Saturday, March 06, 2010

Filled Under:

ကိုငွေစိုးလင်းအား ဖမ်းဆီးထားတာဟာ ဥပဒေနဲ့ မညီညွတ်ကြောင်း AHRC ပြော

VOA ----- 5/ 3/ 2010

ကိုငွေစိုးလင်းကို ပြည်ပသတင်း ရုပ်သံဌာနကို သတင်းပို့နေတဲ့ အချိန်မှာ ဖမ်းဆီးခဲ့တယ် ဆိုတဲ့ စွဲချက်အပြင် ပြည်ပကို တရားမ၀င် သွားရောက်မှုတွေနဲ့ တရားစွဲဆိုပြီး အင်းစိန်အထူးတရားရုံးက ထောင်ဒဏ် ၁၃ နှစ် ချခဲ့တာဟာ သက်သေခံ ဥပဒေ အရရော၊ ပြစ်မှုဆိုင်ရာ ကျင့်ထုံးဥပဒေ အရပါ မညီညွတ်တဲ့အတွက် သူ့ကို ပြန်လွှတ်ပေးဖို့ AHRC ခေါ် အာရှ လူ့အခွင့်အရေး ကော်မရှင်မှ မြန်မာအာဏာပိုင်တွေ အပေါ်မှာ အရေးပေါ် မတ္တာရပ်ခံစာ တောင်းဆိုလိုက်ပါတယ်။

ကိုငွေစိုးလင်းကို ဒီနှစ် ဇန်နာဝါရီလ ၂၇ ရက်နေ့က အင်းစိန်အထူးတရားရုံးမှ Electric ဆက်သွယ် ဆောင်ရွက်ခြင်း ဥပဒေ ပုဒ်မ (၃၃/က)အရ ထောင်ဒဏ် အပြစ် ၁၀ နှစ်၊ ပြည်ပကို တရားမ၀င် သွားရောက်မှု၊ လူဝင်မှု ကြီးကြပ်ရေး အက်ဥပဒေ ပုဒ်မ (၁၃/၁) အရ ထောင်ဒဏ် ၃ နှစ် စုစုပေါင်း ၁၃ ထောင်ဒဏ် ၁၃ နှစ် ချမှတ်ခဲ့တာပါ။ အင်တာနက်၊ အီးမေးကို အသုံးပြုပြီး နိုင်ငံခြား သတင်းဌာနကို သတင်းပို့တယ်လို့ ကိုငွေစိုးလင်းကို စွဲချက်တင်ခဲ့ပေမဲ့ သက်သေ အထောက်အထား တစုံတရာ တင်ပြနိုင်ခြင်း မရှိခဲ့သလို သံသယနဲ့ အပြစ်ပေး ခံထားရတာကို တွေ့ရတယ်လို့ အာရှ လူ့အခွင့်အရေး ကော်မရှင်က ရှေ့နေ ဦးမင်းလွင်ဦးက ပြောပါတယ်။

“ကိုငွေစိုးလင်းကို ဘိလပ် အင်တာနက် ကဖေးကနေ ထွက်လာတဲ့ အချိန်မှာ သူတို့က ဖမ်းတာဖြစ်တယ်။ အဲဒီလို ဖမ်းတဲ့အချိန်မှာ ကိုငွေစိုးလင်းက ဘယ်လိုသတင်းတွေ ပေးပို့ခဲ့တယ် ဆိုတာကို တရားစွဲ အဖွဲ့အစည်းက နေပြီး အတိအကျ ပြောပြ နိုင်ခြင်း မရှိဘူး။ နောက် ကိုငွေစိုးလင်းကို ဖမ်းတာ ဇန်နာဝါရီ၂၆ ရက်နေ့ဖြစ်တယ်။ ကိုငွေစိုးလင်းရဲ့ အိမ်ကိုသွားပြီး VDO ကမ္မရာကို သိမ်းဆည်းခဲ့တာက ဇန်နာဝါရီ ၂၉ ရက်နေ့ ဖြစ်တယ်။ သွားသိမ်းဆည်းတဲ့ VDO ကမ္မရာတွေမှာ တောင်ဒဂုံ မြို့နယ်အတွင်းမှာ ရေရရှိမှု အခက်အခဲ ဖြစ်နေတာကို ရိုက်ထားတဲ့ VDO မှတ်တမ်းခွေကို ပြုစုတာ ဖြစ်တယ်။ ဒါတွေလည်း အမှန်ဘဲ ဖြစ်တယ်။

ကိုငွေစိုးလင်းဟာ နာဂစ်မုန်တိုင်းသင့် ခံရပြီးနောက် မိဘမဲ့ ကလေးတွေရဲ့ ဘ၀အခြေအနေကို မှတ်တမ်းရုပ်ရှင် ရိုက်ပြီးတော့ နိုင်ငံတကာကို ပို့ခဲ့တဲ့ အတွက်လည်း နိုင်ငံတကာက အသိအမှတ်ပြုတဲ့ ဆုတွေရခဲ့တယ်။ အဲလို ကလေးငယ်တွေရဲ့ ကိစ္စကို တင်ပြရုံနဲ့ ကြီးလေးတဲ့ အပြစ်ဒဏ် ပေးတဲ့ကိစ္စက လုံးဝ မသင့်လျှော်ဘူး။ အပြစ်ပေးနိုင်ဖို့အတွက် အမှန်သတင်း သော်လည်းကောင်း၊ လုပ်ကြံထုတ်ပြန်တဲ့ သော်လည်းကောင်း ထုတ်ဖို့လိုတယ်။ အခု မြန်မာနိုင်ငံမှာ လက်ရှိရင်ဆိုင် ကြုံတွေ့နေရတဲ့ အခက်အခဲတွေကို တင်ပြရုံနဲ့ နိုင်ငံခြား သတင်း ဌာနတွေကို ပေးပို့ရုံနဲ့ ဒီလိုမျိုး ကြီးလေးတဲ့ ပြစ်ဒဏ်ချမှတ်ခြင်းဟာ ဥပဒေနဲ့ မညီဘူး ဆိုတာကို အထူး အလေးပေးပြီး ပြောဆိုလိုပါတယ်။”

အခုလို Electronic ဥပဒေအရ ထောင်ဒဏ် အပြစ်ပေးတာဟာ မသင့်လျှော်တဲ့အပြင် နောက်တမှုဖြစ်တဲ့ လူဝင်မှု ကြီးကြပ်ရေး ဥပဒေ ပုဒ်မ ၁၃ (၁) အရ တရားစွဲဆိုမှုမှာလည်း တရားခံဘက်က ပြန်လည်ခုခံခွင့် အခွင့်အရေး ဆုံးရှုံးနေတယ်လို့လည်း ဆိုပါတယ်။

“ကိုငွေစိုးလင်းကို မဲဆောက်ကို သွားပြီး သတင်းအချက်အလက်နဲ့ ဆိုင်တဲ့ ကြီးကြပ်တဲ့ သတင်းနဲ့ ပတ်သက်ပြီး သင်တန်းတက်ရောက်ခဲ့တယ် ဆိုပြီး သူတို့ စွပ်စွဲခဲ့တာ ရှိတယ်။ အဲဒီလို စွတ်စွဲထားတဲ့ အပေါ်မှာ မြ၀တီမှာရှိတဲ့ လူဝင်မှု ကြီးကြပ်ရေး ဌာနက ပြန်လည်ဖြေကြားထားတဲ့ စာမှာက မြ၀တီကနေ မဲဆောက်ကို သွားဖို့အတွက် ချစ်ကြည်ရေး တံတား ဖွင့်ထားတာ ရှိတယ်။ အဲဒီကနေ ကိုငွေလင်း ဖြတ်သွားတာ မဟုတ်ဘူးလို့ သူတို့အနေနဲ့ အကြောင်းပြန် ထားတဲ့စာ ရှိပါတယ်။ အဲဒီလို အကြောင်းပြန်ထားတဲ့ ကိစ္စရပ်အပေါ်မှာ တရားခံ ကိုငွေစိုးလင်း အနေနဲ့ ခုခံခြေပခွင့် မရခဲ့ဘူး။ သူ့အနေနဲ့ တကယ်တန်း ဖြတ်သန်းသွားခဲ့တာလား။ သွားခဲ့ဖူးလား ဆိုတာကို မေးမြန်းနိုင်တဲ့ အခွင့်အရေး ဆုံးရှုံးခဲ့ပါတယ်။

နောက်ပြီး လူကိုယ်တိုင် လာရောက် သက်သေခံခြင်း မဟုတ်ဘဲနဲ့ စာရွက်နဲ့ အကြောင်းပြန်ကြားတဲ့ အပေါ်မှာ တရားရုံးရဲ့ ဆုံးဖြတ်တဲ့ကိစ္စ အပေါ်မှာလည်း လွန်စွာမှပင် မှားယွင်းနေတယ်။ တရားခံရဲ့ အခွင့်အရေး ဆုံးရှုံးနေတာကို ကျနော်တို့ အဓိက ထောက်ပြထားပါတယ်။

အာရှ လူ့အခွင့်အရေး ကော်မရှင်မှ ရှေ့နေ ဦးမင်းလွင်ဦး ပြောသွားတာပါ။

အရေးပေါ် ပြန်ကြားစာ အပြည့်အစုံကို ဤအင်တာနက် စာမျက်နှာတွင် ဖတ်ရှုနိုင်ပါတယ်။ http://www.ahrchk.net/ua/mainfile.php/2010/3387/

0 comments:

Post a Comment