Thursday, March 18, 2010

Filled Under:

လက်ရှိ ရွေးကောက်ပွဲ ကော်မရှင် အခြေအနေ

VOA ----- 12/ 3/ 2010

အဖွဲ့ဝင် ၁၇ ဦးပါတဲ့ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် စာရင်းတွေကို ထုတ်ပြန်လိုက်တဲ့ အထဲမှာ တရားရုံးချုပ်က ဒုတိယ တရားသူကြီးချုပ် ဦသိန်းစိုးက ဥက္ကဌအဖြစ် ဆောင်ရွက်မယ်လို့ ကြေငြာလိုက်ပါတယ်။ အဖွဲ့ဝင်တွေက ဦးအင်တောနော၊ ဦးခင်မောင်ညွန့်၊ ဦးစိုးဘလှိုင်၊ ဒေါက်တာဘမောင်၊ ဦးညွန့်တင်၊ ဦးမောင်သာလှ၊ ဦးဆန်းခုန်လှိုင်၊ ဦးအောင်မြင့်၊ ဦးမြင့်နိုင်၊ ဒေါက်တာ တင်မောင်အေး၊ ဦးသာဦး၊ ဒေါက်တာမောင်ဌေး၊ ဦးသာဌေးနဲ့ ဦးဝင်းကြည်တို့ ဖြစ်ပြီး အမျိုးသမီးနှစ်ဦးက ဒေါက်တာမြင့်ကြည်နဲ့ ဒေါ်ခင်လှတို့ ဖြစ်ကြပါတယ်။

အဲဒီအထဲမှာ ဥက္ကဌ အဖြစ်တာဝန်ယူတဲ့ ဦးသိန်းစိုးက အရင်က စစ်ဥပဒေ တရားရုံးချုပ်မှာ ဗိုလ်ချုပ်အဆင့်နဲ့ တာဝန် ထမ်းဆောင်ခဲ့သူ ဖြစ်တာမို့ ဒါဟာ လွတ်လပ်ပြီး ပရောဂကင်းတဲ့ ခေါင်းဆောင်မှု ဖြစ်ပါ့မလားလို့ သံသယ ဖြစ်စရာတွေ ရှိနေလို့ ဟောင်ကောင်အခြေစိုက် AHRC အာရှ လူ့အခွင့်အရေး ကော်မရှင်မှ ရှေ့နေ ဦးမင်းလွင်ဦးက ထောက်ပြပါတယ်။

“ဦးသိန်းစိုးက အရင်က စစ်ဥပဒေချုပ် ကနေ လာတဲ့လူဖြစ်တယ်။ စစ်တပ်ကနေပြီး ပြောင်းလာတဲ့သူ။ ထိုနည်းတူစွာ တရားရုံးချုပ် ဒေါက်တာ တင်အောင်မြင့်အေး ဆိုတာကလည်း ၁၉၉၀ ရွေးကောက်ပွဲ ကျင်းပပြီးတဲ့ အချိန်မှာ သူက တက်လာတဲ့ တရားသူကြီးချုပ် ဖြစ်တယ်။ အဲဒီလို မတက်လာခင် ကလည်း မြန်မာနိုင်ငံ မ ဆ လ အစိုးရအဖွဲ့မှာ အလုပ်သမား ဒုဝန်ကြီးအဖြစ် တာဝန် ထမ်းဆောင်ခဲ့တဲ့သူ ဖြစ်တယ်။ ဒါကြောင့် ကျနော်တို့က ကော်မရှင်အဖွဲ့ဝင်တွေက လွတ်လပ်မျှတတဲ့ သူတွေမဟုတ်ဘူး။ န အ ဖ စစ်အစိုးရရဲ့ ထိန်းချုပ်မှု အောက်ကနေပြီး လွတ်လွတ်လပ်လပ် ဆောင်ရွက်နိုင်တဲ့သူတွေ မဟုတ်ဘူး ဆိုတာကို ပြောနိုင်တယ်။ ထိုနည်းတူစာ အဖွဲ့ဝင်တွေ အထဲမှာ တိုင်းရင်းသားတွေ ပါတယ်။ တိုင်းရင်းသားတွေကလည်း စီးပွားရေး လုပ်ငန်းတွေမှာ လုပ်ဆောင်နိုင်တဲ့ သူတွေ ဖြစ်တယ်ဆိုတာကို ကျနော်တို့ သိရတယ်။”

တကယ်တော့ အများပြည်သူ ယုံကြည်ကိုးစားတဲ့ ရွေးကောက်ပွဲ ကော်မရှင် ခေါင်းဆောင်ကောင်းတွေ ဖြစ်ဖို့ဆိုတာက နိုင်ငံရေး အစဉ်အလာ ကောင်းတဲ့၊ စွဲလမ်းမှု ကင်းပြီးတော့ သမာတမတ် ကျတဲ့သူ ဖြစ်မှသာ နိုင်ငံတကာ စံချိန် စံညွှန်းကို မှီမယ်လို့ ဆိုပါတယ်။

“နိုင်ငံရေး အတွေ့အကြုံ ရှိတဲ့သူတွေ ဖြစ်ဖို့လိုတယ်။ နောက်ပြီး နိုင်ငံရေး အစဉ်အလာ ကြီးမားတဲ့သူတွေ ဖြစ်ဖို့လိုတယ်။ နိုင်ငံရေး လောကမှာ ဖြတ်သန်းခဲ့ဖူးတဲ့ အတွေ့အကြုံ ရှိတဲ့သူတွေ ဖြစ်ဖို့လိုပါတယ်။ အဲလိုမဟုတ်ဘဲ အခုလို ရွေးချယ် တင်မြှောက်လိုက်တာက ရွေးကောက်ပွဲနဲ့ ပတ်သက်ပြီးလို့ ဘာမှ အတွေ့အကြုံ မရှိတဲ့သူတွေ ဖြစ်တယ်။ အဖွဲ့ဝင်တွေ ၃ ဦးမက၊ ၁၀ ဦး ဖြစ်နေပါစေ အဲဒီ လူတွေက အတွေ့အကြုံ မရှိဘူးဆိုရင် ကျနော်တို့ အနေနဲ့ ဒီကော်မရှင်ကို ဘယ်လိုမျိုး အားကိုးအားထား ပြုရမှာလဲ ဆိုတာကို ပြန်လည်စဉ်းစားဖို့ လိုပါတယ်။”

ဟောင်ကောင်အခြေစိုက် အာရှ လူ့အခွင့်အရေး ကော်မရှင်မှ ရှေ့နေ ဦးမင်းလွင်ဦး ပြောပြခဲ့တာ ဖြစ်ပါတယ်။

0 comments:

Post a Comment