Saturday, March 06, 2010

Filled Under:

ဖေါက်ခွဲရေးလုပ်ငန်း လုပ်ဖို့ကြံစည်မှုနဲ့ ကိုကျော်မိုးနဲ့ ၁၁ ဦးကို ဖမ်းဆီးခဲ့

RFA -----

ထိုင်းမြန်မာနယ်စပ် အခြေစိုက် ရခိုင် ကျောင်းသားများအဖွဲ့ အေအေအက်စ်ဝိုင်စီနဲ့ ဆက်သွယ်ပြီး ဖောက်ခွဲရေး လုပ်ငန်းတွေကို လုပ်ဖို့ ကြံစည်တယ် ဆိုတဲ့ စွပ်စွဲချက်နဲ့ ဖမ်းဆီးခံထားရတဲ့ ကိုခိုင်ကျော်မိုး အပါအဝင် ၁၁ဦးကို အမှုမဖွင့်ဘဲ ဖမ်းဆီးခဲ့သလို သက်သေ အထောက်အထား မခိုင်လုံဘဲ တရားရုံးက စစ်ဆေးနေတာကို အာရှ လူ့အခွင့်အရေး ကော်မရှင်က ကြေငြာချက် တရပ်ထုတ်ပြန် ကန့်ကွက် လိုက်ပါတယ်။

ကိုခိုင်ကျော်မိုး အပါအဝင် ၁၁ဦးကိုရဲစခန်းမှာ အမှုဖွင့်ခြင်း မရှိဘဲ ၂၀၀၉ ခုနှစ် စက်တင်ဘာလမှာ ဖမ်းဆီးခဲ့ပြီး ဒီဇင်ဘာလအထိ တရားရုံး မတင်ဘဲ နှိပ်စက် စစ်ဆေးတာတွေ ပြုလုပ်ခဲ့တဲ့ အကြောင်း အာရှ လူ့အခွင့်အရေး ကော်မရှင်က ဖော်ပြထားပါတယ်။ ဒီအမှုနဲ့ ပတ်သက်ပြီး အာရှ လူ့အခွင့်အရေး ကော်မရှင်မှ ရှေ့နေ ဦးမင်းလွင်ဦးက အာအက်ဖ်အေကို အခုလို ရှင်းပြပါတယ်။

“စတင်ဖမ်းဆီး ခံရတဲ့သူတွေဟာ စက်တင်ဘာလ ၄ ရက်နဲ့ ၅ ရက်မှာ စတင် ဖမ်းဆီးခံရတာ ဖြစ်တယ်။ ရန်ကုန်မှာ ဖမ်းဆီးခံရတဲ့ သူတွေကို အောင်သပြေ စစ်ကြောရေး စခန်းမှာ ဖမ်းဆီးထားတယ်။ စစ်ဆေး မေးမြန်းတယ်။နောက်တခါ ဘူးသီးတောင်နဲ့ ပုဏ္ဏားကျွန်းက ၂ယောက်ကို စက်တင်ဘာလ ၁၄ ရက်နေ့မှာ စပြီးဖမ်းတယ်။ စစ်တွေမှာ သူတို့ စစ်ကြောရေး စခန်းမှာ စစ်ဆေးပြီး မေးမြန်းတယ်။ ၁၇ရက်နေ့ကျတော့ ရန်ကုန်ကို လေယာဉ်နဲ့ခေါ်လာပြီး လှိုင်မြို့နယ် တရားရုံးမှာ ဖြောင့်ချက်ပေးခိုင်းတယ်။ ဖြောင့်ချက် ပေးပြီးတဲ့ အခါမှသာ ဒီအမှုကို တရားရုံးကို စွဲတင်တယ်ဆိုတာ တွေ့ရတယ်။ အဲဒီတော့ ဒီအဖြစ်အပျက် တခုလုံးဟာ ဥပဒေပြ ဌာန်းချက်နဲ့မညီတဲ့ လုပ်ဆောင်ချက်တွေ ဖြစ်တယ်။”

ဖောက်ခွဲရေးမှု၊ မူးယစ်ဆေးဝါးမှုတွေနဲ့ စွဲဆိုထားတဲ့ အထဲမှာ အဓိက သံသယရှိသူ ကိုစိုးဝင်းနိုင်ကို လက်ရ ဖမ်းဆီးနိုင်ခြင်း မရှိဘဲ ကိုစိုးဝင်းနိုင်နဲ့ ခင်မင်ပတ်သက်ခဲ့တဲ့ ကိုခိုင်ကျော်မိုးနဲ့ ၁၁ဦးကို ဖမ်းဆီးခဲ့တာသာ ဖြစ်တဲ့အကြောင်း ခိုင်လုံတဲ့ သက်သေ အထောက်အထား မရှိဘဲ တရားရုံးက ဆက်ပြီး စစ်ဆေးနေတဲ့ အကြောင်း အာရှ လူ့အခွင့်အရေး ကော်မရှင်က ပြောဆိုထားပါတယ်။
ဒီကိစ္စ ကိုလည်း ဦးမင်းလွင်ဦးက အခုလိုဆက်ပြီး ရှင်းပြထားပါတယ်။

“အဲဒီလို တရားစွဲဆိုထားတဲ့ အခါကျတော့ ဒီမူးယစ်ဆေးနဲ့ ပတ်သက်လို့လည်း သက်သေ အထောက်အထား ခိုင်ခိုင်လုံလုံ တင်ပြနိုင်ခြင်းမရှိဘူး။ အေအေအက်စ်ဝိုင်စီ ဥကဌဖြစ်သူ မင်းဇံဝေနဲ့ ဆက်သွယ် ဆောင်ရွက်တယ်ဆိုတဲ့ အခါမှာလည်း အဓိက ခိုင်လုံတဲ့ သက်သေ အထောက်အထား တရားလို ကိုယ်တိုင်က တင်ပြနိုင်ခြင်းမရှိဘူး ။အဲဒီတော့ အဲဒီလို သက်သေ အထောက်အထား ခိုင်ခိုင်လုံလုံ မရှိဘဲ တရားရုံးက ဒီအမှုကို လက်ခံစစ်ဆေး နေတယ်ဆိုတာလည်း ဥပဒေ ပြဌာန်းချက်နဲ့ မညီဘဲ ဆောင်ရွက်ရာ ရောက်တယ်။ ကိုခိုင်ကျော်မိုးနဲ့ ၁၁ ဦးကို ဖမ်းဆီးခဲ့ပြီး ရုံးတင်စစ်ဆေးခြင်း မရှိခင် စက်တင်ဘာလ ၂၄ရက်နေ့ စစ်အစိုးရထုတ် သတင်းစာတွေမှာ ဖောက်ခွဲရေးနဲ့ မူးယစ်ဆေးဝါးမှုတွေနဲ့ ပတ်သက်ပြီး ဖော်ထုတ် ဖမ်းဆီးနိုင်ခဲ့တဲ့ အကြောင်း ၊စီဖိုး ယမ်းတောင့်တွေ၊ ကွန်ပြူတာတွေ၊ ဂျိုထုဆက်သွယ်ရေး ဖုန်းတွေနဲ့တကွ ဖော်ပြခဲ့တာတွေလည်း တရားမျှတစွာ တရားစီရင်ရေးကို ကျော်လွန်ပြီး တရားစီရင်မှု အပေါ်သြဇာသက်ရောက်အောင် လုပ်ဆောင်လိုတာ ဖြစ်တဲ့အကြောင်း အာရှ လူ့အခွင့်အရေး ကော်မရှင်က ဖော်ပြထားပါတယ်။”

ဒါ့အပြင် ဒီအမှုကိစ္စနဲ့ ပတ်သက်တဲ့ အမေရိကန်နိုင်ငံသား ကိုကျော်ဇောလွင် နဲ့ပတ်သက်တယ်ဆိုပြီး ဖော်ပြထားတာတွေလည်း ပြုလုပ်ခဲ့တဲ့ အကြောင်း ဒါပေမဲ့ အထောက်အထား မခိုင်လုံတဲ့အတွက် နောက်ပိုင်းမှာ ကိုကျော်ဇောလွင်ကို သီးခြားအမှုတွေနဲ့ စွပ်စွဲ ထောင်ချခဲ့တာ ဖြစ်ကြောင်း ရေးသားဖော်ပြထားပါတယ်။

0 comments:

Post a Comment