Tuesday, March 16, 2010

Filled Under:

ဒေါ်အောင်ဆန်းစုကြည် အမှု အယူခံနဲ့ ပတ်သက်ပြီး ဥပဒေပညာရှင်များနဲ့ ဆက်သွယ်မေးမြန်းချက်

BBC ----- 11 March 2010
ဒေါ်အောင်ဆန်းစုကြည်ရဲ့ အမှု အထူးအယူခံ လျှောက်ထားရေးနဲ့ ပတ်သက်ပြီး ဒေါ်အောင်ဆန်း စုကြည်နဲ့ သူ့ရဲ့ရှေ့နေ ဦးဥာဏ်ဝင်းက ဒီနေ့ နေ့လည်တွင် တွေ့ခဲ့ကြပါတယ်။ နေ့လည် ၂နာရီကနေ ၄ နာရီအထိ တွေ့ဆုံခဲ့ကြရာ မြန်မာအစိုးရက ထုတ်ပြန်ခဲ့တဲ့ ပါတီမှတ်ပုံတင် ဥပဒေ၊ ရွေးကောက်ပွဲ ဥပဒေတွေနဲ့ ပတ်သက်ပြီး ဒီဥပဒေတွေက မတရားတဲ့ ဥပဒေတွေလို့ ဒေါ်အောင်ဆန်းစုကြည်က ပြောလိုက်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည် ဘာကြောင့် အခုလို ပြောရတာလဲလို့ မေးတဲ့အခါမှာ ဦးဥာဏ်ဝင်းက--

“ဒေါ်အောင်ဆန်းစုကြည်က ဒီဥပဒေတွေကို အထူးသဖြင့် မနေ့က ထွက်တဲ့ နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဥပဒေ ပေါ့နော်၊ ဒီဥပဒေမှာ ပုဂ္ဂိုလ် တဦးတယောက်ဟာ ထောင်ကျနေမယ်ဆိုရင် သူ့ကို ထုတ်ပစ်ရမယ်။ မထုတ်ရင် ပါတီပျက်မယ် ဆိုတာတွေပေါ့နော်၊ ဒါတွေ အားလုံးကိုခြုံပြီး ဒေါ်အောင်ဆန်းစုကြည် ပြောတာက ဥပဒေက ပုဂိုလ်တဦးတယောက် အတွက် ရည်ညွှန်းပြီး ရေးထားတာလို့ ထင်မြင်စရာ ပေါ်ပေါက်နေတယ်။ အဲလို ထင်မြင်စရာ ပေါ်ပေါက်နေတာကိုက လုံးဝ မဖြစ်သင့်ဘူး။ ဥပဒေဆိုတာ အများပြည်သူ အကျိုးကျေးဇူး အတွက် ဖြစ်ရမယ်။ ပုဂ္ဂိုလ်တဦးတယောက် အတွက် ရည်ညွှန်းပြီး ရေးထားတာလို့ ယူဆနိုင်တဲ့ ဥပဒေ ရေးဆွဲတာ အင်မတန်မှ ရှက်ဖို့ ကောင်းပါတယ်လို့ ပြောပါတယ်။

မေး ----- အခု ပါတီပြန်ပြီး မှတ်ပုံတင်ဖို့ရာ အတွက်က အခြေခံဥပဒေကို ဝန်ခံကြောင်း လက်မှတ်ထိုးမှ ပါတီကိုဆက်ပြီး မှတ်ပုံတင်ခွင့် ပြုမယ်ဆိုတဲ့ ကိစ္စနဲ့ ပတ်သက် ပြီးဒေါ်အောင်ဆန်းစုကြည်က ဘာပြောလဲခင်ဗျ။

ဦးဥာဏ်ဝင်း ------- ဒေါ်အောင်ဆန်းစုကြည်က ဖွဲ့စည်းပုံ အခြေခံ ဥပဒေကို ထိန်းသိမ်း စောင့်ရှောက်ရမယ်လို့ ဝန်ခံချက်ပါမှ မှတ်ပုံတင် ရမယ်လို့ ဆိုတယ်။ အတည်မဖြစ်သေးတဲ့ အသက်မဝင်သေးတဲ့ ဖွဲ့စည်းပုံအခြေခံ ဥပဒေကို အသက်ဝင်သကဲ့သို့ သုံးစွဲသလို ဖြစ်နေတယ်လို့ ဒေါ်အောင်ဆန်းစုကြည်က မှတ်ချက်ပေးပါတယ်။

မေး ------ ဒီရွေးကောက်ပွဲမှာ သုံးနေရာ အနည်းဆုံးဝင်ပြီး မပြိုင်ရင် ပါတီ ရပ်တည်ခွင့် မပေးဘူး ဆိုတော့ ရွေးကောက်ပွဲဝင်ဖို့ မဝင်ဖို့ ကိစ္စနဲ့ပတ်သက်ပြီး ဒေါ်အောင်ဆန်းစုကြည်က ပြောပါပြီလားခင်ဗျ။

ဦးဥာဏ်ဝင်း ------ ရွေးကောက်ပွဲဝင်ဖို့ မဝင်ဖို့ကိစ္စ၊ ပါတီ မှတ်ပုံတင်ဖို့မတင် ဖို့ကိစ္စ၊ ဒီကိစ္စတွေကို အခုအချိန်မှာ ဘာမှမပြောနိုင်ဘူးတဲ့၊ အခုထုတ်ပြန်တဲ့ ဥပဒေတွေရဲ့ တရားမျှတမှု မရှိတဲ့၊ ဥပဒေနဲ့ မညီတဲ့ အပြည်ပြည်ဆိုင်ရာ ဥပဒေနဲ့ ဆန့်ကျင်တဲ့ အဲဒီကိစ္စတွေကို အရေးယူ ဆောင်ရွက်ရမယ်တဲ့ ၊ အရေးယူ ဆောင်ရွက်ရမဲ့ နည်းလမ်းတွေကိုလည်း ကျနော့ကို ပြောပါတယ်။ အဲဒီ နည်းလမ်းတော့ တကယ်လုပ်မှ ပြောနိုင်မှာပါ။ လောလောဆယ် ဒါပဲလုပ်ဖို့ရှိတယ်တဲ့ ။ဒီလိုကိစ္စတွေကို ဆုံးဖြတ်စရာ အကြောင်းမရှိဘူးလို့ ပြောပါတယ်။

မေး ------ အများပြည်သူတွေ အနေနဲ့လည်း ဒေါ်အောင်ဆန်းစုကြည် ဘာပြောမလဲဆိုတာ စောင့်နားထောင် နေကြတယ်။ ဒီလို အခြေအနေနဲ့ ပတ်သက်ပြီး ဒေါ်အောင်ဆန်းစုကြည် ဘာပြောမလဲခင်ဗျ။

ဦးဥာဏ်ဝင်း ------- ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်၊ ဒီဥပဒေတွေက NLD အတွက် ကြီးမားတဲ့ စိန်ခေါ်မှုတွေ အများကြီး ပါနေတယ်။ ဒီလိုပါလို့ စိတ်မပျက်ဘူး။ ဒီလိုကြီးမားတဲ့ စိန်ခေါ်မှုတွေကို ရင်ဆိုင်ဖို့ အင်အားတရပ် ကိုတောင်မှ ပြန်လည်မွေးမြူရာ ရောက်ပါတယ်တဲ့။ ပြည်သူလူထုကလည်း အဲဒီစိန်ခေါ်မှုတွေကို ရင်ဆိုင်ဖို့ အထူးသဖြင့် အဖွဲ့ချုပ်၊ဒီမိုကရေစီ လိုလားသူများနဲ့ တသားတည်း ရင်ဆိုင်ဖို့ လိုအပ်တယ်လို့ အဲဒီလို ပြောပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ရဲ့ အမှု အယူခံလျှောက်ထားဖို့ အတွက်လည်း ရှေ့နေဦးဥာဏ်ဝင်းနဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ ဆွေးနွေးခဲ့ကြတယ်လို့ ဆိုပြီးတော့ အမှုအယူခံ လျှောက်ထားရေး အတွက် အခု စတင်ဆောင်ရွက် နေပြီလို့ ဆိုပါတယ်။ ဒါကတော့ ဒေါ်အောင်ဆန်းစုကြည် သဘောထားနဲ့ ပတ်သက်ပြီးတော့ ရှေ့နေဦးဥာဏ်ဝင်းက ပြောပြခဲ့တာ ဖြစ်ပါတယ်။ ဒီလို ဥပဒေတွေ အပေါ် အခုလောလောဆယ် ဥပဒေအပေါ်မှာ ဥပဒေရှုထောင့်က သုံးသပ်ကြည့်ရင်လည်း ဘယ်လိုအဓိပ္ပါယ် ဆောင်ပါသလဲ။ မြန်မာအစိုးရဟာ ဥပဒေတွေကို တရက်ပြီးတရက် ထုတ်ပြန်လာခဲ့ရာမှာ ဒီနေ့အတွက်တော့ ပြည်သူ့လွှတ်တော် ရွေးကောက်ပွဲ ဥပဒေရဲ့နောက်ဆုံးအပိုဒ်မှာ ၁၉၉၀ ခုနှစ် ရွေးကောက်ပွဲ ရလဒ်ကို ပယ်ဖျက်လိုက်တဲ့ အကြောင်း ဖော်ပြထားပါတယ်။ ဒီဥပဒေထဲမှာ ရွေးကောက်ပွဲ ရလဒ်ကို ပယ်ဖျက်လိုက်တဲ့ အကြောင်း ဖော်ပြထားတာဟာ ဘာသဘောပါလဲလို့ ရှေ့နေကြီး ဦးအောင်သိန်းကို မေးကြည့်ထားပါတယ်။

ဦးအောင်သိန်း ------ ကျွန်တော့ အနေနဲ့ကတော့ ၁၉၉၀ ရွေးကောက်ပွဲလည်း တပ်မတော်အစိုးရက လုပ်ပေးတာပဲလေ၊ အဲဒီမှာလည်း ဒီလို ဥပဒေတွေ ပြဌာန်းပြီး ဆောင်ရွက်တာပဲ။ အခု ရွေးကောက်ပွဲ ကိုလည်း တပ်မတော်အစိုးရက လုပ်ပေးမှာပဲ။ ဥပဒေတွေကိုလည်း သူပြဌာန်းတာပဲ။ ပထမ ရွေးကောက်ပွဲရလဒ်ကို စာကြောင်းလေး၂ကြောင်းနဲ့ ဖွဲ့စည်းပုံအရ ပါတီစုံ အထွေထွေရွေးကောက်ပွဲ ရလဒ်ဖြစ်တဲ့ ဒီ၁၉၉၀ ပြည့်နှစ် ကို ပယ်ဖျက်လိုက်တယ် ဆိုတာတွေ့ရတယ်။ ဥပဒေအရ ကြည့်ရင် တရားမျှတ မှန်ကန်မှု ရှိပါ့မလား ဆိုပြီး သံသယတော့ ရှိတယ်။

မေး ----- အပိုဒ် ၃၃မှာ တော့ ကာကွယ်ရေးဦးစီးချုပ် ကအမည်စာရင်း သွင်းထားတဲ့ တပ်မတော်သား ကိုယ်စားလှယ်ကို ကာကွယ်ရေး ဦးစီးချုပ်က ပြောင်းလဲချင်တယ်ဆိုရင် ပြောင်းလဲလို့ ရတယ်ဆိုတော့ ဒါကလွှတ်တော် ကိုယ်စားလှယ်အဖြစ် ဆောင်ရွက်စဉ် ကာလမှာလည်း ရုပ်သိမ်းလို့ ရတယ်ဆိုတဲ့ သဘောမျိုးလားခင်ဗျ။

ဦးအောင်သိန်း ----- အဲဒီသဘောမျိုး သက်ရောက်ပါတယ်။ ပြောင်းလဲချင်ရင် ပြောင်းလဲနိုင်တယ်ဆိုတဲ့ သဘောမျိုးပေါ့ ၊အမည်စာရင်းကို အများပြည်သူ သိရှိဖို့ ကြေငြာရမယ်။ နောကထပ် အသစ်ပြောင်းလဲရမယ်။ အခြား ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်တွေနဲ့ မတူညီဘူး ဆိုတဲ့အချက်ပါ၊

မေး……..မနေ့က ပါတီများမှတ်ပုံတင်ခြင်း ဥပဒေထဲမှာလည်း ကျနော်တို့ ပါတီတွေအနေနဲ့ မှတ်ပုံတင်မယ်ဆိုရင် အခြေခံဥပဒေကို လက်ခံကြောင်း ဝန်ခံပြီးမှ မှတ်ပုံတင်လို့ ရမယ်ဆိုတာ အဲဒီအချက်ပေါ်မှာ အန်ကယ်အနေနဲ့ ဘယ်လိုမြင်ပါသလဲ။

ဦးအောင်သိန်း ------ ၂၀၁၀ရွေးကောက်ပွဲ ဝင်မယ့် လွှတ်တော် ကိုယ်စားလှယ်က ၂၀၀၈ ဖွဲ့စည်းပုံ အပေါ်မှာ သစ္စာစောင့်သိ ရိုသေရမယ် ဆိုတဲ့ သဘောမျိုးပေါ့ ၊ ဘွန်း လုပ်ပြီးတော့မှ လွှတ်တော် ကိုယ်စားလှယ်အဖြစ် ဆောင်ရွက်နိုင်မယ် ဆိုတာ ပြဌာန်းထားတယ်။ အဲဒီတော့ ၂၀၀၈ ဖွဲ့စည်းပုံကို ပြင်ချင်ပါတယ်။ သဘောမတူဘူး ဆိုရင် လာမဲ့၂၀၁၀ ရွေးကောက်ပွဲက ဝင်စရာ အကြောင်းမရှိ တော့ဘူးပေါ့။ ကိုယ်စားလှယ်အဖြစ် အမည်စာရင်း တင်သွင်းစရာ မလိုဘူး။ ပါတီ အဖြစ်ကလည်း တည်ရှိစရာ မလိုတော့ဘူး ဆိုတဲ့သဘော သက်ရောက်ပါတယ်။

မေး ----- အကျဉ်းကျနေတဲ့ သူတွေဟာ အယူခံ ဝင်နေဆဲဖြစ်လို့ ရှိရင်တောင်မှ ရွေးကောက်ပွဲ ဝင်လို့မရဘူး။ ပါတီဝင်တွေ ဖြစ်ခဲ့လို့ရှိရင် ပါတီဝင် အဖြစ်ကနေ ထုတ်ပစ်ရမယ်ဆိုတဲ့ ဒီစည်းကမ်းချက်တွေနဲ့ ပတ်သက်ပြီး အန်ကယ်တို့ အနေနဲ့ ဥပဒေကြောင်းအရ ဘယ်လိုမြင်လဲ။

ဦးအောင်သိန်း ----- အဲဒါက ပြဿနာဗျ။ အဲဒီကနေ တည်ရှိနေတဲ့ အနေအထား အရ နိုင်ငံရေး ပါတီတွေက ဖြစ်စေ၊ နိုင်ငံရေးမှာ ဆောင်ရွက်ရပြီး လှုပ်ရှားနေတဲ့ သူတွေ အတော်များများက အကျဉ်းထောင် အသီးသီးမှာ ရှိနေကြတယ်။ အထူးသဖြင့် SNLD က ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီ ပါတီက ခေါင်းဆောင် တွေဟာ အကျဉ်းထောင်တွေမှာ ရှိနေတယ်။ ထို့အတူပဲ ၈၈မျိုးဆက် ကျောင်းသား တွေလည်း ထောင်တွေထဲမှာ ရှိနေတယ်။ အကျဉ်းကျနေတဲ့ ကာလဖြစ်တဲ့ အတွက် ရွေးကောက်ပွဲမှာ ဝင်ခွင့်မရတဲ့ အခွင့်အရေး ဆုံးရှုံးနေတဲ့အပြင် ဒီလို အကျဉ်းကျ နေတဲ့ ပါတီခေါင်းဆောင်တွေကို ဆက်လက်ပြီး တနည်းနည်းနဲ့ ထားရှိတယ် ဆိုရင်၊ သိရင် ဒီပါတီကို အချိန်အခါမရွေး ဖျက်သိမ်းနိုင်တယ်လို့ ပြဌာန်းထားတယ်။ အဲဒီတော့ အန်ကယ် အယူအဆအရ ပြောရရင်တော့ နိုင်ငံရေးပါတီ တရပ်အနေနဲ့ ဖြစ်သင့်ဖြစ်ထိုက်တဲ့၊ လုပ်သင့်လုပ်ထိုက်တဲ့ အခွင့်အလမ်းတွေ၊ အခွင့်အရေးတွေ ဆုံးရှုံးရတယ်လို့ပဲ အန်ကယ်လ်က ပြောရမှာ ဖြစ်ပါတယ်။ ဒါဟာ တရားမျှတမှု မရှိဘူးလို့ ပြောရမှာ ဖြစ်ပါတယ်။

0 comments:

Post a Comment