Sunday, March 21, 2010

Filled Under:

ရွေးကောက်ပွဲ ကော်မရှင်ရဲ့ ပထမအကြိမ် ထုတ်ပြန်ချက်နဲ့ ပတ်သက်တဲ့ ဥပဒေ ရှုထောင့်အမြင်

RFA ----- 20/ 3/ 2010

မတ်လ ၁၈ ရက်နေ့ဟာ ရွေးကောက်ပွဲ ကော်မရှင်ကနေ ပထမဆုံး ထုတ်ပြန်ချက် အနေနဲ့ ၁/ ၂၀၁၀ နဲ့ ၂/ ၂၀၁၀ ထွက်ရှိလာပါတယ်။ အဲဒီမှာ ဖေါ်ပြထားတဲ့ နိုင်ငံရေးပါတီ တည်ထောင်ခွင့် ဆက်လက်တည်ထောင်ခွင့်နဲ့ မှတ်ပုံတင်ခွင့်မှာ မရှင်းလင်းတဲ့ အချက်တွေ ပါနေတယ်လို့ နိုင်ငံရေးပါတီ အချို့က ပြောဆိုကြပါတယ်။ ရွေးကောက်ပွဲ ဥပဒေမှာတုန်းက နိုင်ငံရေးပါတီတွေ အနေနဲ့ သက်ဆိုင်ရာ ပြည်နယ်/တိုင်းတွေရဲ့ ကော်မရှင် ရုံးကွဲတွေမှာ မှတ်ပုံတင်နိုင်တယ်လို့ ပြောထားပါတယ်။ အခု ရွေးကောက်ပွဲ ကော်မရှင်ရဲ့ ထုတ်ပြန်ချက် အရဆိုရင် မှတ်ပုံတင်ခွင့် လျှောက်ထားမဲ့ နိုင်ငံရေးပါတီ အားလုံးဟာ နေပြည်တော်ကို သွားရောက်လျှောက်ထား ရမှာ ဖြစ်ပါတယ်။ ဒါကြောင့် ရွေးကောက်ပွဲ ကော်မရှင်ရဲ့ ထုတ်ပြန်ချက်နဲ့ ပတ်သက်ပြီး ဥပဒေ ရှုထောင့်အမြင် သိရအောင် အာရှ လူ့အခွင့်အရေး ကော်ရှင်ရဲ့ ပြောရေးဆိုခွင့်ရှိသူ ရှေ့နေ ဦးမင်းလွင်ဦးကို ဆက်သွယ် မေးမြန်းကြည့် ပါတယ်။

ဦးမင်းလွင်ဦး ------ ယခင်တုန်းက ဖွဲ့ထားခဲ့တဲ့ နိုင်ငံရေး ပါတီတွေ ရှိတယ်။ အသစ်ဖွဲ့စည်းမဲ့ နိုင်ငံရေးပါတီတွေ ရှိတယ်။ အဲတော့ ယခင်က ဖွဲ့စည်းခဲ့တဲ့ နိုင်ငံးရေးပါတီဟောင်းတွေနဲ့ အခုအသစ်ဖွဲ့စည်းမဲ့ ပါတီအသစ်တွေက ဘယ်မှာ မှတ်ပုံတင်ရမယ် ဆိုတာကို ဥပဒေမှာ ပြတ်ပြတ်သားသား ပြဌာန်းထားတာ မရှိတာကို ကျနော်တို့ တွေ့ရတယ်။ အရင်တုန်းက နိုင်ငံရေးပါတီ အဖြစ် မှတ်ပုံတင်ထားတဲ့ သူတွေကတော့ တိုင်းနဲ့ပြည်နယ် အသီးသီးမှာ ဆက်လက်ပြီး မှတ်ပုံတင်သွားနိုင်တယ်။ ဖွင့်ထားတဲ့ ရုံးတွေမှာ ဆက်လက် သတင်းပို့ပြီး ဆောင်ရွက်သွားနိုင်တဲ့ သဘောမျိုး ဖြစ်တယ်။ အဲတော့ နိုင်ငံရေးပါတီအစ် အဖြစ် ဖွဲ့စည်းမဲ့ သူတွေကတော့ အစောက ပြောထားတဲ့ နေပြည်တော်ကိုသွားပြီး မှတ်ပုံတင်ရမယ်။ နေပြည်တော်မှာ ရှိတဲ့ ကော်မရှင်ရုံးနဲ့ ဆက်သွယ် ဆောင်ရွက်ရမဲ့ သဘောလို့တော့ ဥပဒေသဘောအရ အကြမ်းဖျင်း အဲလိုဘဲ သဘောရပါတယ်။

မေး ----- ဟုတ်ကဲ့ ဦးမင်းလွင်ဦး၊ ရွေးကောက်ပွဲ ကောမရှင်ရဲ့ ပြဌာန်းချက်မှာ နိုင်ငံရေးပါတီ တည်ထောင်ခွင့်နဲ့ မှတ်ပုံတင်ခွင့် ထုတ်ပြန်ချက်မှာတော့ ကော်မရှင်ရုံးဖြစ်တဲ့ နေပြည်တော်ကို လာရောက် လျှောက်ထားရမယ်လို့ ပြောထားပါတယ်ရှင့်။

ဦးမင်းလွင်ဦး ------- အမှန်က နိုင်ငံရေးပါတီတွေ အနေနဲ့ ဆောင်ရွက်မယ်ဆိုရင် ယခင်က ကော်မရှင်ရုံးရဲ့ အဓိအ အခြေစိုက်တဲ့ နေရာတွေမှာ ဆက်သွယ်ဆောင်ရွက်ပြီး လုပ်ရတာ ဖြစ်တယ်။ အခု ကော်မရှင်ရုံး ဘယ်မှာ အခြေစိုက်သလဲ၊ နေပြည်တော်မှာ ရုံးစိုက်မယ်ဆိုရင် နေပြည်တော်ကို သွားပြီး သတင်းပို့ ဆက်လက် ဆောင်ရွက်ရမယ် ဖြစ်တယ်။ ဒါပေမဲ့ အဲလိုဆောင်ရွက်တဲ့ အခါမှာ ကျန်တဲ့ တိုင်းနဲ့ပြည်နယ် ဒေသအသီးသီးမှာရှိတဲ့ ရုံးတွေက ဘယ်လို ဆက်သွယ်ဆောင်ရွက် ရမယ်ဆိုတာကို သူတို့အနေနဲ့ ပြတ်ပြတ်သားသား ရှင်းရှင်းလင်းလင်း အပြောထားဘူး ဆိုတာကို ကျနော်တို့ တွေ့ရတယ်။ အဲတော့ နိုင်ငံရေးပါတီ တခုအဖြစ် မှတ်ပုံတင်ပြီးဆိုရင် ပါတီမှတ်ပုံတင်နဲ့ ရန်ကုန်တိုင်း၊ ရန်ကုန်တိုင်းရဲ့ ပြည်နယ် အသီးသီးမှာရှိတဲ့ ရုံးတွေ ဘယ်မှာဆက်ပြီး ဖွင့်ခွင်ရှိသလဲ၊ ဘယ်မှာဆက်လက် ဆောင်ရွက်ခွင့် ရှိသလဲဆိုတာကို ရှင်းရှင်းလင်းလင်း ဖေါ်ပြထားတာ မရှိဘူးလို့ ကျနော်တို့ သိရှိရတယ်။ ဒါတွေက မကောင်းတဲ့ အချက်အလက်လို့ ကျနော်တို့ ထင်မြင်ပါတယ်။

မေး ----- အခု ကျမတို့ သိရသလောက်က ရွေးကောက်ပွဲဝင်ဖို့ ကြိုးစားနေတဲ့ နိုင်ငံရေးပါတီတွေ အနေနဲ့ ကျတော့ ရွေးကောက်ပွဲ ကော်မရှင်နဲ့ ပတ်သက်ပြီး ပြဌာန်းထားတဲ့ အချက်တွေက မရှင်းတာရော၊ ရွေးကောက်ပွဲ ဥပဒေက အကန့်အသတ် ရှိနေတာကြောင့် ပါတီမှတ်ပုံတင်ဖို့ အခက်အခဲတွေ ကြုံနေရတယ်လို့ သိရတယ်ရှင့်။ ဒီအပေါ်မှာ ဦးမင်းလွင် အနေနဲ့ ဘယ်လိုမြင်ပါလဲရှင့်။

ဦးမင်းလွင်ဦး ------ နိုင်ငံရေးပါတီဖွဲ့တဲ့ ကိစ္စရပ်တွေ၊ နိုင်ငံရေး ပါတီဝင်ဖြစ်တဲ့ ကိစ္စရပ်တွေ ကန့်သတ်ချက်တွေ ရှိနေတယ်။ အဲဒါတွေကြောင့်လည်း နိုင်ငံရေးပါတီဝင်အဖြစ် ၀င်ကြမဲ့သူတွေ၊ နောက်ပြီး နိုင်ငံရေးပါတီ အဖြစ် အသစ်ဖွဲ့မဲ့သူတွေမှာ သံသယများစွာ ဖြစ်ပေါ်နေတယ် ဆိုတာကို ကျနော်တို့ သိရတယ်။ ထိုနည်းတူစွာ သတ်မှတ်ထားတဲ့ ငွေကြေးဆိုင်ရာ ကိစ္စရပ်နဲ့ ပတ်သက်လို့လည်း အသစ်ဖွဲ့စည်းတဲ့ နိုင်ငံရေးပါတီ တွေမှာ ငွေကြေးပြည့်စုံတဲ့ အဖွဲ့အစည်း ရှိချင်ရှိမယ်။ အချို့အဖွဲ့အစည်းက လူအင်အား ရှိသော်ငြားလည်း ငွေအင်အား သိပ်မပြည့်စုံတာ ရှိမယ်။ ဥပမာအားဖြင့် ကျနော်တို့ ပြောရမယ် ဆိုလို့ရှိရင် ပြည်သူ့လွှတ်တော် ရွေးကောက်ပွဲကို ၀င်တဲ့ လွှတ်တော် တဦးအနေနဲ့ ကျပ်သိန်း ၁၀၀ သုံးနိုင်တယ်ဆိုရင် ဒီသိန်း ၁၀၀ ကို ၀င်ရောက်ရွေးချယ် ခံရမဲ့သူက ဘယ်လိုနည်းနဲ့ ရခဲ့တာလဲ။ ဒါကလည်း ရှင်းရှင်းလင်းလင်း မရှိဘူးဖြစ်တယ်။

ဥပမာအားဖြင့် ပြောမယ်ဆိုရင် စီးပွားရေး လုပ်ငန်းရှင်တွေ အနေနဲ့ ရွေးကောက်ပွဲ ၀င်မယ်ဆိုရင် သူတို့အနေနဲ့ ကျပ်သိန်း ၁၀၀ မက၊ သိန်း ၂၀၀ လည်း သုံးနိုင်မှာ ဖြစ်တယ်။ ဒါပေမဲ့ သူတို့ အဲလိုသုံးတဲ့ ပိုက်ဆံတွေက တရားဝင် ငွေကြေးတွေ ဖြစ်သလား။ တရားမ၀င်တဲ့ ပိုက်ဆံတွေ ဖြစ်သလား။ ဒါတွေကို ပြတ်ပြတ်သားသား ပြဌာန်းထားတဲ့ ဥပဒေ မရှိဘူး။ အဲဒီ ရွေးချယ်ပွဲကို ၀င်ခဲ့တဲ့ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်တဦးက အနိုင်ရသွားလို့ စစ်အစိုးရနဲ့ အခမသင့် ဖြစ်ခဲ့ရင် အချိန်မရွေး အဖြုတ်ချ၊ အဖမ်းအဆီး ခံနိုင်တဲ့ အခြေအနေ ရှိတယ်။ ပိုင်ဆိုင်တဲ့ ပစ္စည်းတွေ အသိမ်းခံရတဲ့ အခြေအနေတယ် ဆိုတာတွေကြောင့် နိုင်ငံရေးပါတီ ဖွဲ့ခွင့်တွေ၊ ရွေးချယ်ပွဲကို ၀င်ရောက်ဖို့ ကိုယ်စားလှယ်လောင်းတွေ ရွေးချယ်တဲ့ နေရာတွေမှာ အခက်အခဲများစွာ ကြုံတွေ့နေရတယ် ဆိုတာကို ကျနော်တို့ တွေ့ရှိနေရတယ် ခင်ဗျား။

မေး ----- နောက်တချက် ၂၀၁၀ ရွေးကောက်ပွဲအတွက် ဖွဲ့လိုက်တဲ့ ရွေးကောက်ပွဲ ကော်မရှင်မှာ လုပ်ပိုင်ခွင့် ပိုရှိတယ်ပေါ့နော်။ အဲတော့ ၁၉၉၀ ရွေးကောက်ပွဲ ကော်မရှင်နဲ့ ဘယ်လိုကွာခြား သလဲ။

ဦးမင်းလွင်ဦး ----- ၁၉၈၈ ခုနှစ် စစ်အစိုးရ အာဏာသိမ်းပြီးတဲ့ နောက်ပိုင်းမှာ ၁၉၇၄ ခုနှစ် ပြဌာန်းထားတဲ့ ဖွဲ့စည်းပုံ အခြေခံ ဥပဒေတွေကို ဖျက်သိမ်းလိုက်တာ ဖြစ်တယ်။ ဒါကြောင့် ၁၉၉၀ ရွေးကောက်ပွဲ လုပ်တဲ့အချိန်မှာ ဖွဲ့စည်းပုံ အခြေခံ ဥပဒေမရှိဘူး။ ဖွဲ့စည်းပုံ အခြေခံ ဥပဒေအရ ရွေးကောက်ပွဲတွေ စီစဉ်ကျင်းပရမဲ့ စည်းမျဉ်းစည်းကမ်းတွေ စနစ်တကျ မရှိဘူးဖြစ်တယ်။ အဲဒါကြောင့် အဲဒီအချိန်က ရွေးကပွဲ ကော်မရှင်အနေနဲ့ လုပ်ပိုင်ခွင့်က အခုအချိန်နဲ့ နည်းတာဖြစ်တယ်။ ဒီနေ့ကျတော့ စစ်အစိုးရက ၂၀၀၈ ခုနှစ်မှာ ရေးဆွဲအတည်ပြုခဲ့တဲ့ အခြေခံဥပဒေတွေ အတည်ပြုပြီး ဖြစ်နေတဲ့အတွက် ဖွဲ့စည်းပုံ အခြေခံ ဥပဒေမှာ ပါတဲ့ အချက်အလက် တွေအတိုင်း ကော်မရှင်အဖွဲ့ကို လုပ်ပိုင်ခွင့် အာဏာတွေ အပ်နှင်းလိုက်တာ ဖြစ်တယ်။ ဒါကြောင့် ကော်မရှင်ရဲ့ လုပ်ပိုင်ခွင့်တွေက ၁၉၉၀ ရွေးကောက်ပွဲ ကော်မရှင်ထက် သူတို့မှာ လုပ်ပိုင်ခွင့် ပိုများလာတာကို ကျနော်တို့ တွေ့ရတယ်။ ပိုပြီးတော့ ကန့်သတ်ချက်တွေ ရှိတာကိုလည်း ကျနော်တို့ မြင်ရတယ်။ ဒီအောက်မှာ ကော်မရှင်က လှုပ်ရှားနေရတာဟာလည်း ပိုပြီးသိသာ ထင်ရှားအောင် ကျနော်ပြောချင်ပါတယ်။

အာရှ လူ့အခွင့်အရေး ကော်မရှင်ရဲ့ ပြောရေးဆိုခွင့်ရှိသူ ဦးမင်းလွင်ဦး ပြောဆိုသွားပါတယ်ရှင်း။

0 comments:

Post a Comment