Tuesday, March 16, 2010

Filled Under:

နိုင်ငံရေးပါတီ မှတ်ပုံတင်ခြင်း ဥပဒေသည် နိုင်ငံတကာ စံချိန်စံနှုန်းနဲ့ မကိုက်ညီကြောင်း AHRC ထေက်ပြ

VOA ----- 10/ 3/ 2010

၂၀၁၀ ထဲ ကျင်းပဖို့ ပြင်ဆင်နေတဲ့ ရွေးကောက်ပွဲအတွက် ဥပဒေ ၅ ခု ထုတ်ပြန်တဲ့ အထဲက ရွေးကောက်ပွဲ ဥပဒေနဲ့ နိုင်ငံရေးပါတီ ဖွဲ့ခွင့် ဥပဒေတွေကို အခု သိခွင့် ရခဲ့ပါပြီ။ ဒီဥပဒေတွေဟာ ပြီးခဲ့တဲ့ ၁၉၉၀ ရွေးကောက်ပွဲအတွက် ထုတ်ပြန်ခဲ့တဲ့ ဥပဒေတွေနဲ့ ကွာခြားမှု သိသိသာသာ ရှိနေတာ တွေ့ရတယ်လို့ AHRC ခေါ် အာရှ လူ့အခွင့်အရေး ကော်မရှင်မှ ဥပဒေဆိုင်ရာ တာဝန်ခံ ဦးမင်းလွင်ဦးက ပြောပါတယ်။

“၁၉၈၈ ခုနှစ်တုန်းက မြန်မာနိုင်ငံအတွင်းမှာ ဒီလိုမျိုးကော်မရှင်အဖြစ် ရွေးချယ် တင်မြှောက်ခြင်း ခံရတဲ့သူတွေက နိုင်ငံရေးအရ ၀ါရှိတဲ့သူတွေ၊ နိုင်ငံရေးအရ အစဉ်အလာ ရှိတဲ့သူတွေ တော်တော်များများ ရွေးချယ် ခံထားရတာ ဖြစ်တယ်။ သို့သော်လည်း ၂၀၁၀ ကော်မရှင် အဖွဲ့ဝင် တွေအထဲမှာတော့ အဲလို သတ်မှတ် ထားတာကို ကျနော်တို့ မတွေ့ရဘူး။ သမာဓိ ရှိတဲ့လူတွေ ဖြစ်ရမယ်။ နောက်ပြီး အစိုးရ အထောက်အပံ့ မယူတဲ့သူတွေ ဖြစ်ရမယ်။ အစိုးရ အလုပ် လုပ်ကိုင်တဲ့သူ မဟုတ်ဘူးဆိုတဲ့ အချက်အလက်တွေ ကျနော်တို့ အနေနဲ့က သူတို့စိတ်တိုင်းကျ ရွေးချယ်ထားတဲ့သူတွေ ခန့်နိုင်ဖို့အတွက် ဒီအချက်ကို ထည့်သွင်းပြီးတော့ ရေးဆွဲတယ်လို့ ကျနော်ထင်မြင် ယူဆပါတယ်။”

ဒါ့အပြင် ဒီကနေ့ထုတ်ပြန်လိုက်တဲ့ နိုင်ငံရေးပါတီ ဥပဒေကိုလည်း ဘယ်နိုင်ငံမှာမှ မတွေ့ရသေးဘူးလို့လည်း ဆိုပါတယ်။

“ဒီနေ့ထုတ်တဲ့ နိုင်ငံရေးပါတီများ မှတ်ပုံတင် ဥပဒေကလည်း ဘယ်နိုင်ငံမှာမှ မပြဌာန်းဖူးတဲ့ နိုင်ငံရေးပါတီများ မှတ်ပုံတင် ဥပဒေ ဖြစ်နေတာကို ကျနော်တို့ တွေ့ရတယ်။ အဲဒီမှာ နိုင်ငံသား၊ ဧည့်နိုင်ငံသား၊ ယာယီ သက်သေခံလက်မှတ် ရတဲ့သူတောင်မှ နိုင်ငံရေးပါတီ ထူထောင်ခွင့် ရှိတယ်ဆိုရင် တကယ့် နိုင်ငံရေး အစဉ်အလာ ရှိတဲ့သူတွေ၊ နိုင်ငံရေးပြစ်မှုတွေနဲ့ ထောင်ကျတဲ့သူတွေကို ဘာကြောင့် နိုင်ငံရေးပါတီထဲမှာ ၀င်ခွင့်မပေးတာလဲ၊ ၀င်ရောက် ရွေးချယ်ခံပိုင်ခွင့် မပေးတာလဲ၊ ဒါကို ကျနော်တို့ အနေနဲ့ စဉ်းစားရခက်တဲ့ အခြေအနေမျိုး ဖြစ်တယ်။”

“နောက်ပြီးတော့ ဥပဒေတရပ် ပြဌာန်းတယ်ဆိုရင် ဒီဥပဒေဟာ ဘယ်နေ့ကနေပြီး အာဏာ တည်စေရမယ်ဆိုတာ ထည့်သွင်းဖေါ်ပြရတဲ့ ထုံးစံရှိပါတယ်။ ဒီဥပဒေ နှစ်ရပ်စလုံးကို ပြန်ဖတ်တဲ့အခါမှာ ဘယ်နေ့မှာ အာဏာတည်မယ် ဆိုတာ ရေးထားတာကို ကျနော်တို့ မတွေ့ရဘူး။ ဒီဟာက သမင် မေ့ကျန်ခဲ့တာလား၊ ဒါမှမဟုတ် ရည်ရွယ်ချက် ရှိရှိတဲ့ ထားခဲ့တာလား ဆိုတာကို ကျနော်တို့က မသိဘူး။ ဒီနိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း အက်ဥပဒေမှာ နိုင်ငံရေး ပြစ်မှုနဲ့ ဖြစ်ပါစေ၊ ပြစ်မှုဆိုင်ရာ ပြစ်မှုနဲ့ ဖြစ်ပါစေ ပြစ်ဒဏ်ကျဖူးတဲ့ သူတွေက နိုင်ငံရေးနဲ့ဝေးဝေး နေတော့၊ ရွေးကောက်ပွဲနဲ့ မပါနဲ့တော့ ဆိုတဲ့သဘော ဖြစ်နေတာက လွန်စွာမှပင် ၀မ်းနည်းစရာ ကောင်းတဲ့ အခြေအနေမျိုး ဖြစ်နေတာကို ကျနော် ပြောချင်ပါတယ်။”

အခုထုတ်ပြန်လိုက်တဲ့ ဥပဒေကြောင့် လက်ရှိ နိုင်ငံရေးပါတီ တော်တော်များများကို ရိုက်ချိုးလိုက်သလို ဖြစ်သွားပြီး အင်အားချိနဲ့ သွားစေတယ်လို့ ထောက်ပြပါတယ်။

“အခုလိုမျိုး ထုတ်ပြန်ပြဌာန်း လိုက်တဲ့အတွက် ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီ အဖွဲ့ချုပ် SNLD ပါတီ ဆိုရင် ရွေးကောက်ပွဲ မ၀င်နိုင်တဲ့ အခြေအနေ ဖြစ်သွား နိုင်တယ်။ NLD ဆိုလို့ရှိရင်လည်း သူ့ရဲ့ အဖွဲ့ဝင်ကနေပြီး ပြစ်ဒဏ်ကျဖူးတဲ့ သူတွေကို ထုတ်ပစ်ရမယ် ဖြစ်တဲ့အတွက် အင်အားချိနဲ့ သွားနိုင်တယ်။ ထိုနည်း တူစွာ တိုင်းရင်းသားလူမျိုး အဖွဲ့အစည်း အသီးသွးတွေမှာ အများကြီးကို အားနည်းသွားစေနိုင်တယ်။”

“၁၉၈၈ နောက်ပိုင်းမှာ ဖွဲ့စည်းထားတဲ့ နိုင်ငံရေးပါတီဝင် တော်တော်များများက တနည်းမဟုတ် တနည်းနဲ့ ဖမ်းဆီး ထိန်းသိမ်ထားခြင်း ခံထားရတဲ့ သူတွေဘဲ ဖြစ်တယ်။ အခုလိုမျိုး ဥပဒေ ထုတ်ပြန်ပြဌာန်း လိုက်တဲ့အတွက် အဲဒီလိုလူတွေ တယောက်မှ မ၀င်နိုင်တော့ဘူး ဆိုရင် ပါတီကို ဦးဆောင်ဦးရွက် လုပ်မဲ့သူတွေ မရှိတော့ဘူး။ ပါတီကို ထိန်းကြောင်းပြီးသွားမဲ့ အခြေအနေ မရှိအောင် လုပ်လိုက်တာကို ကျနော်တို့က မြင်တယ်။ ဒါကို ကျနော်တို့က နိုင်ငံရေးပါတီများ ဖွဲ့စည်းခြင်း ဥပဒေက စစ်အစိုးရ အာဏာရှည် ဖို့အတွက် သူတို့ သီးသန့် စိန်ခေါ်ပြီး ငါတို့က ထုတ်ပြန်လိုက်ပြီ၊ မင်းတို့ သတ္တိရှိရင် လာခဲ့ဆိုတဲ့ သဘောမျိုး ဖြစ်တယ်လို့ဘဲ ကျနော်မြင်တယ် ခင်ဗျား။

ဥပဒေ ပညာရှင် ဦးမင်းလွင်ဦး ပြောသွားတာပါ။

0 comments:

Post a Comment