီး ပံ့ပိုးပေးကြပါ။ မြန်မာနိုင်ငံ ဒီမိုကရေစီ ရရှိရေးအတွက် UN ကနေပြီးတော့ လုံခြုံရေးကောင်စီမှာ အမြန်ဆုံး ဆွေးနွေးပြီး အဖြေရှာပေးပါ။ သုံးပွင့်ဆိုင် ဆွေးနွေးရေးကို အကောင်အထည် ဖော်ပေးပါလို့ နက်နက်နဲနဲ မေတ္တာရပ်ခံ ချင်ပါတယ်။

Walker ------- လူ့အခွင့်အရေးကောင်စီ ဆွေးနွေးပွဲနဲ့၊ တံခါးပိတ် ဆွေးနွေးပွဲမှာ ဟိုးအရင်တုန်းကတည်းက တောင်းဆိုခဲ့ကြတဲ့ အချက်တွေပါပဲတဲ့၊ သာမန်ကြည့်လိုက်ရင် နိုင်ငံတကာရဲ့ ပါဝင်ပတ်သက်နိုင်မှု အင်အားဟာ အားမလို အားမရဖြစ်စရာပါ။ ဒါပေမဲ့ ကုလသမဂ္ဂ လုံခြုံရေးကောင်စီမှာ ဆွေးနွေးစရာ လိုသေးတဲ့ အပြင် ခုချိန်ထိ ကွဲပြားမှုအရှိတဲ့ အချက်ကိုလည်း လက်ကိုင်ထားပြီးတော့ ထပ်ခါထပ်ခါ တောင်းဆိုနေတာ ဖြစ်လို့ မာန်မပါဘူးလို့ ထင်ရပေမဲ့ လျှော့တွက်လို့လည်း မရပါဘူး။ ဘယ်လိုပဲဖြစ်ဖြစ် နိုင်ငံတကာရဲ့ ဖိအား ပါဝင်ပတ်သက်နိုင်မှု ဆိုတာတွေလည်း ပြည်တွင်းပြည်ပ အင်အားတွေရဲ့ ညီညွတ်ခိုင်မာမှု ၊တောင့်တင်းမှုတွေ အပေါ်မှာ မူတည်နေပါတယ်။

မေး ------- လူ့အခွင့်အရေးကိစ္စက မြန်မာစစ်အစိုးရရဲ့ အဓိက အားနည်းချက် ရှိနေတဲ့ ကိစ္စတခုလို့ပြောရရင် မှန်လားခင်ဗျ။

ဦးမင်းလွင်ဦး ------- ဟုတ်ပါတယ်ခင်ဗျ၊ ကျနော်တို့ ဒီမြန်မာနိုင်ငံ အတွင်းမှာ စစ်အစိုးရအနေနဲ့ အခု လုပ်ဆောင်နေတဲ့ ကိစ္စရပ်တွေ တော်တော်များများက လူ့အခွင့်အရေး ချိုးဖောက်မှုဆိုင်ရာ ကိစ္စရပ်တွေက အဓိကဖြစ်တယ်။ ဒီအဓိကဖြစ်တဲ့ အချက်အလက် တွေကြောင့် နိုင်ငံတကာမှာ သူ့ကိုဖိအားပေးတာ၊ ပြောဆိုခံရတာတွေ ကြုံတွေ့နေရတာ ဖြစ်တယ်။ ကလေးစစ်သားကိစ္စ၊ နောက်ပြီး အဓမ္မ လုပ်အားပေး ခိုင်းစေတဲ့ကိစ္စ၊ နိုင်ငံရေး အကျဉ်းသားတွေကို နှိပ်စက်ညှဉ်းပန်းတဲ့ကိစ္စ၊ နယ်အဝေးထောင်တွေကို ပို့တဲ့ကိစ္စ နောက်ပြီး ဒေါ်အောင်ဆန်းစုကြည်ကို ယနေ့ထိတိုင် ဖမ်းဆီးချုပ်နှောင်ထားတဲ့ ကိစ္စရပ်တွေက လူ့အခွင့်အရေး ပြဌာန်းချက်တွေနဲ့ မညီတဲ့ လုပ်ဆောင်ချက်တွေ ဖြစ်တဲ့အတွက် ယနေ့ ထက်တိုင်အောင် ပြောဆိုခံနေရတဲ့ ကိစ္စဖြစ်တယ်။ ဒါတွေကလည်း စစ်အစိုးရရဲ့ အားနည်းချက်ကြောင့်သာ အပြောအဆို ခံနေရတာဖြစ်တယ် ဆိုတာ ကျနော်တို့ တွေ့ရပါတယ်။


မေး ------- နိုင်ငံတကာ ဖိအားရှေ့အလားအလာ ဒေါက်တာသောင်းထွန်း ဘယ်လောက်ထိ အောင်အကောင်းမြင် ထားပါသလဲခင်ဗျ၊ ကျနော့်ကို လက်တွေ့ကျကျ အဖြေပေးပါ။

ဒေါက်တာသောင်းထွန်း ------- အစပိုင်းမှာလည်း ကျနော်တို့ ပြောပြီးပါပြီ၊ ကျနော်တို့ အနေနဲ့က ဗမာ့အရေးကိစ္စ နိုင်ငံတကာ အာရုံစူးစိုက်မှု ရအောင်ရယ်၊ ရနိုင်သမျှ သံတမန်ရေးရာ ဆောင်ရွက်မှု ဖိအားပေးမှု ဒါတွေကို ကျနော်တို့ ဆက်ပြီးလုပ်ကြမှာပါ။ အဲဒီထောင့်က ကြည့်မယ်ဆိုရင် ကျနော်တို့ ယနေ့ နိုင်ငံရေးပါတီများ မှတ်ပုံတင်ရေး ဥပဒေ၊ ဒါတွေ ထွက်ပေါ်လာတဲ့ အခါမှာ တရားဥပဒေ တွေဟာ နိုင်ငံတကာ စံညွန်းနဲ့ မညီပဲနဲ့ မတရားမှုတွေ ဖြစ်လာတဲ့အခါမှာ တုံ့ပြန်မှုတွေ တိုးလာတယ်။ လာမဲ့ကာလတွေမှာ ဆိုရင်လည်း အင်ဒိုနီးရှား နိုင်ငံခြားရေးဝန်ကြီးက ဗမာပြည်ကို သွားပြီး ဆွေးနွေးဖို့ရှိတယ်။ အာဆီယံအလှည့်ကျ ဗီယက်နမ် ဝန်ကြီးချုပ်က သွားရောက် ဆွေးနွေးပြီး အာဆီယံမှာလည်း မြန်မာအရေး ကိစ္စက ထိပ်တန်းရောက်လာမယ်။ အဲဒီလိုမျိုးပဲ G8 ထိပ်သီး ဆွေးနွေးမှုတွေ ရှိပါတယ်။ အာရုံစူးစိုက်မှုတွေနဲ့ သံတမန်ရေးရာ ဖိအားပေးတဲ့ ကိစ္စတွေကတော့ ဆက်ရှိနေမယ်လို့ မြင်ပါတယ်။

0 comments:

Post a Comment