Saturday, March 06, 2010

Filled Under:

မှားယွင်းမှုကြောင့် အပြစ်ပေး ခံရသူတွေကို နစ်နာကြေး ပြန်ပေးသင့်

RFA -----

နိုင်ငံတကာမှာ မှားယွင်းပြီး အပြစ်ပေးခံရတဲ့ ဖြစ်ရပ်တွေ ရှိပါတယ်။ ဒါပေမဲ့ တချိန်မှာ မှားယွင်းစွာ အပြစ်ပေး ခံရသူဟာ အပြစ် မကျူးလွန်ခဲ့ကြောင်း ထင်ရှားရင် ပြစ်ဒဏ်က ချက်ချင်းလွှတ်ပေးပြီး သူခံစားရတဲ့ နစ်နာမှုအပေါ် နစ်နာကြေး ပေးလျော်ရပါတယ်။ အမေရိကန်နိုင်ငံ ကော်လိုရာဒိုပြည်နယ် ဖို့သ်ကောလင်းမြို့မှာ မကြာသေးခင်က ဖြစ်ရပ်တခုကို ဥပမာ ပြချင်ပါတယ်။ တင်မားစတားဆိုသူ လူငယ်တဦးဟာ လူသတ်မှုနဲ့ ထောင်ဒါဏ် တသက် အပြစ်ပေး ခံခဲ့ရပါတယ်။ ထောင်ဒဏ် ၁၀နှစ် ရချိန်မှာ အမှုမှန်ပေါ်ပြီး သူ့ကို ပြန်လွှတ် ပေးခဲ့ပါတယ်။ သူ့ရဲ့နစ်နာမှုအတွက် သက်ဆိုင်ရာ တရားရုံးနဲ့ ရဲအဖွဲ့က လျော်ကြေး ဒေါ်လာ ၄သန်း ပေးလျော် ခဲ့ရပါတယ်။ သူကတော့ သူထောင်ထဲမှာ ၁၀နှစ်တာ ကာလ အချိန်တွေကို ငွေဘယ်လောက် ပေးပေး ပြန်မရနိုင်ဘူးလို့ ဆိုပါတယ်။ မှားယွင်းပြီး အပြစ်ပေးခံရတာနဲ့ ပတ်သက်ပြီး အာရှ လူ့အခွင့်အရေး ကော်မရှင် လူ့အခွင့်အရေး
ရှေ့နေ ဦးမင်းလွင်ဦးက ---

“ကျွန်တော်တို့ မြန်မာပြည်တွင်းမှာ ဖြစ်ခဲ့တာတွေ အများကြီးပဲပေါ့။ ထင်ထင်ရှားရှား ဥပမာပြရရင် အောင်လံမြို့နယ်မှာ ဖြစ်သွားတဲ့ကိစ္စ ပေါ့။ ပထမ လယ်ယာမြေတွေကို သကြားစက်ကနေ သိမ်းသွားပြီးတဲ့အခါမှာ ပြန်စိုက်ခိုင်းတယ်။ တောင်သူလယ်သမားတွေက ပြန်စိုက်တယ်။ ILO ကို တိုင်တဲ့ကိစ္စ မှာ ILO နဲ့ အစိုးရ အာဏာပိုင်တွေနဲ့ သဘောတူညီမှု ရတယ်။ ILO ဝင်ရောက် စွက်ဖက် ဆွေးနွေးတဲ့အခါ တောင်သူလယ်သမားတွေဟာ ဒီလယ်ယာမြေတွေ လုပ်ပိုင်ခွင့် ရတယ်လို့ ဦးကြီးလွင်အောင် ကိုယ်တိုင်က ပြောတဲ့အတွက် သူတို့လာပြီး ဝင်ရောက် ထွန်ယက်တယ်။ ဒီလို ထွန်ယက်တဲ့ ကိစမှာ ပိုင်နက်ကျူးကျော်တယ်၊ အလုပ်ဝတ္တရား နှောင့်ယှက်တယ် ဆိုပြီး လယ်သမားတွေကို ထောင်ဒဏ် အပြစ်ပေးခဲ့တာ ရှိတယ်။

ILO က ဝင်ရောက် စွက်ဖက် ဆွေးနွေးတဲ့အခါမှသာ သူတို့ကို ပြန်လည်လွှတ်ပေးတယ်။ တောင်သူ လယ်သမားတွေဟာ ၄လ ပြစ်ဒဏ်ခံရတဲ့ အတွက် အပြစ်ရှိသလိုမျိုး ဖြစ်နေတယ်။ အချုပ်ထဲမှာ နေရတဲ့ ကာလတွေအတွက် အလကား နစ်နာဆုံးရှုံးရတာ ဖြစ်တယ်။ အဲဒီတော့ အဲဒါတွေနဲ့ ပတ်သက်လို့ ကျွန်တော်တို့မြန်မာနိုင်ငံမှာ လျော်ကြေး ပေးတာတွေလည်း မရှိဘူး၊ အဲဒါအတွက် သက်သာခွင့်လည်း မရှိဘူး။

မေး ----- ဟုတ်ကဲ့ ဦးမင်းလွင်ဦးရှင့်။ ဒါကတော့ တောင်သူလယ်သမားတွေနဲ့ ပတ်သက်တဲ့ တရားစီရင်ရေး ကဏ္ဍက ဖြစ်ရပ်ပေါ့နော်။ တခြားကဏ္ဍတွေမှာရော အခုလို မှားယွင်းပြီး ပြစ်ဒါဏ်ပေးတဲ့ ဥပမာတွေရှိရင် ပြောပါဦးရှင်။

ဦးမင်းလွင်ဦး ----- ဥပမာအားဖြင့် ပြောရမယ်ဆိုရင် အခုထောင်ဒဏ်တွေ နှစ်ရှည် ချနေတယ်။ လျှပ်စစ်နည်းပညာ သုံးပြီး သတင်းအချက်တွေကို ပေးပို့နေတယ်ဆိုပြီး စွဲဆိုတယ်။ Internet Transaction ပေါ့။ သက်သေ အထောက်အထား ခိုင်ခိုင်လုံလုံ မပြနိုင်ဘဲ ဖြစ်တယ်။ ဝက်ဘ်ဆိုက်မှာ တင်ထားတာတွေ၊ နောက်ဘလော့ဂ်တွေမှာ တင်ထားတာတွေကို Download လုပ်ပြီး ဒီဟာတွေကို ဘယ်သူပေးပို့တယ်၊ဘယ်တုန်းက ပေးပို့တယ်ဆိုပြီး စွပ်စွဲပြီး အပြစ်ပေးနေတာတွေ ရှိတယ်။ အခုတော့ အဲဒီလိုမျိုး ဘာမှမပြနိုင်ဘဲ ကွန်ပြူတာကို တွေ့ရင် ဒီဥပဒေနဲ့ တရားစွဲထားတာ တွေ့ရတယ်။ Memory Stick ကို အကြောင်းပြုပြီး အဲဒီအထဲမှာ ပါတဲ့အချက်တွေကို မင်းတို့ပြည်ပကို ပေးပို့တယ်ဆိုပြီး အရေးယူတာ တွေ့ရတယ်။

မေး ----- ဟုတ်ကဲ့။ အခုလို မှားယွင်းပြီး အပြစ်ပေးမှုနဲ့ ပတ်သက်ပြီး နိုင်ငံတကာမှာ အိုင်စီစီပီအာလို့ခေါ်တဲ့ နိုင်ငံသားနဲ့ နိုင်ငံရေး အခွင့်အရေးဆိုင်ရာ စာချုပ်ချုပ်ဆိုရာမှာ နိုင်ငံပေါင်း ၁၆၀ကျော် တက်ရောက် လက်မှတ် ရေးထိုးခဲ့တယ်လို့ သိရပါတယ်။ မြန်မာနိုင်ငံကကော ပါဝင်လက်မှတ် ရေးထိုးခဲ့ပါသလားရှင်။

ဦးမင်းလွင်ဦး ------ အိုင်စီစီပီအာ ကျွန်တော်တို့ မြန်မာနိုင်ငံ လက်မှတ်ရေးထိုးထားတာ မရှိဘူး၊ အဲဒီအပေါ်မှာ ရနိုင်တဲ့ အခွင့်အရေး တော်တော်များများကို တောင်းဆိုလို့မရဘူး ဖြစ်တယ်။ ဒါကြောင့်လဲ ကျွန်တော်တို့ အိုင်စီစီပီအာမှာ လက်မှတ် မထိုးထားတဲ့ နိုင်ငံတွေ တော်တော်များများက အကာအကွယ်ရနိုင်ဖို့အတွက် လူ့အခွင့်အရေး ကောင်စီကို တိုင်တန်းပြီး အိုင်စီစီပီအာမပါတဲ့ အခွင့်အရေးတွေကို အကာအကွယ်ပေးနိုင်ဖို့ ရနိုင်ဖို့အတွက်ကို တောင်းဆိုနေရတာ ဖြစ်တယ်။

မေး ----- ဒါဆိုရင် အခုလိုမှားယွင်းပြီး အပြစ်ပေးခံရတဲ့ သူတွေရဲ့နစ်နာမှုတွေက သက်သာရာရဖို့ ကျွန်မတို့ ဘယ်လို အကူအညီ ပေးနိုင်ပါသလဲရှင်။

ဦးမေးလွင်ဦး ------ အဲဒီလိုမျိုးကိစရပ်တွေနဲ့ ပတ်သက်လို့ ပြန်လည်ပြီးတော့ အရေးယူမယ်ဆိုရင် ဒီအမှု ပြန်လည်ဖွင့်ပေးဖို့ တောင်မှ အခက်အခဲ တော်တော်ရှိတဲ့ အခြေအနေမျိုး ဖြစ်တယ် ဆိုတာကိုတွေ့ရတယ်။ ယခုလတ်တလော အခြေအနေမှာတော့ ကျွန်တော်တို့ အနေနဲ့ ဘာမှမလုပ်နိုင်ဘူးဖြစ်နေတယ်။ တရားရုံး တရားသူကြီးတွေ ကိုယ်တိုင်က အုပ်ချုပ်ရေး အာဏာပိုင် အဖွဲ့အစည်းရဲ့အမိန့်ပေးတဲ့အတိုင်း စီမံဆောင်ရွက်နေရတာ ဖြစ်တယ်။ အခု အခြေအနေမှာ ကျွန်တော်တို့သက်သေ အထောက်အထား အချက်အလက်တွေပဲ ရယူနိုင်တာ ကျွန်တော်တို့ လုပ်နိုင်တယ်။ ကျွန်တော်တို့ ဒီမိုကရေစီနိုင်ငံ ဖြစ်လာတဲ့ အချိန်ကျမှ ယခင်တုန်းက ကျူးလွန်ခဲ့တဲ့ ပြစ်မှုတွေနဲ့ ပတ်သက်ပြီး ပြောဆိုတင်ပြ အရေးယူနိုင်မဲ့ အခြေအနေမျိုးဖြစ်တယ် ဆိုတာကို ကျွန်တော်တို့အနေနဲ့ ပြောချင်တယ်။

0 comments:

Post a Comment