Thursday, March 18, 2010

Filled Under:

ရွေးကောက်ပွဲအတွက် နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဥပဒေ

BBC ----- 18 March 2010

ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်မှ နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဥပဒေပုဒ်မ၂၆အရ နည်းဥပဒေတွေ ဒီကနေ့ ထုတ်ပြန်မှာ ဖြစ်ပါတယ်။ ဒီနည်းဥပဒေ ထဲမှာ နိုင်ငံရေး ပါတီများမှတ်ပုံတင်ခြင်း ဥပဒေထုတ်ခဲ့တဲ့ မတ်လ ၈ရက်နေ့ ကစလို့ ရက်ပေါင်း ၆၀ အတွင်းမှာ ပါတီတွေမှတ်ပုံတင် ရမယ်လို့ ဆိုပါတယ်။ ဒီနေ့ဆိုရင်ပဲ မတ်လ ၁၈ရက်နေ့ ရှိပြီမို့ ဒီနည်းဥပဒေ ပြဌာန်းချက် တွေက လက်တွေ့မှာ သဘာဝကျပါရဲ့လားလို့ အာရှ လူ့အခွင့် အရေးကော်မရှင်မှ ဥပဒေရေးရာ ဌာန မြန်မာ့ရေးရာ တာဝန်ခံ ဦးမင်းလွင်ဦးကို မေးကြည့်ခဲ့ပါတယ်။

ဦးမင်းလွင်ဦး ------
ဒီဥပဒေတွေ ပြဌာန်းတယ် ဆိုရင်တော့ ဒီဥပဒေဟာ ဘယ်နေ့ မှာ စတင် အာဏာတည်စေရမယ် ဆိုတာကို ထုတ်ပြန်ကြေငြာရမယ့် ထုံးစံရှိတယ်။ အဲဒီလို မတွေ့ရလို့ ဒွိဟသံသယ ဖြစ်နေရတဲ့ အခြေအနေ ဖြစ်ပါ တယ်။ ပထမဦးဆုံး ဥပဒေတွေ အထဲမှာလည်း ရက်၆၀၊ အခုတခါ ဒီနည်းဥပဒေတွေ အထဲမှာလည်း ရက်၆၀ ဆိုတော့ ကြားထဲမှာ ကွာတဲ့ ၁၀ရက်က ဒီနောက်ကိုပဲ တွက်ရမလား၊ ရှေ့ကိုပဲတွက်ရမလား ဆိုတာ အငြင်းပွားစရာ ဖြစ်တယ်။ အမှန် ဆိုရင်တော့ ဥပဒေကို ထုတ်ပြန် ကတည်းကိုက ဘယ်နေ့မှာ စတင်အာဏာ တည်စေရမယ် ဆိုလို့ရှိရင် အဲဒါတော့ ရှင်းတယ်။ အခုတော့ အဲဒီလိုမျိုး မတွေ့ရဘူး ဖြစ်နေတယ်။ ဒါပေမဲ့ ကျနော် ထင်တာကတော့ ဒီနည်းဥပဒေတွေ ထုတ်ပြီးတဲ့ နောက်ပိုင်းမှာ စတင် ရေတွက်မယ်လို့ ထင်မြင်ယူဆပါတယ်။

မေး ------- နောက်ပြီးတော့ ဖွဲ့စည်းပုံ အခြေခံဥပဒေကို ဝန်ခံလက်မှတ် ရေးထိုး ထားတဲ့ စာရွက်ကိုပါ မှတ်ပုံတင်မဲ့ ပါတီတွေက တွဲတင်ရမှာ ဖြစ်သလို ဖွဲ့စည်းပုံ အခြေခံ ဥပဒေကိုလည်း လေးစားလိုက်နာမှု မရှိပြန်ရင်လည်း မှတ်ပုံတင်ကို ဖျက်သိမ်းနိုင်တယ်လို့ ဆိုထားတယ်ရှင့် ၊အဲဒီလို အတည်မဖြစ် သေးတဲ့ ဖွဲ့စည်းပုံကို လေးစားလိုက်နာရမယ် ဆိုတာကရော ဒီဥပဒေ ကြောင်းအရဆိုရင် တရားနည်းလမ်း ကျပါရဲ့လားရှင်။

ဦးမင်းလွင်ဦး ------ စစ်အစိုးရ အနေနဲ့ကတော့ ဖွဲ့စည်းပုံ အခြေခံဥပဒေ ကို၂၀၀၈ခုနှစ် ပြည်သူတွေကနေ ဆန္ဒမဲပေးပြီး အတည်ပြုထားတယ် ဆိုပြီးတော့ သူတို့ က သတ်မှတ်ထားတာ ဖြစ်တယ်။ သို့သော်လည်း ကျန်တဲ့ နိုင်ငံရေးပါတီ တော်တော်များများက ဒီဟာက ပြန်လည်ပြင်ဆင်ပေးဖို့ လိုတယ်။ အတည် မဖြစ်ဘူးဆိုပြီး အငြင်းပွားနေတာ ဖြစ်တယ်။ အဲဒီအပြင် နောက်ထပ်ပိုပြီး အငြင်းပွားစရာ ရှိပါသေးတယ်၊ ဥပမာ ရက်၉၀ အတွင်းမှာ တနိုင်ငံလုံးနဲ့ ပတ်သက်ပြီး ရွေးကောက်ပွဲဝင်မယ် ဆိုရင် ပါတီဝင် ၁၀၀၀ ရှိရမယ်။ နောက်တခါ တိုင်းဒေသတွေလောက်မှာပဲ ရွေးကောက်ပွဲဝင်ရင် အဖွဲ့ဝင် ၅၀၀ ရှိရမယ်။ ဒါတွေဟာ ရက်၉၀ အတွင်းမှာ လုပ်ရမယ်ဆိုတဲ့ အခြေအနေမျိုး ဖြစ်တဲ့အတွက် အလွယ်တကူတော့ ဘယ်လိုမှ မဖြစ်နိုင်ဘူးဆိုတာ ကျနော်တို့အနေနဲ့ ခန့်မှန်းလို့ ရတယ်။ နောက်ပြီး ဒီနေ့ထွက်တဲ့ နည်းဥပဒေကို ဖတ်ကြည့်တဲ့အခါမှာ ရွေးကောက်ပွဲ ဝင်တဲ့သူတွေရဲ့ပိုင်ဆိုင်မှုတွေနဲ့ ပတ်သက်ပြီး တိတိကျကျ ပြဌာန်းထားတာမရှိဘူး။ ကျပ်သိန်းတရာအထိ အသုံးပြုနိုင်တာ ရှိတယ်။ နောက်ပြီး အသုံးပြုတဲ့ ငွေကြေးကိုလည်း စနစ်တကျ ရေးမှတ် ထားရမယ်။ ဒါပဲပါတယ်။ တရားဝင်တယ်၊ မဝင်ဘူးဆိုတာကိုတော့ ကြေငြာပြီးတော့ မှတ်ပုံတင် ထားရမှာလား။ ဒါမှမဟုတ် အမြတ်ခွန်၊ ဝင်ငွေခွန်တွေ ကင်းလွတ်ခွင့် ထားပြီးမှ ဝင်ရမလား။ ဒါတွေဟာ ဘာမှ မရှင်းဘူး ဖြစ်နေတယ်။

အဲဒီတော့ တကယ်လို့သာ အဲဒီလိုမျိုး ရွေးချယ်ခံရတဲ့ သူတယောက်ကို စစ်အစိုးရက အချိန်မရွေး ဖြုတ်ချင်တယ်ဆိုရင် စောစောက ပြောတဲ့ အမြတ်ခွန် ဥပဒေ၊ ဝင်ငွေခွန် ဥပဒေ၊ နည်းဥပဒေ အဲဒါတွေနဲ့ တခါဖြုတ်နိုင်တဲ့ အခြေအနေမျိုး ဖြစ်နေတယ် ဆိုတာ တွေ့ရတယ်။ နောက်ပြီး ဒီထဲမှာ ထူးခြားတာ တခုကတော့ တစ်သီးပုဂ္ဂလ အနေနဲ့ ဝင်ရောက် အရွေးခံနိုင်ခွင့် မရှိဘူးလို့တောင် ကျနော်တို့ မြင်ရတယ်။ ဒီဟာက ဘယ်နိုင်ငံမှာမှ မရှိတဲ့ ဖွဲ့စည်းပုံ အခြေခံဥပဒေတွေ ဖြစ်နေတယ် ဆိုတာကို ဒီနေ့ထွက်တဲ့ နည်းဥပဒေတွေကို ဖတ်ကြည့်တဲ့ အခါမှာ အဲဒီလို တွေ့ရပါတယ်။

မေး ----- ဒါပေမဲ့ ဧည့်နိုင်ငံသားတွေကို ယှဉ်ပြိုင်ခွင့် ပေးမယ်ဆိုတော့ အဲဒါက ဘာသဘောပါလဲ။

ဦးမင်းလွင်ဦး ------ ဧည့်နိုင်ငံသားတောင်မဟုတ်ပါဘူး၊ ယာယီသက်သေခံ လက်မှတ်ရတဲ့သူတောင် ဝင်နိုင်ပါတယ်။ အဲဒီတော့ ဒါတွေက စစ်အစိုးရနဲ့ စေ့စပ်ငြိမ်းချမ်းရေး လုပ်ထားတဲ့ တိုင်းရင်းသား ဒေသတွေမှာ တချို့ ထုတ်ပေးထားတွေ ရှိပါတယ်။ ဥပမာ လားဟူ၊ ပအို့ဝ်၊ ကရင်ဒီကေဘီအေ အဲဒီတွေမှာ သူတို့ ထုတ်ပေးထားတဲ့ ယာယီ သက်သေခံ လက်မှတ်တွေ ရှိပါတယ်။ အဲဒီ လက်မှတ်တွေ ကိုင်ဆောင်ထားတဲ့ သူတွေကလည်း ဒီထဲကို ဝင်နိုင်တဲ့ သဘောမှာ ရှိပါတယ်။

မေး ------ နောက်ပြီးတော့ အရင်ဥပဒေတွေ အထဲမှာ ဘာသာရေးနဲ့ ပတ်သက်တဲ့ တားမြစ်မှုတွေလည်း တွေ့ရပါတယ်။ ဒါပေမဲ့ ဒီတားမြစ်ချက်တွေ အထဲမှာ ဗုဒ္ဓဘာသာ၊ ခရစ်ယာန်နဲ့ ဟိန္ဒူတို့ကိုသာ တားမြစ်ထားပြီး၊ အစ္စလာမ် ဘာသာဝင်တွေ ကတော့ မဲပေးခွင့်ရော၊ အရွေးခံခွင့်ထဲမှာ ပါနေတယ်ရှင့်။ အဲဒါကရော ဘာသဘောပါလဲရှင့်။

ဦးမင်းလွင်ဦး ------ မြန်မာနိုင်ငံ အတွင်းမှာ ပြဌာန်းထားတဲ့ ဥပဒေကတော့ အရင်တုန်းက ဘာသာရေးနဲ့ ဆိုင်တဲ့ ဥပဒေတွေမှာ တော်တော်များများ ပါပါတယ်။ အခုတခေါက်တော့ အစ္စလာမ် ဘာသာကို ကိုးကွယ်တဲ့ သူတွေထဲက ကျနော် ထင်တာက ဗလီဆရာကြီးတော့ ဝင်ရောက် အရွေးခံနိုင်ခွင့် မရှိဘူးလို့တော့ ထင်တာပဲ။ ဒါပေမဲ့ ဥပဒေမှာ မပါတဲ့အတွက် ဝင်ရောက် ယှဉ်ပြိုင်နိုင်တယ်။ အဲဒီလို ယှဉ်ပြိုင်နိုင်ခွင့်ရဖို့ ဖန်တီးပေးထားတာလို့ ကျနော်တို့က ထင်တယ်။

0 comments:

Post a Comment