Saturday, August 07, 2010

Filled Under:

ရွေးကောက်ပွဲဥပဒေ နဲ့လူထု

(မင်းလွင်ဦး)
၂၀၀၈ ခုနှစ်ဖွဲ့စည်းပုံအခြေခံဥပဒေကိုအခြေခံပြီး၂၀၁၀မှာပြုလုပ်တော့မဲ့ရွေးကောက်ပွဲနဲ့ပတ်သက်လို့
ပြည်သူလူထုတွေအနေနဲ့ ပြဌာန်းထားတဲ့ဥပဒေများအပေါ်အလွယ်တကူသိနားလည်စေပြီး၊ဗဟုသုတ ရစေမဲ့သုံးသပ်ချက်များကိုတင်ပြသွားမှာဖြစ်ပါတယ်

နိုင်ငံတနိုင်ငံရဲ့ဖွဲ့စည်းပုံအခြေခံဥပဒေဆိုတာဥပဒေကိုရေးဆွဲအတည်ပြုပြဌာန်းတဲ့နိုင်ငံရဲ့ပင်မအသက်
သွေးကြောဖြစ်တယ်။ နိုင်ငံတနိုင်ငံအတွင်းလက်ရှိလိုက်နာကျင့်သုံးနေတဲ့ဥပဒေများ
အားလုံးကိုတာဝန်ခံ၊အကောင်အထည်ဖေါ်ပေးတဲ့ဥပဒေများရဲ့အမြင့်ဆုံးအထွဋ်အထိပ်ဥပဒေလဲဖြစ်တယ်။
နိုင်ငံတနိုင်ငံရဲ့တည်ငြိမ်အေးဆေးမှု၊တရားမျှတမှုနဲ့အခွင့်အရေးများတန်းတူညီမျှရှိမှုစတာတွေကို
လေ့လာမည်ဆိုရင်နိုင်ငံတကာပညာရှင်များကနိုင်ငံအတွင်းမှာပြဌာန်းအတည်ပြုလက်ခံကျင့်သုံးနေ
တဲ့ဖွဲ့စည်းပုံအခြေခံဥပဒေပါအချက်တွေကိုအခြေခံထားပြီအဓိကထားသုံးသပ်ကြတာကိုတွေ့ရတယ်။

အဲဒီလိုလေ့လာသုံးသပ်ရာမှာအခြေခံတဲ့အချက်တွေကတော့အုပ်ချုပ်သူအစိုးရတရပ်က
နိုင်ငံတော်မူဝါဒလမ်းစဉ်တွေချမှတ်အကောင်အထည်ဖေါ်ရာမှာလိုက်နာကျင့်သုံးမဲ့ဥပဒေ
တွေဟာတရားဥပဒေစိုးမိုးမှုနဲ့ အခွင့်အရေးသာတူညီမျှမှုတို့ကိုဘယ်လောက်ထိတာဝန်ခံ
ဖေါ်ဆောင်နိုင်သလဲနိုင်ငံသားများတွေရဲ့အခြေခံအခွင့်အရေးတွေကိုနိုင်ငံတော်ကဘယ်လို
စောင့်ရှောက်အကာအကွယ်ပေးထားသလဲ

အဲဒီလိုဥပဒေတွေကိုပြဌာန်းအတည်ပြုဆောင်ရွက်နိုင်ဖို့အဓိကလိုအပ်တဲ့ ဥပဒေပြုတွေကို ဘယ်သူတွေကရေးဆွဲပြီး။အတည်ပြုပြဌာန်းရေး ကိုဘယ်လိုဆောင်ရွက်သလဲ၊
ပြဌာန်းပြီးတဲ့ဥပဒေတွေကိုအကောင်အထည်အထည်ဖေါ်ဆောင်မဲ့ အုပ်ချုပ်ရေးယန္တယားတွေမှာ ဘယ်သူတွေကပါဝင်သလဲ၊ဥပဒေချိုးဖေါက်မှုတွေကိုဘယ်လိုထိန်းညှိထားသလဲ၊
နောက်ဆုံးဥပဒေချိုးဖေါက်မှုတွေကိုစီရင်ဆုံးဖြတ်မဲ့တရားစီရင်ရေးဆိုင်ရာအခန်းကဏ္ဌမှာ
နိုင်ငံသားတွေရဲ့အခွင့်အရေးများနဲ့တရားဥပဒေဆိုင်ရာအခွင့်အရေးတွေကိုအကာအကွယ်ပေးမဲ့
ဥပဒေတွေကိုထည့်သွင်း ပြဌာန်းထားထားသလား၊အဲဒီအချက်တွေဟာလုံလောက်မှု ရှိသလား၊

လွတ်လပ်တဲ့တရားစီရင်ရေးစံနစ်ကို ကျင့်သုံးဖေါ်ဆောင်နိုင်မဲ့အခွင့်အရေးတွေကိုထည့်သွင်းပြဌာန်းထား သလားစတဲ့အချက်တွေကိုလေ့လာသုံးသပ်တဲ့အပြင် အရေးကြီးဆုံးကတော့ ဖွဲ့စည်းပုံအခြေခံဥပဒေကို ရေးဆွဲအတည်ပြုပြဌာန်းရာမှာနိုင်ငံသားအားလုံး၊ တိုင်းရင်းသားလူမျိုးစုများ၊ အလွှာပေါင်းစုံကိုကိုယ်စားပြုတဲ့ ပြည်သူ့ကိုယ်စားလှယ်များ က ရေးဆွဲပြီးအတည် ပြုပြဌာန်းတဲ့ ဥပဒေဖြစ် သလား စတဲ့အချက်တွေကို အခြေခံလေ့လာသုံးသပ်ပြီးမှ ဒီဖွဲ့စည်းပုံအခြေခံဥပဒေဟာ တရားဥပဒေစိုးမိုးမှု၊ သာတူညီမျှမှုရှိတယ်ဆိုတာ ကိုဆုံးဖြတ်တာဖြစ်တယ်။

နိုင်ငံတော်ရဲ့ဖွဲ့စည်းပုံအခြေခံဥပဒေကိုရေးဆွဲရာမှာအလွှာပေါင်းစုံကနိုင်ငံသားများကရွေးချယ်တဲ့ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်တွေ၊တိုင်းရင်းသားကိုယ်စားလှယ်တွေ၊အမျိုးသားခေါင်းဆောင်တွေ၊လွတ်လပ်
ပြီးအတွေ့အကြုံရှိတဲ့ ဥပဒေပညာရှင်တွေ၊ အတတ်ပညာရှင်စတာတွေက အခြေခံဥပဒေကို ရေးဆွဲပြဌာန်းနိုင်ဖို့ ပါဝင်ဆောင်ရွက်ကြရတာဖြစ်တယ်။

ဒါ့ကြောင့်မြန်မာနိုင်ငံမှာ ၁၉၉၃ ခုနှစ်ကတဲကစတင်ရေးဆွဲပြီး ၂၀၀၈ခုနှစ်မှာအတည်ပြု ပြဌာန်းခဲ့တဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေဟာအထက်ကဖေါ်ပြခဲ့တဲ့ အခွင့်အရေးတွေ၊ဥပဒေစံညွန်းဆိုင်ရာအချက်တွေနဲ့
ကိုက်ညီမှုရှိပါသလားစတာ တွေကိုလေ့လာကြည့်ဖို့လိုပါတယ်။

၂၀၀၈ ခုနှစ်မှာအတည်ပြုပြဌာန်းခဲ့တဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေဟာတကယ်တော့၁၉၉၃ ခုနှစ်မှာ ကျင်းပခဲ့ တဲ့အမျိုးသားညီလာခံကချမှတ်လိုက်တဲ့အခြေခံမူ၁၀၄ ချက်ကိုအဓိကထားပြီးရေးဆွဲခဲ့တာဖြစ်တယ်။
ဒီလိုဖွဲ့စည်းပုံအခြေခံဥပဒေအတွက်အခြေခံမူ ၁၀၄ ချက်ကို ချမှတ်ရာမှာ အမျိုးသားညီလာခံကိုတက်ရောက်ခဲ့တဲ့ ကိုယ်စားလှယ် ၇၀၂ ဦးအနက်၁၉၉၀ ပြည့်နှစ်ရွေးကောက်ပွဲအနိုင်ရပြည်သူလူထုကိုယ်စားပြုနိုင်ငံရေးပါတီတွေက ကိုယ်စားလှယ် (၉၉) ဦးပဲ ပါရှိခဲ့တာကို တွေ့ရတဲ့အတွက်ဖွဲ့စည်းပုံအခြေခံဥပဒေဟာနိုင်ငံသားများထံမှဆင်းသက်ရမည်
ဆိုတဲ့စံသတ်မှတ်ချက်နဲ့ကင်းလွတ်နေတာကိုပထမဆုံးတွေ့ရမှာဖြစ်တယ်။

ဘာကြောင့်ဒီလိုပြောရသလဲဆိုရင်ဖွဲ့စည်းပုံအခြေခံဥပဒေရေးဆွဲဖို့အဓိကတာဝန်ရှိသူတွေဟာေ
ရွးကောက်ခံကိုယ်စား လှယ်များရဲ့တာဝန်ဖြစ်တယ်လို့ နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှုအဖွဲ့က၁၉၉၀တွင်
ကြေညာချက်အမှတ်(၁) အနေနဲ့ထုတ်ပြန်ခဲ့လို့ပါပဲ။ဒါပေမဲ့မိမိကိုယ်တိုင်ထုတ်ပြန်တဲ့ကြေညာချက်က
မိမိကိုယ်တိုင် မသိကျိုးကျွံပြုလိုက်နာဆောင်ရွက်ဖို့ပျက်ကွက်ခဲ့တာကိုလည်း တွေ့ရပြန်တယ်။

ဒုတိယအချက်အနေနဲ့အမျိုးသားညီလာခံမှာတက်ရောက်ခဲ့တဲ့တတ်သည့်ပညာရှင်များအစုအဖွဲ့၊
အလုပ်သမားကိုယ်စားပြု အစုအဖွဲ့၊တောင်သူလယ်သမားကိုယ်စားပြုအစုအဖွဲ့၊ တိုင်းရင်းသားကိုယ်စား ပြုအစုအဖွဲ့၊နိုင်ငံဝန်ထမ်းအစု အဖွဲ့စတဲ့အစုအဖွဲ့တွေဟာ ပြည်သူလူထုကရွေးချယ်ခဲ့တဲ့ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်များမဟုတ် ပဲ လက်ရှိအုပ်ချုပ်နေတဲ့ စစ်အစိုးရကစိတ်ကြိုက်ရွေးချယ်စေလွှတ်ခဲ့တဲ့သူများ
သာဖြစ်ပြီး စစ်အစိုးရအလိုကျ လက်ခံခေါင်းငြိမ့်ရသူများသာဖြစ်တယ်။ ဒီအချက်က ပြည်သူလူထုတွေရဲ့ ကိုယ်စားလှယ်တွေကရေးဆွဲခဲ့တာလို့ထင်ယောင်ထင်မှား ဖြစ်အောင် အစိုးရကိုယ်တိုင်က မရိုးမသား လုပ်ဆောင်ခဲ့တာကိုမြင်တွေ့ရမှာဖြစ်တယ်။

တတိယအချက်အနေနဲ့အမျိုးသားညီလာခံမှာဆွေးနွေးတဲ့ အခြေခံမူ ၁၀၄ချက်ကိုပြည်သူလူထုအလွှာပေါင်းစုံကပါဝင် ဆွေးနွေးခြင်း၊အကြံပြုတင်ပြခြင်းတို့ကိုမပြုလုပ်နိုင်စေဖို့စစ်အစိုးရကဆက်လက်လုပ်ဆောင်ခဲ့ ပါတယ်။
နိုင်ငံတော်တာဝန်ကို တည်ငြိမ်အေးချမ်းစွာ စံနစ်တကျလွဲပြောင်းပေးရေးနဲ့အမျိုးသားညီလာခံလုပ်ငန်း
များအောင်မြင်စွာဆောင်ရွက်ရေးတို့ကိုနှောင့်ယှက်ဆန့်ကျင်ခြင်းမှကာကွယ်တဲ့ ဥပဒေ အမှတ် ၅/၉၆ ကိုအတည်ပြုပြဌာန်းပြီးအများပြည်သူ၏ပါဝင်မှု နဲ့ နိုင်ငံရေးပါတီများရဲ့ပါဝင် ပတ်သက်ဆောင်ရွက်မှု တို့ကို ကန့်သတ်တားဆီးပိတ်ပင်ခဲ့တာကိုတွေ့ရမှာဖြစ်တယ်။ဒါကြောင့်လဲအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က အမျိုးသားညီလာခံကိုဆက်လက်မတက်ရောက်တော့ပဲနှုပ်ထွက်ခဲ့တာဖြစ်တယ်။

၁၉၉၀ခုနှစ်ရွေးကောက်ပွဲမှာအနိုင်ရခဲ့တဲ့ နိုင်ငံရေးပါတီတွေကပြည်သူ့လွှတ်တော်ကိုယ်စားလှယ်တွေ၊ တိုင်းရင်းသားပါတီတွေကခေါင်းဆောင်တွေနဲ့နိုင်ငံရေးတက်ကြွလှုပ်ရှားသူတွေကိုလဲ ၅/၉၆ ဥပဒေနဲ့
ဖမ်းဆီးအရေးယူခဲ့ပြီးယနေ့တိုင်ပြန်လည်လွှတ်ပေးခဲ့တာမရှိပဲ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကိုအတည်ပြုပြဌာန်းခဲ့ပြန်တယ်။
ဒါကြောင့်နိုင်ငံရေးပါတီများ၊တိုင်းရင်းသားခေါင်းဆောင်များ၊အမျိုးသားခေါင်းဆောင်များနဲ့ပြည်သူကရွေးချယ် တင်မြှောက်လိုက်တဲ့ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်တွေ ပါဝင်ရေးဆွဲထားခြင်းမဟုတ်တဲ့အတွက်၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေဟာ ပြည်သူများကိုကိုယ်စားမပြု၊ အုပ်ချုပ်သူစစ်အစိုးရအာဏာတည်မြဲရေးကိုသာ ဖြစ်စေမယ့် အကျိုးပြုမဲ့ဖွဲ့စည်းပုံအခြေခံဥပဒေ ဖြစ်ပါတယ်။

ဖွဲ့စည်းပုံအခြေခံဥပဒေဆိုတာဟာပြည်သုများနဲ့ပြည်သူများကရွေးချယ်တင်မြှောက်ထားတဲ့ပြည်သူ့ကိုယ်စား လှယ်များ အကြားချုပ်ဆိုထားတဲ့ သဘောတူညီမှုဖြစ်တယ်။ ပြည်သူများကရွေးချယ်တင်မြှောက်တဲ့ ပြည်သူ့ကိုယ်စားလှယ်များပါဝင်တဲ့အစိုးရအဖွဲ့ကသာ ပြည်သူများ၏သဘောတူညီမှုနဲ့ဥပဒေများထုတ်ပြန်
ပြဌာန်းနိုင်တာဖြစ်တယ်။နိုင်ငံကိုအုပ်ချုပ်သူအစိုးရကလဲပြည်သူများရဲ့အကျိုးစီးပွားနဲ့လူပုဂ္ဂိုလ်တဦးချင်းစီရဲ့လွတ်လပ်မှုကို တာဝန်ခံ ရတဲ့အပြင်လေးစားလိုက်နာရမှာဖြစ်တယ်။

ဒါကြောင့်လဲအပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးကျေညာစာတမ်းရဲ့အပိုဒ်၂၁ အပိုဒ်ခွဲ ၃မှာပြည်သူပြည်သားတို့ရဲ့ဆန္ဒဟာ အချုပ်အခြာအာဏာ ရဲ့အခြေခံဖြစ်ရမယ်။ အဆိုပါဆန္ဒကိုအချိန်ကာလပိုင်းခြားပြီး စစ်မှန် တဲ့ရွေးကောက်ပွဲများနဲ့ထင်ရှားစေရမည်လို့ထည့်သွင်းဖေါ်ပြခဲ့တာဖြစ်တယ်။

ပည်သူ့ဆန္ဒကိုမထင်ဟပ်တဲ့၂၀၀၈ခုနှစ်ဖွဲ့စည်းပုံကိုအခြေပြုပြီးဖွဲ့စည်းတည်ထောင်မဲ့အစိုးရဆိုတာကလည်း
ပြည်သူလူထုအကျိုးကိုထိထိရောက်ရောက်အကာအကွယ်ပေးနိုင်မှာမဟုတ်ဘူးဆိုတာကိုတင်ပြလိုက်ရပါတယ်။
နောက်အပတ် များမှာတော့ ဥပဒေတရပ်ကိုပြဌာန်းအတည်ပြုပြီးရင် အဆိုပါဥပဒေကို အကောင်အထည် ဖေါ်ဆောင်ဖို့ အတွက် လိုအပ်တဲ့ဥပဒေနည်းဥပဒေတွေပြဌာန်းရပါတယ်။ ထို့အတူ ၂၀၀၈ ခုနှစ်ဖွဲ့စည်းပုံ အခြေခံဥပဒေ ကိုအကောင် အထည်ဖေါ်ဆောင်ဖို့အတွက် ပြည်သူ့လွှတ်တော်ရွေးကောက်ပွဲဥပဒေ၊ ပြည်သူ့လွှတ်တော် ရွေးကောက်ပွဲ နည်းဥပဒေများ၊ နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်းဥပဒေ စတာတွေကို လက်ရှိအုပ်ချုပ်နေတဲ့စစ်အစိုးရကပြဌာန်းနိုင်ခွင့်ရှိသလား၊ ပြည်သူတွေကရွေးချယ်ခဲ့တဲ့ပြည်သူ့ ကိုယ်စားလှယ် တွေက ရေးဆွဲအတည်ပြုပြဌာန်းရမှာလားဆိုတာကိုဆက်လက်ပြီုးတင်ပြသွားပါမယ် ခင်ဗျား

0 comments:

Post a Comment