Tuesday, April 13, 2010

Filled Under:

အန်အယ်လ်ဒီတရားစွဲဆိုမှုအပေါ်ဥပဒေအမြင်

ရွေးကောက်ပွဲ ဥပဒေနဲ့ ပတ်သက်လို့ စစ်အစိုးရကို အန်အယ်လ်ဒီက တရားစွဲ တာဟာ နိုင်ငံတော် ပြဌာန်းထားတဲ့ တည်ဆဲ ဥပဒေဘောင်ထဲ ကနေ စစ်အစိုးရကို စိန်ခေါ်လိုက်တာ ဖြစ်တယ်လို့ အမေရိကန်ပြည်ထောင်စု အိန္ဒိယကနေ တက္ကသိုလ်က ဥပဒေပညာရှင် ပါမောက္ခ ဒေးဗစ် ဝီလီလျံ(စ်) ကပြောပါတယ်။

အန်အယ်လ်ဒီဟာ အမှုနိုင်ဖို့ အလားအလာ မရှိဘူးဆိုတာ သိပေမဲ့ အခုလို တရားစွဲဆိုပြလိုက်ခြင်းအားဖြင့် မြန်မာနိုင်ငံမှာ ဥပဒေ စိုးမိုးမှု ကင်းမဲ့နေတာကို နိုင်ငံ တကာကို လက်တွေ့ပြလိုက်တာ ဖြစ်တယ်လို့ မြင်ပါတယ်။မြန်မာနိုင်ငံမှာ စစ်အစိုးရက တရား ဥပဒေနဲ့ အညီအုပ်ချုပ်နေတာ မဟုတ်ဘူးဆိုတဲ့ အချက်ကိုနိုင်ငံတကာ အသိုင်းအဝိုင်းကိုအထင်အရှား မီးမောင်းထိုးပြလိုက်တာဖြစ်ပါတယ်။

အန်အယ်လ်ဒီအနေနဲ့ တရားမျှတရေးကိစ္စကို အလေးပေး ဆောင်ရွက်တာလို့ထင်ပါတယ်။ တဖက်သက်ရေးဆွဲထားတဲ့ ရွေးကောက်ပွဲဥပဒေကို လက်မခံတဲ့အနေနဲ့ ရွေးကောက်ပွဲဝင်ပြိုင်မှာ မဟုတ်ဘူးဆိုတာကိုအန်အယ်လ်ဒီက ဆုံးဖြတ်ထားပြီးပါပြီ၊ ဒါကြောင့်အန်အယ်လ်ဒီဟာ ဥပဒေနဲ့အညီ လုပ်ကိုင်နေတာကိုပြချင်တဲ့အတွက်စစ်အစိုးရကို ပြဌာန်းထားတဲ့ ဥပဒေဘောင်အတွင်းကနေ တရားစွဲတာ ဖြစ်ပါတယ်။

ဒါပေမဲ့ သူတို့ရှုံးမှာကို အန်အယ်လ်ဒီကသိထားပြီးသားပါ၊အန်အယ်လ်ဒီအနေနဲ့လည်း စစ်အစိုးရကိုသီးခြားသက်သာခွင့် ဥပဒေပုဒ်မနဲ့ တရားစွဲဆို ထားတယ်လို့သိရပါတယ်။ဒီဥပဒေပုဒ်မနဲ့ပတ်သက်လို့အာရှလူ့အခွင့်အရေး ကော်မရှင်အဖွဲ့ကအကြံပေးရှေ့နေ ဦးမင်းလွင်ဦးက အခုလို ရှင်းပြပါတယ်။

ဦးမင်းလွင်ဦး…….သီးခြားသက်သာခွင့် ဥပဒေ၄၅ မှာကဘာတွေ ပြဌာန်းထားသလဲဆိုတော့ နိုင်ငံတော်ကို အုပ်ချုပ်တဲ့အစိုးရ ၊ ဒါမှမဟုတ်ပြည်သူ့ဝန်ထမ်း တဦးဦးကမလုပ်မဖြစ် လုပ်ပေးရမယ်ဆိုတဲ့ ကိစ္စတွေနဲ့ပတ်သက်လို့ စီမံဆောင်ရွက်ပေးခြင်းမရှိဘူးဆိုရင် နစ်နာသူကတရားစွဲနိုင်တယ်လို့ ဥပဒေကပြဌာန်းထားတာရှိတယ်၊အဲဒီတော့၁၉၉၀ရွေးကောက်ပွဲပြီးတဲ့ အခါမှာအမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ကနေရာ၃၉၂နေရာ အနိုင်ရရှိတယ်၊ အနိုင်ရရှိတဲ့အခါမှာ၁၉၉၀ပြည့်နှစ် ပြည်သူ့လွှတ်တော် ရွေးကောက်ပွဲ ဥပဒေပုဒ်မ၃မှာပဲ ဘာတွေဖော်ပြထားလဲဆိုတော့လွှတ်တော်ကို မဲဆန္ဒနယ်များမှ ဥပဒေနဲ့အညီ ရွေးကောက်တင်မြှောက်လိုက်သော လွှတ်တော် ကိုယ်စားလှယ်များ၏ဖြင့် ဖွဲ့စည်းရမယ်ဆိုတာပါရှိပါတယ်။အဲဒီလိုပါရှိတဲ့အတွက် ၁၉၉၀ရွေးကောက်ပွဲမှာအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ကနေပြီးအမတ်နေရာ၃၉၂နေရာကိုရရှိတယ်။

ပြည်သူ့လွှတ်တော်ကို ဖွဲ့စည်းမယ်ဆိုရင်လည်းရွေးချယ်တင်မြှောက်ခံရတဲ့၃၉၂ယောက်နဲ့ အတူဖွဲ့စည်းရမယ်။ သို့သော်လည်းပဲ အဲဒီအချိန်တုန်းက အုပ်ချုပ်တဲ့အစိုးရကနေပြီး ဒါကိုအကောင်အထည် ဖော်ပေးခြင်းမရှိခဲ့ဘူး အဲဒီလိုအကောင်အထည်ဖော်ပေးခြင်း မရှိခဲ့တဲ့အတွက်ယခုလိုမျိုး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကတရားစွဲတယ်လို့ နားလည်ပါတယ်။ ပြည်သူ့လွှတ်တော် ရွေးကောက်ပွဲဥပဒေပြဌာန်းလိုက်တဲ့အခါမှာ ပုဒ်မ၉၁မှာသူကနေပြီးတော့၁၄၊၈၉အရ ပြည်သူ့လွှတ်တော်ရွေးချယ်တင်မြှောက်ရေး ကော်မရှင်ကို ဖျက်သိမ်းလိုက်တယ်၊နောက်ပြီးတော့တခါအဲဒီတုန်းက ရွေးချယ်တင်မြှောက်လိုက်တဲ့ အခြေအနေတွေကလည်း ခေတ်အခါနဲ့ မညီတော့ဘူး၊ဒါကြောင့်ပယ်ဖျက်လိုက်တဲ့ အတွက်တရားစွဲဖို့အကြောင်းခြင်းရာကနောက်ဆုံး ဥပဒေပြဌာန်းပြီးတဲ့အခါမှာ ပေါ်ပေါက်လာတာဖြစ်တယ်။ဒါကြောင့်လည်းအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ဒီအချက်တွေမှာမူတည်ပြီး တရားစွဲတယ်လို့ နားလည်ပါတယ်။

မေး…….ဒါ့အပြင် စစ်အစိုးရကိုအန်အယ်လ်ဒီက တရားစွဲထားတဲ့အချက်တွေထဲမှာ ထောင်ကျနေသူတွေဟာနိုင်ငံရေးပါတီ နဲ့ ပတ်သက်ခွင့်မရှိရဆိုတာနဲ့၁၉၉၀ ရွေးကောက်ပွဲရလဒ်ကိုပယ်ဖျက်လိုက်တဲ့ အချက်တွေအဓိကပါဝင်နေပါတယ်၊ ဒီအချက်တွေဟာ ဖွဲ့စည်းပုံအခြေခံဥပဒေအားလုံးမှာ ပြဌာန်းထားတဲ့နိုင်ငံသားအခွင့်အရေးကို စစ်အစိုးရကပြောင်ပြောင်တင်းတင်း ချိုးဖောက်တာ ဖြစ်တယ်လို့ဦးမင်းလွင်ဦးကဆိုပါတယ်။ ပါမောက္ခဝီလီလျံစ်ကလည်း အာဏာရှိစစ်အစိုးရ ကိုယ်တိုင် ဥပဒေကိုချိုးဖောက်နေတာကို တရားသူကြီးတွေဘက်က ဘက်မလိုက်ဘဲ မျှမျှတတဖြစ်အောင်ဆောင်ရွက်မဲ့ အခြေအနေမတွေ့ရဘူးလို့သုံးသပ်ပါတယ်။

ဘာကြောင့်လဲ ဆိုတာကို သူရှင်းပြတာကတစုံတယောက်က တရားရုံးမှာအမှုဖွင့်တယ်ဆိုတာကသူ့ကို ဥပဒေချိုးဖောက်တယ်လို့ စွပ်စွဲလိုက်တာဖြစ်ပါတယ်။တကယ်တမ်းပြောရရင် မြန်မာနိုင်ငံမှာကပြည်သူ့ ကိုယ်စားလှယ်တွေကရေးဆွဲပြဌာန်းထားတဲ့ ဥပဒေဆိုတာမရှိပါဘူး၊စစ်အစိုးရကအမိန့်နဲ့ ပြဌာန်းထားတဲ့ဥပဒေလို့ခေါ်တဲ့ အမိန့်တွေနဲ့ အုပ်ချုပ်နေတာဖြစ်ပါတယ်။တရားသူကြီးတွေ အနေနဲ့လည်းစစ်အစိုးရအလိုကျ စီရင်ဆုံးဖြတ်ဖို့ပဲရှိပြီးတော့ဥပဒေနဲ့အညီ ဆောင်ရွက်ဖို့အလားအလာလည်း မရှိဘူးဆိုတာ တွေ့နေရပါတယ်။ဒါပေမဲ့အမျိုးသားကရေစီအဖွဲ့ချုပ်အနေနဲ့ ဥပဒေဘောင်အတွင်းကနေဆက်လက်ဆောင်ရွက်သွားဖို့ ဆုံးဖြတ် ထားတယ်လို့အန်အယ်လ်ဒီ ခေါင်းဆောင်တွေက အတိအလင်းထုတ်ဖော်ပြောဆိုထားပါတယ်၊ မကြာခင်မှာလည်း ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်တွေက တာဝန်ဝတ္တရားပိတ်ပင်ခံရတာနဲ့ ပတ်သက်လို့ စစ်အစိုးရကို တရားစွဲဆိုဖို့ ရှိတယ်လို့ သိရပါတယ်ရှင်။

0 comments:

Post a Comment