Sunday, April 04, 2010

Filled Under:

ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေးအတွက် ဆုတောင်းသူနှစ်ဦး ထောင်ချခံရတဲ့အပေါ် AHRC က ရှုံ့ချ

VOA 1 4 10

နာဂစ်မုန်တိုင်း ဒုက္ခသည်တွေကို ကူညီခဲ့တဲ့အပြင် ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေး အတွက် ဘုရားမှာ ပုံမှန်ဝတ်ပြု ဆုတောင်းသူ မသန္တာထွန်းနဲ့ ကိုညိုတို့ကို သက်သေ ခိုင်လုံမှုမရှိဘဲ ပြီးခဲ့တဲ့ ဗုဒ္ဓဟူးနေ့က ထောင်ဒဏ် ၅ နှစ်ဆီ ချမှတ်လိုက်တဲ့ အပေါ် AHRC အာရှ လူ့အခွင့်အရေး ကော်မရှင် အဖွဲ့ကြီးမှ ပြစ်တင်ရှုံ့ချလိုက်ပြီး ဒီလူတွေ အမြန်ဆုံး ပြန်လွှတ်ပေးဖို့ ကိုလည်း တောင်းဆို လိုက်ပါတယ်။

မန္တလေး ချမ်းရိပ်သာရပ်က ကိုညိုနဲ့ အောင်မြေသာစံရပ်က မန္တာထွန်းတို့ နှစ်ဦးကို ထိုင်းနိုင်ငံကို တရားမ၀င် သွားရောက်မှုနဲ့ ထောင်ဒဏ် ၃ နှစ်၊ မတရားအသင်း အဖြစ် ကြေငြာထားတဲ့ အဖွဲ့အစည်းတွေနဲ့ ဆက်သွယ်မှုနဲ့ ထောင်ဒဏ် ၂ နှစ်၊ စုစုပေါင်း ၅ နှစ် ပြစ်ဒဏ်ကို မတ်လ ၂၄ ရက်နေ့က ရန်ကုန် အနောက်ပိုင်းခရိုင် တရားရုံးက ချမှတ်ခဲ့တာပါ။ အာရှ လူ့အခွင့်အရေး ကော်မရှင်မှ ရှေ့နေ ဦးမင်းလွင်ဦး ကတော့ သူတို့ နှစ်ဦးအတွက် စီရင်ထားမှုတွေဟာ ဥပဒေကြောင်း အရ လုံးဝ မှားယွင်းတယ်လို့ ပြောပါတယ်။

“သူတို့ကို စတင် ဖမ်းဆီးစဉ်တုန်းက တခြား တရားခံတွေ ပါပါသေးတယ်။ အားလုံး ၆ ဦးလို့ ကျနော်တို့ သိရှိရတယ်။ တချို့တွေကို စစ်ကြောရေး စခန်းမှာ စစ်ဆေး မေးမြန်းပြီး ဖြောင့်ချက် ရယူတယ်လို့ ကျနော်တို့ သိရှိရတယ်။ မန္တာထွန်းနဲ့ ကိုညိုတို့ကို အပြစ်ပေးတဲ့ ကိစ္စရပ်မှာ ပူးတွဲ တရားခံတွေရဲ့ ဖြောင့်ချက်အပေါ်မှာ မူတည်ပြီး အပြစ်ပေးထားတယ် ဆိုတာကို ကျနော်တို့ တွေ့ရတယ်။ ဒါက ဥပဒေအရ လွန်စွာမှပင် မှားယွင်းနေတာ ဖြစ်တယ်။ ဒီဖြောင့်ချက် အပေါ်မှာ ပြန်လှန် စစ်မေးနိုင်တဲ့ အခွင့်အရေး သူတို့မှာ မရရှိခဲ့ဘူး။ မန္တာထွန်းနဲ့ ကိုညိုတို့ကို ထိုင်းနိုင်ငံ မဲဆောက်မြို့ကို တရားမ၀င် ဖြတ်သန်းသွားလာ ၀င်ရောက်တယ်လို့ စွပ်စွဲထားသော်လည်း ဘယ်နေ့ ဘယ်ရက် သူတို့ သွားတယ်ဆိုတာ သက်သေ အထောက်အထား သူတို့ ပြနိုင်တာ မရှိဘူး။”

“လူဝင်မှု ကြီးကြပ်ရေး ဌာနကနေ ပြန်ကြားတဲ့ စာမှာလည်း ချစ်ကြည်ရေး တံတားကနေပြီး တဖက်နိုင်ငံကို သွားရောက်တဲ့ အချက်အလက် သူတို့မှာ မတွေ့ရဘူး ဆိုပြီး အကြောင်းပြန်ထားတာ ရှိတယ်။ သို့သော်လည်း တရားရုံး ကနေပြီး မန္တာထွန်းနဲ့ ကိုညိုတို့ကို တဖက်နိုင်ငံကို တရားမ၀င် ဖြတ်သန်းသွားလာ ၀င်ရောက်တယ် ဆိုပြီး ပြစ်ဒဏ် ပေးထားတယ်လို့ ကျနော်တို့ တွေ့ရှိရတယ်။ ဒါက ဥပဒေအရ မှားယွင်းတဲ့ကိစ္စရပ် ဖြစ်တယ်လို့ ကျနော်တို့ ပြောချင်ပါတယ်။”

“အသင်းအဖွဲ့ ဖွဲ့စည်းခြင်းဥပဒေ ပုဒ်မ ၇ အရ မတရားအသင်းအဖြစ် ကြေငြာထားတဲ့ မျိုးဆက်သစ် လူငယ်များ Generation Wave၊ နောက်ပြီး သံဃာ့တပ်ပေါင်းစုတို့နဲ့ ဆက်သွယ်တယ် ဆိုတဲ့ကိစ္စရပ် တွေနဲ့ ပတ်သက်ပြီး သက်သေ အထောက်အထား ခိုင်ခိုင်လုံလုံ ပြနိုင်တယ်လို့ ကျနော်တို့ မတွေ့ရှိရဘူး။ သူတို့ကို အပြစ်ပေးထားတဲ့ အခါမှာ ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေး အတွက် စည်းရုံး လှုံ့ဆော်တယ်၊ နောက်ဆေးနီ ပက်ဖျန်းတယ် ဆိုတဲ့ ကိစ္စရပ်တွေမှာလည်း သက်သေ အထောက်အထား ခိုင်ခိုင်လုံလုံ မရှိဘဲနဲ့ မသန္တာနဲ့ ကိုညိုတို့ နှစ်ဦးအပေါ်မှာ ပြစ်ဒဏ် စီရင်ထားခြင်းဟာ လုံးဝ မှားယွင်းနေတာ ဖြစ်တဲ့အတွက် အမြန်ဆုံး ပြန်လည် သုံးသပ်ပြီး လွှတ်ပေးဖို့ လိုအပ်တယ်လို့ ကျနော်တို့ အာရှ လူ့အခွင့်အရေး ကော်မရှင်မှ အရေးပေါ် မတ္တရပ်ခံစာ ထုတ်ပြန်ရခြင်း ဖြစ်ပါတယ် ခင်ဗျား။”

အာရှ လူ့အခွင့်အရေး ကော်မရှင်က အခုလို အရေးပေါ် မေတ္တာရပ်ခံစာ ထုတ်ပြန်ရခြင်းရဲ့ နောက်တကြောင်းက ဒီအမှုတွေဟာ ၂၀၀၀ ပြည့်နှစ် တရားစီရင်ရေး ဥပဒေပါ ပြဌာန်းချက်ကို ကျူးလွန်ဖေါက်ဖျက်ရာ ရောက်နေတဲ့ အတွက်ကြောင့် ဖြစ်တယ်လို့လည်း ပြောပါတယ်။

“အမှုစတင် ဖြစ်ကတည်းက ရှေ့နေနဲ့ ခုခံခြေပခွင့် ရခဲ့တာ မဟုတ်ပါဘူး။ တရားခံတွေကို စစ်တဲ့အဆင့် ရောက်မှသာ ရှေ့နေတွေနဲ့ တရားဝင် လွှဲစာအရ ၀င်ရောက် ဖြေရှင်းရတာ ဖြစ်တဲ့အတွက် ပြန်ခေါ်သက်သေတို့ အရေးကြီးတဲ့ သက်သေတို့ကို စစ်ဆေး မေးမြန်းဖို့ရန် အခွင့်အရေး ဆုံးရှုံးခဲ့တာ ဆိုတာကို ကျနော်တို့ တွေ့ရတယ်။ ဒါတွေကလည်း ၂၀၀၀ ပြည့်နှစ် တရားစီရင်ရေး ဥပဒေအရ ပြဌာန်းချက်ကို အတိအလင်း ကျူးလွန် ဖေါက်ဖျက်တယ်လို့ ကျနော်တို့ ပြောချင်ပါတယ်။”

မန္တာထွန်းနဲ့ ကိုညိုတို့ နှစ်ဦးဟာ နာဂစ်မုန်တိုင်းသင့် ဒေသမှာရှိတဲ့ မိဘမဲ့ ကလေးတွေနဲ့ ဒုက္ခရောက်နေ သူတွေကို ကူညီခဲ့သူတွေ ဖြစ်တဲ့အပြင် အဖမ်းမခံရခင် အချိန်အထိ ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေး အတွက် ဘုရားမှာ ပုံမှန် ၀တ်ပြုဆုတောင်း နေသူတွေဖြစ်ပြီး အခုလက်ရှိ အပြစ်ပေးထားတဲ့ ကိစ္စရပ်တွေကို ကျူးလွန်မှု မရှိဘူးလို့လည်း ဦးမင်းလွင်ဦးက ပြောပါတယ်။

1 comments:

  1. Eng to Bur Dictionary - http://www.slingfile.com/file/TNvQg5BW4F

    ReplyDelete