Wednesday, January 26, 2011

Filled Under:

စစ်အစိုးရရဲ့ ပြည်သူ့ စစ်မှုထမ်းဥပဒေ

2011-01-23 RFA ဒီစကားဝိုင်းမှာ ပါဝင်ဆွေးနွေးထားသူတွေကတော့ မြန်မာနိုင်ငံ မျိုးချစ် စစ်သည်ဟောင်းများ အစည်းအရုံး ဥက္ကဋ္ဌ ဗိုလ်ကြီးဟောင်း ဦးခင်မောင်ညွှန့်၊ တပ်မတော် အရာရှိဟောင်း ဗိုလ်ကြီး စိုင်းဝင်းကျော်၊ ဟောင်ကောင်အခြေစိုက် AHRC အာရှလူ့အခွင့်အရေး ကော်မရှင် မြန်မာနိုင်ငံဆိုင်ရာ တာဝန်ခံ ဦးမင်းလွင်ဦး တို့ ဖြစ်ကြပါတယ်။

အခုမြန်မာနိုင်ငံမှာ အမျိုးသားအမျိုးသမီးတွေ အရွယ်ရောက်လာပြီးလို့ရှိရင် စစ်မှုမထမ်းမနေရဆိုတဲ့ ဥပဒေကို ထုတ်ပြန်လိုက်တဲ့ အကြောင်းသတင်းတွေ ပေါ်ထွက်လာပါတယ်။ အမှန်တော့ ဒီကိစ္စဟာ ပြီးခဲ့တဲ့နိုဝင်ဘာလကနေပြီးတော့ မြန်မာနိုင်ငံ အစိုးရပြန်တမ်းမှာ ဖော်ပြခဲ့တာဖြစ်ပြီး ဂျပန်နိုင်ငံက NHK အသံလွှင့်ဌာနက ဒါကိုကြေငြာလိုက်မှ ကျနော်တို့သိကြရတာပါ။ အခုလိုတိုးတိုးတိတ်တိတ်နဲ့ ထုတ်ပြန်လိုက်တဲ့ ဥပဒေထဲမှာ အရွယ်ရောက်လာတဲ့ အမျိုးသား ၁၈ နှစ်ကနေပြီးတော့၄၅နှစ်အထိ၊ အမျိုးသမီးတွေဆိုရင် ၁၈ နှစ်ကနေ၃၅နှစ်အထိ စစ်မှုမထမ်းမနေရဆိုတဲ့ ပြဌာန်းချက်ပါဝင်လာပါတယ်။

ဒီလိုထုတ်ပြန်လိုက်တာနဲ့ ပတ်သက်ပြီး မြန်မာနိုင်ငံက လူငယ်ထုအကြားမှာ တော်တော်ကိုပဲလှုပ်လှုပ်ရွရွဖြစ်သွားခဲ့ပြီးတော့ နိုင်ငံရေးပါတီတွေဖြစ်ကြတဲ့ အန်အယ်လ်ဒီ၊ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ကဆိုရင်လည်း ဒီဥပဒေဟာ အများပြည်သူနဲ့ တိုက်ရိုက်သက်ဆိုင်တဲ့ ဥပဒေဖြစ်တဲ့အတွက် ပြည်သူလူထုရဲ့သဘောထားဆန္ဒကိုခံယူပြီးတော့မှ ထုတ်ပြန်သင့်တဲ့ ဥပဒေဖြစ်တယ် ဆိုပြီး ကြေငြာခဲ့ပါတယ်။ အလားတူပဲ လူ့ဘောင်သစ်ဒီမိုကရေစီ ပါတီကလည်းပဲ ဒီဥပဒေဟာ မလိုလားအပ်တဲ့ ဥပဒေတရပ်၊ ပြည်သူ့လွှတ်တော်ရဲ့သဘောတူညီချက်ကိုရယူပြီးတော့မှပဲ ဒါဟာထုတ်ပြန်သင့်တယ်ဆိုပြီးတော့ ကြေငြာပါတယ်။ ၂၀၀၇ခုနှစ် မျိုးဆက်သစ်ကျောင်းသားများသမဂ္ဂကလည်း ပြည်သူလူထုကို စစ်ကျွန်ပြုဖို့ပြဌာန်းလိုက်တဲ့အကြောင်း၊ စစ်အစိုးရကလူငယ်တွေကို လိုချင်သလို အသုံးချချုပ်ကိုင်နိုင်အောင် ပြဌာန်းလိုက်တဲ့ ဥပဒေပဲဆိုပြီး ကန့်ကွက်ခဲ့ပါတယ်။

ဒီလိုစစ်မှုမထမ်းမနေရဆိုတဲ့ ဥပဒေထုတ်ပြန်တာနဲ့ ပတ်သက်ပြီး ဘယ်လိုသုံးသပ်မိသလဲဆိုတာကို ဦးခင်မောင်ညွှန့်ကိုအရင်မေးချင်ပါတယ်။

ဦးခင်မောင်ညွှန့်…… တိုင်းပြည်အသီးသီးဟာမိမိတို့ရဲ့နိုင်ငံ ကာကွယ်ရေး၊ လုံခြုံရေး အစီအစဉ်နဲ့ အရေးကြီးတဲ့ အချိန်အခါ၊တနိုင်ငံနဲ့ တနိုင်ငံစစ်ဖြစ်နေတဲ့ အခါမျိုးမှာအရွယ်ရောက်သူ တိုင်းဟာ စစ်မှုမထမ်းမနေရဆိုတဲ့ ဥပဒေတွေကတော့ တိုင်းပြည်များအနည်းနဲ့ အများဆိုသလိုရှိကြပါတယ်။ conscription ဆိုတာတော့ တိုင်းပြည်အတွက်ကတော့ လိုအပ်ချက်တချက်ပဲ၊ ဗိုလ်ချုပ်အောင်ဆန်းတို့ ခောတ်တုန်းကလည်း အရွယ်ရောက်သူတိုင်း အမိနိုင်ငံအတွက်ကို စစ်မှုထမ်းရမယ်ဆိုတာရှိတယ်။

သို့သော်လည်းအခုဟာက လုပ်နည်းလုပ်ဟန်ကမှားယွင်းနေတယ်။ လက်မခံနိုင်ဘူးဖြစ်နေတယ်။ ဒီလုပ်နည်းလုပ်ဟန်ကလည်း သိပြီးလုပ်တာဆိုရင် တတိုင်းတပြည်လုံးကိုစော်ကားတာဖြစ်တယ်။ လွှတ်တော်ကလည်း လကုန်လောက်မှာ ခေါ်တော့မှာဘဲ၊ အဲဒီ့အချိန်ထိမစောင့်နိုင်ဘဲနဲ့ အခုလိုလုပ်တာဟာ ဦးသန်းရွှေရဲ့ဆန္ဒကိုသာ အကောင်အထည်ဖော်ခြင်းဖြစ်တယ်လို့ပဲထင်တယ်ဗျ။ တတိုင်းတပြည်လုံးနဲ့ ဆိုင်တဲ့ကိစ္စမှာ လူတဦးတည်းရဲ့ဆန္ဒအရ SPDC အဖွဲ့ဝင်တွေကပါ မျက်စိမှိတ်ပြီး လက်မှတ်ထိုးရတာ ဖြစ်တယ်လို့ ကျနော်ပြောချင်ပါတယ်။

မေး..မြန်မာနိုင်ငံမှာအခုအခါမှာ တရားဥပဒေမဲ့အနိုင်ကျင့်မှုတွေ၊ လူ့အခွင့်အရေးချိုးဖောက်မှုတွေက အဆက်မပြတ်လိုလိုပဲ ကြားသိနေရတယ်ဆိုတော့ ဒီလိုဥပဒေထုတ်လိုက်ခြင်းအားဖြင့် လူငယ်ထုတွေအနေနဲ့ စိုးရိမ်ထိတ်လန့်မှုတွေ ပေါ်ပေါက် လာတာဟာလည်းပဲ မဆန်းဘူးလို့ပဲထင်ပါတယ်။ ကြားရတဲ့ပြည်တွင်းသတင်းတွေထဲမှာဆိုရင် လူငယ်တွေတော်တော်များများက စစ်မှုမထမ်းမနေရဆိုတာကိုရှောင်ကွင်းနိုင်ဖို့အတွက် နိုင်ငံရပ်ခြားထွက်တော့မယ်လို့ ပြောတဲ့လူကပြောနေတယ်။

ဒီလိုရှောင်ကွင်းလို့ ရနိုင်မရနိုင်ဆိုတာကလည်းပဲ တဖက်ကနေပြီးတော့ စစ်အစိုးရက ချုပ်ကိုင်မှုတွေ လုပ်လာမယ ဆိုရင်ဘယ်လိုဖြစ်မလဲ ဆိုတာစဉ်းစားစရာပါ။ ဗိုလ်ကြီးဆန်းဝင်းကျော် အနေနဲ့ကော ဒီကိစ္စအပေါ်မှာဘယ်လိုမြင်လဲခင်ဗျ။

ဗိုလ်ကြီးဆန်းဝင်းကျော်…. အခုဗိုလ်ချုပ်မှူးကြီးသန်းရွှေတို့က ပြည်သူ့စစ်မှုထမ်းဥပဒေထုတ်ပြန်လိုက်တာနဲ့ ပတ်သက်ပြီးတော့ အခြေအနေ အချိန်အခါနဲ့ မကိုက်ညီဘူးလို့ပဲကျနော်သုံးသပ်ချင်ပါတယ်။ ကျနော်တို့နိုင်ငံရဲ့ အခြေအနေက လောလောဆယ်မှာ အမျိုးသားစည်းလုံး ညီညွတ်ရေးကိုရရှိထား တာမဟုတ်ပါဘူး၊ နိုင်ငံရေးအခြေအနေကလည်း တည်ငြိမ်မှုမရှိပါဘူး၊ တိုင်းရင်းသားတွေ အားလုံးနဲ့ သဟဇာတဖြစ်နေတာလည်းမဟုတ်ပါဘူး။

ပြည်တွင်းစစ်အကြီးအကျယ် ပေါ်ပေါက်လာနိုင်တဲ့ အလားအလာတွေရှိပါတယ်။ ဒီလိုအချိန်မှာ အရွယ်ရောက်တဲ့လူတိုင်း စစ်မှုထမ်းရမယ့်ဥပဒေကို သူတို့ထုတ်ပြန်လိုက်တာဟာ မသင့်လျော်ဘူးလို့ထင်ပါတယ်။ လေးလေးနက်နက် တွေးကြည့်မယ်ဆိုရင် ဒါကတည်ငြိမ်ခဲ့တဲ့နိုင်ငံ၊ အမေရိကန်နိုင်ငံမှာဆိုရင် ပြည်တွင်းစစ်ရှိတာမဟုတ်ပါဘူး၊ ဒါပေမဲ့ သူတို့ အရန်စစ်အင်အားကို ခေါ်ယူတဲ့နေရာမှာ နောင်ဖြစ်လာနိုင်ငံ တနိုင်ငံရဲ့စစ်မက်ရေးရာအတွက် ကြိုတင်ပြင်ဆင်တဲ့အနေနဲ့ သူတို့ အရန် အင်အားတွေ လေ့ကျင့်တာတွေ၊ တည်ဆောက်တာတွေရှိပါတယ်။

ဒါပေမဲ့ဒါဟာ မြန်မာပြည်က အခြေအနေနဲ့ အရမ်းကွာခြားပါတယ်။ မြန်မာပြည်ရဲ့ အခြေအနေမှာ ဒီလိုအခက်အခဲ အကျပ်အတည်းတွေ၊ ဒုက္ခတွေဖြစ်နေတဲ့ အချိန်မှာ၊ကြီးကျယ်ပြင်းထန်တဲ့ ပြည်တွင်းစစ်ကြီးတွေဖြစ်နေတဲ့အချိန်၊ တိုင်းရင်းသား လက်နက်ကိုင် တွေထဲမှာလည်း တော်တော်များများက စစ်မက်ရေးရာအတွက် ပြင်ဆင်ထားတယ်၊ မြန်မာ့တပ်မတော်ကလည်း မြန်မာနိုင်ငံရဲ့ဘဏ္ဍာရေးကို စိတ်တိုင်းကျချယ်လှယ်ပြီးတော့မှ စစ်အင်အားကိုတိုးချဲ့နေတဲ့အချိန်၊ နိုင်ငံရေးအရလည်း ပြေလည်မှုမရရှိသေးတဲ့ အချိန်မှာ ပြည်သူ့စစ်မှုထမ်းဥပဒေဟာ ဒီအချိန်မှာ အကျိုးနဲ့အပြစ်နဲ့ယှဉ်ရင်၊ အပြစ်ကပိုပြီးတော့မှ များနေလိမ့်မယ်လို့ထင်ပါတယ်။

မေး..ဒီဥပဒေတွေထဲမှာ အရွယ်ရောက်ပြီးတဲ့ ယောကျာ်းလေးတွေဆိုရင် ၁၈နှစ်ကနေပြီးတော့ ၃၅နှစ်အတွင်း အမျိုးသမီးတွေဆိုရင် ၁၈နှစ်ကနေပြီး ၂၇နှစ်အထိ၊ဒါ့အပြင် ကျွမ်းကျင်လုပ်သားဆိုရင် အမျိုးသားဆိုရင် ၁၈နှစ်ကနေ၄၅နှစ်အထိ၊ အမျိုးသမီးတွေဆိုရင် ၁၈နှစ်ကနေ၃၅နှစ်အထိ ခွဲခြားပြီးတော့ မဝင်မနေရ၊ ကိုယ့်ရဲ့ရပ်ရွာမှာ တိုင်းဒေသအလိုက် မှတ်ပုံတင်ဖို့ခေါ်မယ်။ ဒါကိုပျက်ကွက်ရင်ထောင်ကျမယ်။ဒါဏ်ငွေရိုက်ခံရမယ်စသဖြင့်ပေါ့လေ။ ဒီဥပဒေနဲ့ပတ်သက်ပြီးတော့ ဦးမင်းလွင်ဦးကကောရှေ့နေတယောက်အနေနဲ့ ဘယ်လိုမြင်သလဲခင်ဗျ။

ဦးမင်းလွင်ဦး…. ဒီဥပဒေက ဥပဒေအမှတ်၂၇/၂၀၁၀ နဲ့ နိုဝင်ဘာလ၄ရက်နေ့မှာ ရေးဆွဲပြဌာန်းတာဖြစ်တယ်။ ပြည်သူလူထုလည်းမသိဘူး၊ ဘယ်သူမှလည်းမသိဘူး၊ နိုင်ငံတော်အေးချမ်းသာယာရေးနဲ့ ဖွံ့ဖြိုးရေးကောင်စီမှ အမိန့်ကြေငြာစာဖြင့် သတ်မှတ်သည့်နေ့မှစတင် အာဏာတည်ရမယ်လို့ ဖော်ပြထားတဲ့အတွက် ဒီဥပဒေက အခုလောလောဆယ်မှာ အာဏာတည်အကျိုးသက်ရောက်ခြင်းမရှိသေးပါဘူး။ဒီဥပဒေကို အခုလိုမျိုးထုတ်ဖော်ပြီးတော့ လုပ်တာက ကျနော်တို့အနေနဲ့ ၂မျိုးစဉ်းစားပါတယ်။

ပထမက မြန်မာနိုင်ငံအတွင်းမှာရှိတဲ့ ပြည်သူတွေနဲ့ လူငယ်ထုတွေကို သွေးတိုးစမ်းလိုက်တဲ့သဘောရှိတယ်။ နောက်တချက်က အခုကျင်းပတော့မဲ့ ပြည်သူ့လွှတ်တော်နဲ့ ပတ်သက်လို့ သူတို့လုပ်ဆောင်နေတဲ့ ကိစ္စရပ်တွေကို ပြည်သူလူထုစိတ်မဝင်စားအောင် ၊ဒီထဲမှာပဲ အာရုံရောက်နိုင်အောင် ဖန်တီးတယ်လို့ပဲထင်မြင် ယူဆပါတယ်။ ဘာလို့လဲဆိုတော့ ဒီဥပဒေဟာ အခုအချိန်ထိ အာဏာသက်ရောက်ခြင်းမရှိသေးတဲ့အတွက်ဖြစ်တယ်။ လွှတ်တော်ကနေပြဌာန်းရမယ်ဆိုရင်လည်း ပြည်သူ့လွှတ်တော် ကျင်းပတဲ့အချိန်မှာ လေ့လာဖို့ပေးထားတဲ့အချိန်မှာ ဒီဥပဒေမပါ ပါဘူး၊ အဲဒီတော့ ကျနော့် အနေနဲ့ ကတော့ ဒါဟာ သိပ်စိုးရိမ်စရာတော့ မရှိသေးဘူး၊ နိုင်ငံတော် ကောင်စီဥက္ကဌကနေပြီးတော့ အမိန့်ကြေငြာစာနဲ့ ထုတ်ပြန်မယ်ဆိုတာ အရေးပေါ်အခြေအနေတွေ ကြုံကြိုက်တော့မှဘဲသူတို့အနေနဲ့ ထုတ်ပြန်မယ်လို့ပဲ ကျနော်ကတော့ ထင်မြင်ယူဆပါတယ်။ အဲဒါကလည်း နိုင်ငံခြားကျူးကျော်စစ်တွေဖြစ်မှ ဒါကိုထုတ်ပြန်နိုင်အောင် ကြိုတင်ပြင်ဆင်ထားတယ်လို့ပဲ ထင်မြင်ယူဆပါတယ်။

မေး…ခုနတုန်းကဦးခင်မောင်ညွှန့်ပြောသွားသလိုပဲ ၊ နိုင်ငံတကာမှာလည်း စစ်မှုမထမ်းမနေရဥပဒေဆိုတာက တချိန်တုန်းက အင်္ဂလန်တို့၊ အမေရိကန်တို့မှာလည်း ရှိခဲ့ကြပါတယ်။ ဒါတွေက ကမ္ဘာစစ်ကြီးဖြစ်ပွားနေလို့ နိုင်ငံကာကွယ်ရေးအတွက် စစ်မြေပြင်မှာသွားပြီးစစ်မှုထမ်းဖို့အတွက်၊ အင်အားဖြည့်ဖို့အတွက်ဆိုပြီး သတ်မှတ်ထားတာ ရှိပါတယ်။ အခုခောတ်မှာဆိုရင် စကာင်္ပူတို့ မလေးရှားတို့ လိုနိုင်ငံတွေမှာ စစ်သည်အင်အားနည်းနေတဲ့ အတွက်ကြောင့်မို့လို့ တနှစ်ခွဲ နှစ်နှစ် စသည်ဖြင့်ယောကျာ်ားလေးတွေ စစ်မှုမထမ်းမနေရဆိုပြီးတော့ ပညာသင်ပေးတာတွေ ရှိပါတယ်။

ဒီလို နိုင်ငံငယ်လေးတွေ၊ ဒါမှမဟုတ် စစ်မက်ဖြစ်ပွားနေတဲ့နိုင်ငံတွေမှာမို့လို့ စစ်မှုမထမ်းမနေရဆိုတဲ့ စစ်အင်အားဖြည့်နေရတဲ့ကိစ္စတွေကိုတော့ ကျနော်တို့ နားလည်လို့ရပါတယ်။ အဲဒီတော့ မြန်မာပြည်အခြေအနေနဲ့က ဘာကြောင့်ဒီလိုလုပ်ရတာလဲဆိုတာ တော်တော်တွေးရခက်နေပါတယ်။ နိုင်ငံရပ်ခြားအခြေအနေတွေရှိရင် ၊ အတွေ့အကြုံတွေရှိရင် ပြောပြစေချင်ပါတယ်။ ဦးခင်မောင်ညွန့်တို့အရင်ကထိုင်းမှာ နှစ်ရှည်လများနေလာတော့ ထိုင်းမှာလို၊ အိမ်နီးချင်းနိုင်ငံတွေမှာကောဒါမျိုးတွေကြားဖူးပါသလား ။
ဦးခင်မောင်ညွှန့်…. ရှိပါတယ်ခင်ဗျ။ ထိုင်းမှာ ကျနော် နှစ်ပေါင်း၃၀နီးပါးလောက်အလုပ်လုပ်ခဲ့တယ်။ အသက်အရွယ်ရောက်တဲ့ ယောက်ျားလေး၊ မိန်းကလေးဆိုရင် တပတ်မှာ ၂ရက်လောက် သင်တန်းဆင်းရတယ်ပြောတယ်။ တက္ကသိုလ်တွေပြီး၊ အလုပ်တွေရတဲ့အချိန်မှာ သတ်မှတ်တဲ့အချိန်မှာ ထမ်းဆောင်မယ်ဆိုတဲ့ ကတိခံဝန်ချက်လုပ်ရပါတယ်။ တိုင်းပြည်မှာ အရေးအကြောင်းရှိရင် တိုင်းပြည်ကိုကာကွယ်ဖို့အတွက်က သေနတ်လည်းပစ်တတ်ရမယ်၊ စစ်ပညာကိုလည်း အခြေခံအားဖြင့် သိရမယ်ပေါ့နော်၊ စစ်တပ်ရဲ့သဘော၊ စစ်တပ်ရဲ့အုပ်ချုပ်မှု၊ စစ်တပ်ရဲ့စည်းကမ်းအမိန့်ဒါတွေကိုသိဖို့လုပ်တာဖြစ်ပါတယ်။

အဲတော့ ဒီကိစ္စမှာ ဘာမြင်လဲဆိုတော့ လူငယ်လူရွယ်တွေကို ရှေ့တန်းကိုပို့ဖို့ စစ်သားတွေမရလို့၊စစ်တပ်ထဲမှာ အင်အားတွေနည်းနေလို့ ဒီလိုလုပ်တယ်လို့မထင်ဘူး၊ ဘာကြောင့်လဲဆိုတော့ သူတို့ရဲ့စစ်အင်အား တော်တော်လေး ကြီးမားနေတယ်။ အရှေ့တောင်အာရှမှာကို စစ်အင်အားကော၊ စစ်အတွက်သုံးတဲ့ ဘတ်ဂျတ်ကောက တော်တော်မြင့်နေတာခင်ဗျ၊။ ဘာကြောင့်ဒါကိုလုပ်လဲဆိုရင် နောက်အစိုးသစ်တက်လာပြီးမှလုပ်ရမဲ့အလုပ်၊ တက်လာပြီးရင်လည်း လွှတ်တော်ထဲမှာဒီကိစ္စနဲ့ ပတ်သက်လို့ ဆွေးနွေးကြမယ်။ဆိုတော့ ဗိုလ်ချုပ်မှူးကြီးသန်းရွှေက ဒါတွေကိုမကြုံတွေ့လိုဘူး၊ ဒီလိုရှည်ရှည်ဝေးဝေးပြောတာထက် ငါလုပ်ချင်တာတော့ အချိန်မှီလုပ်မှာဘဲဆိုပြီးတော့၊ အခုအချိန်ထိကလည်း အာဏာကသူ့တယောက်တည်း ရှိတယ်။

အာဏာ နောက်ဆုံးရှိတဲ့အခိုက်မှာ နောက်ဆုံးဖြစ်အောင် လုပ်သွားမယ်ဆိုတာကို အကောင်အထည် ဖော်တာပဲဆိုတာ တွေ့ရပါတယ်။ အာဏာရှိနေတဲ့အခိုက်မှာ လူတွေကိုစိတ်မချမ်းမသာဖြစ်အောင်၊ တိုင်းပြည်ကို ရှုပ်ထွေးပွေလီဖြစ်အောင် လုပ်သွားတာလို့ပဲထင်တယ်။ နောက်တချက်ကလည်း အစိုးရသစ်ပေါ်ပြီးရင် SPDC ဆိုတဲ့နာမည်ကလည်း အလိုလို ပျက်ပြယ်သွားတော့မှာဆိုတော့ SPDC ရဲ့နောက်ဆုံးလုပ်ဆောင်မှုအတွက် တိုင်းပြည်မှာ မှတ်တမ်းတင်ခံရလောက်အောင် လုပ်တယ်လို့ယုံကြည်သဘောပေါက်ပါတယ်ခင်ဗျ။

ဗိုလ်ဆန်းဝင်းကျော်…. အခု နအဖတပ်မှာ တပ်ပြေးအရေအတွက်က များသထက်များလာတာကို တွေ့ရတယ်။ တပ်ပြေးအရေအတွက်က အောက်ခြေအဆင့် တင်မက အရာရှိပိုင်းကပါတပ်ပြေးစာရင်းမှာပါဝင်လာတဲ့စာရင်းမှာရှိပါတယ်။ လက်ရှိအခြေအနေမှာ စစ်သားစုဆောင်းရတာလည်းအခက်အခဲတွေရှိတယ်။ ကလေးစစ်သားတွေ အတင်းအဓမ္မခေါ်ပြီးမှ စုဆောင်းတာ ၊ နိုင်ငံတကာရဲ့ပြစ်တင်ရှုံ့ချ၊ ဝေဖန်မှုတွေကိုကြုံတွေ့နေရတာပဲဖြစ်တယ်။ အခုမြန်မာ့တပ်မတော်မှာက အရေအတွက် ကနေအရည်အချင်းကိုသွားနေတာပါ။ဒါသူ့ရဲ့မူလကတည်းက သွားနေတဲ့ပုံစံပါ။

ဒီလိုအနေအထားမှာ ဖြစ်နေတဲ့ပုံစံက မြန်မာ့တပ်မတော် ခေါင်းဆောင်ကြီးတွေက မြန်မာ့တပ်မတော်အပေါ်မှာ စစ်လက်နက် အင်အားတွေ ထူထောင်ထားပြီးမှ အင်အားဘယ်နှစ်သိန်းရှိတယ်ဆိုတာကိုကြွေးကြော်ပြီးမှ ဂုဏ်ယူနေတယ်။ အရည်အချင်း တွေဟာ ကျစ်လျစ်မှုမရှိဘဲဖောင်းပွနေပြီး ဂုဏ်သိက္ခာအရကော၊ အရည်အချင်းအရပါ ကျဆင်းနေတဲ့ အပိုင်းတွေ ရှိပါတယ်။ “

လက်ရှိအခြေအနေမှာ မြန်မာနိုင်ငံသားတွေဟာ တပ်ထဲဝင်လိုတဲ့ဆန္ဒမရှိပါဘူး၊ နိုင်ငံရေးအရ မြန်မာတပ်မတော်ထဲ ပါဝင်အသုံးချ ခံနေရမှုတွေ၊ စစ်ခေါင်းဆောင်ကြီးတွေက နိုင်ငံတော်အာဏာကိုရယူထားမှုတွေ၊ ဒီမိုကရေစီနဲ့ လူ့အခွင့်အရေးတွေကိုနှိပ်ကွပ် နေတာတွေ ကို အခုခောတ်ပညာတတ်အသိုင်းဝိုင်းတွေကပါ မြန်မာ့တပ်မတော်က အားလုံးကို အထင်အမြင်လွဲနေတာတွေလည်းရှိပါတယ်။ အခုသူတို့ စစ်သားစုဆောင်းတဲ့အခါ ကျွမ်းကျင်ပညာရှင်တွေစုဆောင်းဖို့ အခက်အခဲရှိလာတယ်။ ဒါ့ကြောင့် အချိန်မရွေးဖိတ်ခေါ်နိုင်အောင်သူတို့ဖန်တီးတယ်လို့ပဲယူဆပါတယ်။

မေး..ကျနော်တို့လို နိုင်ငံငယ်လေးတွေအတွက်က လူတိုင်းစစ်ပညာကို တတ်ကျွမ်းထားတယ်ဆိုရင် အရေးအကြောင်းဆိုရင် ကောင်းတာပေါ့လေ။ ဒီဥပဒေတွေထဲမှာ အရွယ်ရောက်ပြီးတဲ့ ယောကျာ်းလေးတွေဆိုရင် ၁၈နှစ်ကနေပြီးတော့ ၃၅နှစ်အတွင်း အမျိုးသမီးတွေဆိုရင် ၁၈နှစ်ကနေပြီး ၂၇နှစ်အထိ၊ဒါ့အပြင် ကျွမ်းကျင်လုပ်သား၊ ပညာတတ်ဆိုရင် အမျိုးသားဆိုရင် ၁၈နှစ်ကနေ၄၅နှစ်အထိ၊ အမျိုးသမီးတွေဆိုရင် ၁၈နှစ်ကနေ၃၅နှစ်အထိဆိုတော့ ဘာကြောင့်ဒီလိုခွဲခြားသလဲနားမလည်ဘူးခင်ဗျ။ ဗုဒဘာသာဘုန်းကြီးတွေ၊ သီလရှင်တွေ၊ ခရစ်ယာန်ဆရာတွေ၊ ဟိန္ဒူဘုန်းကြီးတွေ ကင်းလွတ်ခွင့်ရမယ်၊ အစ္စလာမ်တွေအတွက် ဘာမှရေးမထားတဲ့အကြောင်း အချို့ကထောက်ပြနေကြတာတွေ ကြားသိရပါတယ်။ ဦးမင်းလွင်ဦးဘယ်လိုမြင်ပါသလဲ။

ဦးမင်းလွင်ဦး….အစောကပြောသလိုပဲစစ်တပ်ထဲဝင်ပြီးစစ်မှု၂နှစ်ထမ်းရမယ်လို့ဆိုတယ်။ လက်ရှိ အနေအထားအရ သူတို့ပြောတဲ့အတိုင်း ဒီကလည်းယုံကြည်ဖို့ခဲယဉ်းနေတယ်။ ဘာကြောင့်လဲဆိုတော့ အခုစစ်မှုထမ်းသက်ပြည့်လို့ နှုတ်ထွက်ခွင့်တင်တဲ့လူတွေတောင်မှ နောက်ထပ်စစ်သားဘယ်နှစ်ယောက်ရှာပေးမှမင်းတို့ ထွက်ရမယ်ဆိုတာတွေရှိတယ်။

နောက်ပြီးတော့ အကျိုးခံစားခွင့်တွေနဲ့ ပတ်သက်လို့လဲ သူတို့ကပြဌာန်းထားပေမဲ့လည်း ပြီးခဲ့တဲ့နှစ်အတွင်းမှာပဲ ကြားခဲ့ရပါတယ်၊ တပ်သားတွေရဲ့ဆုငွေတွေပြန်မထုတ်ပေးတဲ့ ကိစ္စနဲ့ပတ်သက်ပြီးတော့ စစ်တပ်အတွင်းမှာ အကြီးအကျယ်အငြင်းပွားတယ်ဆိုတဲ့ ကိစ္စရပ်တွေ ရှိတော့ ဥပဒေပါပြဌာန်းချက်တွေအတိုင်း တကယ်လုပ်မယ်ဆိုရင် ဒီကိစ္စနဲ့ ပတ်သက်ပြီးတော့ ပြည်သူတွေလုပ်ရမှာက ၂နှစ်ကနေ၅နှစ်အထိစစ်မှုထမ်းကာလကို တိုးနိုင်တဲ့အတွက် အချိန်မရွေးတိုးချင် ဆန့်ချင်တဲ့ သဘောမှာရှိတယ်။

မွတ်စလင်တွေနဲ့ဆိုင်တဲ့ ကိစ္စရပ်တွေကိုမထည့်သွင်းမရေးဆွဲထားတဲ့အတွက် ဗလီဆရာတွေကအစစစ်မှုထမ်းရမလိုဖြစ်နေတယ်။ မြန်မာနိုင်ငံအတွင်းမှာဖြစ်နေတာက အမျိုးသမီးဆိုရင်ယောကျာ်းပဲယူရမလား၊ ယောကျာ်းလေးဆိုရင်လည်းသင်္ကန်းစီးပြီး သာသနာ့ဘောင်ဝင်ရမလားဆိုတဲ့ ကိစ္စရပ်မျိုးတွေ၊ဒါမှမဟုတ်လည်း နိုင်ငံခြားထွက်ပြီး ပညာသင်ရမလား၊ နိုင်ငံခြားမှာပဲ ပညာသင်ရမလား၊ အလုပ်လုပ်ရမလား၊ အပြင်ကနေပြီးငွေပို့ပြီး ထောက်ပံ့ရမလားဆိုတာတွေ စဉ်းစားတဲ့ ကိစ္စတွေရှိပါတယ်။ ဥပဒေဆိုတာက အများပြည်သူအတွက် အကျိုးရှိတဲ့ ဥပဒေဖြစ်ဖို့လိုတယ်။

ပြည်သူကိုယ်စားပြုတဲ့ လွှတ်တော်ကပြဌာန်းဖို့လိုတယ်။ ဗိုလ်ချုပ်မှူးကြီးသန်းရွှေကနောက်ဆုံးသွားခါနီးမှ ငါတော့ဖြစ်သလို လုပ်သွားမယ် ဆိုရင်တော့ မပြောတတ်ဘူးခင်ဗျ။ အဲဒီ့ဥပဒေရဲ့အမိန့်ကြေငြာစာမှာက နိုင်ငံတော်ကောင်စီဥက္ကဌက အမိန့်ကြေငြာစာဖြင့်သတ်မှတ်တဲ့နေ့လို့ ဖော်ပြထားတဲ့အတွက် ကျနော်တို့ ကလွှတ်တော်မခေါ်ခင်အထိ ရင်တမမနဲ့ စောင့်ကြည့်နေရမဲ့သဘောဖြစ်တယ်။

ဘာဖြစ်လို့လဲဆိုတော့ လွှတ်တော်ခေါ်ပြီးလို့ သမ္မတရွေးချယ်ပြီးရင် ကာကွယ်ရေးဦးစီးချုပ်ကသာ ဆင့်ခေါ်နိုင်တယ်။ အမိန့်ကြေငြာစာထုတ်ပြန်နိုင်တယ်ဆိုရင် ဒါတမျိုးတမည်ဖြစ်လာနိုင်မဲ့အခြေအနေမျိုးဖြစ်တဲ့အတွက် ဒီဥပဒေပြဌာန်းတာက ရှင်းရှင်းလင်းလင်းပြတ်ပြတ်သားသားမရှိဘူး၊ လူတွေကိုစိတ်ရှုပ်ထွေးစေတယ်။ ပြည်သူလူထုကိုပိုပြီးတော့ စိတ်ဆင်းရဲပင်ပန်းစေမဲ့ ဥပဒေဖြစ်တယ်လို့ပဲကျနော်ကမြင်ပါတယ်။

မေး..မြန်မာနိုင်ငံမှာကတရားဥပဒေမဲ့လုပ်ရပ်တွေကလည်းရှိတယ်။ အာဏာရှိရင် ပိုက်ဆံရှိရင်လုပ်ချင်တိုင်းလုပ်လို့ရတယ် ဆိုတဲ့ကိစ္စတွေကလည်းကြားနေကြရတော့ ဒီလိုစစ်မှုမထမ်းမနေရဆိုတာမျိုး ဖြစ်လာတဲ့အခါမှာ စစ်အရာရှိကြီးတွေရဲ့ သားတွေသမီးတွေကော ဒီဥပဒေနဲ့ အကျုံးဝင်မလား၊ သူတို့ကတော့ ဘယ်သူ့သားသမီးမို့လို့ဆိုတဲ့ အခွင့်ထူးခံတွေများ ရှိလာလေမလား၊ အနုပညာလောကက နာမည်ကြီးမင်းသားမင်းသမီးတွေကော ဘယ်လိုဖြစ်မလဲ။

တခါတုန်းက အမေရိကန်မှာ စစ်မှုမထမ်းမနေရ ဥပဒေရှိတယ်။ အဲဒီ့တုန်းကတကယ့်ကမ္ဘာကျော် အဆိုတော် Elvis Presley တို့ စစ်မှုထမ်းရမယ် ၂နှစ်သွားရမယ်ဆိုတော့ ဂျာမဏီကိုသွားတာတို့၊ ကမ္ဘာ့လက်ဝှေ့ချန်ပီယံ မိုဟာမက်အလီက စစ်မှုမထမ်းလို့ သူ့ဆီကနေကမ္ဘာ့ချန်ပီယံဘွဲ့ပြန်ရုပ်သိမ်းတာတို့ ၊အရေးယူခံရတာတို့ ၊ တရားမျှတမှုမရှိဘူးဆိုရင် ဘယ်လိုအကျိုးဆက်တွေဖြစ်လာနိုင်မလဲ။ နောက်ပိုင်းမှာ ဘယ်လိုရှုပ်ထွေးစရာတွေပေါ်လာနိုင်မလဲဆိုတာလည်း စဉ်းစားစရာပဲ။ ဦးခင်မောင်ညွှန့် ဘယ်လိုများထင်သလဲခင်ဗျ။

ဦးခင်မောင်ညွှန့်…. ကျနော်တို့နိုင်ငံမှာက လာဘ်ပေးလာဘ်ယူကလည်းတော်တော်ကိုများတယ်။ (၁)ကနိုင်ငံရေးစနစ်အခြေခံ မမှန်တာရယ်၊ (၂) စီးပွားရေးစနစ်အပေါ်မှာ အခြေတည်ပြီးဖြစ်နေတာပဲ။ နိုင်ငံရေးအရလည်း မတည်ငြိမ်ဘူး၊ စီးပွားရေးအရလည်း မတည်ငြိမ်ဘူး၊ အခြေအနေဆိုးတွေဟာ ထပ်ထပ်ဖြစ်နေတယ်ဆိုတော့ အကုန်လုံးရှုပ်ထွေးပွေလီကုန်မှာ၊ ဗိုလ်ချုပ်မှူးကြီးသန်းရွှေဟာ ဒီဥပဒေကိုပြဌာန်းတာဟာ ပြည်သူကို စော်ကားတာပဲ၊ ပြည်သူအများနဲ့ သက်ဆိုင်တဲ့ဥပဒေကို တည်ဆောက်လိုတယ်ဆိုရင် ပြည်သူကြားမှာချပြရမယ်။ ဆွေးနွေးပြ၊ ပြည်သူတွေလည်းပါဝင် ဆွေးနွေးပြီးမှလုပ်ရမဲ့အလုပ် ဒါကိုတချက်လွှတ်ဥပဒေနဲ့ ဆန္ဒအတိုင်းလုပ်လိုက်တာစော်ကားတာပဲ။

နောက်လွှတ်တော်ကိုလည်း မလေးစားတာပဲဗျ။ သူတို့ကိုယ်တိုင်ရေးဆွဲထားတဲ့ ၂၀၀၈ဖွဲ့စည်းပုံအခြေခံဥပဒေ၊ ဒီမှာလွှတ်တော်က တိုင်းပြည်ရဲ့ အမြင့်မားဆုံးပဲဆိုပြီးတော့ ၊ ဒါသူကနေစပြီးမလေးမစားလုပ်လိုက်တာပဲ။ ဘာတွေကျနော်မြင်လာသလဲဆိုရင် ဦးသန်းရွှေဟာ ဘောင်းဘီချွတ်ပြီးတောင်ရှည်ပုဆိုးဝတ်ဝတ် မဝတ်ဝတ် ဒီအခြေအနေအတိုင်းသွားရင် သူဟာ တရုတ်ပြည်က တင်ရှောက်ပင်လိုပဲပေါ့ဗျာ ရာထူးရာခံလုံးဝလက်မခံပေမဲ့ အာဏာကသူလက်ထဲမှာပဲဗျ။ နောက်ကွယ်ကနေကစားနေမှာပဲ။ အခုဟာကလည်း ငါလုပ်နိုင်တာကိုလုပ်တယ်ဆိုတာပြသွားတာပဲ။

မေး..ခုနပြောသလိုမမျှမတမှုတွေဖြစ်လာရင် မြန်မာနိုင်ငံရဲ့အခြေအနေနဲ့ ကြည့်ပြီးဘယ်လိုမြင်ပါသလဲ။

ဗိုလ်ဆန်းဝင်းကျော်…ခုနဦးမင်းလွင်ဆွေးနွေးသွားတဲ့အထဲမှာ ဥပဒေကပြဌာန်းလိုက်တယ် ဆိုတာကို အတိအလင်း ဖော်ပြထား ပါတယ်။ ဒါပေမဲ့ အခန်း၁ စာပိုဒ်ခွဲ(ခ)မှာကျတော့ ဘာပြောလဲဆိုတော့ နိုင်ငံတော်အေးချမ်းသာယာရေးနဲ့ ဖွံ့ဖြိုးရေးကောင်စီ ဥက္ကဌက အမိန့်ကြေငြာသည့်နေ့ရက်တွင် စတင်အာဏာတည်ရမည်ဆိုတော့ စဉ်းစားစရာပါ။ ဘာလို့လဲဆိုတော့ ဗိုလ်ချုပ်မှူးကြီးသန်းရွှေက ဒီဥပဒေကိုအသက်ဝင်အောင် အမိန့်ကြေငြာစာနဲ့ ထပ်မံထုတ်ပြန်မှာလား၊ဒါမှမဟုတ် ဒီဥပဒေရဲ့အောက်မှာလက်မှတ်ထိုးပြီး ပြဌာန်းလိုက်တယ်၊ ပြဌာန်းလိုက်ပြီဆိုတော့ ဒါဟာအသက်ဝင်ပြီလား၊ ဥပဒေကြောင်းအရ ဆွေးနွေးစရာလေးတွေပါ။

မြန်မာ့တပ်မတော်ဟာ အိမ်နီးချင်းနိုင်ငံတွေနဲ့ ယှဉ်ကြည့်ရင် အိန္ဒိယနဲ့ တရုတ်ကို မစဉ်းစားပါနဲ့၊ ကျနော်တို့ထက်အများကြီး စစ်အင်အားကြီးတယ်။ ဘင်္ဂလားဒေ့ရှ်တို့၊ လာအို၊ ထိုင်းတို့နဲ့ယှဉ်ရင်သူတို့နဲ့ စစ်ဖြစ်လောက်ရအောင် ဆက်ဆံရေး ဆိုးရွားနေတာလည်းမဟုတ်ဘူး၊ မြန်မာ့တပ်မတော်ဟာ တိုင်းရင်းသားလက်နက်ကိုင်တွေကို နယ်ခြားစောင့်တပ် လုပ်ဖို့ အတင်းအကျပ်ဖိအားပေးတာတွေလည်းရှိပါတယ်။ ဒီလိုမြန်မာနိုင်ငံရဲ့အခြေအနေဟာ မတည်မငြိမ်ဖြစ်နေတဲ့အခြေအနေမှာ ဗိုလ်ချုပ်မှူးကြီးသန်းရွှေဟာ သူ့အနေနဲ့ လေးလေးနက်နက်စဉ်းစားမိရဲ့လားဆိုတာ ကျနော်မေးခွန်းထုတ်ချင်ပါတယ်ခင်ဗျာ။ ဘာကြောင့်လဲဆိုတော့ နိုင်ငံသားဆိုတဲ့နေရာမှာ တိုင်းရင်းသားတွေလက်နက်ကိုင်တွေပါဝင်ပါတယ်။

အဲတော့ ပြည်သူ့စစ်မှုထမ်းဥပဒေအရ စစ်မှုထမ်းဖို့ ဆင့်ခေါ်မယ်ဆိုရင် တိုင်းရင်းသားတွေအများစုဟာ မြန်မာတပ်မတော်ထဲကို ရောက်လာမှာပါ။ လေ့ကျင့်ရေးသင်တန်းတွေပေးရမှာပါ။ လိုအပ်တဲ့ နေရာတွေမှာတာဝန်ချထားပေးရမှာပါ။ အဲဒီတော့ တကယ်တန်းတိုင်းရင်းသားတွေအပေါ်မှာ ယုံကြည်မှုရပြီလားလို့ မေးခွန်းထုတ်ချင်ပါတယ်။ နိုင်ငံတော်ဖွံ့ဖြိုးရေးကောင်စီက တိုင်းရင်းသားတွေအရေးကို ပြေလည်အောင်မဖြေရှင်းနိုင်ပဲနဲ့ ဒီဥပဒေကိုထုတ်တာ လက်တွေ့အခြေအနေနဲ့ လိုက်လျောညီထွေမှုမရှိဘူးလို့ ပြောရမှာပါ။

ဦးမင်းလွင်ဦး…နိုင်ငံတော်ကောင်စီဥက္ကဌက အမိန့် ကြေငြာစာဖြင့် သတ်မှတ်သည့်နေ့ရက်တွင် အာဏာတည်ရမယ်ဆိုတဲ့ အတွက် ဒါကလွှတ်တော်အစည်းအဝေး မကျင်းပမှီအချိန်အထိ နိုင်ငံတော်ကောင်စီဥက္ကဌမှာ အာဏာရှိနေတာဖြစ်တယ်။ လွှတ်တော် ခေါ်ပြီးရင်တော့ ဒါက ကာကွယ်ရေးဦးစီးချုပ်နဲ့ ဆိုင်တဲ့ သဘောဖြစ်တယ်။ ဒီဥပဒေနဲ့ တဆက်တည်း အရန်တပ်ဖွဲ့ဥပဒေဆိုတာ ပြဌာန်းထားတာလည်းရှိပါတယ်။ အဲ့ဒီ့အရန်တပ်ဖွဲ့ ဥပဒေအရ လက်ရှိဗိုလ်ချုပ်မှူးကြီးသန်းရွှေပေါ့လေ ရာထူးကနားနေပေမဲ့ သူကဒီနေရာမှာ ဆက်ပြီးမြဲနေမဲ့ သဘောရှိတဲ့အတွက် ဒါကိုရည်ရွယ်ပြီးတော့ပဲတမင်သက်သက်လုပ်ထားလာဆိုတာ စဉ်းစားစရာဖြစ်ပါတယ်။ နောက်ပြီး ဦးခင်မောင်ညွှန့်ဆွေးနွေးထားတဲ့ အတိုင်း ဒီဥပဒေပြဌာန်းလိုက်တဲ့အတွက် လာဘ်စားမှုတွေကို အဆင့်ဆင့်ခွင့်ပြုပေးလိုက်သလိုဖြစ်နေတယ်။

ဘာ့ကြောင့်လဲဆိုတော့ ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေး ဗဟိုအဖွဲ့ကနေ ပြည်နယ်နှင့်တိုင်းခရိုင်၊ ရပ်ရွာကျေးရွာ၊ ရယကအထိကို လုပ်ပိုင်ခွင့်တွေပေးထားတယ်။မည်သည့်ဥပဒေနဲ့မျှ အရေးယူပိုင်ခွင့်မရှိစေရ ဆိုတဲ့အတွက် သူတို့အနေနဲ့ လာဘ်စားမယ် ဆိုလည်းစားနိုင်တယ်။ အရည်အချင်းမှီပြီး စစ်မှုထမ်းဖို့မသင့်လျော်တဲ့ လူတွေအတွက် နည်းမျိုးစုံဖန်တီးပေးနိုင်တယ်။ နောက်ပြီးတော့ နိုင်ငံခြားမှာ ပညာသင်ကြားနေတဲ့ လူတွေရဲ့မိသားစုတွေဆိုရင်လည်း သူတို့အတွက် ငွေညှစ်တောင်းနိုင်တဲ့ အခြေအနေမျိုးအထိဖန်တီးပေးထားတာဖြစ်တယ်။

ဒါကြောင့် ချစားမှုတွေပိုများလာနိုင်တယ်။ နိုင်ငံအတွက်ဘာမှအကျိုးမရှိဘူးဆိုတာ ကျနော့်အနေနဲ့ထပ်ပြောချင်တယ်။ ပြီးတော့ ကျနော်တို့မှာ ပြည်ပကျူးကျော်စစ်မရှိပါဘူး၊ တိုင်းရင်းသားတွေကလည်း မြန်မာနိုင်ငံတခုလုံးကို သိမ်းဖို့အတွက်လည်း ရည်ရွယ်ချက်မရှိပါဘူး၊ သူတို့ရဲ့အခွင့်အရေးတွေ စာပေသင်ကြားခွင့်တွေ၊ သူတို့ရဲ့ရပိုင်ခွင့်တွေ၊ နောက်ပြီးတော့ တခါ ဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်နိုင်ဖို့အတွက် တိုက်ပွဲဝင်နေကြတာဖြစ်တယ်။

အဲတော့ ဒါတွေကစိုးရိမ်စရာမရှိတဲ့အတွက် ကျနော့်အနေနဲ့ ဒီဥပဒေကိုပြဌာန်းဖို့လိုကို မလိုဘူး၊ ၁၉၅၉ခုနှစ်က ပြဌာန်းပြီးသားဖြစ်တဲ့အတွက် အဲဒါကိုမဖျက်ဘဲထားတယ်ဆိုရင် ဒါကလိုတဲ့အချိန်မှာ ဆက်ပြီးအသုံးပြုနိုင်မှာဖြစ်တယ်။ အဲဒီလိုမဟုတ်ဘဲ အခုလိုအသစ်ပြဌာန်းလိုက်တာက နိုင်ငံတော်အေးချမ်းသာယာရေးနဲ့ ဖွံ့ဖြိုးရေးကောင်စီဥက္ကဌအနေနဲ့ အရန်တပ်ဖွဲ့ ဥပဒေအရအချိန်မရွေး လွှတ်တော်ကိုချုပ်ကိုင်ထားလို့ရတယ်။

လွှတ်တော်မှာပါတဲ့လွှတ်တော်ကိုယ်စားလှယ်တွေ ၊ နောက်ပြီးတော့ ကြံ့ဖွံ့အဖွဲ့ဝင်တွေ ဒါတွေကို သူ့အနေနဲ့ အထက်က အမိန့်အာဏာပေးပြီးတော့ အချိန်မရွေးဆောင်ရွက်နေတဲ့သဘောမျိုးဖြစ်တယ်ဆိုတာကျနော်တို့ သိရှိရတယ်။ ပြည်သူ့လွှတ်တော်မှာ ဥပဒေပြုအဖွဲ့ဟာဘာမှလုပ်နိုင်မှာ မဟုတ်ဘူးဆိုတဲ့သဘောမျိုးဖြစ်တာကိုတွေ့ရတယ်။ ဒါကြောင့်ပြည်သူ့လွှတ်တော် ဟာမြန်မာ လူထုအတွက် ဆုံးဖြတ်ချက်ချပေးနိုင်မဲ့လွှတ်တော်မဟုတ်ဘူးလို့ပြောချင်ပါတယ်။

0 comments:

Post a Comment