Tuesday, April 13, 2010

Filled Under:

၂၀၁၀ ရွေးကောက်ပွဲနဲ့ မီဒီယာ

ဒီနေ့ဆွေးနွေးမှာကတော့ မြန်မာနိုင်ငံမှာ ရွေးကောက်ပွဲလုပ်မယ် ၊ဘယ်လောက်စေ့စပ် ညှိနှိုင်းပြီး အဖြေရှာနိုင်စရာ အကြောင်း ရှိသလဲဆိုတာကို ဆန်းစစ်တဲ့တစိတ်တဒေသဖြစ်ပါတယ်။ သီးခြားအကြောင်းအရာကတော့ မြန်မာနိုင်ငံစစ်အစိုးရက ကျင်းပပေးမယ်ဆိုတဲ့ ရွေးကောက်ပွဲအတွက်နိုင်ငံရေးလွတ်လပ်ခွင့်လည်း မရှိဘူး ၊နိုင်ငံရေးပါတီတွေမဲဆွယ် စည်းရုံးခွင့်ကိုလည်းပဲ ဘယ်လိုဘယ်လိုဆိုတာ ကန့်သတ် ထားတယ်။

လူတိုင်းပါဝင်ခွင့် မရဘူး ဘယ်အကြောင်းအရာဘယ်လိုဖြစ်ခဲ့ရင် နိုင်ငံရေးပါတီမှာ ဝင်ခွင့်မရှိဘူး စသဖြင့်ကန့်သတ်ချုပ်ချယ်မှုတွေ အများကြီး ရှိနေသလို ဒီရွေးကောက်ပွဲကို နိုင်ငံတကာမှာ စောင့်ကြည့်လေ့လာနေတဲ့ အဓိက အင်အားစု တရပ်ဖြစ်တဲ့ မီဒီယာကိုလည်းပဲ သူတို့က လွတ်လပ်ခွင့် တစုံတရာပေးမဲ့အရိပ်အယောင် မတွေ့ရပါဘူး၊ မီဒီယာတွေဟာ လွတ်လပ်စွာ စောင့်ကြည့်ရေးသားခွင့်မရှိဘူးဆိုတာအခုကတည်းကတွေ့နေရပါတယ်။

ဒီလိုအခြေအနေမျိုးနဲ့ ကျင်းပလာမဲ့ရွေးကောက်ပွဲဟာ မြန်မာနိုင်ငံ ပြဿနာအတွက် မှန်ကန်သော အဖြေ၊ မှန်ကန်သောရလဒ် ပေါ်ထွက်နိုင်ပါ့မလားဆိုတာလည်းပဲ ဒီနေ့ဆွေးနွေးရလိမ့်မယ်လို့ မျှော်လင့်ပါတယ်။ နိုင်ငံတော်အကြီးအကဲ ဗိုလ်ချုပ်မှူးကြီး သန်းရွှေကတော့ မိန့်ခွန်းတွေပြောတိုင်း ရွေးကောက်ပွဲမှာသတိတရားနဲ့ ဆင်ခြင်ပြီး ဘယ်လိုလုပ်သွားဖို့ ဆိုတာပြောကြား နေတာတွေ့ရပါတယ်။ မြန်မာပြည်သူတွေမှာတော့ ရွေးကောက်ပွဲအတွက် သတိတရနဲ့ ထိန်းထိန်းသိမ်းသိမ်းမဲ ပေးဖို့ကို အဓိက ဗိုလ်ချုပ်မှူးကြီး ကပြောနေပေမဲ့ ပြည်သူတွေကတော့ လျှပ်စစ်မီးမရလို့ ၊ရေမရလို့ အင်မတန် အပူဒါဏ်ကို ကျောကော့အောင် ခံနေရတယ်ဆိုတဲ့ သတင်းတွေကတော့ ကြားနေရပါတယ်။

ဆိုတော့ ရွေးကောက်ပွဲလုပ်ပေးတာတို့၊ဒီမိုကရေစီရေးဆောင်ရွက်ပေးတာတို့ဆိုတာကတော့ ကျေှးဇူးတင်ကောင်း တင်ကြပါလိမ့်မယ်။ လောလောဆယ်မီးရေရအောင်တော့ ဘာကြောင့်မလုပ်ပေးနိုင်သလဲ ၊ဒီစစ်အစိုးရဆိုပြီးတော့ ပြည်သူတွေ ငြီးတွားနေတာကတော့ အမှန်ပဲဖြစ်ပါတယ်ခင်ဗျ၊ ဒီနေ့ဆွေးနွေးတဲ့နေရာမှာ သောတရှင်တို့ဆွေးနွေးကြတာကို အဓိကဒိုင်ခံ ပြောကြားပေးမဲ့ ပုဂ္ဂိုလ်တွေကိုဖိတ်ထားပါတယ်။အဲဒီအထဲမှာအမျိုးသားရေးဦးဝင်းနိုင်၊ မြန်မာသတင်းသမဂ္ဂကဦးမောင်မောင်မြင့်၊ မြန်မာနိုင်ငံသတင်းတွေကို စောင့်ကြည့် သတင်းပို့နေတဲ့ သတင်းထောက် ထိုင်းနိုင်ငံမှာ အခြေစိုက်တဲ့ မြန်မာနိုင်ငံက စာရေးဆရာ မောင်သာမညတို့ဖြစ်ပါတယ်။ ဒီပုဂ္ဂိုလ်တွေကတော့ သတင်းလွတ်လပ်ခွင့် နဲ့ မြန်မာနိုင်ငံ အတိုင်းအတာကို ဆွေးနွေးနိုင်မဲ့ ပုဂ္ဂိုလ်တွေ ပါ။ ဦးမောင်မောင်မြင့်ကိုမေးပါရစေ။

မေး….မြန်မာနိုင်ငံမှာ အခုရွေးကောက်ပွဲအတွက်သတင်းလွတ်လပ်ခွင့်ပေးမဲ့ အလားအလာ ၊ မီဒီယာတွေ လွတ်လပ်စွာစောင့်ကြည့် ခွင့်ပေးမဲ့ အလားအလာကိုတော့ ကျနော်တို့ ကြားရတဲ့ သတင်းတွေအရ သိပ်အကောင်းမမြင်လှဘူးခင်ဗျ၊ရွေးကောက်ပွဲကို စောင့်ကြည့်နေတဲ့ မီဒီယာတွေ လွတ်လွတ်လပ်လပ် စောင့်ကြည့်ခွင့် ရပါ့မလားဆိုတဲ့ သံသယမျိုးကျနော့်ဆီမှာ ဖြစ်မိတာ အမှန်ပါပဲ ဦးမောင်မောင်မြင့်ကောသတင်းသမဂ္ဂ ဥက္ကဌ အနေနဲ့ ဘာကြားလဲ၊ ဘယ်လိုအလားအလာမြင်သလဲ၊ မီဒီယာတွေက လွတ်လွတ်လပ်လပ်စောင့်ကြည့်ခွင့် ရှိပါ့မလား ဒီရွေးကောက်ပွဲမှာ ………
ဦးမောင်မောင်မြင့်……….. ကျနော်တို့က ရွေးကောက်ပွဲ ဥပဒေတွေ မထွက်လာခင် အချိန်ထိတော့ ရွေးကောက်ပွဲဥပဒေ ထွက်လာပြီးလို့ရှိရင် မြန်မာနိုင်ငံရဲ့ နိုင်ငံရေးအခြေအနေဟာ နည်းနည်းလေးတော့ ပြောင်းလာမယ် ပြောင်းလာမယ်ဆိုတဲ့ နေရာမှာ စစ်အစိုးရအနေနဲ့ ဒီရွေးကောက်ပွဲအတွက် ကြိုတင်ပြင်ဆင်တဲ့ အနေနဲ့ လူတွေကို နည်းနည်းလဲပိုပြီးလွတ်လပ်ခွင့် ပေးလာမယ်။ပြောရေးဆိုခွင့်တွေ၊ သတင်းစာတွေမှာ ပိုရလာမယ်။ မီဒီယာတွေမှာ ပိုရလာမယ်။ ကျနော်အဲ့ဒီလို မျှော်လင့်ခဲ့တယ်။ သို့သော် ရွေးကောက်ပွဲ ဥပဒေ ထွက်လာပြီးနောက်ပိုင်းကျတော့ အဲဒီဥပဒေကိုဝေဖန်မှာစိုးတဲ့ အတွက်ကြောင့်ပဲလား မသိဘူးမီဒီယာကိုပိုပြီးတင်းကျပ်လာတာကိုတွေ့ရပါတယ်။

ကျနော်တို့အံ့သြမိတာ တချက်ကတော့စစ်အစိုးရအနေနဲ့ အဓိက စိုးရိမ်ရတဲ့အန်အယ်လ်ဒီအနေနဲ့က ရွေးကောက်ပွဲမဝင်တော့ဘူးလို့ဆုံးဖြတ်ပြီးပြီ။ အဲလိုအနေအထားမျိုးမှာ တကယ်တမ်းပြောရရင် စစ်အစိုးရအနေနဲ့နိုင်ငံရေးအားဖြင့် ကြောက်စရာအခြေအနေမရှိတော့ဘူး၊ ဘာကြောင့်လဲဆိုတော့အခုဝင်ပြိုင်မဲ့ ပါတီတွေ ဟာလည်းပဲ သူတို့စိုးရိမ်ရမဲ့အနေ အထား လောက်အထိ၊လူအင်အားအရရော၊ ငွေအင်အားအရရောအခြေအနေမရှိဘူး ၊ ဘယ်သူပဲတက်တက်စစ်အစိုးရအနေနဲ့ အခြေခံ ဥပဒေမှာကိုကသူတို့က အပိုင်စီးရယူထားပြီးပြီဆိုတဲ့အနေအထားမှာ သူတို့ကစိုးရိမ်စရာဘာမှမရှိဘူး ၊အနေအထားမျိုးမှာ အခုလောက်အထိဘာကြောင့် မီဒီယာတွေကိုကျပ်နေရသလဲဆိုတာကိုတော့ ကျနော်တို့အမှန်အတိုင်းပြောရရင်တော့အတော်လေး စဉ်းစားရခက်နေပါတယ် ၊

မေး…….အကြောက်လွန်နေတယ်ဆိုတဲ့ သဘောပေါ့

ဦးမောင်မောင်မြင့်………ဟုတ်ပါတယ်။

မေး……ဆရာ မောင်သာမညခင်ဗျ၊ ရွေးကောက်ပွဲ တခုကျင်းပမယ်ဆိုရင်မီဒီယာတွေရဲ့အခန်းဘယ်လောက် အရေးကြီးပါသလဲ
မောင်သာမည….ရွေးကောက်ပွဲ လုပ်တယ်ဆိုတာက ပြည်သူလူထုကနေပြီးတော့ သူတို့ ကြိုက်တဲ့၊ သူတို့ရဲ့ ကိုယ်စား ဆောင်ရွက်ပေးမဲ့ ပုဂ္ဂိုလ်တွေကိုရွေးချယ်တာပေါ့ခင်ဗျာ၊ အဲဒီလိုရွေးချယ်တဲ့ အခါကျတော့နိုင်ငံတခုရဲ့ ကံကြမ္မာအတွက်က တော်တော်ကြီးအရေးပါတဲ့ အနေအထားလို့ ပြောရမယ်ခင်ဗျ၊ အဲဒီလို အနေအထားမှာ မီဒီယာသမားတွေက အလယ်ကနေ ထိုင်ပြီး ပြည်သူလူထုရဲ့ သဘောထားနဲ့ ပြည်သူလူထုရဲ့အကျိုးကို ဆောင်ရွက်မဲ့ သူတွေရဲ့သဘောထား၊ဒါတွေကို ကျနော်တို့က ပွင့်လင်းအောင်လုပ်ရတာကိုး ၊ အဲဒီလိုပွင့်လင်းအောင်လုပ်နိုင်တဲ့ အခါကျတော့မှဘဲ ပြည်သူလူထုကလည်းပဲ သူတို့လိုချင်တဲ့ ၊ သူတို့စိတ်တိုင်းကျတဲ့ နိုင်ငံရေးသမားတွေ၊ လွှတ်တော် အမတ်တွေကို ရွေးနိုင်မှာကိုး၊ အဲဒီနေရာမှာမီဒီယာ သမားက အင်မတန်အရေးကြီးတယ်။

ဒါကြောင့်လည်း မီဒီယာ သမားကိုကျနော်တို့က နိုင်ငံတခုရဲ့ မျက်စိ၊နားစသဖြင့်ပြောကြတာကိုး ၊ အဲလို မျက်စိ၊ နားရှိတဲ့ အခါကျတော့မှဘဲ ဒီတိုင်းသူပြည်သားတွေဟာလည်းပဲသူတို့စိတ်ကြိုက်ရွေးချယ်နိုင်မယ်။ တိုင်းပြည်ရဲ့ ကံကြမ္မာကို ဖန်တီးပေးနိုင်မဲ့သူကို သူတို့စိတ်တိုင်းကရွေးချယ်နိုင်မယ်။ရှင်းရှင်းပြောရရင်တော့ ဒီအချိန်မှာလူတော်လူကောင်းတွေကို ရွေးချယ်ဖို့အတွက် သိပ်အရေးပါတဲ့အချိန်ဆိုရင်တော့ ဒီလူဟာလူတော်လားလူကောင်းလား တိုင်းပြည်အ ကျိုးကို တကယ်ဆောင်ရွက်မဲ့သူလား၊ တိုင်းပြည်ကိုလိမ်ညာသွားမဲ့လူလားဆိုတာကို ဖော်ပြနိုင်တဲ့သူကမီဒီယာသမားဖြစ်တယ်။ အဲဒီတော့ မီဒီယာသမားဟာ တိုင်းပြည်ရဲ့ကံကြမ္မာကိုဖန်တီးနိုင်မဲ့ ဒီရွေးကောက်ပွဲမှာ အရေးကြီးဆုံး အခန်းကဏ္ဍကနေပါတယ်လို့ပဲ ကျနော်ကမြင်တယ်ခင်ဗျ။

မေး………..အဲဒီတော့ မီဒီယာ သမားတွေကို ဘာမရေးရ ညာမရေးရဆိုပြီး လုပ်ထားလေတော့ ဒီအခွင့်အရေးလည်းရမဲ့ အလားအလာမတွေ့ရပါဘူး၊အဲဒီလိုဆိုရင်တော့ နိုင်ငံရေးအားဖြင့်လည်း ထိန်းချုပ်မှုတွေများ၊ မီဒီယာသမားလည်း လွတ်လပ်စွာ စောင့်ကြည့်လေ့လာခွင့် ရေးသားခွင့် မရဘူးဆိုရင် ဒီရွေးကောက်ပွဲက ပေါ်ထွက်လာနိုင်မဲ့ ရလဒ်က အင်္ဂလိပ်လို credibility ရှိရဲ့လားခင်ဗျ၊ယုံကြည်ကိုးစားလောက်တဲ့ ရွေးကောက်ပွဲရလဒ်လား၊ ဂုဏ်သက္ခာရှိတဲ့ ရွေးကောက်ပွဲ ရလဒ်လား၊ အများပြည်သူယုံကြည်တဲ့ ရွေးကောက်ပွဲရလဒ်ဖြစ်နိုင်မလားဆိုတာနဲ့ ပတ်သက်ပြီးတော့ ဦးဝင်းနိုင်ကိုမေးပါရစေ။

ဦးဝင်းနိုင်…..အဲဒါကတော့ တော်တော်ဆိုးတဲ့ ကိစ္စပေါ့ဗျာ၊ မီဒီယာလွတ်လပ်ခွင့်နဲ့ ပထမစပြီးပြောရမယ်ဆိုရင် မီဒီယာဟာ လွတ်လပ်ခွင့်မရှိတာတော့ အားလုံးအသိ၊နိုင်ငံရေးသမားတယောက်အနေနဲ့ အလျင်းသင့်တုန်း အခွင့်အရေးယူပြီးပြောရရင် ကျနော့ တယ်လီဖုန်းဖျက်ထားတာ ၂၀၀၇ခုနှစ် ထောင်ထဲရောက်တဲ့ အချိန်ကစပြီးဖျက်ထားတာ အခုအထိပြန်မပေးဘူး ။ကမ္ဘာ့နိုင်ငံခေါင်းဆောင်တွေပေါ့လေ အာဆီယံနိုင်ငံကခေါင်းဆောင်တွေပေါ့လေပြောနေကြတာပဲ သူတို့အနေနဲ့ မြန်မာနိုင်ငံရဲ့ ရွေးကောက်ပွဲကို တရားမျှတပြီးအားလုံးပါဝင်နိုင်တဲ့ လွတ်လပ်တဲ့ရွေးကောက်ပွဲဖြစ်စေချင်တယ်ဆိုတဲ့ စကားကိုသူတို့တင်ပြတယ် သူတို့ ပြောတဲ့စကားဟာ diplomatic language လို့ခေါ်ပါတယ်၊ အဲတော့ diplomatic language ဟာ ဒီလောက်ပြောတယ်ဆိုရင် ကျနော်တို့လုပ်မဲ့ရွေးကောက်ပွဲအပေါ်မှာ သူတို့အနေနဲ့ယုံကြည်စိတ်ချရမှုမရှိဘူးဆိုတဲ့ အဓိပ္ပါယ်ကို ပေါ်လွင်စေတယ်လို့အဓိပ္ပါယ်ကောက်ယူရပါတယ်။

မေး….. ဦးဝင်းနိုင်ကိုမေးချင်တာရှိပါသေးတယ်၊ ဦးဝင်းနိုင်တို့က အုပ်စုလားပါတီလားဖွဲ့တယ်လို့ ကြားရပါတယ်၊ အဲဒါက ဟုတ်ပါသလား၊

ဦးဝင်းနိုင်….ရွေးကောက်ပွဲမဝင်ဘူးလို့ပြောထားပါတယ်။ ကျနော်တစ်သီးပုဂ္ဂလ အနေနဲ့ ပေါ့လေ အမျိုးသား ရေးကို ဆက်လုပ်ချင်တဲ့ အတွက် ကျနော် တစ်သီးပုဂ္ဂလ အမျိုးသား နိုင်ငံရေးသမားများအနေနဲ့ ကျနော်တို့အုပ်စုဖွဲ့ရခြင်းဖြစ်ပါတယ်ခင်ဗျ၊

မေး..အဲဒါကိုကော မှတ်ပုံတင်ဖို့လိုအပ်တယ်ထင်ပါသလား၊ တင်ရမယ်ဆိုရင် တင်ကောတင်မလား၊

ဦးဝင်းနိုင်…..မှတ်ပုံတင်ဖို့ မလိုပါဘူးခင်ဗျ၊ တစ်သီးပုဂ္ဂလဆိုတာက ပါတီနိုင်ငံရေးလို အဖွဲ့အစည်းမဟုတ်တဲ့အတွက် မှတ်ပုံတင်ဖို့ သူတို့လောလောဆယ်ပြဌာန်းထားတာ အကျုံးမဝင်ဘူးခင်ဗျ၊

မေး…..နောက်တယောက်ကတော့ မဇ္ဇိမ သတင်းဌာနက အယ်ဒီတာ ကိုစိန်ဝင်းချင်းမိုင်မှာ အခြေစိုက်ပြီး မြန်မာသတင်းကို စောင့်ကြည့်လေ့လာတဲ့ပုဂ္ဂိုလ်ဖြစ်တယ်။ ကိုစိန်ဝင်းတို့ကအနီးကပ်လေ့လာ သတင်းပို့ရမယ့်လူဆိုတော့ မီဒီယာလွတ်လပ်ခွင့် တိုင်းပြည်မှာမရှိရင် ဘယ်ပုံဘယ်နည်းနဲ့ ကျနော်တို့ တင်ပြနိုင်မယ်ထင်ပါလဲခင်ဗျ၊

ကိုစိန်ဝင်း…..ကျနော်တို့မီဒီယာ သမားတွေအနေနဲ့ အခန်းကဏ္ဍက အရေးပါတယ်ဆိုတဲ့ဟာက အကုန်လုံးလည်း သိပြီးသားဖြစ်နေတာပေါ့၊ ဒီမှာ သတင်းသမားတွေအနေနဲ့ ဘယ်လိုလုပ်မလဲဆိုတဲ့ဟာကို မသွားခင်မှာဘဲ ပထမဆုံး ဘာကိုလည်းကြည့်သင့်သလဲဆိုတော့ သတင်းသမားတွေက ရွေးကောက်ပွဲဥပဒေတွေစထွက်လာပြီဆိုကတည်းကိုက ဒီဥပဒေကို အလွတ်ရသင့်တယ်။ဒီဥပဒေက ဘယ်သူတွေကို ဘယ်အုပ်စုကို ချန်လှပ်ထားဖို့ ရည်ရွယ်လဲ၊တရားမျှတမှုမရှိဘူးလဲဆိုတာတွေကို ကျနော်တို့က လေ့လာသင့်တယ်။ ပြီးတဲ့အခါမှ ဒီဥပဒေဟာ ရေးဆွဲထားတဲ့အပေါ်မူတည်ပြီး သုံးသပ်ချက်ပေးနိုင်ရမ၊ဲ့တရားမျှတတဲ့ ရွေးကောက်ပွဲဖြစ်နိုင်ပါ့မလား၊ နောက်ဆုံးသတင်းသမားတွေအနေနဲ့ ဘာတောင်မှပြောသင့်သလဲဆိုတော့ တရားမျှတမှု မရှိတဲ့ဥပဒေဆိုရင်ဘွိုင်းကောက်လုပ်ဖို့၊ စသဖြင့် ပြောနိုင်တဲ့ဟာတွေဖြစ်ရမယ်။

ကျနော်တို့ အခုရွေးကောက်ပွဲဟာ သွားနေတဲ့လမ်းကြောင်းကပုံမှန်အတိုင်းကောဟုတ်ရဲ့လားဆိုတာ ၊ပုံမှန်အတိုင်းဆိုရင်တော့ ကျနော်တို့က ဒီမဲဆွယ်တဲ့သူတွေ၊ အမတ်လောင်းတွေဘာတွေ ကတိပေးလဲ၊ ပြည်သူလူထုလိုတာတွေ ဘာတွေလိုချင်သလဲ၊ အဲဒီ ကနေစပြီး ရွေးကောက်ပွဲလုပ်ငန်းတွေမှာ ၊ ဒီမဲပေးတာကအစ ဘယ်လောက်လွတ်လပ်ပြီး တရားမျှတမှုရှိတဲ့ ပတ်ဝန်းကျင်လဲ၊ ကော်မရှင်မှာဘယ်သူတွေပါလဲ ၊ဘယ်လိုလူမျိုးတွေလဲဆိုတာတွေကို လေ့လာပြီးလုပ်သင့်တာကိုလုပ်ရမယ်။

မေး….ပြည်တွင်းသတင်းသမားကတော့ မလုပ်နိုင်ဘူး ၊ပြည်ပသတင်းသမားတွေကတော့ ဥပဒေကတော့ လူတိုင်း ဖတ်လို့ရတော့ ပြည်ပကတော့ လွတ်လပ်တဲ့ နေရာမှာရောက်နေကြလို့ သူတို့ပြောကြတာတွေ့ရပါတယ်။ရွေးကောက်ပွဲ တကယ်ကျင်း ပလာတဲ့အခါမှာရော ပြည်ပသတင်းသမားတွေကိုစိန်ဝင်းတို့တွေက ဘယ်လို သတင်းပို့ကြမလဲ၊ ဘယ်လို ရွေးကောက်ပွဲ အခြေအနေကိုကာဗာလုပ်မလဲ၊ ဘယ်လိုစောင့်ကြည့်မလဲရွေးကောက်ပွဲ အဖြစ်မှန်ကိုပြည်သူသိအောင်လုပ်နိုင်တဲ့ အရည် အချင်းရှိသလား ၊

ကိုစိန်ဝင်း……..ကျနော်တို့အနေနဲ့က ရွေးကောက်ပွဲဥပဒေစထွက်လာကတည်းက ဥပဒေကို ခွဲခြမ်းစိတ်ဖြာတာလုပ်တယ်။ ဘာတွေက တရားမျှတမှု မရှိဘူး ဆိုတာကို ပြောနိုင်အောင်ကြိုးစားတယ်။ ဥပမာ အကျဉ်းကျနေတဲ့သူက ရွေးကောက် ပွဲဝင်လို့မရဘူးဆိုတဲ့ ကန့်သတ်ချက်ဒါဟာမျှတမှုမရှိဘူးလို့ယူဆလို့ရတယ်၊ဥပမာပါလက်စတိုင်းနဲ့ အစ္စရေးကိစ္စမှာ အစ္စရေး ထောင်ထဲရောက်နေတဲ့ ပါလက်စတိုင်းတွေကပါလက်စတိုင်း ရွေးကောက်ပွဲအတွက်ကို ဝင်ရောက်အရွေးခံမဲ့ဟာမျိုးတွေ လုပ်လာခဲ့တဲ့အတွက် ဝင်ရောက်အရွေးခံမဲ့ဟာမျိုးတွေရှိတယ်၊နောက်ပြီးအိန္ဒိယတို့ ဘာတို့မှာလည်းလေ့လာလို့ရတယ်။ဗမာပြည်မှာ ဘာဖြစ်လို့ ဒါကိုလုပ်သလဲဆိုရင် ကျနော်တို့နိုင်ငံမှာလုပ်နိုင်တာ ပြည်တွင်းမှာဆိုရင်အကန့်အသတ်တွေ ရှိကောင်းရှိမယ် ၊သို့သော်လည်း ကျနော်တို့ ကြိုတင်ပြင်ဆင်မှုတွေ လုပ်ထားပါတယ်။

မေး………….ဦးမင်းလွင်ဦးကဥပဒေသမားဆိုတော့ မြန်မာနိုင်ငံမှာ တရားဥပဒေကိုလည်းရွေးကောက်ပွဲနဲ့ ရွေးကောက်ပွဲကျင်းပနိုင်မဲ့လွတ်လပ်တဲ့ စနစ်ဘာညာ မရှိဘူးဆိုတာတော့ လူတွေ သိပြီးသားဖြစ်ပါတယ်။ ဒီလို အခြေအနေမျိုးမှာ ကျင်းပလာမဲ့ ရွေးကောက်ပွဲက လူအများယုံကြည် ကိုးစားနိုင်တဲ့ ရွေးကောက်ပွဲ မဖြစ်နိုင်ဘူးဆိုတာလည်းပဲ လူတွေက သုံးသပ်ကြပါတယ်။ ကျနော်သိချင်တာက မြန်မာစစ်အာဏာပိုင်တွေက ယုံကြည်ကိုးစားမှု ရှိရှိမရှိရှိ ငါတို့ ဂရုမစိုက်ဘူးဆိုတဲ့ သဘောလား၊ယုံကြည်ကိုးစားမှု မရှိဘူးဆိုတာကို သူတို့မသိလို့များလား ဘယ်လိုထင်လဲခင်ဗျ၊
ဦးမင်းလွင်ဦး……….ဟုတ်ကဲ့ နအဖစစ်အစိုးရ အနေနဲ့တော့ ယုံကြည်မှုရှိရှိ မရှိရှိ ငါတော့ ဂရုစိုက်စရာမလိုဘူး၊ ငါတို့လုပ်မဲ့အလုပ် ငါတို့ ပြီးအောင်လုပ်မယ်ဆိုတဲ့ သဘောမျိုးစီစဉ်ထားတာ တွေ့ရတယ်။

ဘာ့ကြောင့်အဲဒီလိုပြောနိုင်သလဲဆိုရင် ပြီးခဲ့တဲ့ ၂၀၀၈ခုနှစ်တုန်းက ဖွဲ့စည်းပုံအခြေခံ ဥပဒေ အတည်ပြုဖို့ အတွက် လူမရှိတဲ့ မဲရုံကို ဓာတ်ပုံ သွားရိုက်တဲ့ သတင်းထောက်ကိုအောင်ထွန်းမြင့် အဖမ်းခံခဲ့ရတယ်။ သက်သေအထောက်အထား ဘာမှမရှိတဲ့ အခါကျတော့ နယ်စပ်ကိုကူးသန်းသွားတယ်ဆိုတဲ့ ပုဒ်မနဲ့ အပြစ်ပေးခဲ့တယ်။ သူတို့က ကြိုတင်စီစဉ်ပြီးသားဖြစ်နေတယ်။ ဥပမာ မလှလှဝင်း၊ ကိုငွေစိုးလင်း ၊ဒီလိုမျိုး သတင်းထောက်တွေအနေနဲ့ ပြည်ပကို သတင်းမပို့နိုင်အောင် ၊ပို့တဲ့လူတွေမင်းတို့ ဒီလိုပဲဖြစ်မယ်ဆိုတဲ့ စံနမူနာပြတဲ့ အနေနဲ့ ကြီးလေးတဲ့ ပြစ်မှုတွေပေးထားတယ်ဆိုတာ ကျနော်တို့တွေ့ရတယ်။ နောက်ပြီးတော့ ရွေးကောက်ပွဲတွေကိုစောင့်ကြည့်လေ့လာနိုင်ဖို့ အတွက် လွတ်လွတ်လပ်လပ် အဖွဲ့အစည်းတွေ ခွင့်ပြုထားတာမရှိဘူး၊ အဲဒီလိုခွင့်ပြုတဲ့ အချိန်ကျလို့ရှိရင်လည်း သူတို့ဘက်က လုပ်ကိုင်ဆောင်ရွက် ပြီးသားဖြစ်နေတယ်ဆိုတာ တွေ့ရမှာဖြစ်တယ်။ ဥပမာ အခုနိုင်ငံရေး ပါတီတွေအနေနဲ့ မှတ်ပုံမတင်သော်ငြားလည်း ဒီလိုမျိုးမြန်မာနိုင်ငံ အနှံ့မှာ မဲဆွယ်စည်းရုံးနေတာတွေကို ကျနော်တို့ နေ့စဉ်နေ့တိုင်းတွေ့ရတယ်။

အဲဒီလိုမျိုး ကိစ္စရပ်တွေက လွတ်လပ်တဲ့၊တရားမျှတတဲ့ ရွေးကောက်ပွဲကိုစောင့်ကြည့် လေ့လာတဲ့အခါမှာ အဓိကအရေးကြီးတဲ့ အချက်အလက်တွေဖြစ်တယ်။ ဒါတွေကိုတင်ပြနိုင်ဖို့ အတွက်ကလည်း မီဒီယာက အဓိကအရေးကြီးတာဖြစ်တယ်၊ အဲဒီတော့ မီဒီယာကို အခုလိုမျိုးကန့်သတ်ပိတ်ပင်တဲ့ကန့်သတ်ချက်တွေထားတယ်၊ နောက်ပြီးတော့ နိုင်ငံရေး ပါတီတွေကိုလည်း ကော်မရှင်ကခွင့်ပြုတဲ့ ကိစ္စရပ်တွေကိုသာဆောင်ရွက်ခွင့် ပြုမှာဖြစ်တယ်။ နောက်ပြီးတော့ တခါ ဝင်ရောက်ရွေးချယ်ခံတဲ့ နိုင်ငံရေးပါတီတွေကလည်း ၂၀၀၈ခုနှစ်ဖွဲ့စည်းပုံအခြေခံဥပဒေကို ကာကွယ်စောင့်ရှောက်ပါမယ်ဆိုတဲ့ မူအောက်ကနေသွားရတာဖြစ်တယ်။ ဒါကြောင့် ရွေးကောက်ပွဲက ထောင်ကျတာလုပ်ပေးမဲ့ ရွေးကောက်ပွဲမျိုးသာဖြစ်တယ်။ မပြီးပြီးအောင်လုပ်မယ် နိုင်ငံတကာကသာ အသိအမှတ်ပြုတာ မပြုတာအရေးမကြီးဘူး သူတို့အနေနဲ့ကတော့ အဆုံးအထိသွားမဲ့ သဘောမျိုးဖြစ်တယ်လို့ မြင်ပါတယ်ခင်ဗျ၊
မေး……မြန်မာနိုင်ငံရွေးကောက်ပွဲသတင်းလွတ်လပ်ခွင့်မရှိဘဲ ဘယ်လိုရွေးကောက်ပွဲဖြစ်လာမလဲ၊ ဘယ်လောက်မျှော်လင့်ထားပါသလဲ၊
ဦးကိုကိုဦး……..၂၀၀၈အခြေခံ ဥပဒေကို အခြေခံပြီးလုပ်မဲ့ လွှတ်တော်ရွေးကောက်ပွဲကတော့ အင်မတန်မှ ပုံရိပ်က ထင်သာမြင်သာရှိလှပါတယ်။ အဲဒီမှာ ခွဲကြည့်မိတယ်ခင်ဗျ၊စစ်ဗိုလ်လူထွက်တွေကလည်း တံဆိပ်အမျိုးမျိုးနဲ့တမတ်သားပါမယ်ဗျာ၊ နောက်အဲဒီမှာမှတခါ စစ်ဗိုလ်တွေနဲ့ အလျင်းသင့်တဲ့ခေတ်သစ်သူကြွယ်တွေနဲ့ ဒေါင်းယောင်ဆောင်တဲ့ ကျီးတွေကလည်း တမတ်သားပါမယ်ဗျာ၊ အဲဒီမှာမှတခါ ကျန်တဲ့တမတ်သားကိုကျမှ တိုင်းရင်းသားနဲ့ ဒီမိုကရက်တစ်တွေက လုကြရမှာ ဗျ၊ အဲတော့ စည်းကမ်းပြည့်ဝတဲ့ လွှတ်တော်အဖွဲ့ထဲရောက်သွားတဲ့ အခါကျတော့လည်းဗျာ၊ ဘာမပြောရ ညာမပြောရ၊ ချောင်းမဟန့်ရ ၊စည်းကမ်းချက်တွေ ထုတ်ပြီးတော့မှ မှန်းပြီးတော့မှကြိမ်းမောင်းခံရမယ်၊ ဒါဏ်ခတ်ခံရမယ် ၊လွှတ်တော်ထဲက ဆွဲထုတ်ခံရမယ်စတဲ့ ညောင်နှစ်ပင်ညီလာခံမှာထက်ပိုဆိုး တဲ့ အခြေအနေတွေနဲ့ ရင်ဆိုင်ရနိုင်တယ်ဗျ၊ အဲဒီတော့ ၂၀၁၀ ရွေးကောက်ပွဲ လွန်တဲ့ကာလမှာလည်း ထူးမခြားနားပဲလို့ ပြောချင်တယ်ဗျ၊ နောက်တခုက ဒီမှာပညာရေး၊ လူမှုရေး ၊ စီးပွားရေးတွေကလည်း ဆက်လက်ပြီးတော့ ချွတ်ချုံကျနေဦးမယ် ၊အခုလိုပဲမီးတွေလဲ ပျက်နေဦးမယ် ရေတွေလည်းပျက်နေဦးမယ်၊တရားမဲ့မှုတွေနဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေကလည်းဆက်ပြီးတော့ ရှိနေဦးမယ်၊ အဓိကပြည်သူတရပ်လုံးကနေ ဆန္ဒပြင်းပြနေတဲ့ အမျိုးသားပြန်လည်သင့်မြတ်ရေး ၊ဒီမိုကရေစီရရှိရေး တွေနဲ့တော့ ဝေးနေဦးမှာဘဲလို့ ပြောချင်ပါတယ်။
ဦးမြညို…………၂၀၁၀ ရွေးကောက်ပွဲ အဖြေကတော့ အထူးစဉ်းစားနေစရာ မလိုပါဘူး ၊နအဖတို့ဖြစ်ချင်တဲ့ ၊တနည်းပြောရရင် မျှော်မှန်း အကွက်ဆွဲထားတဲ့ အစိုးရမျိုးပေါ်ထွက်လာမယ်လို့တော့ ပြောချင်ပါတယ်၊ အဲဒီလိုဖြစ်ပေါ်လာမဲ့ ပါလီမန်မှာ နိုင်ငံတကာမြင်ကောင်းအောင် အင်အားပျော့တဲ့ အတိုက်အခံတော့ ပါပါလိမ့်မယ်။ အဲဒီအတိုက်အခံကိုလည်းလုပ်ပိုင်ခွင့်တွေ ပေးပြီး စည်းရုံးထားတဲ့အတွက် ခေါင်းတော်ညိမ့် အမတ်တွေပဲကြာရင် ဖြစ်သွားလိမ့်မယ်လို့ အတိအကျပြောကြားလိုပါတယ်။
မမဦး…….အာဏာရှင် ဦးနေဝင်းလက်ထက်က ရေးဆွဲခဲ့တဲ့ ၁၉၇၄ဖွဲ့စည်းပုံ အခြေခံ ဥပဒေက တပါတီအာဏာရှင် စနစ်ဖြစ်နေတာကလွဲလို့ လွှတ်တော်ထဲမှာ တရားဝင်ဥပဒေအရ စစ်တပ်က ပေါ်ပေါ်ထင်ထင် လွှမ်းမိုးမထားတဲ့ အတွက် စစ်တပ်လွှမ်းမိုးမှု အလွန်အကျွံထင်ထင်ရှားရှားဖြစ်နေတဲ့ အခု၂၀၀၈ နာဂစ်ဖွဲ့စည်းပုံထက်တော့ ပိုပြီးသက်တောင့်သက်သာ ရှိတဲ့ လွှတ်တော်လို့ပြောနိုင်ပါတယ်။ ဒါပေမဲ့ အဲဒီ လွှတ်တော်ထဲမှာတောင် လွတ်လပ်စွာ ပြောဆိုခွင့်တွေ၊မီဒီယာလွတ်လပ်ခွင့်တွေ မရှိခဲ့လို့ အုပ်ချုပ်သူတွေရဲ့ ကိုယ်ကျိုးစီးပွားကာကွယ်မှုနဲ့ ပြည်သူ့ အကျိုးစီးပွား ဆန့်ကျင်မှုတွေ ကြီးထွားနေတဲ့အောက်မှာ ကျမတို့နိုင်ငံက အဆင်းရဲဆုံးအဆင့်ကိုလျှောကျခဲ့ရပါတယ်။ အခု၂၀၁၀ရွေးကောက်ပွဲက ပေါ်ထွက်လာမဲ့လွှတ်တော် ကတော့ စစ်တပ်ရဲ့ အထိန်းအကျောင်းခံအဖြစ် တရားဝင်ဥပဒေအဖြစ် ပြဌာန်းထားတာကြောင့်တကြောင်း စစ်ရေးအမြင်တဲ့ မီဒီယာလွတ်လပ်ခွင့်တွေကလည်း ပြဒါးတလမ်း၊ သံတလမ်းမို့ အပြင်က အရပ်သားလွှတ်တော် အမတ်တွေ၊ စစ်တပ်အကျိုးစီးပွားကာကွယ်တဲ့ အလုပ်ပဲလုပ်ကြမှာပါ၊ ပြည်သူ့အကျိုးကာကွယ်ပြောဆိုနိုင်ဖို့လမ်းမမြင်ပါဘူး နောက်ဆုံးတော့၂၀၁၀ရွေးကောက်ပွဲဟာ ပေါ်လာမဲ့ လွှတ်တော်ဆိုတာ အမတ်တွေအဖို့ ၊ပြည်သူလူထုအတွက်ဘာမှလုပ်လို့ မရ ၊ ဘာဆိုဘာမှ ပြောလို့မရ ၊ပါးစပ်တောင်ဟလို့မရတဲ့ လွှတ်တော်မျိုးပဲ ဖြစ်မှာသေချာပါတယ်။ အဲဒီလို လွှတ်တော်မျိုးထဲ အမတ်လုပ်ရမှာနဲ့စာရင် ငါးသေတ္တာထဲက ငါးလုပ်ရမှာ အနေချောင်ပြီးပါးစပ်ဟလို့ ရဦးမယ်ထင်ပါတယ်တဲ့။
မေး……ဆရာမောင်သာမည ခင်ဗျာ မဆလခေတ်က လွှတ်တော်နဲ့ အခုလွှတ်တော်ကို နည်းနည်းယှဉ်ပြီး ပြောပေးပါခင်ဗျ၊ ဘယ်လိုဖြစ်လာနိုင်ပါသလဲ၊
မောင်သာမည …….မဆလတုန်းက ရှိခဲ့တယ်ဆိုတာလည်းပဲ မဆလဆိုတာက ရွေးကောက်ပွဲလုပ်တဲ့အခါမှာ တစ်ပါတီကနေပြီး လူတယောက်ရွေးပြီး အဲဒီလူကို ကြိုက်တယ် မကြိုက်ဘူး ပဲရွေးရတာပေါ့လေ၊နောက်ဆုံးတော့လည်း ကြိုက်တယ်ဆိုတဲ့ ဘက်ကပဲများပြီး နောက်ဆုံးတော့ ပါတီကနေ ရွေးတဲ့ လူတွေလည်းပဲ လုပ်ခဲ့ရတာကိုး ၊ အဲတော့ လွှတ်တော်မှာကတော့ ကျနော်တို့ ပြန်ကြည့်မယ်ဆိုရင်တော့ ၊အဲဒီတုန်းက Rubber Stamp ဆိုပြီး သုံးတာပဲ၊ သိပ်ပြီးတော့လွတ်လပ်မှုရှိတာကိုတော့ မတွေးခဲ့ဘူးပေါ့ဗျ၊ အခုလွှတ်တော်မှာက အရပ်သား ဘက်ကလည်း ပါဝင်နိုင်တာတွေရှိတော့ အရပ်သားတွေနဲ့ ၊အစိုးရနဲ့ နီးစပ်တဲ့ သူတွေ၊ အစိုးရဘက်က ရွေးချယ်ထားတဲ့ သူတွေနဲ့တော့ နည်းနည်းအခြေအတင်ပြောနိုင်ဆိုနိုင်ခွင့်လေးတွေ ရှိလာမလားလို့ မျှော်လင့်တာပဲ ၊ဒါကြောင့် ကျနော်ထင်တယ် နည်းနည်းတော့ ပိုပြီးလွတ်လပ်မယ်လို့ မျှော်လင့်ရတာပေါ့ ၊
မေး………..မဆလ လွှတ်တော်လောက်တော့ မဆိုးဘူးပေါ့၊
မောင်သာမည………အခုလွှတ်တော်က တော့ နည်းနည်းလေးပြောဆိုခွင့် ရှိလာမယ်လို့ မျှော်လင့်ရတာပဲ၊
မေး…ဦးမောင်မောင်မြင့်ကိုမေးချင်ပါတယ်။
ဦးမောင်မောင်မြင့်……..မဆလခေတ်က စာနယ်ဇင်းလွတ်လပ်ခွင့်ဆိုတာ မရှိဘူး အခုတော့ ဘာပဲပြောပြော အသွင်သဏ္ဍန်အားဖြင့်ဖြစ်ဖြစ် ပုဂ္ဂလိကစာနယ်ဇင်းတွေ မီဒီယာတွေဆိုတာ ဗမာပြည်မှာ နည်းနည်းပါရှိနေတော့ စာနယ်ဇင်းလွတ်လပ်ခွင့်ကိုတော့ မဆလခေတ်ကထက်နည်းနည်းလောက်များမသာနိုင်ဘူးလား၊ ဒီလွှတ်တော်ထဲမှာ
ဦးမောင်မောင်မြင့် ……….အဲဒါက၂ပိုင်းရှိတယ်လို့ ကျနော်မြင်တယ်၊တပိုင်းကတော့ စစ်အစိုးရထိန်းချုပ်ထားတဲ့ သတင်းနဲ့ စာနယ်ဇင်းလောက ၊ နောက်တခုက ပုဂ္ဂလိက စာနယ်ဇင်းလောက ၊ ပုဂ္ဂလိက စာနယ်ဇင်းလောကက ဒီမဆလ ခေတ်တုန်းကလည်း ရှိပါတယ်၊ အခုခေတ်က မဆလခေတ်ထက်ပိုပြီး လွတ်လပ်တယ်လို့ ပြောလို့ရနိုင်တဲ့ အချက်တွေတချက်၊နှစ်ချက်တော့ ရှိကောင်းရှိလိမ့်မယ်၊ ဆိုကြပါစို့ စာနယ်ဇင်းမှတ်ပုံတင်တဲ့ ကိစ္စမျိုးပေါ့၊ဒီထုတ်ဝေရေးနဲ့ ပတ်သက်ပြီး မှတ်ပုံတင်ကော ရထားတယ်၊ အဲဒီအပိုင်းမှာနဲနဲလေးကိုပြီးတော့ လွတ်လပ်ပါတယ်၊ ဒါပေမဲ့ စာပေစိစစ်ရေးနဲ့ ပတ်သက်လို့ ကတော့ မဆလခေတ်နဲ့ အခုခေတ်ဘာမှမထူးဘူး၊ထောင်ချတဲ့နှုန်းကိုကြည့်မယ်ဆိုရင်တော့ ဒီခေတ်ကသတင်းစာသမားတွေ၊ မဂ္ဂဇင်းသမားတွေက ပိုပြီးခံရတယ် လို့မြင်တယ်၊ စစ်အစိုးရကထိန်းချုပ်ထားတဲ့၊ မဆလခေတ်ကထိန်းချုပ်ထားတဲ့ စာနယ်ဇင်းနဲ့ ဒီနေ့စာနယ်ဇင်းလောကနဲ့ ၊ အစိုးရပိုင် စာနယ်ဇင်းလောကနဲ့ ယှဉ်ကြည့်မယ်ဆိုရင်တော့ တခြားကိစ္စတွေကိုတော့ အပထား၊ ရွေးကောက်ပွဲ အခြေခံ ဥပဒေနဲ့ပတ်သက်တဲ့ ကိစ္စတို့ဆိုရင်တော့ အနည်းဆုံးအားဖြင့်တော့ မဆလ ခေတ်အစိုးရပိုင်စာနယ်ဇင်းလောကဟာ လူထုကို ဒီခေတ်ထက်ပိုပြီး အချက်အလက်တွေပိုပေးတာကိုမြင်ရပါတယ်၊ ဘာကြောင့်လဲဆိုတော့ အခြေခံဥပဒေကိစ္စကိုကြည့်မယ်ဆိုရင် ဥပဒေနဲ့ပတ်သက်ပြီးတော့ အခြေခံဥပဒေပါအချက်တွေအားလုံးကို အသေးစိတ်သတင်းစာထဲမှာဖော်ပြတယ်။ နောက်ပြီးတော့ စာအုပ်ထုတ်တယ်၊ ပြီးတော့ ဒါတွေကို အခြေအတင်ဆွေးနွေးတာတွေလုပ်တယ်၊တပါတီဟုတ်တာမဟုတ်တာ အပထား၊ နောက်ဆုံးတော့ သူတို့ အခြေခံ ဥပဒေကို လူတွေနားလည်အောင်လို့တော့ ကြိုးစားခဲ့တယ်၊ ဒါပေမဲ့ လက်ရှိစစ်အစိုးရက အဲဒါကိုတောင်မှ သူတို့ကကြိုးစားတဲ့ သဘောမရှိဘူးခင်ဗျ၊
မေး………..ဦးမင်းလွင်ကိုမေးပါရစေ၊မြန်မာနိုင်ငံ ဥပဒေမှာ ဆရာ ကိုမောင်မောင်မြင့် ထောက်ပြသလိုပဲ ထောင်ဒါဏ်တွေဆိုလည်း မကြားစဖူး နှစ်ရှည်တွေက အများကြီး အတော့်ကိုရှည်ပြီးတော့ ၁၀၀ အထိ ၈၀၊ ၉၀ ၊၅၀ ဇာဂနာက ၄၈ နှစ်လားမသိဘူး ၊ သူက၄၈နှစ်ဆိုတော့ဂုဏ်ထူးမထွက်ဘူးတဲ့ ၊ ခွန်ထွန်းဦးက ဂုဏ်ထူးထွက်တယ်တဲ့၊ အဲဒီလောက်အထိ ဖြစ်လာတာ ဘယ်ကစိတ်ကူးရပြီးတော့ ဘယ်အစဉ်အလာက ယူသလဲခင်ဗျ၊ မြန်မာ့ ရိုးရာ ဥပဒေဆင်းသက်တဲ့ အထဲမှာလည်း မရှိခဲ့ဘူး ၊ သူတို့ဒါဟာ ဗြိတိ သျှ ဆီကအမွေဆက်ခံခဲ့တဲ့ အစဉ်အလာမှာလည်းမရှိဘူး ၊ဘယ်လိုလုပ်ပြီး ဒီလိုဖြစ်လာသလဲဆိုတာလို့ထင်ပါသလဲခင်ဗျ၊
ဦးမင်းလွင်ဦး………ဥပဒေပြဌာန်းချက်တွေက လွန်စွာမှပဲ ကောင်းပါတယ်။ဒီလို လူတဦးတယောက်ကို ပြစ်ဒါဏ်ပေးဖို့ဆိုရင် ဘယ်လောက်ထိပြစ်ဒါဏ်ပေးနိုင်တယ်၊နောက်ဆုံးဘဝတုံးတဲ့အထိပြစ်ဒါဏ်ပေးလို့ မရဘူး ၊ အများဆုံးပြစ်ဒါဏ်က ဘယ်နှစ်နှစ်ပဲရှိရမယ် ၊ အမှုဘယ်နှစ်မှုပဲ ရှိနေပါစေ၊ ပြစ်ဒါဏ်ပေးတဲ့အခါမှာ ဘယ်လိုစစ်ဆေးစီရင်ရမယ် ၊ ဘယ်လိုအပြစ်ပေးရမယ်ဆိုတာတွေက ဥပဒေ ပြဌာန်းချက် အတိအကျရှိပါတယ်။ ဒါပေမဲ့ တရားရုံးချုပ်တွေကဆိုရင် လွတ်လပ်တဲ့ တရားစီရင်ရေးကို မကျင့်သုံးနိုင်တဲ့ အခါမှာ အထက်အာဏာပိုင်တွေ ပြောတဲ့အတိုင်း အမှု ၁၀ မှုဆိုရင် ၁၀ စလုံးအတွက်ကို သီးခြားဆီ ကျခံဆိုပြီးတော့ ထောင်ဒါဏ်တွေ အပြစ်ပေးတဲ့ အတွက် စောစောကပြောသလိုမျိုး ထောင်ဒါဏ်တွေ နှစ်တွေဟာ ၁၀၀၊ ၁၅၀စတာတွေ ဖြစ်ကုန်တာ တွေ့ရတယ်။ဒါတွေက ဥပဒေပြဌာန်းချက်တွေနဲ့ လုံးဝ ကိုက်ညီမှုမရှိဘူးဆိုတာတွေကို နိုင်ငံတကာကလည်း သိတယ်။ နောက်ပြီးတော့ ဥပဒေပညာလေ့လာလိုက်စားနေတဲ့ လူ့အခွင့်အရေးကော်မရှင်အောက်က အဖွဲ့အစည်းတွေ အသီးသီးကလည်းသိတယ်။ ဒါကြောင့် အနည်းဆုံးဥပဒေပြဌာန်းချက်တွေနဲ့ အညီ လိုက်နာဆောင်ရွက်ပေးပါဆိုပြီးတော့ ဖိအားပေး ပြောဆိုနေရတာဖြစ်တယ်။ သို့သော် နအဖ စစ်အစိုးရက ယနေ့အထိ တိုင်နိုင်ငံတကာကပြောတဲ့ ဖိအားသော်လည်းကောင်း၊ နောက်ပြီး အကြံပြု တင်ပြချက်သော်လည်းကောင်း ၊ အကြံပေးတာသော်လည်းကောင်း လုံးဝလက်ခံခြင်းမရှိဘဲနဲ့ ထင်သလိုဆောင်ရွက်နေတာ တွေ့ရတယ်၊
မေး…………ဦးမင်းလွင်ဦး ဒါကအစိုးရမဟုတ်ဘူးလေ၊ အစိုးရ ဥပဒေထဲမှာ မျှမျှတတရှိတယ်။ တရားသူကြီးတွေက ကြောက်လို့သာလုပ်နေတယ်ဆိုတဲ့သဘောဦးမင်းလွင်ဦးပြောတယ်ဆိုတော့ ဝန်ထမ်းတွေက အကြောက်လွန်တော့ပေါ့လေ။
ဦးမင်းလွင်ဦး ………..ဟုတ်ပါတယ်၊ ဒီလိုစစ်ဆေးစီရင်ခြင်း မပြုရင် ရာထူးကပြုတ်မှာသော်လည်းကောင်းဖြစ်နိုင်တယ် ဒါမှမဟုတ် လက်ရှိအနေအထား ကနေပြီး ဝေးတဲ့နေရာကို ပြောင်းရွှေ့ခံရမျိုးလည်း ဖြစ်နိုင်တယ်။ ဒါတွေက သာဓကတွေ အများကြီး ရှိပါတယ်။ ဒါတွေကြောင့်လည်း စစ်ဆေးစီရင်တဲ့ တရားသူကြီးတွေအနေနဲ့ စောစောကပြောတဲ့အတိုင်း အာဏာပိုင်တွေအလိုကျလိုက်ပါဆောင်ရွက်နေရတာဖြစ်တယ်။
ဦးဖိုးသာအောင်……နိုင်ငံရေးနဲ့ မီဒီယာလွတ်လပ်ခွင့်မရှိတဲ့ ရွေးကောက်ပွဲသည် တရားမျှတမှုမရှိဘူးဆိုတာ ကမ္ဘာကရော ၊ မြန်မာကပါ သိကြပါတယ်၊ သိသာသိပြီး ဘာမှမလုပ်နိုင် မကြားနိုင်တဲ့ အတွက် ရွေးကောက်ပွဲကတော့ အောင်မြင်ပြီးမြောက်သွားမှာ အမှန်ပါဘဲ၊ ရွေးကောက်ပွဲနဲ့ တက်လာတဲ့ အစိုးရတရပ်လုံးဟာလည်းပေါ်ပေါက်လာတော့မှာပါ၊ တက်လာမဲ့ အစိုးရကိုမတရားဘူး ၊ အသိအမှတ်မပြုနိုင်ဘူးဆိုပြီး သံရုံးပိတ်ပြန်သွားမဲ့ နိုင်ငံဆိုတာလည်း ရှိလာမှာမဟုတ်ပါဘူး၊ မတရားတဲ့ တရားဝင်အစိုးရရဲ့ လက်အောက်မှာ ပြည်သူတွေ နေကြရတဲ့ ရလဒ်မျိုးပဲထွက်လာမှာပါ၊ အချို့အဖွဲ့ တွေကတော့ ရွေးကောက်ပွဲ ဝင်ပြီးမတရားတဲ့ ဥပဒေတွေကိုတဖြည်းဖြည်း ပြင်ယူဖို့ ကြိုးစားတာတွေ့ရပါတယ်။ အန်အယ်လ်ဒီကတော့ နှစ်ပေါင်း ၂၀ ကျော်မှဘာမှ မယ်မယ်ရရမလုပ်နိုင်ခဲ့လို့ ပြည်သူတွေကို တောင်းပန်လိုက်ပါပြီ၊ သို့သော်အဲဒီလို ပါတီကြီး အမည်ခံပြီးမှ ဘာမှ မလုပ်နိုင်ခဲ့ခြင်းသည် တရားမဝင်အစိုးရကို တရားဝင်အစိုးရဖြစ်သွားအောင် တွန်းပို့လိုက်သလိုပဲ ဖြစ်ပါတယ်. အခုလဲ တရားဝင်ပါတီ တခုအနေဖြင့် ဘာမှ မလုပ်နိုင်ခဲ့သည့်အန်အယ်လ်ဒီသည် တရားမဝင်အဖွဲ့နှင့် နိုင်ငံရေးဆက်လုပ်ဦးမယ်ဆိုတာ ယုံတမ်းစကားတခုပဲ ဖြစ်ပါလိမ့်မယ် ၊ ဒါကြောင့် နောက်လာမဲ့ အစိုးရသစ်အနေဖြင့် တိုင်းပြည်ကို ငြိမ်ဝပ်ပိပြားအောင်ထိန်းချုပ်သွားနိုင်မည်ဟု ယူဆပါတယ်ခင်ဗျာ။

0 comments:

Post a Comment