Sunday, March 14, 2010

Filled Under:

ရွေးကောက်ပွဲ ဥပဒေနဲ့ နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဥပဒေ သုံးသပ်ချက်

RFA ----- 10 March 2010

ပြည်တွင်း ဒီမိုကရေစီ အင်အားစုတွေရော၊ နိုင်ငံတကာ အသိုင်းအ၀ိုင်းကပါ အလေးထား စောင့်ကြည့်နေတဲ့ ရွေးကောက်ပွဲ ဥပဒေကို စစ်အစိုးက မတ်လ ၈ ရက်နေ့ ရက်စွဲနဲ့ ပြဌာန်းလိုက်ပါပြီ။ ၁/၂၀၁၀ ကနေ ၅/၂၀၁၀ အထိ ထုတ်ပြန် ထားပါတယ်။ အဲဒီမှာ အရေးကြီးဆုံး အချက်က ၂/ ၂၀၁၀ ဖြစ်တဲ့ နိုင်ငံရေး ပါတီများ မှတ်ပုံတင်ခြင်း ဥပဒေ ဖြစ်ပါတယ်။ အခန်း ၄ ခန်း ပါတဲ့ ဥပဒေမှာ ပါတီ ထူထောင်လို သူတွေအတွက် ပြဌာန်းချက် ၈ ခု သတ်မှတ်ထားပါတယ်။

ဒီသတ်မှတ်ချက်တွေ အထဲမှာ ထောင်ဒဏ်ကျခံနေရသူ မဟုတ်ခြင်းဆိုတဲ့ အချက်လည်း ပါဝင်ပါတယ်။ ဒီအချက်ဟာ ဒေါ်အောင်ဆန်းစုကြည်နဲ့ နိုင်ငံရေး အကျဉ်းသားတွေကို ရည်ရွယ်ပြီး ကန့်သတ်ထားတဲ့ အချက်ဖြစ်လို့ အမေရိကန် အခြေစိုက် US Campaign for Burma အဖွဲ့ရဲ့ ညွှန်ကြားရေးမှူး ဦးအောင်တင်က ပြောပါတယ်။

“ကျနော်တို့က အစကတည်းက ရွေးကောက်ပွဲကို အယုံအကြည်လည်း မရှိဘူး။ ရွေးကောက်ပွဲ ပတ်သက်တဲ့ ဥပဒေတွေ မြင်လိုက်တာနဲ့ တရားမျှတမှု မရှိဘိုးဆိုတာကို ကြိုတင်ခန့်မှန်းပြီးသားပါ။ ဆိုတော့ အခု န အ ဖ က ထုတ်ပြန်တဲ့ အခါကျတော့ နိုင်ငံရေး ပါတီများ မှတ်ပုံတင်ခွင့် ဥပဒေပေါ့နော်၊ အဲလို တော်တော်လေးကို မတရား မမျှတတဲ့ အချက်တွေကို တွေ့ရတယ်။ အဲဒါက ဘာလည်းဆိုတော့ ပုဒ်မ ၄ ပေါ့။ ပုဒ်မ ၄ မှာ ဆိုလို့ရှိရင် ပါတီတည်ထောင် လိုသူများအတွက် လိုအပ်တဲ့ အရည်အချက်တွေပေါ့။ အဲဒီ အရည်အချင်းတွေ အထဲမှာ ထောင်ဒဏ်ကျခံထားရသူ မဟုတ်ခြင်း ဆိုတဲ့အချက် ပါတယ်။ အဲဒီပုဒ်မ (၄) သဘောတရားအရ ထောင်ဒဏ်ကျခံနေလို့ ရှိရင် နိုင်ငံရေး ပါတီများ ထူထောင်လို့ မရဘူး။ ထောင်ဒဏ်ကျခံ နေရသူဆိုတော့ ဒေါ်အောင်ဆန်းစုကြည် အပါအ၀င် နိုင်ငံရေး အကျဉ်းသားအာလုံးဟာ နိုင်ငံရေးပါတီ ထူထောင်ခွင့် မရှိဘူးဆိုတဲ့ အဓိပ္ပါယ် သက်ရောက်တယ်။”

ဒီပြဌာန်းချက် ၈ ခုမှာ ထူးခြားတဲ့ အချက်တချက်ကလည်း ပါတီထူထောင်လို သူတွေဟာ ဧည့်နိုင်ငံသား ဖြစ်ခွင့်ရှိတယ်လို့ ဆိုထားပါတယ်။ မြန်မာနိုင်ငံမှာ အရင်က ပြဌာန်းထားတဲ့ ရွေးကောက်ပွဲ ဥပဒေတွေ အရဆိုရင် ဒီလိုအချက်မျိုး ပါဝင်တာ မရှိဘူးလို့ အာရှ လူ့အခွင့်အရေး ကော်မရှင်မှ ရှေ့နေ ဦးမင်းလွင်ဦးက ပြောပါတယ်။

“ဧည့်နိုင်ငံသား ဆိုတဲ့ကိစ္စရပ်တွေမှ ၁၉၄၇ ဖွဲ့စည်းပုံ အခြေခံ ဥပဒေတွေ၊ ၁၉၇၄ ဖွဲ့စည်းပုံ အခြေခံ ဥပဒေတွေမှာ ရှင်းရှင်းလင်းလင်းဘဲ ပြဌာန်းထားတာ ရှိပါတယ်။ ကျနော်တို့ မြန်မာနိုင်ငံ အတွင်းမှာ ဖွဲ့စည်းအုပ်ချုပ်ပုံအရ နိုင်ငံရဲ့ အချုပ်အခြာ အာဏာထဲမှာ ပါဝင်ဖို့ဆိုတာ နိုင်ငံသား ဖြစ်ဖို့ လိုပါတယ်။ အစောက ပြောသလို ဧည့်နိုင်ငံသား ဖြစ်ရမယ်။ ဧည့်နိုင်ငံသားအဆင့် မဟုတ်သေးတဲ့ သတ်မှတ်ထားတဲ့ အဆင့်တွေကိုတော့ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံ ဥပဒေအရ ခွင့်ပြုထားတာကို အရင်တုန်းက ဖတ်လည်း မဖတ်ခဲ့ဘူး။ တွေ့လည်း မတွေ့ခဲ့ဘူး ဖြစ်တယ်။

အဲတော့ ဒီလိုမျိုး အခုလို ပြဌာန်းခြင်းဟာ ကျနော်တို့ တိုင်းရင်းသား ဒေသတွေမှာ ပါဝင်လာတဲ့ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသတွေ ဖြစ်မယ်။ နောက်ပြီး တိုင်းရင်းသား ဒေသကြီး နောက်ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ၊ ပြည်နယ် အဲဒီလိုမျိုးတွေမှာ ပါဝင်နိုင်ဖို့အတွက် စစ်အစိုးရကနေပြီး ဖန်တီးတဲ့ ကိစ္စလို့ ကျနော်တို့ ထင်မြင် ယူဆတယ်။ အဲတော့ ဒီလိုမျိုး အခြေအနေဟာ ကျနော်တို့ မြန်မာနိုင်ငံရဲ့ ရှေ့အလားအလာအတွက် မကောင်းဘူးလို့ ထင်မြင်ယူဆတယ်။ ဒါကတော့ မဖြစ်သင့်ဘူးလို့ ကျနော်တို့ ပြောချင်တယ်။”

နိုင်ငံရေး ပါတီများ မှတ်ပုံတင်ခြင်း ဥပဒေ အရဆိုရင် ပါတီဝင်များအဖြစ် စည်းရုံးတဲ့ နေရာမှာလည်း ပုဒ်မ ၁၀ လို့ ကန့်သက်ချက်တွေ ရှိနေပါတယ်။ ဒေါ်အောင်ဆန်းစုကြည် အပါအ၀င် စစ်အစိုးရရဲ့ ထိန်းသိမ်းခံထားရသူ အနေနဲ့ ပါတီဝင် ဖြစ်ခွင့်တောင် မရှိတဲ့ အခြေအနေ ရောက်နေတယ်လို့ ဦးအောင်တင်က ပြောပါတယ်။

“အဲဒီမှာ ပါတီဝင်ဖြစ်ဖို့ ဆိုလို့ရှိုရင် ထုံးစံအတိုင်း နိုင်ငံသား လက်မှတ်ရပြီးသူ ဖြစ်ရမယ်။ အသက် ၁၈ နှစ် ပြည့်သူ ဖြစ်ရမယ်လို့၊့ သာသနာ့ဝမ်းထမ်း မဟုတ်ရဘူး။ နိုင်ငံဝန်ထမ်း မဟုတ်ရဘူး။ ပြီးတော့ ထောင်ဒဏ်ကျခံရသူ မဟုတ်ရဘူးလည်း ပါတယ်။ ပုဒ်မ ၄ မှာဆိုတော့ ထောင်ဒဏ် ကျခံနေရတယ် ဆိုရင် နိုင်ငံရေးပါတီ ထူထောင်ခွင့်မရှိဘူး။ ပုဒ်မ ၁၀ မှာကျတော့ ထောင်ဒဏ်ကျခံ နေရတယ် ဆိုလို့ရှိရင် နိုင်ငံရေးပါတီမှာ ပါဝင်ခွင့်တောင် မရှိဘူး။ ပုဒ်မ ၄ နဲ့ ပုဒ်မ ၁၀ နှစ်ခု ပေါင်းလိုက်တဲ့ အခါကျတော့ ဒေါ်အောင်ဆန်းစုကြည် အပါအ၀င် နိုင်ငံရေးပါတီ အားလုံးဟာ နိုင်ငံရေးပါတီ ထူထောင်ခွင့်လည်း မရှိဘူး။ ပါတီမှာ ပါတီဝင်ခွင့်တောင် မရှိဘူးလို့ ကန့်သတ်ထားတာ တွေ့ရတယ်။ အင်မတန်မှ ဆိုးဝါးတဲ့ ကန့်သတ်ချက်တွေဘဲ။”

အခန်း ၃ ပုဒ်မ ၁၂ မှာလည်း နိုင်ငံရေးပါတီတွေ ဆက်လက်ရပ်တည်ပိုင်ခွင့် မရှိခြင်းဆိုလို့ ပြဌာန်းထားပါတယ်။ ဒါနဲ့ ပတ်သက်ပြီး ဦးအောင်တင်ရဲ့ သုံးသပ်ချက်ကတော့ -
“ပုဒ်မ ၁၂ က ပါတီတခုက အချက်တခုနဲ့ ညိစွမ်းမယ်ဆိုရင် နိုင်ငံရေးပါတီ တခုအဖြစ် ဆက်လက်ရပ်တည်ပိုင်ခွင့် မရှိစေရပေါ့။ အဲဒီမှာ ပုဒ်၁၂ ရဲ့ အပိုဒ် (က/ ၆)မှာ ဘာရေးထားသလဲဆိုတော့ ပုဒ်မ ၁၀ ပါအချက် တရပ်ရပ်နဲ့ ကိုက်ညီခြင်း မရှိသူများကို ပါတီဝင်အဖြစ်မှ ထုတ်ပြန်ခြင်း မရှိဘဲ သမင် ထိန်ချန်ထားတယ် ဆိုရင် အဲဒီ နိုင်ငံရေးပါတီဟာ ဆက်လက်ရပ်တည်ခွင့် မရှိဘူးလို့ ပြေားထားတယ်။ ဆိုတဲ့အခါကျတော့ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်တို့၊ ရှမ်းတိုင်းရင်းသား ဒီမိုကရေစီ အဖွဲ့ချုပ်တို့ပေါ့ဗျား။ ဆိုတဲ့အခါကျတော့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်မှာ ဒေါ်အောင်ဆန်းစုကြည်နဲ့ တကွ အကျဉ်းကျနေတဲ့ ပါတီဝင်တွေကို မထုတ်ပယ်ဘဲနဲ့ ပါတီကို ပြန်ပြီး မှတ်ပုံတင်မယ်။

ရှမ်တိုင်းရင်းသားများ ဒီမိုကရေစီ အဖွဲ့ချုပ်ကလည်း ထောင်ကျနေတဲ့ ဦးစိုင်းညွန့်လွင်နဲ့ ဦးခွန်ထွန်းဦးတို့ စတဲ့သူတို့ရဲ့ ခေါင်းဆောင်တွေကို မထုတ်ပယ်ဘဲနဲ့ ပါတီကို မှတ်ပုံတင်မယ်ဆိုရင် အဲဒီပါတီတွေ ရပ်တည်ခွင့် မရှိဘူးလို့ ဆုံးဖြတ်ထားတာကို တွေ့ရတယ်။ တဖက်မှာကျတော့ ဒေါ်အောင်ဆန်းစုကြည်နဲ့ နိုင်ငံရေး အကျဉ်းသားများကို ရွေးကောက်ပွဲ ၀င်လို့မရအောင် လွှတ်မပေးဘူး။ နောက်တခါ ပါတီထောင်လို့မရ၊ ပါတီဝင်အဖြစ်လည်း ပါလို့မရဘူး ကန့်သတ်ထားတယ်။ တဖက်မှာ သူတို့ရဲ့ မိခင်ပါတီတွေကို ရပ်တည်ဖို့ ခက်ခဲအောင် အမှန်တကယ် ရည်ရွယ်ချက် ရှိရှိနဲ့ ဖိနှိပ်ထားတာကို ကျနော်တို့ တွေ့ရတယ်ဗျား။ ဆိုတော့ ဒီဥပဒေဟာ အင်မတန် တရားမမျှတတဲ့ ဥပဒေဖြစ်တယ်။”

အခန်း ၄ ရဲ့ ပုဒ်မ ၂၅ ရဲ့ ပြဌာန်းချက်မှာလည်း လက်ရှိတရားဝင် ရှိနေတဲ့ နိုင်ငံရေးပါတီတွေ အနေနဲ့ ဆက်လက်ပြီး တရားဝင်ပါတီခွင့် ရပ်တည်မယ်ဆိုရင် မတ်လ ၈ ရက်နေ့က စပြီး ရက်ပေါင်း ၆၀ အတွင်း ကော်မရှင်ကို လျှောက်ထားရမယ်လို့ ဆိုပါတယ်။ ဒါဟာနိုင်ငံရေး အကျဉ်းသားတွေ ပါတီအဖြစ် ရှိနေတဲ့ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်လိုမျိုး နိုင်ငံရေး ပါတီတွေကို ဖိအားပေးတာမျိုး ဖြစ်နေတယ်လို့ ဦးအောင်တင်က ပြောပါတယ်။

“ပုဒ်မ ၂၅ မှာ လက်ရှိတည်ဆဲ ပါတီတွေအနေနဲ့ နိုင်ငံရေးပါတီအဖြစ် ဆက်လက် တည်ရှိချင်တယ်ဆိုရင် ဒီဥပဒေ ပြဌာန်းတဲ့နေ့ကစပြီး ရက်ပေါင်း ၆၀ အတွင်း ကော်မရှင်ကို လျှောက်ထားရမယ်လို့ ပါတယ်။ ရက်ပေါင်း ၆၀ ဟာ ဥပဒေပြဌာန်းတဲ့ ပြီးခဲ့တဲ့မတ်လ ၈ ရက်နေ့ကစပြီး ၂ လအတွင်း ပေါ့ဗျား။ အဲလိုလျှောက်မှသာလျှင် ဥပဒေ ပြဌာန်းချက်နဲ့ ကိုက်ညီမှသာလျှင် ဆက်လက်တည်ရှိခွင့် ရှိမယ်။ မရှိဘူး၊ မလျှောက်ဘူး ဆိုလို့ရှိရင် ပါတီအနေနဲ့ အလိုအလျှောက် ပျက်သွားမယ်လို့ ရေးထားတယ်။ ဆိုတော့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချက်ကို ကြည့်မယ်ဆိုရင် ပါတီအဖြစ် ဆက်လက်ရပ်တည်ဖို့အတွက် ပြန်ပြီး ကော်မရှင်မှာ မှတ်ပုံတင်ရင်တောင်မှ ပုဒ်မ ၄ တို့၊ ပုဒ်မ ၁၀ တို့ စတဲ့အချက်တွေကို ပြေလည်အောင် လုပ်ရမယ်။ ပုဒ်မ ၄ နဲ့ ပုဒ်မ ၁၀ အရ သူ့ရဲ့ပါတီထဲမှာ နိုင်ငံရေး အကျဉ်းသားတွေ မပါဘူးဆိုတာကို အရင်လုပ်ရမယ် ဖြစ်တယ်။ အဲလိုလုပ်ပြီး တင်မှသာလျှင် ကော်မရှမှ လက်ခံမဲ့ သဘောရှိတယ်။ အဲလိုလုပ်ဖို့ဆိုရင် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဆိုလို့ရှိရင် ဒေါ်အောင်ဆန်းစုကြည်နဲ့ အကျဉ်းကျနေတဲ့ ပါတီခေါင်းဆောင်တွေကို ထုတ်ရမဲ့ အနေအထား ရောက်နေတယ်။

အဲလိုဘဲ ရှမ်းတိုင်းရင်းသား ဒီမိုကရေစီ အဖွဲ့ချုပ်ဆိုရင်လည်း ဦးခွန်ထွန်းဦး၊ ဦးစိုင်းညွန့်လွင် အစရှိတဲ့ တိုင်းရင်းသား ခေါင်းဆောင်တွေကို ထုတ်ပယ်ရမဲ့ လက္ခဏာ ရှိနေတယ်။ အဲလို လုပ်မှသာလျှင် ရွေးကောက်ပဲ ကော်မရှင်မှ လက်ခံ အတည်ပြုမယ် ဆိုရင် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် အပါအ၀င် တရားဝင် ရပ်တည်နေနဲ့ နိုင်ငံရေးပါတီများကို အကြီးအကျယ် စိန်ခေါ်လိုက်တယ်။ ဆိုတော့ ကျနော်တို့က အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ရဲ့ ဆုံးဖြတ်ချက်ကို စောင့်ပြီးတော့ ကြည့်မယ်။ လိုအပ်တာတွေကို အားပေးကူညီမယ်။ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ကလည်း မကြာမီ အချိန်အတွင်းမှာ တိကျပြတ်သားတဲ့ ဆုံးဖြတ်ချက် တခုကိုချဖို့ အချိန် ရောက်ကို ရောက်လာပြီပေါ့ဗျား။”

စစ်အစိုးရက ပြဌာန်းလိုက်တဲ့ ဥပဒေအရဆိုရင် နိုင်ငံရေး အခြေအနေတွေဟာ ပိုပြီး ဆိုးရွားလာနိုင်တယ်လို့ မြန်မာ့နိုင်ငံရေး သုံးသပ်သူတွေက သုံးသပ်ကြပါတယ်။

0 comments:

Post a Comment