Monday, March 29, 2010

Filled Under:

ဦးဖိုးဖြူရဲ့ ရှေ့နေလိုင်စင်ကို အာဏာပိုင်တွေ သိမ်းဆည်း

VOA ------ 25/ 3/ 2010

ILO ကမ္ဘာ့အလုပ်သမား အဖွဲ့ချုပ်ကို တိုင်တန်းမှုနဲ့ ဆက်နွယ်ပြီးတော့ အရေးယူ ခံရတဲ့ အောင်လံက တောင်သူလယ်သမား တွေရဲ့ အမှုကို လိုက်ပါဆောင်ရွက် ပေးခဲ့သူ လူ့အခွင့်အရေး ရှေ့နေ ဦးဖိုးဖြူရဲ့ ရှေ့နေလိုင်စင်ကို အာဏာပိုင်တွေက သိမ်းဆည်းခဲ့ပါတယ်။ အဲဒီကိစ္စကို ILO က စိုးရိမ်မကင်း ဖြစ်နေပါတယ်လို့ ILO ဌာနေကိုယ်စားလှယ်က VOA ကို ပြောဆိုခဲ့ပါတယ်။ တချိန်တည်းမှာပဲ တရား ဥပဒေနဲ့ မညီပဲနဲ့ ဒီလို ရှေ့နေလိုင်စင် ရုပ်သိမ်းခံရတာနဲ့ ပတ်သက်ပြီး အာရှ လူ့အခွင့်အရေး ကော်မရှင်အဖွဲ့က အရေးပေါ်ကြေငြာချက်တစောင် ထုတ်ပြန် ကန့်ကွက်ခဲ့ပါတယ်။

ILO ကို တိုင်တန်းမှုနဲ့ ဆက်နွယ်ပြီး အရေးယူခံရတဲ့ အမှုကို လိုက်ပါဆောင်ရွက် နေစဉ်မှာပဲ ရှေ့နေ ဦးဖိုးဖြူဟာ အသင်းအဖွဲ့များ ဆိုင်ရာ ဥပဒေနဲ့ ထောင်ဒဏ် လေးနှစ် ချမှတ်တာခံခဲ့ရပါတယ်။ ပြီးခဲ့တဲ့နှစ်ထဲ ILO အမှုဆောင်အရာရှိ မစတာကာရီပီရိုးလား မြန်မာနိုင်ငံကို လာရောက်ခဲ့ပြီး နောက်ပိုင်းမှာ ပြစ်ဒဏ်ကို တနှစ်အထိ လျှော့ချပြီး ပြန်လွှတ်ပေးခဲ့ပါတယ်။ ဒါပေမဲ့ သရက် အကျဉ်းထောင်က လွတ်ပြီး မကြာခင်မှာဘဲ ရှေ့နေလိုက်ခွင့် လိုင်စင်ရုပ်သိမ်းတာ ခံခဲ့ရတယ်လို့ ဦးဖိုးဖြူက ပြောပါတယ်။

“မတ်လ၁၂ရက်နေ့မှာ စာရောက်လာတယ်၊ တိုင်းတရားရုံးက နေပြီး တိုင်း တရားသူကြီး ဦးမြသူ လက်မှတ်နဲ့ လိုင်စင် ပြန်အပ်ပါ ဆိုတဲ့စာ ရောက်လာတယ်။ တရားရုံးချုပ် ရည်ညွှန်းစာတွေ ပါတယ်။ တရားရုံးချုပ် ရည်ညွှန်းတဲ့ အချက်တွေက ဘာတွေ ဆိုတာကိုတော့ ဖော်ပြထားခြင်း မရှိဘူး။ ထောင်ကျလို့ လိုင်စင် ပြန်အပ်ရမယ်ဆိုတဲ့ အဓိပ္ပါယ်ကို ရေးထားတာ တွေ့ရတယ်။ ထောင်ကျတိုင်း လိုင်စင်ပြန်အပ်ရတာ မဟုတ်ပါဘူး။ ရှေ့နေတယောက်ရဲ့ကျင့်ဝတ်သိက္ခာ ကိုယ်ကျင့်တရားကို ထိခိုက်တဲ့ အမှုမျိုးတွေ မှသာလျှင် ထောင်ကျခဲ့ရတာမျိုး ဖြစ်မှသာလျှင် လိုင်စင်ပြန်အပ်ရတာမျိုးပါ။ ရှေ့နေလိုက်သူများ အက်ဥပဒေ ပုဒ်မ ၁၂မှာ ဒီလို ပြဌာန်းထားပါတယ်။ ရှေ့နေ အဖွဲ့အစည်း ဖြစ်ပေါ်လာဖို့ လူ့အခွင့်အရေး ရှေ့နေဖြစ်ပေါ်လာဖို့ အတွက် ကြိုးပမ်းအားထုတ် ပါတယ်ဆိုတဲ့ အမှုမျိုးနဲ့ ထောင်ကျတာဟာ ရှေ့နေကျင့်ဝတ်သိက္ခာကို ထိခိုက်စေတဲ့ ကိစ္စမဟုတ်ပါလို့ ကျနော် ပြောချင်ပါတယ် ခင်ဗျား။”

ရှေ့နေတယောက်ရဲ့ လိုင်စင်ရပ်ဆိုင်းမှု၊ ထုတ်ပယ်မှုအတွက် အရင်ဆုံး ကြားနာမှုတွေလုပ်ဖို့ ရှေ့နေဝင်ခွင့် နည်းဥပဒေမှာ ပြဌာန်းထားတယ်။ အခုလို ဆောက်ရွက်မှု တွေဟာ နည်းဥပဒေနဲ့ မညီညွတ်ဘူး ဆိုတာလည်း ပြောချင်တယ်။ ILO ရဲ့ မြန်မာနိုင်ငံ ဆိုင်ရာ ဌာနေကိုယ်စားလှယ် မစ္စတာ စတိဗ် မာရှဲကလည်း ရှေ့နေဦးဖိုးဖြူဟာ မြန်မာနိုင်ငံမှာ ချမှတ်ထားတဲ့ ဥပဒေတွေအတိုင်း လိုက်နာ ဆောင်ရွက်နေသူမို့ အခုလို အရေးယူမှုတွေ ရှိလာတဲ့အတွက် စိုးရိမ်မကင်း ဖြစ်ပါတယ်လို့ ပြောပါတယ်။ သူဟာ အဓမ္မလုပ်အားပေး ခိုင်းစေမှု တိုင်တန်းချက်တွေနဲ့ ပတ်သက်ပြီး အကျိုးဆောင် ပေးတဲ့ရှေ့နေတဦးဖြစ်ပါတယ်။

အဲဒီအတွက် အရေးယူ ခံခဲ့ရတာလို့ အိုင်အယ်လ်အိုက ယူဆပါတယ်။ တကယ်တော့ မြန်မာနိုင်ငံရဲ့ တည်ဆဲ ဥပဒေတွေနဲ့အညီ အမှုတွေကို လိုက်ပေးနေတဲ့ ရှေ့နေတယောက်ကို အရေးယူတာနဲ့ ပတ်သက်ပြီး ILO က တော်တော်ပဲ စိုးရိမ်မကင်း ဖြစ်မိပါတယ်လို့ ပြောပါတယ်။ အသိမ်းခံရတဲ့ သူ့ရဲ့ရှေ့နေလိုင်စင်နဲ့ ပတ်သက်ပြီး ဘယ်ဥပဒေအရ သိမ်းတာလဲ ဆိုတာကို အတွင်းကျကျ လေ့လာသုံးသပ်မယ်။ မြန်မာအစိုးရနဲ့လည်း ညှိနှိုင်းပြီး သူအမြန်ဆုံး ရှေ့နေလိုင်စင်ရအောင် ဆက်လုပ်သွားမှာပါ။ မစ္စတာမာရှဲလ်ဟာ အခု ILO ရုံးချုပ်ရှိရာ ဂျနီဗားမြို့မှာရောက်နေပြီး ဒီကနေ့ မြန်မာနိုင်ငံရေး ဆွေးနွေးပွဲမှာ ဒီကိစ္စကိုပါ ထည့်သွင်းတင်ပြဖို့ ရှိတယ်လို့ ပြောပါတယ်။ တချိန်တည်းမှာပဲ အာရှလူ့အခွင့်အရေး အဖွဲ့ကြီးကလည်း ဒီကိစ္စကို ILO အပြင် ကုလသမဂ္ဂ လူ့အခွင့်အရေး ကောင်စီ လက်အောက်မှာရှိတဲ့ လွတ်လပ်တဲ့ တရားသူကြီးများနဲ့ ရှေ့နေများဆိုင်ရာ အဖွဲ့အစည်းကလည်း အရေးယူ ဆောင်ရွက်ဖို့အတွက် မေတ္တာရပ်ခံစာ ထုတ်ပြန်ကန့်ကွက် လိုက်ပါတယ်လို့ အာရှ လူ့အခွင့်အရေး ကော်မရှင်မှ ရှေ့နေဦးမင်းလွင်ဦးက ပြောပါတယ်။

“သတ်မှတ်ပြဌာန်းထားတဲ့ ပြစ်ဒဏ်တွေကို ကျခံခဲ့ပြီး ပြီဆိုရင် ရှေ့နေအဖြစ် လိုက်ပါ ဆောင်ရွက်ခွင့် မပြုဘူးဆိုတဲ့ အကြောင်းပြချက်နဲ့ အခုလိုမျိုး သိမ်းဆည်းတယ်လို့ ကျနော်တို့ သိရတယ်။ ဒီကိစ္စဟာ လုံးဝ မှားယွင်းတယ်လို့ ကျနော်တို့ ပြောချင်တယ်။ တရားသူကြီးတွေ ထောင်ကျပြီး ပြန်လွတ်လာတဲ့ အခါမှာ လိုင်စင်ကို သူတို့ ထုတ်ပေးတာတွေ၊ လာဘ်ပေးလာဘ်ယူမှု တွေနဲ့ အရေးယူခြင်းခံရတဲ့ သူတွေကိုလည်း တရားရုံးချုပ်က လိုင်စင်ရုပ်သိမ်းတဲ့ အထိ မလုပ်ဘဲ တနှစ် ရပ်ဆိုင်းတယ်။ နှစ်နှစ် ရပ်ဆိုင်းတယ်။ ဒီလောက်ပဲ အပြစ်ပေး ခဲ့တာ ကျနော်တို့ တွေ့ရတယ်။ အခုလိုမျိုး လိုင်စင်လုံးဝရုပ်သိမ်း လိုက်တယ် ဆိုတာကတော့ ရှေ့နေ ဦးဖိုးဖြူအပေါ်မှာ အာဏာပိုင်တွေက အညှိုးအတေး ကြောင့်သာ ဒီလို မျိုးလုပ်ကိုင် ဆောင်ရွက်တယ်။ အဲဒီလို လုပ်ကိုင် ဆောင်ရွက်တဲ့ ကိစ္စ ရပ်တွေကလည်း အရင်တုန်းကလည်း ရှိခဲ့ဘူးတယ်။ တရားရုံးချုပ် ရှေ့နေကြီး ဦးအောင်သိန်း၊ ဦးခင်မောင်ရှိန် အဲဒီလိုပဲ နိုင်ငံရေး အမှုတွေနဲ့ ပတ်သက်တယ်။ အာဏာပိုင်တွေရဲ့ လုပ်ကိုင် ဆောင်ရွက်မှုတွေနဲ့ ငြိစွန်းတယ်ဆိုရင် အခုလိုမျိုး လိုင်စင် ရုပ်သိမ်းတာတွေက ဥပဒေနဲ့ မညီဘူးဆိုတာ နိုင်ငံတကာ သိအောင် ယနေ့ ထုတ်ဖော်ပြောခြင်း ဖြစ်ပါတယ်။”

0 comments:

Post a Comment