Tuesday, January 25, 2011

Filled Under:

နအဖဧ။် ပြည်သူ့စစ်မှုထမ်းဥပဒေက တကယ်ပဲ စိုးရိမ်ဖွယ်ဖြစ်နေသလား

၂၃ဇန်နဝါရီ ၂၀၁၁ ဒီဗွီဘီ- အခုတလော လူပြောများနေတဲ့ ပြည်သူ့စစ်မှုထမ်းဥပဒေနဲ့ ပတ်သက်ပြီးရန်ကုန်မှ ဥပဒေပြု အမတ်တဦးဖြစ်သူ အမျိုးသားဒီမိုကရေစီအင်အားစုမှဒေါက်တာ မြတ်ဥာဏစိုး၊ဝါရှင်တန်ရှိ စစ်ထောက်လှန်းရေး အရာရှိဟောင်း တဦးဖြစ်သူ ဗိုလ်မှုးအောင်လင်းထွဋ်နဲ့ အော်စလိုရှိဥပဒေပညာရှင် တဦးဖြစ်သူ ဦးမင်းလွင်ဦးတို့နဲ့ ကိုထက်အောင်ကျော်ဆွေးနွေးထားတာဖြစ်ပါတယ်။

ကျနော်ပြောထားတဲ့အတိုင်းပေါ့လေ အခုကတော့ ပါလီမန်ခေါ်ဖို့ကလည်း ရက်ပိုင်းပဲလိုတော့တယ်။ ပါလီမန်မခေါ်ခင်မှာ ထွက်လာတဲ့ စစ်မှုထမ်းဥပဒေပေါ့။ အငြင်းပွားနေလို့ခင်ဗျ။ အဲဒါကို ပထမဆုံးကတော့ တနေ့ကပဲ အန်အယ်လ်ဒီက ကြေငြာချက်ထုတ်တယ်ခင်ဗျ။ သူကတော့အကြောင်းအရာထက် ဥပဒေပေါ့လေ၊ ပါလီမန်ခေါ်ဖို့ ရက်ပိုင်းအလိုကျမှ ထွက်လာတဲ့ဟာက တကယ်ကတော့ ပါလီမန်မှာ ဆွေးနွေးပြီးမှ ထုတ်ပြန်သင့်တယ်လို့ ပြောတယ်ခင်ဗျ။ အဲဒီ့ဟာကို ကိုဥာဏစိုး လွှတ်တော်ကိုယ်စားလှယ်တယောက် အနေနဲ့၊ ပါလီမန်တက်မဲ့ လူတယောက်အနေနဲ့ဘယ်လိုမြင်ပါသလဲခင်ဗျာ။

ဦးမြတ်ဥာဏစိုး.... ဒါကတော့ နိုင်ငံတော်အေးချမ်းသာယာရေးနဲ့ ဖွံ့ဖြိုးရေးကောင်စီကနေပြီးတော့ ပြည်သူ့စစ်မှုထမ်း ဥပဒေကိုထုတ်ပြန်ခဲ့တာပေါ့နော်။ နိုင်ငံတော်အေးချမ်းသာယာရေးနဲ့ ဖွံ့ဖြိုးရေးကောင်စီ ဥပဒေအမှတ်၂၇။၂၀၁၀ပေါ့။ နိုဝင်ဘာလ၄ရက်နေ့ ရက်စွဲနဲပ ထုတ်ပြန်ခဲ့တာ ဖြစ်ပါတယ်။ သို့သော် ဒီဥပဒေထုတ်ပြန်တယ်ဆိုတာက ၁၉၅၉ခုနှစ်ကပေါ့နော် ထုတ်ပြန်ခဲ့တဲ့ ပြည်သူ့ စစ်မှုထမ်းအက်ဥပဒေက ရှိပါတယ်။ ဆိုတော့ ပြီးခဲ့တဲ့ အဆက်ဆက်ကျင့်သုံးခဲ့တဲ့ ဖွဲ့စည်းပုံ အခြေခံ ဥပဒေမှာ ဒီအက်ဥပဒေကရှိနေတာပဲလေ။ ကျနော်တို့ သတိမထားမိတာသာရှိပါတယ်။ ဆိုလိုချင်တဲ့သဘောကတော့ ဒီဥပဒေကိုနိုင်ငံတော်အေးချမ်းသာယာရေးနဲ့ ဖွံ့ဖြိုးရေးကောင်စီကထုတ်ပြန်တာဟာ အခုမှအသစ်လုပ်ပြီးထုတ်ပြန်တာ မဟုတ်ဘဲနဲ့ နဂိုရှိပြီးသားဥပဒတခုကို အသွင်ပြောင်းတယ်လို့ ကျနော်ကတော့ ဆိုလိုချင်ပါတယ်ခင်ဗျ။

မေး…. ဒီဥပဒေပါအချက်အလက်နဲ့ ဥပဒေထုတ်ပြန်ပုံ ထုတ်ပြန်နည်း ၂ခုရှိမယ်ထင်တယ်။ ဆိုတော့ ကိုမင်းလွင်၊ ကိုမင်းလွင်က နော်ဝေမှာလည်းနေတယ်။ နော်ဝေမှာလည်ဒကျနော်သိသလောက်က ဒီလိုစစ်မှုထမ်း ဥပဒေရှိတယ်ပေါ့လေ။ နောက်တခါ တခြားနိုင်ငံတော်တော်များများမှာလည်းရှိတယ်ခင်ဗျ။ ဒါဝေးသေးတယ်ပေါ့လေ။ အိမ်နီးချင်း ထိုင်းမှာလည်းရှိတာကြားရတယ်ခင်ဗျ။ ဘယ်လိုကွာတယ်လို့ထင်ပါသလဲ ကိုမင်းလွင်၊ အခုဗမာပြည်မှာ ထုတ်တဲ့ ဥပဒေကိုဝိုင်းပြီး ဝေဖန်နေတဲ့ အခါကျတော့ ဘာကွာတယ်ထင်ပါသလဲ၊ဘာကြောင့်ဝေဖန်တယ် ထင်ပါသလဲ။

ဦးမင်းလွင်ဦး... ကျနော်တို့ ဒီအာရှနိုင်ငံတွေကတော့ မသိဘူး၊ နော်ဝေမှာကတော့ စစ်မှုထမ်းဆင့်ခေါ်တဲ့အခါမှာ စစ်မှုထမ်းချင်ရင် လည်းထမ်းလို့ရတယ်။ တကယ်လို့ မထမ်းဘူးဆိုရင်လည်း အန်ဂျီအိုအလုပ်တွေ၊ ပြည်သူ့အကျိုးပြု လုပ်ငန်းတွေမှာ သတ်မှတ်တဲ့ ကာလအတွင်းကို သတ်မှတ်တဲ့ ကာလအလိုက်၊အချိန်ပိုင်းအလိုက်ပဲ ဖြစ်ပါစေ၊ နေ့အလိုက်ပဲဖြစ်ပါစေ၊ လအလိုက်ပဲဖြစ်ပါစေ အဲဒီမှာပြည့်အောင် နိုင်ငံသူနိုင်ငံသားတွေကတာဝန်ထမ်းဆောင်ပေးရတယ်။

တနည်းပြောရရင်တော့ လူမှုရေးလုပ်ငန်းတွေ Red Crossတို့ Amnesty International တို့ နောက်ပြီးတော့တခါ အန်ဂျီအိုနဲ့ ဆက်စပ်တဲ့ ပြည်သူ့အကျိုးပြုလုပ်ငန်းတွေ အဲဒီဟာတွေမှာ ပါဝင်ဆောင်ရွက်ရတာကို ကျနော်တို့ တွေ့ရတယ်။ အတင်းအဓမ္မ ဆင့်ခေါ်တာကိုတော့ ကျနော်တို့ မကြားသိရပါဘူး။

မေး… ဟုတ်ကဲ့ခင်ဗျ။ဗိုလ်မှုး အောင်လင်းထွဋ်ကိုမေးချင်ပါတယ်။ တချို့ကပြောတာကလည်း အခုအကြောင်းအရာတွေရှိတယ်ပေါ့လေ။ ဒါပေမဲ့ တချို့က တပ်မတော်ထဲမှာ အားနည်းလို့ တပ်ပြေးတွေ များလို့ပေါ့လေ အဲဒီလိုကြောင့် ထုတ်တယ်လို့လည်း တချို့ကလည်းဆိုတယ်ခင်ဗျ။ အဲဒါဟုတ်ပါသလားခင်ဗျာ။

ဦးအောင်လင်းထွဋ်.... အဲဒီဟာမှန်ပါတယ်။ ကျနော်တို့ ရှိစဉ်ကတည်းကပေါ့လေ၊ ခုနကဦးဥာဏစိုးပြောသွားသလိုပဲလေ ဥပဒေဆိုတာရှိခဲ့ပါတယ်။ ဒါပေမဲ့ ကျနော်တို့နိုင်ငံမှာ အဲဒီအချိန် အဲဒီအခါကတည်းက အခုအချိန်ထိပဲ ပြောရမှာပေါ့ဗျာ။ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေပေါ့လေ။ ဒီအစိုးရစစ်တပ်နဲ့ တိုက်တဲ့အဖွဲ့ပေါင်း ၃၀ကျော်လောက်ရှိပါတယ်။ ဒါတွေရှိတဲ့ အတွက်ကြောင့်မို့လို့ ယခင်ကဥပဒေတွေ ရှိပင်ရှိသော်ငြားလည်း ပြည်သူ့စစ်မှုထမ်း ဥပဒေကြီးကပေါ့လေ၊ တပ်သားသစ်တွေကို ဆင့်ခေါ်ဖို့အတွက်က အခက်အခဲအများကြီးရှိပါတယ်။ ပြဿနာလည်း အများကြီးရှိပါတယ်။

ဒီ့အပြင် ကျနော်တို့ နိုင်ငံအနေနဲ့ ပြည်တွင်းစစ်ပေါ့၊ ပြည်တွင်းသောင်းကျန်းသူရှိပေမဲ့ ပြည်ပအန္တရာယ်ကိုတော့ သိပ်ကြီးကြီးမားမားမဖြစ်ခဲ့ပါဘူး၊ တရုတ်ဖြူကျုးကျော်မှုနောက်ပိုင်းမှာ လုံးဝမရှိသလောက်ဖြစ်ပါတယ်။ ခုဒီဘက် အပိုင်းမှာတော့ ၁၉၈၈နောက်ပိုင်းမှာအထူးသဖြင့်တော့ ၁၉၉၂ခုနောက်ပိုင်းပေါ့လေ၊ ဗိုလ်ချုပ်မှုးကြီး သန်းရွှေတက်လာပြီးတဲ့နောက်ပိုင်းမှာ စစ်အင်အားကို အဆမတန်တော်တော်လေးချဲ့ပါတယ်။ တပ်ရင်းတွေဆိုရင် နည်းတဲ့ တပ်ရင်းတွေမဟုတ်ဘူး၊ ထပ်ပြီးတော့မှ ချဲ့တဲ့ အနေအထားမျိုးရှိပါတယ်။

ခောတ်မှီဖွံ့ဖြိုးတဲ့ တပ်မတော်ဖြစ်ရမယ် ဆိုပြီးတော့ ကျန်တဲ့ လက်ရုံးတပ်တွေပေါ့လေ၊အမြောက်တပ်တို့၊လေကြောင်းရန် ကာကွယ်ရေးတပ်တို့၊ နျုကလီးယားတပ်ရင်းအထိပေါ့လေ။ သူတို့ဖွဲ့လာတဲ့ အနေအထားမျိုးရှိပါတယ်။ အဲဒီလို ဖွဲ့လာတဲ့အခါမှာ အတတ်ပညာပိုင်းနဲ့ပတ်သက်လို့ လူအင်အားထင်သလောက်စုလို့မရပါဘူး။ အင်ဂျင်နီယာတို့၊ ဆေးတက္ကသိုလ်တို့ ဒါစစ်တပ်ကဖွင့်ပင်ဖွင့်သော်ငြားလည်း လုံလောက်တဲ့အင်အားရတဲ့အနေအထားမျိုးမရှိပါဘူး၊ အထူးသဖြင့် ခက်ခဲတာက စစ်သားပေါ့လေ။

အောက်ခြေရဲဘော်က ကျနော်သိရသလောက်က စစ်တက္ကသိုလ်လို နေရာမျိုးမှာ အရာရှိ၇ယောက်၊ ရဲဘော်၃ယောက်ပေါ့လေ။ အဲဒီ အချိုးအစားမျိုးရှိနေတဲ့အတွက်ကြောင့်မို့လို့ အခုလို စစ်မှုထမ်းဖို့ ဥပဒေပေါ့လေ ထပ်ပြီးတော့ နည်းနည်းလေး re-newထပ်လုပ်တဲ့ အနေအထားမျိုးဖြစ်ပါတယ်ခင်ဗျ။

မေး… ဒေါက်တာမြတ်ဥာဏစိုးကို ပြန်မေးချင်ပါတယ်။ ကျနော်တို့ ဆွေးနွေးဖူးသလောက်ဆိုရင်အဲဒီမှာ တိုင်းရင်းသားတွေထဲက ပေါ့လေ အခုက ပြည်တွင်းစစ်ရှိနေတာကိုး ဗမာပြည်မှာက တခြားနိုင်ငံနဲပ ခုနက ဥပဒေတွေရှိတဲ့ နိုင်ငံကွာတာက၊ ဆိုတော့ ကျနော်ဒေါက်တာအေးမောင်တို့၊ ဦးဇိုဇန်တို့ပြောသလောက်ဆိုရင်တော့ ဒီဥပဒေကအိုကေပေါ့၊ ပြည်တွင်းစစ်ရှိနေတဲ့ အခါကျတော့ ဒီစုဆောင်းတဲ့ အင်အားတွေက တိုင်းရင်းသားတွေကို တိုက်တဲ့နေရာမှာအသုံးပြုမလားလို့ သူတို့ (၁) စိုးရိမ်တယ်ဗျာ။ (၂)အချက်ကျတော့ တဖက်ကျတော့ ဒီလိုစုပြီးတော့ အခုလေးငါးသိန်းလောက် ရှိနေတဲ့တပ်မတော် regular တပ်မတော်ကိုလျှော့ချပြီးတော့ ခုနကအရပ်အင်အားကိုတိုးမယ် အဲဒီလိုအပေးအယူလုပ်နိုင်တယ်လဲပြောတယ်ခင်ဗျ။ ဆိုတော့ ကိုမြတ်ဥာဏစိုး အခုဒီလိုအငြင်းပွားနေတဲ့ အခါကျတော့ ပါလီမန်မှာ ဒီကိစ္စတွေ ဆွေးနွေးခွင့်ရမယ်လို့ ထင်ပါသလားခင်ဗျာ၊ ဆွေးနွေးဖို့ကော စိတ်ကူးရှိပါသလား။

ဦးမြတ်ဥာဏစိုး.... ဟုတ်ပါတယ်။ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းတွေလည်း ရှိနေပါတယ်။ ဒါ့ကြောင့်လည်း တိုင်းပြည်မှာက ပြည်တွင်းစစ်က ရှည်ကြာခဲ့တာပေါ့နော်။ ရှည်ကြာခဲ့တဲ့ အတွက်ကြောင့်မို့လို့လည်း တိုင်းပြည်က ဖွံ့ဖြိုးသင့်သလောက်မဖွံ့ဖြိုး မတိုးတက်ဘူးဆိုတော့ ဒါအားလုံး နိုင်ငံတကာကလည်းသိပါတယ်။ အိမ်ကြက် အချင်းချင်းခွပ်နေမဲ့အစား ဒီတိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းတွေကလည်း တစုတစည်းသော ကျနော်တို့ရဲ့ ပြည်ထောင်စု တပ်မတော်ကြီးအဖြစ် ဖော်ဆောင်နိုင်ရင်တော့ ဒါအကောင်းဆုံး အနေအထားဖြစ်မှာပေါ့လေ။ ဒါအကောင်းဆုံးကိုပြောတာပါ။

ဒါပေမဲ့ ဒီဟာဖြစ်ဖို့က လက်တွေ့မှာကျတော့လည်း အခက်အခဲတွေအများကြီး ရှိတယ်ဆိုတာ ကျနော်တို့အားလုံးလည်းသိပါတယ်။ သို့သော်လည်းကျနော်တို့ တနေ့တချိန်ကျတော့ တိုင်းရင်းသား ညီအကိုတွေအားလုံး နားလည်မှုရပြီးတော့ ညီညွတ်ရေး ရပြီးတော့ ဒီဟာကလည်း ပြေလည်သွားမှာပေါ့နော်။ အဲဒီတော့ ဒီဟာနဲ့ ကျနော်တခါ ဒီပြည့်သူ့စစ်မှုထမ်းဥပဒေနဲ့ကို ဆက်စပ်ပြီးပြောရမယ်ဆိုရင်တော့ ဒီပြည်သူ့စစ်မှုထမ်း ဥပဒေအရဆိုရင်တော့ ဒါနိုင်ငံသားတိုင်းမှာ ရှိတဲ့ တာဝန်civil serviceပေါ့နော်။

ဒါကတိုင်းရင်းသားမှ ပြည်မမှာနေတဲ့ ဗမာမှမဟုတ်ပါဘူး၊ ကျနော်တို့ ဆွဒ်ဇာလန်လို တိုင်းပြည်မှာဆိုရင် အမြဲတမ်း တပ်မတော်တောင်မရှိပါဘူး။ အရေးပေါ်ကြုံလာတဲ့အချိန်ကျမှဆင့်ခေါ်လိုက်ရင် အရွယ်ရောက်ပြီးတဲ့ အမျိုးသားအမျိုးသမီးတိုင်းဟာ ဒါတပ်မတော် တခုအနေနဲ့ ပေါ်ထွန်းလာတာပေါ့နော်၊ ဒီလိုပဲ အစ္စရေးတို့၊နော်ဝေတို့ မှာလည်းရှိပါတယ်။ နောက်ပြီးတော့ ကိုးရီးယားမှာလည်းရှိပါတယ်။ ရုပ်ရှင်သရုပ်ဆောင်တွေ၊ အနုပညာသည်တွေတောင်မှ စစ်မှုထမ်းရတာပဲဆိုတာ၊ နောက်ဒီဥပဒေကို ကျနော်သဘောပေါက်တာကလည်း အရေးပေါ် အခြေအနေကြုံတွေ့လာမှ ဆင့်ခေါ်ရမှာပါ။ လူတွေအခု စိုးရိမ်ကြောင့်ကြ နေသလိုပေါ့နော်။ ချက်ချင်းပဲတပ်မတော်ထဲဝင်ရတော့မလား၊ အဲဒီလိုမျိုးသဘော သဘာဝမျိုးမဟုတ်ဘူးလို့ ကျနော် ထင်မြင်ယူဆပါတယ်။

မေး... ဟုတ်ကဲ့ ကိုမင်းလွင် နည်းနည်းရှင်းပြလို့ရမလား၊ ဒီဥပဒေကလူတွေဘာကြောင့် စိုးရိမ်သလဲခင်ဗျ။ အင်ဖော်မေးရှင်းအပြည့်အစုံမရလို့လား၊ ဒါမှမဟုတ် တကယ်ကို စိုးရိမ်စရာရှိပါသလားခင်ဗျာ။

ဦးမင်းလွင်ဦး.... ဟုတ်ကဲ့ခင်ဗျ။ အဲဒီအင်ဖော်မေးရှင်းအပြည့်အစုံမရတာလည်း ပထမအချက်ပါတာပေါ့နော်။ အစောက ကိုမြတ်ဥာဏစိုးပြောသလိုမျိုး ကျနော်တို့ ဒီဥပဒေက နိုဝင်ဘာလ၄ရက်နေ့မှာရေးဆွဲပြဌာန်းတယ်။ နောက်ပြီးတော့ နိုင်ငံတော်ပြန်တမ်းမှာ ဒီဇင်ဘာ၁၇ ရက်နေ့မှာ ထုတ်ပြန်ပြီးတော့ ကြေငြာလိုက်တယ်။ အဲဒီ ဥပဒေရဲ့ ပုဒ်မ၁(ခ)မှာက ဒီဥပဒေဟာ နိုင်ငံတော်အေးချမ်းသာယာရေးနဲ့ ဖွံ့ဖြိုးရေးကောင်စီ ဥက္ကဌက အမိန့်ကြေငြာစာဖြင့် သတ်မှတ်သည့်နေ့ရက်တွင် စတင် အာဏာတည်ရမယ်လို့ ဆိုထားတဲ့ အတွက် ဒီဥပဒေက အခုမြန်မာနိုင်ငံအတွင်းမှာ အာဏာတည်ခြင်းမရှိသေးပါဘူး။ အဲဒီတော့ အာဏာတည်ရမယ်လို့လည်း အမိန့်ကြေငြာစာနဲ့ ထုတ်ပြန်ထားခြင်းမရှိတဲ့အတွက် စိုးရိမ်စရာမလိုပါဘူး။

ပြည်သူ့လွှတ်တော်မှာ ဒါကိုထည့်သွင်းဆွေးနွေးမလားဆိုတဲ့ ကိစ္စရပ်ကိုလည်း ကျနော့်အနေနဲ့ ပြောရရင်တော့ ပြည်သူ့လွှတ်တော်တက်မဲ့ ကိုယ်စားလှယ်တွေ လေ့လာဖို့အတွက်ဆိုပြီးတော့ ဥပဒေ၁၀မျိုးကျော် ထုတ်ထားတဲ့ အထဲမှာ ဒီဥပဒေမပါပါဘူး။ အဲဒီတော့ ဒီကိစ္စနဲ့ ပတ်သက်လို့ အရေးပေါ်အခြေအနေရောက်လာမှသာ ထုတ်ပြန်ကြေငြာမယ်လို့ထင်ပါတယ်။ အဲဒီလို အရေးပေါ်ကာလကလည်း ကျနော်တို့မြန်မာနိုင်ငံအတွင်းမှာ လက်ရှိတော့ မဖြစ်နိုင်သေးဘူးလို့ထင်မြင်တယ်။ ကျနော်တို့အနေနဲ့ ပြောချင်တာက နိုင်ငံသူနိုင်ငံသားတွေအနေနဲ့ ဒါကို စိုးရိမ်စရာ သိပ်မလိုသေးဘူးလို့ ကျနော်ကတော့ ထင်မြင်ယူဆပါတယ်။ ဒါက ဥပဒေကအာဏာတည်တာ မဟုတ်သေးဘူး၊ရေးဆွဲပြဌာန်းရုံပဲ ရှိသေးတယ် ဆိုတဲ့ အတွက်ကြောင့်နဲ့ ကျနော်ပြောလိုခြင်းဖြစ်ပါတယ်။

မေး… ဗိုလ်မှုးအောင်လင်းထွဋ် ဘယ်လိုမြင်ပါသလဲခင်ဗျာ။

ဦးအောင်လင်းထွဋ်… ကျနော်တို့ ဒီနိုင်ငံတော် ပြန်တမ်းက NHK ကနေပြီးတော့မှ လိခ်ဖြစ်ပြီးတော့မှ ထွက်လာတဲ့ သဘောပါခင်ဗျ။ အဲဒီတော့ ပုံ ဗိုလ်ချုပ်မှုးကြီးသန်းရွှေဆိုပြီးတော့မှ ထုတ်ပြန်တဲ့ ဥပဒေတိုင်းက သတင်းစာမှာကြေငြာရပါတယ်။ သတင်းစာမှာတင်ပြီးတော့မှ မတင်ပြတာကတော့ ဒါအင်မတန်ထူးဆန်းတဲ့ အချက်တချက်ပဲလို့ ကျနော်မြင်တယ်။ နောက်တခုက ဒီသတင်းကိုဘာဖြစ်လို့ တရားဝင်မထုတ်ဘဲနဲ့ နိုင်ငံတော်ပြန်တမ်းဆိုတာ အတွင်းရေးပေါ့လေ ဌာနတွင်းမှာ ထုတ်တဲ့ပြန်တမ်းပါ၊ ဒီပြန်တမ်းကို တခြားတနေရာကိုဘယ်လိုလုပ်ပြီးတော့မှပေါက်ကြားသွားသလဲ။ ဒီလိုပေါက်ကြားသွားအောင် တမင်တကာများ ဖန်တီးထားသလားဆိုတာ စဉ်းစားစရာပါ။

အချိန်အားဖြင့်လည်း နိုဝင်ဘာလ၄ရက်နေ့ဗျာ။ နောက်တဖက်ကပြောရရင်လည်း ကျနော်တို့ အတိုက်အခံလို့ခေါ်တဲ့ အန်အယ်လ်ဒီ အင်အားစုအနေနဲ့လည်း လူငယ်တွေကိုကွန်ယက်ဖွဲ့ရမယ်။ လူငယ်အင်အားစုလုပ်ရမယ်လို့ ဒေါ်အောင်ဆန်းစုကြည်က တဖွဖွပြောနေတဲ့အချိန်အခါနဲ့ သွားတိုက်ဆိုင်နေတယ်။ ဒါကကျနော့် အမြင်ပေါ့လေ။ ကျနော်ကတော့ ဒါဗိုလ်ချုပ်မှုးကြီးရဲ့ လုပ်လေ့လုပ်ထရှိတဲ့ အကွက်တကွက်လို့ပဲမြင်ပါတယ်။

မေး..ကိုမြတ်ဥာဏစိုးခင်ဗျာ။ ဒီဥပဒေအပေါ်မှာလူတွေက စိုးရိမ်ပူပန်မှုတွေ ရှိနေတဲ့အခါကျတော့ ပါလီမန်မှာ ဆွေးနွေးနိုင်မလား၊ ဘယ်လိုအကြံပြုချင်ပါသလဲ။

ဦးမြတ်ဥာဏစိုး.... ဒီဥပဒေနဲ့ ပတ်သက်လို့ကတော့ကျနော်ခုနတုန်းကလည်းပြောခဲ့ပြီးပါပြီး ကျနော်တို့ နိုင်ငံ တခုတည်းမဟုတ်ပါဘူး။ တခြားနိုင်ငံတွေမှာလည်း ကျင့်သုံးနေတဲ့ ဥပဒေတခုဖြစ်ပါတယ်။ အဲဒီအခါကျတော့ တိတိကျကျ သတ်မှတ်ပြဌာန်းဖို့တော့ လိုတာပေါ့နော်။ အရေးပေါ်အခြေအနေဆိုတာ ဘယ်လိုအခြေအနေမျိုးမှာကြေငြာမှာလဲ၊ ပြည်ပကျူးကျော်စစ်တွေနွှဲတဲ့အခါကျရင် ဒါမျိုးကမဖြစ်မနေဖြစ်ရမှာပေါ့နော်။ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းတွေနဲ့ ကျနော်တို့ ညီအကိုချင်းရန်ဖြစ်တဲ့နေရာမှာတော့အသုံးပြုမလား၊ ဒီဥပဒေက အသက်ဝင်စေမလားပေါ့နော်။ ဒါတွေကတော့ ကျနော်တို့ လေးလေးနက်နက်ကိုစဉ်းစားပြီးတော့မှ သုံးသပ်ရမယ့် အပိုင်းဖြစ်ပါတယ်။

အဲဒီတော့ တပ်မတော်က တာဝန်ရှိတဲ့ တပ်မတော်ခေါင်းဆောင်တွေ၊ နောက်တခါ ကျနော်တို့ ဒီနိုင်ငံတော်သစ်မှာဆိုရင် နိုင်ငံတော်ကာကွယ်ရေးနဲ့ ပတ်သက်လို့ အဖွဲ့အစည်းတွေပေါ်လာမှာပါ။ အဲဒီမှာ အသေအချာဆွေးနွေးဆုံးဖြစ်ပြီးတော့ ကျနော်တို့ ကျင့်သုံးဖို့လိုပါတယ်။ အနှစ်ချုပ်ပြီးပြောရမယ်ဆိုရင်တော့ ဒီဥပဒေဟာ လက်မခံနိုင်ဖွယ်ရာ ဥပဒေမဟုတ်ပါဘူး၊ ဒီမှာပြောတဲ့အရေးပေါ်ကာလဆိုတာဟာ ဘယ်လိုအနေအထားမျိုးလဲ။ ဘယ်လိုအချိန်မျိုးမှာ စစ်မှုထမ်းဖို့ဆင့်ခေါ်ရမလဲဆိုတာတွေကို တိတိကျကျ သေသေချာချာ တိုင်ပင်ဆွေးနွေးပြီးတော့မှ ကျင့်သုံးမယ်ဆိုရင်တော့ ပြဿနာ မရှိနိုင်ဘူးလို့ထင်ပါတယ်ခင်ဗျ။

မေး….ဦးမင်းလွင်ဦး ဘယ်လိုမျိုးအကြံပြုချင်ပါသလဲခင်ဗျာ။

ဦးမင်းလွင်ဦး… ဟုတ်ကဲ့ခင်ဗျာ။ ကျနော်ကတော့ အစောတုန်းက ဗိုလ်မှူးအောင်လင်းထွှဋ်ပြောသွားတာနဲ့ နည်းနည်းသဘောတူပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ကျနော်တို့ မြန်မာနိုင်ငံအတွင်းလွှတ်တော်မှာကျင်းပနေတဲ့ အချိန်မှာ လွှတ်တော်ရဲ့ သတင်းမီဒီယာတွေက ဆက်လက်ပြီးတော့ မလိုက်နိုင်အောင်၊ ရွှေးချယ်ထားတဲ့ နိုင်ငံရေးပါတီတွေနဲ့ မီဒီယာတွေနဲ့ မြန်မာနိုင်ငံရဲ့လွှတ်တော်ကျင်းပတဲ့အခါ ဘာတွေတင်ပြဆွေးနွေးမယ်ဆိုတာတွေ၊ နောက်နိုင်ငံရေးပါတီတွေရဲ့ ရည်ရွယ်ချက်တွေ အဲဒီဟာတွေကို မဆွေးနွေးနိုင်အောင် တဖက်လှည့်နဲ့ မီဒီယာကနေပြီးတော့ လုပ်ဆောင်တယ်လို့ပဲ ကျနော်ကတော့ ထင်မြင်ယူဆပါတယ်။ ပြည်သူတွေအနေနဲ့ကတော့ ဒါတွေကိုစိုးရိမ်စရာ မရှိသေးဘူးလို့ ကျနော့်အနေနဲ့ ပြောချင်ပါတယ်ခင်ဗျ။

မေး…. ဗိုလ်မှူးအောင်လင်းထွဋ်နိဂုံးချုပ်ဘာများအကြံပြုချင်ပါသလဲ ခင်ဗျာ။

ဦးအောင်လင်းထွဋ်…… တိုင်းပြည်တပြည်မှာပေါ့လေ အုပ်ချုပ်တဲ့ အစိုးရအနေနဲ့တော့ ပြည်သူပြည်သားတွေကို ဥပဒေထုတ်ပြန်တဲ့အခါမှာ အခုလိုမျိုးပေါ့ဗျာ။ ခိုးကြောင်ခိုးဝှက်လုပ်ဖို့မသင့်ပါဘူး၊ အများပြည်သူနဲ့ ဆိုင်တဲ့အတွက် ပြည်သူတွေကိုပွင့်ပွင့်လင်းလင်းနဲ့ ရိုးရိုးသားသားပေါ့ဗျာ၊ ရှင်းရှင်းလင်းလင်းထုတ်ပြန်သင့်ပါတယ်လို့ပြောချင်ပါတယ်။

0 comments:

Post a Comment